မတန်မရာ
Vol. 13 Ch. 190
“စိတ်ချရတဲ့ သက်သေတစ်ခုခု ပြပေးနိုင်မလား”
စာပေနတ်မင်း ဝေခွဲမရဖြစ်နေဟန်ဖြင့် မေးသည်။ ဖုန်ချင်အန်းကို သာမန်ကောင်လေးတစ်ယောက်ဟုသာ သူမြင်သည်။ အဆင့်မြင့်နတ်ဆိုးများအား ထိန်းချုပ်နိုင်သည့် စွမ်းအားမျိုး ရှိသည်ဟုမယူဆ။
“ရတာပေါ့။ ကျုပ်လက်ထဲက ဓားနဲ့လေ”
ဖုန်ချင်အန်း တည်ငြိမ်စွာပြောလိုက်သည်။ လက်ကို ခါးနားသို့ လှုပ်ရှားလိုက်သည်။ နှင်းဖြူရောင်ဓားရှည် လက်ထဲသို့ ရောက်လာသည်။ တောင်တန်းနတ်ဘုရား၏လက်ဆောင် နတ်စိမ်းဓားဖြစ်သည်။
“သခင်လေးဖုန်”
ရုတ်တရက် ဓားကိုဆွဲထုတ်လိုက်သဖြင့် စာပေနတ်မင်း လန့်သွားသည်။ ဖုန်ချင်အန်းသည် သူထင်သလို သာမန်မဟုတ်မှန်း ရိပ်မိလာသည်။
တစ်ခါမှ မကြုံဖူးသည့် အန္တရာယ်အငွေ့အသက်မျိုး ခံစားလိုက်ရသည်။ ဝံပုလွေနှစ်ကောင်ထံမှ လာခြင်းမဟုတ်။ ဖုန်ချင်အန်းထံမှလာသည့် အငွေ့အသက်ဖြစ်သည်။
ထိုလူငယ်၏အကိုအကြောင်း သူပြန်သတိရလာသည်။ ဖုန်ချင်အန်းလည်း သာမန်မဟုတ်သည်မှာ ထင်ရှားနေသည်။ ပြီးခဲ့သည့်နှစ်ပိုင်းတွင်း ပူဇော်မှုသာခံယူ၍ တာဝန်ကိုလျစ်လျူရှုသည့် တာ့ကျင်းမြေမှ နတ်မင်းများ ထူးထူးခြားခြား တာဝန်သိတတ်လာသည်။
ထိုမျှဩဇာကြီးသူ၏ ညီငယ်သည် သာမန်လူမဟုတ်နိုင်။ အကိုက မသေမျိုးလူဝင်စားဖြစ်၍ ညီဖြစ်သူလည်း ထိုသို့ဖြစ်ရမည်ဟု ယူဆခြင်းတော့မဟုတ်။ ဖုန်ချင်အန်းသည် သာမန်လူတို့ထက် ထူးခြားသည့် အစွမ်းမျိုးကို ပြသခဲ့သည်။
ကောင်းကင်လူဝင်စားနှစ်ယောက် တစ်ပြိုင်တည်းပေါ်လာလျှင် သိပ်မထူးဆန်း။ ယခု ညီအကိုနှစ်ယောက်ကြား နှစ်ကွာဟမှုရှိနေသည်။ မသေမျိုးနှစ်ယောက် မိသားစုတစ်ခုတည်းတွင် ပြန်ဝင်စားခြင်းဖြစ်နိုင်သည်။ သူတို့မိဘနှစ်ပါး ထိုကောင်းချီမျိုးရအောင် အတိတ်ဘဝက မည်သည့်ကုသိုလ်မျိုး ပြုခဲ့သည်မသိ။
“စာပေနတ်မင်း”
ဖုန်ချင်အန်း မျက်လုံးများ နီရဲလာသည်။ ယန်မီးတောက်စွမ်းအားကို လည်ပတ်လိုက်သောကြောင့်ဖြစ်သည်။
“သခင်လေးဖုန်၊ ကျုပ် တမင်အခက်တွေ့အောင် လုပ်နေတာမဟုတ်ပါဘူး။ ဒါက ကျုပ်တာဝန်မို့ပါ”
စာပေနတ်မင်း တည်ကြည့်သည့်အသံဖြင့် ပြောသည်။
“ဒီတော့ သခင်လေးကို ဓားတစ်ချက်လောက် ချီးမြှင့်ပေးဖို့ ကျုပ်တောင်းဆိုပါတယ်”
