လာလည်သူ
Vol. 13 Ch. 192
“စားရမှလည်း အရသာမရှိ၊ လွှင့်ပစ်ရမှာလည်း နှမျောစရာဆိုတာလိုပါပဲလား”
နဂါး၏မှတ်ဉာဏ်နှင့်အမွေကို ကြည့်ပြီးနောက် သူသုံးသပ်သည်။
မှတ်ဉာဏ်တစ်စစီဖြစ်နေသည်ကပင် ပြဿနာဖြစ်သည်။ ပြန့်ကျဲနေသည့် ပုံရိပ်များမှ တစ်စုံတစ်ခုကို သိနိုင်သေးသည်။ နဂါးမျိုးနွယ်မှ ရထားသည့် မျိုးဆက်အမွေအချက်အလက်များကလည်း မပြည့်စုံ။ သူနည်းနည်းစိတ်ဝင်စားသည့် ကျင့်စဉ်နည်းလမ်းများအားလုံးက အပြည့်အစုံမရှိ။ နာမည်ပင် အပြည့်မပါ။ အကြောင်းအရာအသေးစိတ်ပါဖို့ စိတ်ကူးယဉ်စရာပင်မလို။
နတ်ဘုရားပို့လွှတ်ခြင်းစွမ်းရည်ကို ပြန်ရုတ်သိမ်းလိုက်သည်။ ဆက်မစူးစမ်းလိုတော့။ အချိန်ကုန်ရုံသာရှိမည်။ ထိုကိစ္စများ စဉ်းစားမနေဘဲ တစ်ခြားနေရာတွင် အားစိုက်သည်က ပိုကောင်းသည်။
သူ လက်လျှော့လိုက်သော်လည်း နဂါးလေးက လက်မလျှော့။ အသုံးမဝင်သည့် မှတ်ဉာဏ်အချက်အလက်များကို မပျင်းမရိ ဖတ်နေသည်။
ဖုန်ချင်အန်း ဘာမှပြောမနေတော့။ မပြည့်ဝသည့် မှတ်ဉာဏ်များသည် ရေနဂါးအတွက် ကောင်းကျိုးမရှိနိုင်သလို ဆိုးကျိုးလည်းမရှိနိုင်။
“ဝု...”
ညာဉ့်အချိန် တိတ်ဆိတ်မှုကို တောင်နက်၏ မကြာခဏညည်းတွားသံက နှောက်ယှက်နေသည်။ ဖုန်ချင်အန်း အိမ်ထဲဝင်လာသည်။ တစ်အိမ်လုံးသန့်ရှင်းနေသည်ကိုကြည့်၍ သူကျေနပ်သွားသည်။ ကျင့်ကြံမှုစသည်။ ယုန်နင်မှထွက်လာခဲ့သော်လည်း နေ့တစ်ဓူဝအလေ့အထများက သိပ်အပြောင်းအလဲမရှိ။ တစ်ချို့အလုပ်များကို လုံးဝရပ်နားခြင်းမပြု။
ကျင့်ကြံခြင်းနှင့် ဝိညာဉ်စွမ်းအင်စုစည်းခြင်းအလုပ်ကို အပျက်မခံ။ သူ့မှော်ခါးပတ်ထဲမှ နေမီးတောက်သစ်ပင်နှင့် အရိုးစုကိုလည်း ပုံမှန်စွမ်းအင်အားဖြည့်ပေးရသည်။
ယင်ကို ယန်ကအစားလိုးထာသည်။ လရောင်ပျောက်သွားပြီး နေထွက်လာသည်။ နောက်တစ်ရက် ချက်ချင်းရောက်လာသည်။ ဖုန်ချင်အန်း စောစောအပြင်ထွက်သည်။ စာမေးပွဲဖြေရန် တစ်လနီးပါး အချိန်ရသေးသည်။ သို့သော် ကျန်းရန်မြို့တွင် ကောင်တီအသီးသီးမှ စာဖြေသူများ စည်ကားနေပြီဖြစ်သည်။
