← Chapters

အလည်အပတ် (၂)

Vol. 13 Ch. 189

အလည်အပတ် (၂)

Vol. 13 Ch. 189

စာပေနတ်မင်း သိပ်အလေးအနက်မတွေး‌တော့။ ဖုန်ချင်အန်းသည် အသက်ငယ်သေးသည်။ သူ့ခွေးများ မည်မျှအသိဉာဏ်မြင့်၍စွမ်းအားကြီးသည်ဖြစ်စေ မြို့ထဲသို့ခေါ်လာဖို့ ပြဿနာမရှိနိုင်ဟု စာပေနတ်မင်း ကောက်ချက်ချသည်။

“နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စာပေနတ်မင်း။ ဒါဆို အဲဒီခွေးနှစ်ကောင်ကို ကျုပ်သွားခေါ်တော့မယ်။ တတ်နိုင်သမျှမြန်မြန် အမိန့်ထုတ်ပေးပါ”

“ဖြစ်စေရပါမယ်”

ထိုသို့ဖြင့် စကားပြတ်သွားကြသည်။ ဖုန်ချင်အန်းလည်း အချိန်ဆွဲမနေဘဲ မြို့တော်ဂိတ်တံခါးဆီ ထွက်သွားသည်။

စာပေနတ်မင်းက တစ်ခြားနတ်မင်းများနှင့်အတူ ဖုန်ချင်အန်းကျောပြင်ကို လှမ်းကြည့်နေသည်။ သူ့မျက်နှာတွင် လှောင်ပြုံးရိပ်တစ်ခု ပေါ်လာသည်။

“ဒီကောင်လေးက တော်ပေမယ့် သူ့အကိုကိုမီဖို့တော့ အဝေးကြီးလိုပါသေးတယ်”

“နတ်မင်းပြောတာ အမှန်ပဲ”

သူ့နောက်မှ တစ်ခြားနတ်မင်းများလည် ထောက်ခံကြသည်။ လွန်ခဲ့သည့်နှစ်များဆီက ကြုံခဲ့ရသည့် ခြောက်ခြားစရာဖြစ်ရပ်များ ရှိခဲ့သည်။ ထိုလူ၏မြင်းရထားက ကျန်းရန်ပြည်နယ်မြစ်ချောင်းများ တောင်တန်းများကို ဖြတ်သွားသည်။ မြို့ထဲသို့ ဝင်မလာသော်လည်း နောက်ထပ်နှစ်ဝက်လောက်ထိ သူတို့အားလုံး သတိမပြတ်ထား၍ နေခဲ့ရသည်။

ထိုနတ်မင်းများ ဆက်ပြောသည့်အကြောင်းများကို ဖုန်ချင်အန်း မကြားတော့။ ကြားလျှင်လည်း ရယ်၍သာနေမိမည်။ ထိုကိစ္စများကို သူသိပ်အရေးမစိုက်သောကြောင့်ဖြစ်သည်။ သူ့ခါးတွင် မိုးမြေသန္ဓေကျောက်စိမ်းကို ချိတ်ထားသည်။ သူ့ရုပ်သွင်က သာမန်အတိုင်းသာဖြစ်သည်။ သူပြဿနာမရှာသရွေ့ သာမန်လူဟုသာ အားလုံးကထင်ကြမည်။

“တောင်နက်”

ဆည်းဆာချိန်တွင် မြို့တော်ဂိတ်တံခါးသို့ သူရောက်လာသည်။ မြို့ပြင်မလှမ်းမကမ်း တောအုပ်တစ်ခုသို့ သွားသည်။ သူ့နောက်မှ တောက်လျှောက်လိုက်လာသည့် ဝံပုလွေနှစ်ကောင် ပုန်းခိုနေရာမှ ခုန်ထွက်လာကြသည်။

“လာ၊ ငါနဲ့အတူ မြို့ထဲကိုလိုက်ခဲ့”

ခေါင်းထောင်ကြည့်နေသည့် ဝံပုလွေများကို ခေါ်လိုက်သည်။ မြို့ထဲသို့ ပြန်ဝင်လာသည်။ ဂိတ်တံခါးမှ စစ်သည်များက သာမန်သာစစ်ဆေးပြီး ဝင်ခွင့်ပေးလိုက်သည်။

တောင်နက်နှင့်ပိုင်ယောက်တို့ ခန္ဓာကိုယ်ကို အိမ်မွေးခွေးအရွယ်အစားကဲ့သို့ ချုံ့နိုင်စွမ်းရှိကြသည်။ ခံ့ညားထည်ဝါ၍ အားသန်သည့်ခွေးတစ်ကောင်နှင့် ကြော့ရှင်းလှပသည့်ခွေးတစ်ကောင် ဖြစ်လာသည်။

