ဓားချက်တောင်းခံခြင်း
Vol. 13 Ch. 193
အပြင်အဆင်အရ စစ်ပွဲမှပြန်လာပြီး သံချပ်ကာချွတ်ပြီးစ ပုံစံဖြစ်သည်။ ထိုလူ့နောက်ခံကို ဖုန်ချင်အန်း ခန့်မှန်းမိသည်။ သို့သော် အဘယ်ကြောင့် သူ့ဆီလာလည်သည်ကို စဉ်းစားမရ။ ဝတ်ပုံစားပုံအရ ရုံးအမိန့်အရ ရောက်လာခြင်းမဟုတ်နိုင်။
“ခင်ဗျားဘယ်သူလဲ”
သေချာအောင် ဖုန်ချင်အန်း မေးလိုက်သည်။
“ကျုပ်က ကျန်းယန်မြို့တော်က သိုင်းသမားတစ်ယောက်ပါ။ ကျုပ်ကိုယ်ကျုပ် စွမ်းအားကြီးတယ်လို့ မပြောရဲပါဘူး။ သခင်လေးအကြောင်း ကြားထားလို့ ဒီညလာလည်တာပါ။ ကျုပ် သင်ယူချင်ပါတယ်။ အလျင်စလိုလာလည်မိတဲ့တွက် တောင်းပန်ပါတယ်။ စော်ကားတယ်လို့ မမြင်ပါနဲ့ဗျာ”
“သိုင်းသမားပေါ့။ စစ်ပွဲနတ်မင်းမဟုတ်ဘူးလား”
သရုပ်မှန်ဖုံးကွယ်ရန် ကြိုးစားနေသည့်လူကိုကြည့်၍ ဖုန်ချင်အန်း ရယ်လိုက်သည်။
“သခင်လေး တကယ်အမြင်စူးရှပါတယ်။ ဒါပေမယ့် ဒီညတော့ ယှဉ်ပြိုင်ဖို့ စိတ်ပြင်းပြနေတဲ့ သိုင်းသမားတစ်ယောက်အနေနဲ့ လာခဲ့တာပါ”
“ယှဉ်ပြိုင်ဖို့ စိတ်ပြင်းပြတယ်တဲ့လား။ ခင်ဗျားလာရှာတဲ့လူ မှားနေပြီ။ သိုင်းပညာကို ကျုပ်မကျွမ်းကျင်ဘူး”
ဖုန်ချင်အန်း ခေါင်းခါသည်။ သိုင်းပညာလမ်းကြောင်းကို သူဘာမှမသိ။ သူ့ကိုလိုက်ပို့ခဲ့သည့် ကိုယ်ရံတော်အဖွဲ့သားများကသာ ထိုလူနှင့် ယှဉ်ပြိုင်ရန် ပိုသင့်တော်သည်။
“သခင်လေးက နှိမ်ချလွန်းနေပါပြီ။ သခင်လေး ကျုပ်မိတ်ဆွေရဲ့ခန္ဓာကိုယ်ကို ဓားတစ်ချက်တည်းနဲ့ သေမလိုဖြစ်အောင် လုပ်လိုက်နိုင်တယ်ဆိုတာ ကျန်းယန်ပြည်နယ်တစ်ခုလုံး သိနေကြပါပြီ။ ဒါကြောင့် သခင်လေးဆီကို လာလည်ဖို့ ကျုပ်ရဲ့ရုံးတော်တာဝန်တွေကို ရက်ပိုင်းအတွင်း အမြန်လုပ်ခဲ့ရတာပါ”
“ဓားချက်ကိစ္စက နားလည်မှုလွဲနေကြတာပါ။ကျုပ်သုံးတဲ့စွမ်းအားက နည်းနည်းထူးဆန်းနေလို့ပါ”
ဖုန်ချင်အန်း သင့်တော်သည့်စကားလုံး ရှာမရ။ နေမီးတောက်သစ်ပင်စွမ်းအားကို ဆင့်ခေါ်၍ လက်ထဲတွင် မီးလုံးတစ်ခု ဖန်တီးလိုက်သည်။ ယန်မီးတောက်သည် ယင်ဝိညာဉ်နှင့် သရဲမျိုးနွယ်များကို ဖိနှိပ်နိုင်သည့် သဘာဝမျိုးရှိသည်။