မနက်အရုဏ်တက်ချိန်မှ နေထွက်ချိန်အထိ ဇွဲနပဲကြီးစာ စာအုပ်ကိုင်၍ အသံကျယ်ကျယ်ဖြင့် စာဖတ်နေသူများ၊ အသံတိတ်စာရေးလေ့ကျင့်နေသူများကို တည်းခိုခန်း၊ စာသောက်ဆိုင်ခန်းမများထဲတွင် မြင်နေရသည်။ မူးရူးသောက်စား၍ ယိုင်တိယိုင်ထိုး လမ်းလျှောက်လာသည့် ကြေးရတတ်စာပေပညာရှင်များကိုလည်း မြင်ရသည်။ တစ်ကိုယ်လုံး အရက်နံ့များ နံစော်နေသည်။
ဖုန်ချင်အန်း စာလည်းမကြည့် အရက်လည်းမသောက်။ စာပြန်ကြည့်ရန်မလို။ ဖတ်ထားသမျှအားလုံး မှတ်ဉာဏ်ထဲတွင် ရှိနေသည်။
တစ်ခြားစိတ်ဝင်စားသည့်နေရာမရှိသောကြောင့်သာ ဆူညံ့သိုက်မြိုက်သည့် ဤမြို့တော်သို့ လာခဲ့ခြင်းဖြစ်သည်။ စာမေးပွဲဖြေ၍ နာမည်ကောင်းရလာသည်မှာ အမှတ်မထင်ကိစ္စများဖြစ်သည်။ မြို့တော် အစားအသောက်များက သူ့ကိုအဆွဲဆောင်နိုင်ဆုံးဖြစ်သည်။ မိန်းမလှများကတော့...အင်း...ဟုတ်သည်။
သူတကယ် သွေးသားဆူဖြိုးစလူငယ်တစ်ယောက် ဖြစ်ပါသည်. သို့သော် လောကတွင် သူ့ကိုဆွဲဆောင်နိုင်သည့် မိန်းမလှဟူ၍ မရှိသလောက်ရှားသည်။ နန်းကောနှင့် တုန်ဟွမ်းကို မမီကြ။
ထို့ကြောင့် မြို့တော်သို့ရောက်ပြီးနောက် အစားအသောက်ကိစ္စကိုသာ ငွေအများအပြားသုံးခဲ့ခြင်းဖြစ်သည်။ ထိုအဖြစ်ကိုကြည့်၍ ကင်းလှည့်နတ်မင်းများ သူကိုလေးစားမိကြသည်။ စာပေနတ်ဘုရားနှင့်ပတ်သက်သည့်သတင်းများကည်း နတ်မင်းများကြား ပျံ့နေပြီးဖြစ်သည်။ ထိုလူငယ်သည် နောက်ခံထူးခြား၍ အခြေခိုင်သူဖြစ်ကြောင်း သတိပြုမိလာကြသည်။
ပြည့်တန်ဆာရုံများ ကပွဲခန်းမများတွင် အချိန်ဖြုန်းသည့် ကျောင်းသားများထက် အစားကြီးခြင်းက ပို၍ကောင်းသည်။
သုံးရက်ကြာအောင် ကျန်းယန်အစားအသောက်မျိုးစုံ သူဝယ်စားသည်။ ထို့နောက် သူ့နေအိမ်သို့ ပုံမပျက်ပြန်လာသည်။
“အေ့..”
