← Chapters

အဆိပ်ကဝေ

Vol. 2 Ch. 85

အဆိပ်ကဝေ

Vol. 2 Ch. 85

နာရီပေါင်းများစွာ ခရီးနှင်လာပြီးတဲ့ နော​က်မှာတော့ ကျောက်သားတံတိုင်းဖြူဖြူကြီးတွေ ထိုးထွက်နေတဲ့ မြို့ကြီးဆီကို ကျွန်မတို့တွေရောက်လာခဲ့တယ်။ မြို့ကြီးရဲ့ အလယ်မှာတော့ အင်မတန်ခမ်းနားလှတဲ့ ဘုရားကျောင်းကြီး တစ်ကျောင်းရှိလို့နေပါတယ်။

“အဲဒါက ဟာဂျီရာ ဆိုဖီယာပဲ။ အရှေ့ရောမဧကရာဇ် ဂျက်စတင်နီယန် တည်ဆောက်ခဲ့တဲ့ ဘုရားကျောင်းကြီးပေါ့။ အခုထိလည်း တူရကီတွေက ဗလီကျောင်းတော်ကြီးအနေနဲ့ သုံးနေဆဲပဲ။”

ကျွန်မကို နက်ဆန်က ရှင်းပြလိုက်တယ်။ နောက်ဆုံးတော့ ကျွန်မတို့ရဲ့ပန်းတိုင်ဖြစ်တဲ့ အစ္စတန်ဘူလ် မြို့တော်ကြီးဆီ ရောက်လာခဲ့ပါပြီ။ ဒီမြို့ကြီးက အာရှမိုင်းနားဒေသမှာ ယဥ်ကျေးမှုအထွန်းကားဆုံးနဲ့ စီးပွားရေးအရ အရေးအပါဆုံး​ဒေသတစ်ခု ဖြစ်ကောင်းဖြစ်နိုင်တယ်။

ဥရောပရဲ့သမိုင်းမှာ အင်မတန်မှ သက်ရောက်မှုရှိခဲ့တဲ့ မဟာအင်ပါယာကြီးနှစ်ခုဖြစ်တဲ့ အရှေ့ရောမအင်ပါယာနဲ့ အော့တိုမန်အင်ပါယာတွေ နန်းစိုက်ခဲ့တဲ့ မြို့တော်ကြီးပါ။ ပြီးတော့ လောလောဆယ် ရိုမြူလက်ဘုရားကျောင်းရဲ့ ရုံးစိုက်ရာဒေသလည်း ဖြစ်နေသေးတယ်။

“အခုက ရန်သူ့နယ်မြေထဲ တရားဝင်ရောက်နေပြီလို့ ပြောနိုင်တယ်။ ဘုရားကျောင်းက ငါတို့တစ်ခုခု ကြီးကြီးကျယ်ကျယ်မလှုပ်ရှားမချင်း ဝင်ပါမှာတော့ မဟုတ်ပေမဲ့ မျက်စိဒေါက်ထောက်ပြီး ကြည့်နေမှာပဲ။ ဒီတော့ အသွားအလာဆင်ခြင်ကြ။ အိုလီရာနာရောပဲ။”

ကျွန်မတို့နှစ်ယောက်လုံး ခေါင်းညိတ်လိုက်ကြတယ်။ ရထားပေါ်ကဆင်းတော့ ပူလောင်တဲ့နေရောင်နဲ့ ဆားနံပါတဲ့ လေထုရဲ့အရသာက ကျွန်မတို့ကို စီးကြိုနေပါတယ်။ မြို့က ကျွန်းဆွယ်ပေါ်မှာတည်ထားတာဖြစ်ပြီး ရှေးခေတ်က အဆောက်အဦတွေနဲ့ သိပ်ကိုခမ်းနားလွန်းတယ်။

“ တံတိုင်းခုနစ်ထပ်ရံထားပြီး မကျဆုံးနိုင်တဲ့မြို့ကြီးတဲ့ သိပ်ကို အံ့ဩဖို့ကောင်းတာပဲ။” ကျွန်မတို့ အထုပ်အပိုးတွေ ဆွဲပြီးတော့ ရထားဘူတာအပြင်ကိုထွက်လိုက်တော့ ကားလမ်းတွေက မြို့ရဲ့ဝင်ပေါက်ဂိတ်အဟောင်းအတိုင်း ဖောက်လုပ်ထားတာဖြစ်ပြီးတော့ နှစ်ထောင်ချီပြီဖြစ်တဲ့ မူလမြို့ရိုးဂိတ်တွေအောက်ကနေ ကားတွေဖြတ်သန်း သွားလာနေတာကို ကျွန်မတို့တွေ့ရပါတယ်။

