← Chapters

ကြောင်းကျိုးမဆီလျော်

Vol. 13 Ch. 194

ကြောင်းကျိုးမဆီလျော်

Vol. 13 Ch. 194

“သခင်လေးက ဘာသိုင်းပညာမှ မလေ့လာဘဲ ဒီလောက်ထူးခြားတဲ့ ရုပ်ခန္ဓာစွမ်းအားကို တကယ်ပိုင်ဆိုင်ထားတယ်ပေါ့”

စစ်နတ်မင်း ဖုန်ချင်အန်း၏လက်ကို လွှတ်လိုက်ပြီးနောက် မယုံနိင်အောင်ဖြစ်နေသည်။ လက်ကောက်ဝတ်အားကို စမ်းကြည့်ရုံဖြင့် ခန္ဓာကိုယ်အားကို သူခန့်မှန်းနိုင်သည်။

သိုင်းပညာဗီဇနှင့်မွေးလာသည့် စစ်သည်ခန္ဓာဖြစ်သည်။

ခိုင်ခံ့သည့် ရုပ်ခန္ဓာ။ အားကောင်းသည့်အသက်ဓာတ်။ ဖုန်ချင်အန်းခန္ဓာကိုယ်သည် ကွန်ဖူးကို အစဉ်တစိုက်လေ့ကျင့်၍ မူလအဆင့်ထိ တိုးတက်သွားသည့် စစ်သည်တော်များထက် မနိမ့်။

သို့သော် ထိုသို့လေ့ကျင့်သူများသည် ကလေးဘဝမှစ၍ ပင်းပန်းဆင်းရဲမှုများစွာ ခံစားရသည်။ ခန္ဓာကိုယ်ကို သံမဏိလိုဖြစ်အောင် လေ့ကျင့်သည်။ သိုင်းပညာ မူလအဆင့်ရောက်အောင် အကြိမ်ကြိမ်အခါခါ လေ့ကျင့်သန့်စင်ရသည်။

သူအမြင်မစူးရှ၍လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ဖုန်ချင်အန်းထံတွင် ထိုသို့လေ့ကျင့်ထားသည့် လက္ခဏာမျိုး လုံးဝမတွေ့ရ။ ကွန်ဖူးစစ်သည်များလို အပင်ပင်းခံလေ့ကျင့်စရာလည်း လိုမည်မထင်။

“ကျုပ်မလေ့ကျင့်ဖူးပါဘူး”

ဖုန်ချင်အန်း အမှန်အတိုင်းဖြေသည်။ သူ့ရုပ်ခန္ဓာစွမ်းအားအများစုက တောင်နက်ထံမှဖြစ်သည်။ နန်းကောနှင့် တုန်ဟွမ်းထံမှလည်း စွမ်းအားတစ်ချို့တစ်ဝက်ရသည်။ နေမီးတောက်သစ်ပင်နှင့် အလင်းနဂါးသံချပ်ကာမှလည်းရသည်။

“သိုင်းပညာမလေ့ကျင့်ဘဲ ဒီလိုအသက်စွမ်းအားမျိုး ပိုင်ဆိုင်နေတာ တကယ်ပါရမီထူးလို့ပဲ”

စစ်နတ်မင်းအတွေးများ ရှုပ်ထွေးနေသည်။ သူသည် ငယ်စဉ်ကတည်းက အတွင်းအားအပြင်အား မိသားစုသိုင်းပညာကို လေ့ကျင့်ခဲ့သူဖြစ်သည်။ သို့သော် အရွယ်ရောက်လာချိန်တွင် မူလအဆင့်စစ်သည်တစ်ယောက်သာ ဖြစ်လာသည်။ သူဖြတ်သန်းခဲ့ရသည့်အခက်အခဲများကိုပင် မှတ်မိနေသေးသည်။

ယနေ့ သူ့ရှေ့မှ သခင်လေးကို စမ်းသပ်မကြည့်ခဲ့လျှင် စစ်သည်ခန္ဓာအဆင့်အတန်းကို နားလည်မည်မဟုတ်။ မိုးပေါ်မှကျလာသလို ကိုယ်တိုင်ပင် နားမလည်ဘဲ အလွန်တရာအားကောင်းသည့် အသက်ဓာတ်ကို ပိုင်ရှင်ဖြစ်နေသည်။