ထူးဆန်းသည့် တောင်းဆိုချက်ကြောင့် ဖုန်ချင်အန်း အံ့အားသင့်သွားသည်။ ဓားဖြင့်ခုတ်ပေးရန် ယဉ်ယဉ်ကျေးကျေးတောင်းဆိုသည်ကို ပထမဆုံးကြုံဖူးခြင်းဖြစ်သည်။
“ခင်ဗျားသေချာရဲ့လား”
“သေချာပါတယ်”
စာပေနတ်မင်း အလေးအနက်ပြန်ပြောသည်။ ယန်စွမ်းအားထုတ်သုံးသည်ကို မြင်နေရသော်လည်း စွမ်းအားအတိမ်အနက်ကို သူခန့်မှန်းမရ။ တစ်စုံတစ်ခုက သူ့အမြင်အာရုံကို ကာဆီးထားသလို ဖြစ်နေသည်။
အကာအကွယ်ပစ္စည်း ဖယ်ရှားပေးရန် သခင်လေးကို တောင်းဆို၍မဖြစ်။ စော်ကားရကျမည်။ ထို့ကြောင့် ဓားဖြင့်ခုတ်ပေးဖို့သာ တောင်းဆိုရသည်။
ဓားတစ်ချက်ခုတ်လျှင် စွမ်းအားကို ခန့်မှန်းနိုင်မည်။ နတ်ဆိုးနှစ်ကောင်ကို ထိန်းနိုင်စွမ်းရှိမရှိ သိနိုင်မည်။
ဓားတစ်ချက်ကို ခံနိုင်ရည်ရှိမရှိ သူလုံးဝထည့်မစဉ်းစားဖူး။ ရယ်စရာကောင်းလွန်း၍ဖြစ်သည်။ သူသည် ကျန်းယန်မြို့တော်ထဲတွင် ရှိနေသည်။ သူ့စွမ်းအား အပြည့်ဝဆုံးနေရာဖြစ်သည်။ မြိုထဲတွင်ရှိနေသည့် နတ်မင်းများကို စဉ်းစားဉာဏ်ရှိသည့် နတ်ဆိုးမှန်လျှင် လုံးဝရင်ဆိုင်ရဲမည်မဟုတ်။
“အဲလိုလား”
ရည်ရွယ်ချက်ကို ဖုန်ချင်အန်း နားလည်လိုက်သည်။ သူ့စွမ်းအားကို အကဲဖြတ်လိုကြခြင်းဖြစ်သည်။
“အကဲဖြတ်မယ်”
(မျိုးနွယ် - ပူဇော်ခံ မီးဝိညာည်)
(ဂုဏ်သတ္တိ - နတ်ဘုရား၊ ဝိညာဉ်)
(စွမ်းရည် - သခင်၊ အလတ်တန်း)
(တိုက်ခိုက်စွမ်းအား - သခင်၊ အလတ်တန်း)
စာပေနတ်မင်းသည် ဝံပုလွေဖြူသခင်နှင့် တန်းတူအဆင့်ရှိကြောင်း နားလည်လိုက်သည်။ နတ်စိမ်းဓားကို ကိုင်ထားခြင်းဖြစ်၍ သိပ်စိုးရိမ်စရာမရှိ။ ဖြူဆွတ်နေသည့်ဓားကို ဝှေ့ယမ်းလိုက်သည်။ မီးနဂါးဓားရိပ်က အံ့အားသင့်နေသည့် စာပေနတ်မင်းထံ လွင့်ပျံသွားသည်။
“ဒီစွမ်းအားမျိုး ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
စာပေနတ်မင်း ထိတ်လန့်အံ့ဩသွားသည်။ ဖုန်ချင်အန်းစွမ်းအား ထိုမျှမြင့်မားနေမည်ထင်မထား။ တစ်ခြားစွမ်းအားမျိုးဆိုလျှင် သူခုခံနိုင်သေးသည်။ သူရရှိထားသည့် မွှေးတိုင်မီးနတ်စွမ်းအားဖြင့် နတ်ဆိုးကြီးများကိုပင် ရင်ဆိုင်တိုက်ခိုက်နိုင်သည်။ အရှင်ဖမ်းဆီးနိုင်သည်။ သို့သော်။ သူသည် ယင်ဝိညာဉ်ဖြစ်ပြီး မွှေးတိုင်ပူဇော်မှုစွမ်းအားဖြင့် အင်အားတိုးလာသူဖြစ်၍ ယန်မီးတောက်စွမ်းအား၏ ထိန်းချုပ်ခြင်းကို အလိုလိုခံထားရပြီးဖြစ်သည်။ ဝံပုလွေဖြူသခင်တုန်းကလို ဓားစွမ်းအားသက်သက်သာ ခံရခြင်းမဟုတ်။ ယန်မီးတောက်စွမ်းအားကိုပါ ခံစားရသည်။