“ကျုပ်လည်း ဓားတစ်ချက်လောက် တောင်းဆိုလို့ရမလား”
မီးတောက်ကိုကြည့်၍ ထိုလူ ရုတ်တရက် ပြောသည်။
“ဘယ်လို”
ဖုန်ချင်အန်း နည်းနည်း အံ့အားသင့်သွားသည်။ ကျန်းယန်နတ်မင်းများ ဘာဖြစ်နေကြသည်မသိ။ စာပေနတ်မင်းက အရင်ဆုံး ဓားတစ်ချက်ခုတ်ပေးရန် တောင်းဆိုခဲ့သည်။ ပြည်သူတို့လုံခြုံရေးအတွက် သူ့စွမ်းအားကို စစ်ဆေးလို၍ တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ကြောင်းကျိုးဆီလျော်ပါသည်။
သို့သော် ဤစစ်နတ်မင်းက ညာဉ့်နက်သန်းကောင်ရောက်လာပြီး ဓားတစ်ချက်တောင်းဆိုနေသည်။
“ဘာကိုဆိုလိုတာလဲ စစ်နတ်မင်းသခင်”
သူနားမလည်တော့။ သူ့ဓားချက်သည် အန္တရာယ်ရှိမှန်း ထိုစစ်နတ်မင်းသိသည်။ အဘယ်ကြောင့် ဓားချက်ခံယူလိုသည်မသိ။
“ကျုပ်တို့ယင်ဝိညာဉ်တွေ ဘာကိုရှာဖွေကြသလဲဆိုတာ သတိထားမိလား သခင်လေး”
စစ်နတ်မင်းအကြည့်က ဖုန်ချင်အန်း လက်ဝါးပေါ်ရှိ မီးလုံးဆီမှမခွာ။ မျက်လုံးတွင် လိုချင်တောင့်တရိပ်သန်းနေသည်။
ယင်ကိုအားဖြည့်နိုင်သည့် ယန်မီးတောက်ဖြစ်သည်။
အစပိုင်းတွင် စာပေနတ်မင်း ရှုံးနိမ့်သည်ကို လက်အောက်ခံ နတ်မင်းများက လှောင်ရယ်ခဲ့ကြသည်။ သို့သော် ပြန်သက်သာလာပြီးနောက် စာပေနတ်မင်း အကျိုးကျေးဇူး ကြီးမားစွာ ရလိုက်သည်။ သူ့မိတ်ဆွေရင်းဖြစ်သည့် စစ်နတ်မင်းက ထိုသို့ဖြစ်ရသည့်အကြောင်းရင်ကို တစ်ခြားလူများထက် ပိုနားလည်သည်။
အဘယ်ကြောင့် ဖုန်သခင်လေး ထိုမီးတောက်မျိုး ထိန်းချုပ်နိုင်သည် သူမသိ။ သူလည်း ဓားတစ်ချက်ခံယူဖို့ လိုအပ်သည်ဟုသာ သေချာသိသည်။ ထိုဓားချက်ရဖို့ မည်သည့်တန်ကြေးမဆို သူပေးဆပ်နိုင်သည်။
“ကျုပ်သဘောပေါက်ပြီ”
ဖုန်ချင်အန်း နားလည်လာသည်။
ယင်အားဖြည့် ယန်ဓာတ်ကို မြေအောက်သရဲမျိးနွယ်များ ရှာဖွေကြသည်။ မြို့ထဲမှ နတ်မင်းများလည်း ထိုသို့ပင်ဖြစ်သည်။
သူထုတ်သုံးခဲ့သည့် စွမ်းအားသည် နေမီးတောက်ပန်းပွင့်မရ ရခဲ့သည်။ သရဲဘုရင်များ အလုအယက်ရှာဖွေကြသည့် ပြိုင်ဘက်ကင်းရတနာဖြစ်သည်။
ထိုစွမ်းအားက ဤမြို့ထဲမှ ယင်နတ်မင်းများတွက်လည်း မျက်စိကျစရာဖြစ်လာသည်။ သရဲဘုရင်အဆင့်မရှိသူများပင် ထိုစွမ်းအားကို ခံယူနိုင်သည်။