မြို့စောင့်စစ်သည်များအတွက်လည်း ဖုန်ချင်အန်း ခွေးနှစ်ကောင်ခေါ်လာသည်ကို အဆန်းတကြယ်မတွေးမိကြ။ ထို့ကြောင့် အတားအဆီးမရှိ ဝင်ရောက်ခွင့်ပေးလိုက်သည်။

ဝံပုလွေနှစ်ကောင်၏သဘာဝကို သူတို့အကဲဖြတ်နိုင်စွမ်းမရှိ။ သို့သော် အနီးအနားတွင် ကင်းလှည့်နေသည့် ဝိညာဉ်နတ်ဆိုးများ လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားကြသည်။

တောင်နက်နှင့် ပိုင်ယော်တို့သည် စွမ်းအင်ရောင် မဖုံးကွယ်တတ်ကြသေး။

တောင်နက်က ကြမ်းတမ်းသည့်တိုက်ပွဲများဖြင့်လေ့ကျင့်ပြီး မြေအောက်မှပြန်လာသူဖြစ်သည်။ စွမ်းအားအပြည့် ထုတ်ပြထားမှသာ အသတ်ခံရသည့်အဖြစ်မှ လွတ်ကင်းနိုင်သည့်နေရာဖြစ်သည်။

ပိုင်ယော်က တောင်တန်းပေါ်တွင်ကြီးလာသည်။ ဖခင်ဖြစ်သည့် အဆင့်မြင့်သားရဲက ကာကွယ်ထားခဲ့သည်။ ကိုယ်ပိုင်စွမ်းအားကို ဖုံးကွယ်ထားစရာမလို။

ထို့ကြောင့် အရွယ်အစားချုံ့ထားကြသော်လည်း သူတို့စွမ်းအားအစစ်ကို ဝိညာဉ်နတ်ဆိုးများ ချက်ချင်းသတိထားမိကြသည်။

သို့သော် တစ်ယောက်မှ မဟန့်တားရဲကြ။ တစ်ချို့က စာပေနတ်မင်းအမိန့်ကို ရထားပြီးဖြစ်သည်။

ဖုန်ချင်အန်း မြို့ထဲဝင်လာပြီး သိပ်မကြာမီ နတ်မင်းများကြား သတင်းပြန့်သွားသည်။ ပုံမှန်နေရာသို့ ပြန်ရောက်ကာစ စာပေနတ်မင်းထံသို့လည်း ချက်ချင်းသတင်းရောက်လာသည်။

“ဘာ၊ သံသရဖြစ်စရာ အဆင့်မြင့်နတ်ဆိုးတွေလား”

သတင်းပို့နတ်များ၏စကားကြောင့် စာပေနတ်မင်း၏မျက်နှာပျက်သွားသည်။ ဂဏာမငြိမ်ဖြစ်လာသည်။ တည်ကြည်သည့်အသွင်မျိုး မရှိတော့။

ထိုနတ်ဆိုးကြီးနှစ်ကောင် မြို့တော်ထဲတွင် ဒုက္ခပေးလျှင် သေမျိုးများစွာ အသက်ဆုံးရှုံးရမည်။ အသက်ရှင်နေသည့် သေမျိုးများလည်း ထိတ်လန့်ခြောက်ခြား၍ မြို့တော်ကို မဖြစ်မနေ စွန့်ခွာသွားကြမည်။ ကျန်းယန်မြို့တစ်ခုလုံး ဝိညာဉ်မြို့အဖြစ် ပြောင်းသွားနိုင်သည်။

ထိုသို့ဖြစ်လာလျှင် ဝိညာဉ်နတ်ဆိုးများ အထိနာမည်။ မွှေးတိုင်ပူဇော်မှုစွမ်းအားသည် သူတို့နတ်အဆင့်အတန်း၏ အခြေခံအင်အားဖြစ်သည်။ ပူဇော်မှုမရလျှင် လေလွင့်ဝိညာဉ်များလိုသာ ဖြစ်နေမည်။

သူတို့ဖြစ်တည်မှုအတွက် အန္တရာယ်ရှိလာသဖြင့် စာပေနတ်မင်းပင် ငြိမ်ထိုင်မနေနိုင်တော့။ နတ်မင်းတစ်ချို့ကိုဦးဆောင်၍ ဖုန်ချင်အန်းနေအိမ်သို့ အမြန်သွားသည်။

ဖုန်ချင်အန်း ဝံပုလွေနှစ်ကောင်နှင့်အတူ အိမ်ထဲသို့ ဝင်လိုက်သည်နှင့် ပြင်းထန်သည့် စန္ဒကူးနံ့ကို ရလိုက်သည်။ သူမော့ကြည့်သည်။ ခြံထဲတွင် စောင့်နေသည့် နတ်မင်းများကို တွေ့လိုက်သည်။ ခေါင်းဆောင်က သူနှင့်တွေ့ဖူးသည့် စာပေနတ်မင်းဖြစ်သည်။

