ယန်မီးတောက်
Vol. 13 Ch. 191
မွေးရာပါယင်ဝိညာဉ်ဖြစ်သည့် နန်းကောသည် ထိုစွမ်းအားကို စက်ဆုပ်ရွံရှာ၍ အနားသို့မကပ်ခြင်းဖြစ်သည်။ သို့သော် တုန်ဟွမ်းအတွက်မူ ဗီဇစွမ်းအင်လစ်ဟာမှု မရှိခဲ့လျှင် ယင်ဝိညာဉ်မှ ယန်ဝိညာဉ်အဖြစ်သို့ မြန်မြန်ပြောင်းနိုင်ပေလိမ့်မည်။
ခရီးမထွက်မီက မဟာနတ်ဆိုးဝံပုလွေသခင်နှင့် အစွမ်းကုန်တိုက်ခိုက်ခဲ့သည်။ ထိုမဟာနတ်ဆိုးသည် ယင်သားရဲမဟုတ်သဖြင့် ယန်မီးတောက်စွမ်းအားထုတ်၍ တိုက်ခိုက်သည့်ဓားရိပ်ကို သိပ်မမှု။ ထိပ်တိုက်ရင်ဆိုင်သည်။ အမွှေးတစ်ချို့သာ လောင်ကျွမ်းသွားသည်။
ဝံပုလွေဖြူသခင်နှင့် စာပေနတ်မင်းတို့ တိုက်ခိုက်စွမ်းအားချင်း တန်းတူရှိသည်ဟု သူအကဲဖြတ်မှားခဲ့သည်။
ဓားတစ်ချက်တည်းဖြင့် ရှင်းလင်းသွားသည်။
သူ့ဓားချက်ကြောင့် စာပေနတ်မင်း သေမတတ်ဖြစ်သွားမည်ကို ကြိုမသိခဲ့။ ယန်စွမ်းအားဖိနှိပ်မှုက ပြင်းထန်လွန်းသည်။
“ကျုပ်....ကျုပ်ဘာမှမဖြစ်ပါဘူး”
စာပေနတ်မင်း မချိပြုံးပြုံး၍ ဟန်ဆောင်လိုက်ရသည်။
“နတ်စွမ်းအားလေး နည်းနည်းပဲ ဆုံးရှုံးသွားတာပါ။ ဘာမှမဖြစ်ပါဘူး”
ထင်မထားသည့်အခြေအနေတွင် သူအထိနာသွားသည်။ သူဘာမှမပြောနိုင်။ သိက္ခာထိန်းရုံသာရှိသည်။
တဖြေးဖြေးကျုံ့ဝင်သွားသည့် ဝိညာဉ်နတ်ကို ဖုန်ချင်အန်း ငြိမ်သက်စွာကြည့်နေသည်။ နတ်စွမ်းအင်ရောင် တဖြေးဖြေးခိုင်မာလာသည်။
ဖုန်ချင်အန်း တမင်မသိချင်ယောင်ဆောင်၍ မေးသည်။
“စာပေနတ်မင်း၊ ကျုပ်စွမ်းအားက ခင်ဗျားသတ်မှတ်ချက်ကို မီရဲ့လား”
“ကျုပ်လက်တွေ့မြင်ပြီးပါပြီ သခင်လေး။ သခင်လေးစွမ်းအားက ဒီနတ်ဆိုးနှစ်ကောင်ကို ထိန်းချုပ်နိုင်ရုံထက်တောင် လွန်နေပါပြီ”
ဖုန်ချင်အန်း ဘေးတွင်ဆောင့်ကြောင့်ထိုင်၍ အဖြစ်အပျက်ကို ကြည့်နေသည့် ဝံပုလွေနှစ်ကောင်ကို သူတစ်ချက်ကြည့်လိုက်သည်။ ပို၍ပင် စိတ်ဓာတ်ကျသွားသည်။
ထိုမျှအသက်ငယ်ငယ်ဖြင့် ထိုစွမ်းအားမျိုး ရှိနေသည်။ သူဘာမှထပ်ပြောစရာမရှိတော့။
သခင်က အားနည်း၍ နတ်ဆိုးများ အားကောင်းနေလျှင် နတ်မင်းတစ်ယောက်အတွက် ဝင်စွက်ရမည့် တာဝန်ရှိသည်။ နတ်ဆိုးမွေးသူသည် နတ်ဆိုးများထိန်းချုပ်လှည့်စားထားသည့် ရုပ်သေးတစ်ခု ဖြစ်လာနိုင်သည်။ ပြဿနာများစွာ ဖြစ်လာနိုင်သည်။
သို့သော်ယခု ကင်းလှည့်နတ်များကို စောင့်ကြည့်ခိုင်းထားရုံသာ ရှိတော့သည်။ သခင်လေးဖုန်သည် လူသားမျိုးနွယ်ကို ဒုက္ခပေးမည်မဟုတ်။ ဘာမှဖြစ်မည်မဟုတ်။
“ဒါဆို သူတို့...”