မွှေးတိုင်ပူဇော်မှု တာအိုလမ်းတွင် အတားအဆီးများစွာ ရှိသော်လည်း ထိုတစ်ချက်က အားသာသည်။ သရဲဘုရင်များထက် စွမ်းအားအတော်နိမ့်သည့်တိုင် နေမီးတောက်စွမ်အားကို ရယူနိုင်သည်။ မြေအောက်တွင်မှု သရဲဘုရင်အဆင့်စွမ်းအားမရှိလျှင် အနားသို့မကပ်နိုင်ကြ။
“သခင်လေး နားလည်ပြီဆိုရင် ကျုပ်တည့်တည့်ပဲ ပြောပါ့မယ်။ ကျုပ်ကို ဓားတစ်ချက်ခုတ်ပေးရင် ကျုပ်လုပ်ပိုင်ခွင့်ထဲက လုပ်ပေးနိုင်တာမှန်သမျှ သခင်လေးအတွက် လုပ်ပေးပါ့မယ်”
စစ်နတ်မင်းက ဖုန်ချင်အန်းကို စိုက်ကြည့်သည်။ နတ်မင်းတစ်ယောက်၏ ကတိစကားက လေးနက်သည်။ ဖုန်ချင်အန်းဘက်မှ တုံ့ပြန်မှုသာလိုတော့သည်။
“ဒါပေမယ့် ကျုပ်က....အင်း.. ကိစ္စမရှိပါဘူးလေ”
ထိုနတ်မင်းထံမှ ဘာမှမလိုအပ်ဟု ပြောလိုခြင်းဖြစ်သည်။ သို့သော် စကားတစ်ဝက်အရောက်တွင် သူစိတ်ပြောင်းသွားသည်။ ဓားတစ်ချက် ဝှေ့ယမ်းရုံသာဖြစ်သည်။ ဘာမှအထွေအထူးမဟုတ်။ ထိုနတ်မင်းနှင့် အချိန်မဖြန်းလိုတော့။ အမြန်ရှင်းထုတ်ချင်သည်။
“ဝင်ခဲ့ပါ စစ်နတ်မင်း။ ဒီခြံဝင်းကို အပြင်ကမ္ဘာနဲ့ စည်းတားကြတာပေါ့”
“ကျေးဇူးတင်ပါတယ် သခင်လေး”
စစ်နတ်မင်း ပျော်ရွှင်သွားပြီး ခြံထဲသို့ဝင်လာသည်။ သူ့စွမ်းအားကိုထုတ်သုံး၍ ခြံဝင်းနှင့်အပြင်ကမ္ဘာ စည်းတားလိုက်သည်။ မည်မျှအသံဆူသည်ဖြစ်စေ သာမန်လူများ ကြားနိုင်တော့မည်မဟုတ်။
“ကျုပ်လက်ကို မြှောက်လိုက်ရုံကိစ္စလေးပဲလေ။ စစ်နတ်မင်း အသင့်ဖြစ်ပြီလား”
နတ်စီးဓားကို ဆွဲထုတ်လိုက်သည်။ နှင်းဖြူရောင်ဓားပြားပတ်လည်တွင် ပူပြင်းသည့်မီးတောက်များ ဝိုင်းရံနေသည်။
“ဓားချက်ချီးမြှင့်ပါတော့ သခင်လေး”
"ရွှီး”
ဖုန်ချင်အန်း တုံ့ဆိုင်မနေတော့။ စစ်နတ်မင်းသည် စာပေနတ်မင်းထက် စွမ်းအားနည်းနည်းပိုမြင့်သည်။ ယန်မီးတောက်ဓားရိပ်က စစ်နတ်မင်းခန္ဓာကိုယ်ကို ချက်ချင်းဖုံးလွှမ်းသွားသည်။
နေမီးတောက်က ကြမ်းတမ်းစွာ ဝါးမျှိုလောင်ကျွမ်းနေသည်။ စစ်နတ်မင်းက မီးတောက်အစွမ်းကို အသံတိတ် ကျိတ်၍သည်းခံနေသည်။ မျက်နှာရှုံ့တွနေသည်။ ပြင်းထန်သည့်ဝေဒနာကို ခံစားနေရသည်မှာ သိသာသည်။