“စာပေနတ်မင်းပါလား။ မဖိတ်ခေါ်ဘဲ လာလည်တယ်ပေါ့။ ဘာကိစ္စများ ရှိလို့လဲ”

ဝိညာဉ်ချိတ်များ၊ တုတ်ချောင်းမားကိုင်ထားသည့် နတ်မင်းများကိုကြည့်၍ ဖုန်ချင်အန်း မျက်မှောင်ကျုံ့သွားသည်။

“သခင်လေးဖုန်၊ သခင်လေးပြောတဲ့ ခွေးသားရဲဆိုတာ သူတို့လား”

စာပေနတ်မင်းက ဖုန်ချင်အန်း တစ်ဘက်တစ်ချက်စီတွင် ရပ်နေသည့် အဖြူအနက် ဝံပုလွေနှစ်ကောင်ကို စိုက်ကြည့်၍ မျက်နှာပျက်နေသည်။

အစောပိုင်းက အဖျက်နတ်ဆိုးကြီးတစ်ကောင် မြို့ထဲသို့ ဝင်လာသလားဟု တွေးမိခဲ့သည်။ ယခု စိတ်သက်သာရသွားသည်။ သို့သော် သတိတော့မပြတ်။

ဝံပုလွေနှစ်ကောင်သည် အဆင့်မြင့်နတ်ဆိုးမဖြစ်သေး။ သို့သော် ဖြစ်ဖို့နီးနေသည့် အနေအထားရှိသည်။ အထူးသဖြင့် အနက်ရေင်ဝံပုလွေဖြစ်သည်။ ထိုသားရဲမျိုး အဆင့်မြင့်နတ်ဆိုးဖြစ်လာလျှင် မြို့ထဲတွင် ထား၍မဖြစ်။

သေမျိုးလူသားများ ဝိညာဉ်သားရဲ နတ်ဆိုးသားရဲမွေးသည့်အဖြစ် များစွားရှိသည်။ ထိုကိစ္စများ ကိုင်တွယ်ရာတွင် လိုတိုးပိုလျှော့စည်းမျဉ်းများရှိသည်။ သို့သော် လုံးဝမကျော်လွန်ရသည့် တိကျသည့် အတိုင်းအတာသတ်မှတ်ချက်များရှိသည်။

ဝိညာဉ်နှင့်နတ်ဆိုးများ လူသားများကို အန္တရာယ်‌ပေးခွင့်မပြု။ ယခု ထိုဝံပုလွေနှစ်ကောင်က သတ်မှတ်အနေအထားထက် ကျော်လွန်နေသည်။

ဖုန်ချင်အန်းသည် သားရဲများ၏ လှည့်စားခံနေရခြင်းမဟုတ်မှန်း သိသော်လည်း ထိုသားရဲနှစ်ကောင် ပြဿနာရှာလျှင် ဖုန်ချင်အန်း ထိန်းချုပ်နိုင်စွမ်းရှိမည်မဟုတ်ဟု စာပေနတ်မင်းယူဆသည်။

နတ်ဆိုးမွေးလိုလျှင် ထိုနတ်ဆိုးစိတ်လွတ်သွားပါက အတင်းထိန်းချုပ်နှိပ်ကွပ်နိုင်သည့် စွမ်းရည်မျိုး ရှိရသည်။ ထိုစွမ်းရည်မျိုးမရှိလျှင် သာမန်လူအဖြစ် နေထိုင်ခြင်းကသာ အကောင်းဆုံးဖြစ်သည်။

“ဟုတ်ပါတယ်”

“ဒီသားရဲတွေရဲ့ စွမ်းအားအတိုင်းအတာကို သခင်လေးနားလည်ရဲ့လား”

“သူတို့ငယ်ငယ်ကတည်းက ကျုပ်မွေးခဲ့တာပါ။ ကျုပ်နားလည်တာပေါ့”

“နားလည်ရင် ဘာလို့မြို့ထဲကို ခေါ်လာတာလဲ သခင်လေး။ သူတို့စိတ်လွတ်သွားရင် အပြစ်မရှိတဲ့အသက်တွေအများကြီး ဆုံးရှုံးသွားနိုင်တယ်ဆိုတာ မသိဘူးလား”

စာပေနတ်မင်း ပို၍ပို၍ အလိုမကျဖြစ်လာသည်။ တစ်ခုခု ဖြစ်လာလျှင် ထိုကိစ္စကို သူကြီးကြပ်ခဲ့သည်ဖြစ်၍ သူတာဝန်ယူရတော့မည်။