ဖုန်ချင်အန်း ခွေးနှစ်ကောင်ကို ငုံ့ကြည့်လိုက်သည်။
ဝံပုလွေနှင့် မည်မျှတူသည်ဖြစ်စေ မြို့ထဲသို့ ဖုန်ချင်အန်းနှင့်လိုက်လာသည်ဖြစ်၍ သူတို့သည် ခွေများသာဖြစ်သည်။
“သခင်လေးဘေးမှာ ထားလို့ရပါတယ်။ ဒါပေမယ့် သေမျိုးတွေကို သူတို့ ဒုက္ခပေးလို့မရဘူး”
သာမန်လူတို့၏ ငြိမ်းချမ်းသည့်ဘဝကို နှောက်ယှက်ခြင်းသည် ပြစ်မှုဖြစ်သည်။
“ဒါကို ကျုပ်နားလည်ပါတယ်။ ကျုပ် စည်းကမ်းလိုက်နာမှာပါ”
သာမန်လူများကို သူဒုက္ခပေးမည်မဟုတ်။ ထိုစည်းမျဉ်းသည် ကြောင်းကျိုးဆီလျော်သည်ဟု ယူဆသည်။
“ဒါဆို ကျုပ်သွားတော့မယ်။ ညအချိန်မတော် နှောက်ယှက်မိတဲ့အတွက် ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ် သခင်လေး”
“စာပေနတ်မင်းလို အရာရှိမျိုးတွေ စောင့်ရှောက်နေလို့ ကျုပ်တို့လူသားတွေ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်တာပါ”
“သခင်လေး မြှောက်ပင့်လွန်းနေပါပြီ”
နတ်မင်း ထွက်သွားပြီးနောက် မမြင်နိုင်သည့် အတားအဆီးတစ်ခု သူ့အိမ်တော်ပေါ်သို့ ကောင်းကင်မှကျလာသည်။ အပြောင်းအလဲများကို သုံးသပ်ရင်း ဖုန်ချင်အန်း အတွေးနက်နေသည်။
သူ့ခြံဝန်းကို အပြင်ကမ္ဘာနှင့် ယာယီစည်းခြားထားခဲ့သည်။ သာမန်သေမျိုးများ ခြံဝန်းထဲတွင်ဖြစ်ပျက်နေသည်ကို မြင်နိုင်မည်မဟုတ်။ ထိုသို့လုပ်မထားလျှင် ဓားစွမ်းအင်ဖြင့်ပင် တစ်မြို့လုံး ထိတ်လန့်တကြား ဖြစ်သွားပေလိမ့်မည်။
“တကယ်အံ့ဩစရာကောင်းတာပဲ”
ဓာချက်ဖြင့် အနိုင်ယူနိုင်ခဲ့သော်လည်း ထိုနတ်မင်းများစွမ်းအားကို သူအံ့ဩနေဆဲဖြစ်သည်။ ထိုမျှကျယ်ပြန့်သည့် နယ်မြေကို သူထိန်းထားနိုင်စွမ်းမရှိ။ သူ့ကို သေမျိုးများမမြင်အောင် ပုန်းကွယ်နေ၍မရ။
ထိုအချက်က ပြဿနာဖြစ်သည်။ သူထုတ်သုံးနိုင်သည့်စွမ်းအားသည် အားနည်းသည်ဟု ပြောမရပါ။ သို့သော် စွမ်းအင်သုံးစွဲသည့်နည်းလမ်းက အတော်ရိုးရှင်းလွန်းသည်။ အကြမ်းပတမ်း တိုက်ခိုက်သလိုသာဖြစ်နေသည်။
တစ်ခြားလူများထံမှ သင်ယူဖို့ စဉ်းစားသည်။ စိတ်အာရုံမှ အချိန်မရွေး ဆက်သွယ်နိုင်သည့်တုန်ဟွမ်းကို အရင်ဆုံး သူတွေးမိသည်။
သို့သော် ပြန်သုံးသပ်ပြီးနောက် လက်လျှော့လိုက်သည်။ တုန်ဟွမ်းသည် စွမ်းအားကြီး၍ ပါရမီထူးသော်လည်း အခြေခံပညာရပ်များ သင်ကြားပေးသည့် ဆရာအဖြစ်မျိုးနှင့် မသင့်တော်ပေ။ ပိုအဆင်ပြေသည့်ဆရာတစ်ယောက် ရှာရမည်။
“လာကြစမ်း၊ မင်းတို့လည်း အလကားထိုင်မနေကြနဲ့။ ငါ့ကိုကူပြီး ဖုန်တွေရှင်းပေးကြဦး”
ဖုန်ချင်အန်း အတွေးများကိုဖြတ်၍ တောင်နက်နှင့်ပိုင်ယော်ကို လှမ်းကြည့်သည်။ ခွေးအရွယ် အိမ်မွေးတိရစ္ဆာန်များသည် အိမ်ထဲတွင်ရှိလျှင် နှောက်ယှက်ဖျက်ဆီးနိုင်သည့် သဘောရှိသည်။ သို့သော် ဤနှစ်ကောင်က ဉာဏ်ထက်သည်။ လက်တိုလက်တောင်း ခိုင်း၍ကောင်းသည်။
“အာဝူး....”