မီးတောက်ကို ပြန်ရုတ်သိမ်းရန် ပြင်လိုက်စဉ် စစ်နတ်မင်း ခပ်အုပ်အုပ်အော်ဟစ်လိုက်သည်။ သူ့ကိုယ်ပေါ်မှ မီးတောက်များ အားနည်းသွားသည်။ သို့သော် အသက်စွမ်းအားများ လျင်မြန်စွာ တိုးတက်လာသည်။
စစ်နတ်မင်းသည် အစကတည်းကပြင်ဆင်ထားခြင်းဖြစ်၍ စာပေနတ်မင်းလောက် ခန္ဓာကိုယ်စွမ်းအင်ရောင် လျော့ပါးမသွား။ အပြင်ပန်းကြည့်လျှင် အပြောင်းအလဲ လုံးဝမရှိ။ သူ့ဝတ်ရုံလည်း ပျက်စီးခြင်းလုံးဝမရှိ။
“ဘယ်လိုခံစားရလဲ စစ်နတ်မင်း”
“ဒီအတွက် ကျုပ်ကျေးဇူးပြန်ဆပ်စရာ ဘာမှမရှိတော့ပါဘူး။ သခင်လေး တောင်းဆိုချင်တာတစ်ခုခုများရှိလား။ သခင်လေးအတွက် ကျုပ်ဖြည့်ဆည်းပေးနိုင်ပါတယ်”
ဓားချက်ခံယူထားသော်လည်း သူ့မျက်နှာက ပြုံးရွှင်နေသည်။ လမ်းကြောင်းတစ်ခု ရှာတွေ့သွားသလို ဖြစ်နေသည်။ နတ်မင်းများသည် အမွှေးတိုင်အားကို အဓိကမှီတည်ရသော်လည်း ကိုယ့်ဘာသာကျင့်ကြံခွင့်လည်း ရှိနေသည်။
“လောလောဆယ် ဘာမှမရှိပါဘူး”
ဖုန်ချင်အန်း ခေါင်းခါသည်။ စိတ်ကူးလေးတစ်ခုတော့ရှိသည်။ သို့သော် စစ်နတ်မင်းအခြေအနေကို စဉ်းစားကြည့်ပြီးနောက် သူလက်လျှော့လိုက်သည်။ နတ်မင်းတို့သည် အလုပ်များသည်။
“ဘာမှမရှိဘူးလား’
စစ်နတ်မင်း နည်းနည်းအားတုံ့အားနာဖြစ်သွားသည်။ သူ့စိတ်ဓာတ်အရ အကူအညီတစ်ခု ယူထားလျှင် ချက်ချင်းကျေးဇူးတုံ့ပြန်ရသည်ကို ပိုကြိုက်သည်။ ကျေးဇူးကြွေးအတင်မခံလို။
“ကျုပ်ပြောချင်တာတစ်ခုရှိတယ်။ သခင်လေး နားထောင်ချင်လားတော့မသိဘူး”
“ပြောပါ”
“သခင်လေးက စွမ်းအင်ထိန်းချုပ်တာ သိပ်မကျွမ်းကျင်သေးတဲ့ပုံပဲ။ တည့်တည့်ပြောတာ ခွင့်လွှတ်ပါ။ သခင်လေးထိန်းချုပ်ပုံက အခြေခံအဆင့်ပဲရှိတာ။ ဒီဓားမျိုးနဲ့ ကျုပ်သာခုတ်ရမယ်ဆိုရင် စာပေနတ်မင်းခန္ဓာကိုယ်ကို နောက်ဘဝကူးသွားအောင် ခုတ်ပစ်နိုင်ပါတယ်”
စကားက ဒဲ့တိုးဆန်သည်။ နားဝင်မချို။ သို့သော် ဖုန်ချင်အန်း စိတ်မဆိုးမိ။ ကိုယ့်ချို့ယွင်းချက်ကို တစ်ယောက်ယောက်က ထောက်ပြခြင်းသည် ကောင်းသည့်အချက်ဖြစ်သည်။