“ကျုပ်အဲဒါကို မသိပါဘူး”

စစ်နတ်မင်းစိတ်အခြေအနေကို ဖုန်ချင်အန်း သတိထားမိသည်။ စိတ်မချမ်းသာစရာ အတိတ်အတွေ့အကြုံများကို ပြန်သတိရလာဟန်ရှိသည်။

“ဒီလိုအခြေခံကောင်းရှိနေတယ်ဆိုတော့ သိုင်းပညာသင်ဖို့ တွေးဖူးလား”

ဖုန်ချင်အန်း ခန္ဓာကိုယ်အခြေအနေကို သိပြီးနောက် ကျောက်ရိုင်းကို သွေးပေးလိုသည့်ဆန္ဒ စစ်နတ်မင်းစိတ်ထဲတွင် ဖြစ်ပေါ်လာသည်။ အစောပိုင်းက သူသိထားသည့် သိုင်းပညာများ စွမ်းအားထိန်းချုပ်ပုံများကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့်သာ မျှဝေခဲ့ခြင်းဖြစ်သည်။ ယခု သူသိထားသမျှအားလုံးကို လက်ဆင့်ကမ်းလွှဲပြောင်းပေးလိုစိတ် ပေါ်လာသည်။

ထိုလူငယ် သင်ကြားပေးရန် သူအရည်အသွေးမမီမှန်းသိသည်။ သို့သော် သိုင်းကျင့်စဉ်နည်းလမ်းပေးချင်သည်။ ခန္ဓာကိုယ်ကို သန့်စင်၍ ချီစွမ်းအားကို ‌မွေးမြူစေလိုသည်။ တိုက်ကွက်များ လေ့ကျင့်စေလိုသည်။ သူသိသမျှအားလုံးကို မျှဝေပေးချင်သည်။

သူလည်း ထိုသိုင်းပညာကို မလိုအပ်တော့။ သူ့မိသားစုမျိုးဆက်များလည်း မကျန်တော့။ နှစ်နှစ်ရာဟူသည့် အချိန်သည် သူ့လိုနတ်မင်းက ကာကွယ်ပေးနေလျှင်ပင် အစကတည်းက မတိုးတက်ခဲ့သည့် မိသားစုတစ်ခုကို ပျောက်ကွယ်သွားစေရန် လုံလောက်သည်။

သိုင်းပညာသည် ပါရမီသာ လိုအပ်သည်မဟုတ်။ ငွေလည်း လိုအပ်သည်။ ထိုနှစ်ခုက ခွဲခြားမရ။ မျိုးဆက်တိုင်း ပါရမီရှင်ပေါ်မည်ဟု ဘယ်မိသားစုမှ အာမမခံနိုင်။ မျိုးနွယ်စုကြီးများက မယားများများယူ၍ ကလေးများများ မွေးနိုင်ကြသည်။ သို့သော် မျိုနွယ်စုလေးများက ထိုသို့မတတ်နိုင်။

“စဉ်းစားဖူးပါတယ်”

ဖုန်ချင်အန်း ဝန်ခံသည်။ သူ့အကို စာမေးပွဲမဖြေမီ သားရဲသခင်ကျင့်စဉ်ကို သူမရမီက ဆရာတစ်ယောက်ရှာ၍ တစ်ခုခုသင်ချင်ခဲ့သည်။ သို့သော် တစ်ယောက်မှမရှိ။

“တစ်ချိန်က သိုင်းကျမ်းမှတ်တမ်းတွေ ရေးခဲ့တယ်။ ကျုပ်တစ်သက်လုံး လေ့လာခဲ့တဲ့ သိုင်းပညာတွေပေါ့။ ကိုယ်ပိုင်တီထွင်သုံးသပ်ထားတာတွေလည်း လည်းပါတယ်။ ဒီနေ့ သခင်လေးကို မြင်မြင်ချင်း ကျုပ်ခင်မင်မိတယ်။ ဒါကြောင့် အဲဒီသိုင်းကျမ်းမှတ်တမ်းကို ပေးချင်ပါမယ်”

စစ်နတ်မင်း ရင်ဘတ်ထဲမှ စာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်သည်။ ဖုန်ချင်အန်း တအံ့တဩကြည့်နေစဉ်မှာပင် နောက်တစ်အုပ် ထပ်ဆွဲထုတ်လိုက်သည်။ ထို့နောက် နောက်ထပ်တစ်အုပ်။