တောင်နက် တစ်ချက်အော်၍ ထုံးစံအတိုင်း အမြီးနံ့သည်။ ဖုန်ချင်အန်းအခန်းကို ရှင်းလင်းပေးရန်ပြင်သည်။ သူမော့ကြည့်နေစဉ် ဖုန်ချင်အန်းအင်္ကျီကော်လာအောက်မှ ထိုးထွက်လာသည့် မျက်လုံးတစ်စုံကို ရင်ဆိုင်လိုက်ရသည်။
“ဂါး”
တောင်နက် ချက်ချင်းဟိန်းဟောက်၍ ရန်လိုသည့်အကြည့်ဖြင့် ကြည့်သည်။ ကြမ်းတမ်းရက်စက်သည့် နတ်ဆိုးစွမ်းအင်များ လေထဲတွင် ပြည့်သွားသည်။ မြေအောက်မှ ထွက်လာသည့်သားရဲ ပီသသည်။
သူမရှိသည့်အချိန်တွင် ထိုသတ္တဝါငယ်လေးက သူ့သခင်ပေါ်သို့ ရောက်နေသည်။
သခင်နှင့်သူ အတော်ရင်းနှီးကျွမ်းဝင်သည်ဟု တွေးခဲ့သည်။ သို့သော် တုန်ဟွမ်းနှင့် နန်းကော ရောက်လာပြီးနောက် သခင်အတွက် အရေးပါမှန် နားလည်လာသည်။ အရင်လို တုံးအသည့်ခွေးပေါက်လေး မဟုတ်တော့သောကြောင့်ဖြစ်သည်။
သခင်သဘောကျအောင် ပြိုင်ဆိုင်နေ၍ အကျိုးမထူး။ ထိုနှစ်ယောက်ကို သူဦးညွှတ်ရသည်က ရှက်စရာမဟုတ်။ သို့သော်ယခု ဘာမဟုတ်သည့် သတ္တဝါငယ်လေးက တတိယနေရာယူထားသည်။
လက်မခံနိုင်။
“မင်းဘာတွေ ဟိန်းဟောက်နေတာလဲ”
သူ့စိတ်ကို ရိပ်စားမိသဖြင့် ဖုန်ချင်အန်း အော်ငေါက်၍ ရွှေကြေးခွံရေနဂါးကို အင်္ကျီကော်လာအောက်မှူ ထုတ်လိုက်သည်။ လက်ငါးချောင်းကိုဖြန့်၍ မနာလိုဝန်တိုဖြစ်နေသည့် တောင်နက်ကို ပြလိုက်သည်။
“သေချာကြည့်။ ဒါ တုန်ဟွမ်းငါ့ကိုပေးထားတဲ့ နဂါးသံချပ်ကာပဲ။ သံချပ်ကာကွ၊ သံချပ်ကာ...မင်းနားလည်လား”
တောင်နက် ပြူး၍ကြည့်သည်။ နဂါးက ဖုန်ချင်အန်းလက်ချောင်းတွင်ပတ်၍ ပြန်ဟိန်းဟောက်နေသည်။ သို့သော် သူရန်လိုနေသည်ကို တောင်နက်စိတ်မဝင်စား။ ခဏလေ့လာကြည့်ပြီးနောက် ရှက်ကိုးရှက်ကန်း သွားဖြဲပြလာသည်။
သက်ရှိမဟုတ်။ ဝိညာဉ်မရှိ။ ဝိညာဉ်ရတနာသတ္တုတစ်မျိုးသာဖြစ်သည်။
စိုးရိမ်စရာမရှိ။
“အာဝူး-“
တောင်နက် ကျေနပ်စွာ အော်လိုက်သည်။ သို့သော် အော်သံမဆုံးမီ ဖုန်ချင်အန်းက သူ့ဖင်ကို ပိတ်ကန်လိုက်သည်။
“ညာဉ့်နက်သန်းကောင် မင်းဘာလို့အော်နေတာလဲ။ ဒါမြို့ကွ။ လူတွေအိပ်ချိန်မှာ နှောက်ယှက်တာ ကြီးလေးတဲ့ပြစ်မှုပဲ။ အခန်းဆက်ရှင်းပါ”