ဓားတစ်ချက်တည်းဖြင့် သူ့ခန္ဓာကိုယ် မှေးမှိန်လာသည်။ စွမ်းအင်ရောင်များ ချက်ချင်းလျော့ကျသွားသည်။
“သခင်လေးဖုန်”
စာပေနတ်မင်းစိတ်ထဲ နောင်တရလာသည်။ စိတ်ခံစားချက်တစ်ခုလည်း ပေါက်ကွဲတော့မလိုဖြစ်လာသည်။
ယင်ဝိညာဉ်ကို ထိန်းချုပ်နိုင်သည့် ယန်မီးတောကစွမ်းအားရှိနေသည်ကို အစကတည်းက ဘာကြောင့်မပြောခဲ့သနည်း။ သူ့ကို မျက်လုံးထဲမထည့်ခြင်းကြောင့်ဖြစ်နိုင်သည်။ သို့မဟုတ် သူမဖိတ်ခေါ်ဘဲ လာလည်သည်ကို သဘောမကျသောကြောင့်ဖြစ်မည်။
သူနှင့်အတူပါလာသည့် နတ်မင်းများ ယင်ဝိညာဉ်များလည်း ပါးစပ်အဟောင်းသားဖြစ်နေသည်။ မျက်နှာတွင် ထိတ်လန့်ရိပ်များပေါ်လာသည်။ စိတ်ခြောက်ခြား၍ တစ်ကိုယ်လုံး တုန်ရင်နေကြသည်။
(*** သက်ရှိတို့ သေလွန်ပြီးနောက် လေလွင့်ဝိညာဉ်(ယင်)အဖြစ်ရှိနေသည်ဟု ယူဆကြပါသည်။ နာကျည်းဒေါသများသူတို့က မြေအောက်ဘုံသို့ ရောက်သွားသည်။ လူတို့ပူဇော်ခံရသည့် ဝိညာဉ်များက ဝိညာဉ်နတ်ဖြစ်လာသည်။ နေစွမ်းအား၊ တစ်နည်းအားဖြင့် မီးစွမ်းအား(ယန်)ကို အဆင့်နိမ့်ယင်ဝိညာဉ်များ မခံနိုင်ကြ။ ယင်ဗီဇဖြင့်မွေးလာသည့် နန်းကော၊တုန်ဟွမ်းတို့လို ယင်ဝိညာဉ်များက အဆင့်မြင့်ဖြစ်တည်မှုများဖြစ်သည်။ နာကျည်းဒေါသမှ ပေါက်ဖွားလာသည့် သာမန်ယင်သရဲများလိုမဟုတ်။ ထို့ကြောင့် စွမ်းအားအဆင့်တစ်ခုသို့ရောက်လျှင် နေဒဏ်၊ ယန်မီးတောက်ဒဏ်ကို ခံနိုင်ရည်ရှိသည်)
မြေအောက်တွင် မွေးဖွားသည့် ဖုန်ချင်အန်း၏ ယန်မီးတောက်စွမ်းအားကို သူတို့လည်း ကြောက်သည်။ အစွန်းရောက်သည့်သဘာဝရှိသည်။ သရဲဝိညာဉ်များကိုထိန်းချုပ်ရာတွင် သေမျိုးကမ္ဘာမှ နေအလင်းသည်ပင် ထိုယန်မီးတောက်အစွမ်းကို မမီ။
“စာပေနတ်မင်းသခင်၊ အဆင်ပြေရဲ့လား”
အရောင်အဝါမှေးမှိန်၍ လေထဲပျောက်ကွယ်သွားတော့မလိုဖြစ်နေသည့် စာပေနတ်မင်းအဖြစ်ကိုကြည့်၍ ဖုန်ချင်အန်းလည်း လန့်သွားသည်။ ဓားကိုပြန်သိမ်းလိုက်သည်။ ယန်မီးတောက်က ယင်ဝိညာဉ်အား ထိန်းချုပ်သည့်အဖြစ်ကို သူလည်းပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
**********************************************