“စစ်နတ်မင်းက တကယ်အမြင်စူးရှတာပဲ။ ပြောတဲ့စကားကလည်း အမြင်ပွင့်လင်းစေပါတယ်”
ဖုန်ချင်အန်း ချီးကျူးလိုက်သည်။ မည်သို့ဆိုစေ သူသုံးလိုက်သည့် စွမ်းအားသည် သူ့ကိုယ်ပိုင်စွမ်းအားမဟုတ်။ ဝိညာဉ်စွမ်းအင်ဖြင့် ငှားယူအသုံးပြုထားသည့် စွမ်းအားဖြစ်သည်။ ထိန်းချုပ်ရသည်မှာ ပြဿနာမရှိ။ သို့သော် အနုစိပ်သုံးစွဲသည့်အချိန်တွင် နည်းနည်းခက်ခဲသည်။
“လမ်းညွှန်မှုတစ်ခုခုပေးနိုင်မလား”
“ကျုပ် မသင်ပြရဲပါဘူး။ ကျုပ်က စစ်သည်တော်တစ်ယောက်ပါ။ တိုက်ပွဲအတွေအကြုံနဲ့ ခန္ဓာကိုယ်လေ့ကျင့်မှုနည်းနည်းပဲ ရျိပါတယ်။ စွမ်းအင်သုံးစွဲပုံတစ်ချို့ကို နားလည်ပါတယ်”
စစ်နတ်မင်းက ဝင့်ကြွားခြင်းမရှိ။
“ဒီည သခင်လေးအချိန်ရလား”
“ကျုပ် ဘာမှလုပ်စရာမရှိပါဘူး”
“ကောင်းတယ်၊ ကျုပ်လည်း အရေးတကြီးလုပ်စရာ မရှိဘူး။ သခင်လေးနဲ့ အတွေ့အကြုံတစ်ချို့ ဖလှယ်ကြတာပေါ့”
ဖုန်ချင်အန်း သဘောတူလိုက်သည်။ တစ်ဘက်လူက ယဉ်ယဉ်ကျေးကျေး ကူညီရန် ကမ်းလှမ်းနေသည်. သူငြင်းစရာမရှိ။ အတွေ့အကြုံဖလှယ်သည်ဟူသည့် ခေါင်းစဉ်အောက်တွင် စစ်နတ်မင်းပြောပြသည့် အတွေ့အကြုံများကို သူနားထောင်သည်။
ထိုနတ်မင်းသည် အသက်ရှိစဉ်က စစ်မြေပြင်တွင် တိုက်ခိုက်ခဲ့သည့် စစ်သည်ဖြစ်သည်။ သိုင်းပညာအဆင့်အတန်းက ကျန်းယန်သိုင်းသမားများ မမျှော်မှန်းနိုင်လောက်သည့်အဆင့်ထိ မြင့်မားသည်။
နားထောင်လေလေ ဖုန်ချင်အန်း အံ့ဩရလေဖြစ်သည်။ ပို၍လည်း သဘောကျလာသည်။ ကျင့်ကြံရာတွင် ကျွမ်းကျင်ကြသည့် စွမ်းအားစနစ်များ မတူညီသော်လည်း စွမ်းအားအသုံးချရတွင် အတုယူစရာ နည်းလမ်းများစွာ ရှိသည်။ တိုက်ရိုက်သုံးစွဲနိုင်သည််လည်းရှိသည်။
ဉာဏ်အလင်းပွင့်သည့် နည်းလမ်းက ရိုးရှင်းသည်။ လမ်းကြောင်းအားလုံး ပန်းတိုင်တစ်ခုတည်းသို့ ဦးတည်သည်။
ဖုန်ချင်အန်း စိတ်ဝင်တစားနားထောင်နေသလို သူ့အင်္ကျီကော်လာကြားမှ နဂါးဦးခေါင်းလေးတစ်ခုကလည်း တိတ်တဆိတ်ပေါ်လာသည်။ ထိုအဖြစ်ကိုမြင်သဖြင့် အတွေ့အကြုံများပြောပြနေသည့် စစ်နတ်မင်း ခဏရပ်သွားသည်။ သို့သော် အရေးမစိုက်ဘဲ ဆက်ပြောသည်။