တစ်ခဏအတွင်း ဖုန်ချင်အန်းရှေ့ စားပွဲပေါ်တွင် စာအုပ်များ ပုံသွားသည်။ စစ်နတ်မင်းလည်း ပစ္စည်းများစွာ သိမ်းဆည်းနိုင်သည့် မှော်အိတ်တစ်မျိုး ပိုင်ဆိုင်ထားသည်မှာ သေချာသည်။

တစ်သက်လုံး ပင်ပင်ပန်းပန်းစုဆောင်းခဲ့သည့် သိုင်းပညာအားလုံးကို ရက်ရက်ရောရောပေးနေသဖြင့် ဖုန်ချင်အန်း အံ့ဩနေသည်။

“ဒါတော့ မသင့်တော်ဘူးထင်ပါတယ်”

“ပြောရရင် ဒါတွေက ကျုပ်အတွက် အသုံးမကျတဲ့ စက္ကူတွေလို ဖြစ်နေပါပြီ”

ထိုသို့ပြောရင်း စစ်နတ်မင်း ထရပ်၍ အရှေ့ဘက်ဆီ မျှော်ကြည့်သည်။ အဝေးမှ မိုးကုတ်စက်ဝန်း အဖြူရောင်သန်းလာပြီဖြစ်သည်။ နေထွက်တော့မည်။

“ဒါတွေကို သခင်လေး လက်မခံချင်ရင်လည်း လွှင့်ပစ်လိုက်ပါ။ မီးရှို့ဖို့ ထင်းအဖြစ်သုံးရင်တောင် နည်းနည်းတော့ အသုံးဝင်ပါလိမ့်မယ်။ ကဲ...ကျုပ်သွားတော့မယ်”

ဖုန်ချင်အန်း စကားပြန်အပြောကို မစောင့်တော့ဘဲ စစ်နတ်မင်း ချက်ချင်းထွက်သွားသည်။

“ဒါက တကယ်...”

ကျောက်စားပွဲပေါ်မှ စာအုပ်ပုံကိုကြည့်၍ ဖုန်ချင်အန်း အိပ်မက်မက်သလို ခံစားနေရသည်။ ဓားလေးတစ်ချက် ရမ်းလိုက်ရုံဖြင့် စစ်သည်တစ်ယောက်၏ တစ်သက်တာသိုင်းမှတ်တမ်းများ ရလိုက်သည်။

“ကြည့်သေးတာပေ့ါလေ”

အိပ်ရေးပျက်၍ ပင်းပန်းသည့်လက္ခဏာမျိုး မရှိ။ ကျောက်စားပွဲရှေ့တွင်ထိုင်၍ မှတ်တမ်းတစ်အုပ်ကို ကောက်ကိုင်၍ ဖတ်သည်။ သူ့အင်္ကျီကော်လာကြားမှ ခိုးနားထောင်နေသည့် ရေနဂါးလည်း ထွက်လာသည်။ သူ့လက်ကောက်ဝတ်တွင် ရစ်ပတ်လျက် သိုင်းကျမ်းကို စိတ်ဝင်တစားကြည့်နေသည်။

ရေနဂါးစိတ်ဝင်စားနေပုံကိုကြည့်၍ ဖုန်ချင်အန်း ရယ်လိုက်သည်။

‌ရေနဂါးသည် အသိစိတ်ဝင်လာစဖြစ်၍ မမြင်ဖူးသည့်အရာများကို စူးစမ်းလိုစိတ်ရှိသည်မှာ မဆန်းလှ။ ယခုစာအုပ်သည် လူသားမျိုးနွယ်၏ သိုင်းကျမ်းဖြစ်သည်။ ဤသတ္တဝါအတွက် အသုံးမဝင်။ လေ့လာနိုင်လျှင်ပင် အသုံးတည့်မည်မဟုတ်။

ထို့ကြောင့်လည်း စစ်နတ်မင်းက ရေနဂါး ခိုးနားထောင်နေသည်ကို အရေးမစိုက်ခဲ့ခြင်းဖြစ်သည်။ ထိုဝိညာဉ်ရတနာကို ဖုန်သခင်လေး ကံကောင်း၍ ရထားသည်ဟုသာ သူယူသည်။

All Chapters