အကန်ခံရသော်လည်း တောင်နက်စိတ်မဆိုးပါ။ ပျော်ရွှင်စွာ အမြီးနံ့၍ သွက်လက်သည့် ခြေလှမ်းများဖြင့် ထွက်သွားသည်။
သခင့်ရင်ထဲတွင် သူ့အတွက်နေရာ အခိုင်အမာရှိသေးသည်။ သံချပ်ကာတစ်ခုနှင့် ယှဉ်ပြိုင်နေစရာအကြောင်းမရှိ။ သံချပ်ကာတွင် သူ့လို နူးညံ့သည့် အမွှေးများမရှိ။ သည်းခံတတ်သည့် သစ္စာရှိသည့် စရိုက်မျိုးမရှိ။ အမှိုက်သက်သက်သာဖြစ်သည်။
တောင်နက် အရေးမလုပ်သည်ကို မြင်ရသဖြင့် အလင်းနဂါးသံချပ်ကာ မကျေမနပ်ဖြစ်သွားသည်။ ဖုန်ချင်အန်းကို မကျေနပ်သည့်ခံစားချက်များ စိတ်အာရုံမှပို့ပေးသည်။
ဖုန်ချင်အန်း ခံစားနိုင်သည်။
“ဒီငတုံးကို အာရုံစိုက်မနေပါနဲ့”
ဖုန်ချင်အန်း ရေနဂါးကို ကစားနေသည်။ ကစားရုံသက်သက်တော့မဟုတ်။ သူ့လက်ချောင်းမှ ဝိညာဉ်စွမ်းအင်များ နဂါးငယ်၏ကိုယ်ထဲသို့ စီးဝင်သွားပြီး ဆုံးရှုံးခဲ့သည့်စွမ်းအင်ကို ပြန်ဖြည့်ပေးသည်။
အလင်းနဂါးသံချပ်ကာ၏ ခံနိုင်ရည်စွမ်းအားက သေမျိုးတစ်ယောက်ထက် များစွာသာလွန်သည်။ အနားယူဖို့မလို၊ အားဖြည့်ဖို့မလို။ သူဖြည့်ပေးသမျှ ဝိညာဉ်စွမ်းအင်များကို လက်ခံနိုင်သည်။ ဖုန်ချင်အန်းအပေါ်သာ မူတည်သည်။
“အန်း....”
ရေနဂါး ကျေနပ်စွာ တစ်ချက်ညည်း၍ ဖုန်ချင်အန်း လက်ချောင်းထိပ်တွင် ခွေရစ်နေသည်။ သို့သော် သူ့စိတ်အာရုံသို့ ပုံရိပ်များ အချက်အလက်များ ရုတ်တရက် တိုးဝင်လာသည်။ သူလန့်သွားသည်။
ဖုန်ချင်အန်းလည်း တစ်စုံတစ်ခုကို အာရုံခံစားရသည်။ နတ်ဘုရားပို့လွှတ်စွမ်းရည်ဖြင့် စစ်ဆေးကြည့်သည်။ ရေနဂါးမြင်နေရသမျှအရာအားလုံး သူမြင်လိုက်ရသည်။
စစချင်းတွင် သူပျော်သွားသည်။ သို့သော် သေချာလေ့လာကြည့်ပြီးနောက် သူစိတ်ပျက်သွားသည်။ ထိုအရာများက ရေနဂါးတစ်ကောင်၏ မှတ်ဉာဏ်များ နဂါးမျိုးနွယ်၏သွေးဆက်အမွေအနှစ်များ ဖြစ်နေသည်။
အမွေအနှစ်ရော မှတ်ဉာဏ်များပါ တစ်စစီပြန့်ကျဲနေသည်။ အသုံးဝင်သည့်အချက်အလက် လုံးဝရှာမတွေ့သလောက်ဖြစ်သည်။