ကျေနပ်စွာ လေတစ်ချက်ပျို့လိုက်သည်။ သူ့သံကြားသည်နှင့် တောင်နက်နှင့်ပိုင်ယော်တို့ အိမ်ထဲမှထွက်၍ ကြိုဆိုကြသည်။
“လာကြ”
ဖုန်ချင်အန်း သူတို့ကို မေ့မထားပါ။ သူကျွမ်းကျင်ထားသည့် လျှို့ဝှက်စွမ်းရည်များကို လက်ခံနိုင်စွမ်းရှိသလောက် သူထည့်ပေးသည်။ ထို့နောက် အိမ်ထဲသို့ဝင်၍ ကိုယ်ပိုင်ကျင့်ကြံမှုစလုပ်သည်။
ညာဉ့်နက်ပိုင်းအချိန် တစ်မြို့လုံး တိတ်ဆိတ်နေချိန်တွင် ကင်းလှည့်သမားတစ်ယောက် ဖြတ်သန်းသွားပြီးနောက် အပြင်ဘက်မှ တံခါးခေါက်သံ ဖြေးဖြေးမှန်မှန်ပေါ်လာသည်။ ခန္ဓာကိုယ်ထဲ စုစည်းထားသည့် ဝိညာဉ်ချီများ သန့်စင်နေသည့် တောင်နက်နှင့်ပိုင်ယော်တို့ မျက်လုံးပွင့်လာပြီး ဂိတ်တံခါးဆီ လှမ်းကြည့်သည်။
မွှေးတိုင်နံ့ရသည်။ ထိုအနံ့နှင့် တောင်နက်အတော်ရင်းနှီးသည်။ နတ်မင်းများ လည်ပတ်လာခြင်းဖြစ်သည်။ သို့သော် ယခုလာလည်သူက အရင်နတ်မင်းများထက် ပို၍ယဉ်ကျေးသယောင်ရှိသည်။
“တောင်နက်၊ တံခါးသွားဖွင့်လိုက်ပါ”
ဖုန်ချင်အန်းစကားသံ အိမ်ထဲမှ လွင့်ပျံလာသည်။ ကျင့်ကြံမှုလည်း ပြီးဆုံးသွားပြီဖြစ်၍ စိတ်များ ကြည်လင်နေသည်။ ထက်မြက်သည့်အာရုံက ခြံထဲမှအဖြစ်ကို ချက်ချင်းခံစားမိသည်။ ညာဉ့်နက်ပိုင်းအချိန်လာလည်သူသည် လူသားမဖြစ်နိုင်။ ထို့ကြောင့် တောင်နက်ကို တံခါးသွားဖွင့်ခိုင်းလည်း ပြဿနာမရှိနိုင်ပေ။
ကျွီ။
တံခါး ဖြေးညှင်းစွာ ပွင့်သွားသည်။ နည်းနည်းအလျင်လိုနေဟန်ရှိသည့် စကားသံပေါ်လာသည်။ တောင်နက်ကို တိုက်ရိုက်ပြောနေခြင်းဖြစ်သည်။
“ညအချိန်မတော် လာနှောက်ယှက်ရတာ အားနာပါတယ်။ သခင်လေး အိမ်ထဲမှာ အနားယူနေတာလား”
“ဝုတ်..”
သာမန်လူနှင့် ထပ်တူနီးပါးတူသည့် ဧည့်သည်ကို တောင်နက်အကဲခတ်သည်။ ထိုလူထံမှ ဖိအားတစ်မျိုး ထွက်ပေါ်နေသည်ကို သူခံစားရသည်။ အားမပြင်းသော်လည်း အဆက်မပြတ်ထွက်ပေါ်နေသည်။
“တောင်နက်၊ နောက်ဆုတ်”
ဖုန်ချင်အန်း အိမ်ထဲမှ ထွက်လာသည်။ တံခါးဝမှ ထွားကျိုင်းသန်မာသည့်လူကို လှမ်းကြည့်သည်။ သာမန်ဝတ်စုံဝတ်ထားသော်လည်း စွမ်းအင်ရောင်က ထင်ရှားနေသည်။
“အကဲဖြတ်မယ်”
(မျိုးနွယ် - ပူဇော်ခံ(မွှေးတိုင်)၊ မီး၊ ဝိညာဉ်)
(ဗီဇ - နတ်ဘုရား၊ ဝိညာဉ်)
(စွမ်းရည် - သခင်၊ ထိပ်တန်း)
(တိုက်ခိုက်စွမ်းအား - သခင်၊ထိပ်တန်း)