ဝံပုလွေနှစ်ကောင်က ဝိညာဉ်နိုးထစ သားရဲများဖြစ်လျှင် ကိစ္စမရှိ။ သို့သော် ဤနှစ်ကောင်က အဆင့်မြင့်နတ်ဆိုးအဆင့် ရောက်လုနီးပါးဖြစ်နေသည်။ ခွင့်ပြု၍မဖြစ်။ စိတ်လွှတ်သွားလျှင် တစ်ယောက်နှစ်ယောက် ထိခိုက်ရုံဖြင့် ပြီးသွားမည်မဟုတ်။

“ကျုပ်မွေးထားတဲ့ ခွေးတွေအကြောင်း ကျုပ်အသိဆုံးပါ။ အပြစ်ကင်းတဲ့လူကို သူတို့ ဒုက္ခမပေးပါဘူး”

ဖုန်ချင်အန်း မျက်မှောင်နည်းနည်းကျုံ့လာသည်။

“ဒါဆို ဒီနတ်ဆိုးနှစ်ကောင် သခင်လေးအမိန့်ကို လိုက်နာမယ်ဆိုတာ အာမခံနိုင်လား”

စာပေနတ်မင်း နည်းနည်းအခက်တွေ့နေသည်။

“ဒါပေါ့၊ ကျုပ်အာမခံပါတယ်”

ဖုန်ချင်အန်း အခိုင်အမာ ပြန်ဖြေသည်။ သူ့ရှေ့မှ နတ်မင်းများ၏ စိုးရိမ်စိတ်ကို သူနားလည်သည်။ သူလည်း တုန်ဟွမ်းရှုထောင့်မှ ဝိညာဉ်ပေါင်းထောင်ချီကို ကြည့်ခဲ့ဖူးသောကြောင့်ဖြစ်သည်။

ထို့ကြောင့် သူ့အမြင်က ထိုနတ်မင်းများနှင့် ကွဲပြားသည်။ တောင်နက်နှင့်ပိုင်ယောက်ကို ရှုမြင်ရာတွင် စာပေနတ်မင်းနှင့်သူ များစွာကွာခြားသွားသည်။

တုန်ဟွမ်းကြောင့် သရဲဘုရင်များစွာ သူမြင်ဖူးသည်။ အထူးသဖြင့် ဓားတစ်ချက်ဖြင့် ခုတ်သတ်ခံရချိန်တွင် မြင်ခဲ့ခြင်းဖြစ်သည်။ သရဲဘုရင်များ ကြက်ဘဲများလို တုန်ဟွမ်းက အလွတ်တကူ သတ်ဖြတ်နိုင်သဖြင့် သူ့စိတ်ထဲ သိပ်အထင်မကြီးတော့။

သူ့အမြင်တွင် သရဲဘုရင်များသည် ဘာမှမဟုတ်။ ထို့ကြောင့် ကွန်မန်ဒါအဆင့်သာရှိသည့် တောင်နက်နှင့်ပိုင်ယော်ကို သူလုံးဝမစိုးရိမ်။ ထိုနှစ်ကောင်ကလည်း အတွေ့အကြုံများခဲ့ပြီဖြစ်၍ သူတို့ကိုယ်သူတို့ ထူးခြားသည်ဟု ခံယူထားခြင်းမရှိ။ သို့သော် အမွှေးတိုင်ပူဇော်မှုဖြင့် နေရာတစ်ခုတည်းသာ ကာကွယ်စောင့်ရှောက်ရသည့် နတ်မင်းများ၏အမြင်က လုံးဝကွဲပြားနေသည်။

နတ်မင်းတို့သည် သာမန်လူများကို ကာကွယ်ရသည်။ ဝိညာဉ်သားရဲများ နတ်ဆိုးများနှင့် တွေ့ကြုံလျှင် ဖြစ်လာနိုင်သည့် အကျိူးဆက်ကို စဉ်းစားရသည်။ အသိဉာဏ်ပွင့်စ သားရဲလောက်ကို သိပ်အရေးစိုက်စရာမရှိ။ နည်းနည်းခွန်အားကောင်းသည့် လယ်သမားတစ်ယောက်ပင် ရိုက်သတ်နိုင်သည်။

သို့သော် တောင်နက်နှင့်ပိုင်ယော်လို သားရဲများက ထိုသို့မရ။ သာမန်လူများ လုံးဝခုခံနိုင်မည်မဟုတ်။ ရုတ်တရက် စိတ်ဖောက်ပြန်သည်နှင့် သေကြေပျက်စီးမှုများစွာ ဖြစ်လာမည်။

ယခု ထိုနတ်မင်းများ၏စိုးရိမ်စိတ်ကို ရှင်းလင်းနိုင်ရန် ဖုန်ချင်အန်း တစ်ခုသာ သက်သေပြစရာရှိတော့သည်။

All Chapters