“ဒီတစ်ခေါက်ရော ကျွန်မတို့တွေက ဘယ်မှာတည်းကြမှာလဲ။”

ကျွန်မက မေးလိုက်တော့ နက်ဆန်က မျက်နှာသေကြီးနဲ့ “ဆီးနိတ်တာ မာရီယာ ချာလီဗာရာဆီမှာ သွားတည်းမှာပဲ။”

ဆီနိတ်တာဆိုတဲ့နာမည်ကို ကျွန်မကြားလိုက်တော့ မျက်ခုံး ပင့်လိုက်မိပါတယ်။ နောက်ဆုံးတစ်ခါ ကျွန်မတို့တွေ့ခဲ့ရတဲ့ ဆီနိတ်တာ ရော့ဝဲလ်က လူကောင်းတစ်ယောက်မဟုတ်ဘူး။ ဒါကြောင့် နောက်ထပ်ဆီးနိတ်တာတစ်ယောက်ကိုတွေ့ဖို့ အလိုလိုကြောက်နေမိတာ အမှန်ပါ။

“အဲဒီဆီးနိတ်တာက စိတ်ရောချရပါ့မလား။ တော်ကြာနေ သူကရော ဆီးနိတ်တာရော့ဝဲလ်လိုဖြစ်နေရင် ရှင့်အတွက် အန္တရာယ်မရှိနိုင်ဘူးလား။”

ကျွန်မက မေးလိုက်တော့ နက်ဆန်က သူ့ခေါင်းကို အသာအယာခါလိုက်ရင်း... “ဆီနိတ်တာမာရီယာက အဖိုးကိုယ်တိုင် ပညာသင်ပေးခဲ့တဲ့ တပည့်ပဲ။ အရင်က ငါ့အိမ်ကိုလာဖူးပြီး သဘောကျစရာကောင်းတဲ့ အမျိုးသမီးပါ။”

ရုတ်တရက် ကျွန်မတို့ရှေ့မှာ မာစီးဒီးကားတစ်စီး ထိုးရပ်တယ်။ အဲဒီနောက် ကားပေါ်ကနေ ဘောင်းဘီတိုနဲ့ ဝစ်စကုပ်ဝတ်ထားတဲ့ အမျိုးသားတစ်ယောက် ဆင်းလာပြီး သူ့ဖုန်းကိုထုတ်ကာ ဟိုကြည့်ဒီကြည့် လိုက်ကြည့်ပါတယ်။ အဲဒီနောက်တော့ သူက နက်ဆန်ကိုမြင်သွားပြီး ကျွန်မတို့ဆီ လျှောက်လာပါတယ်။

“ ကျန်းမာတော်မူပါစ ညနတ်သမီးရဲ့သားတော်ခင်ဗျား။ ကျွန်တော်မျိုးက ဆီနိတ်တာမာရီယာရဲ့အစေခံ ဟင်နရီလို့ ခေါ်ပါတယ်။”

ကျွန်မလည်း အဲဒီအမျိုးသားကို ကြည့်လိုက်ပါတယ်။ အသက်နှစ်ဆယ် ကျော်ခါစပဲ ရှိဦးမယ့်ပုံပေါ်ပြီးတော့ ရွှေရောင်ဆံပင်နဲ့ အပြာရောင်မျက်လုံးတွေရှိပါတယ်။ လက်ပြတ်ရှပ်အင်္ကျီအဖြူနဲ့ အဝါရောင်ဝေ့စ်စကုတ်ကို ဝတ်ထားလို့ ချောမောတဲ့ရုပ်ရည်ကို ထင်ပေါ်စေပြီး အတော်လေး ကြည့်လို့ကောင်းတယ်ဆိုပေမဲ့ အော​က်မှာ သူဝတ်ထားတာက ဘောင်းဘီတိုလေးဖြစ်နေလို့ ထူးဆန်း နေသလိုပဲ။

နက်ဆန်က ကျွန်မအနားနားကပ်ပြီး ပြောလိုက်တယ်။ “ဆီနိတ်တာမာရီယာမှာ ငယ်ရွယ်ချောမောတဲ့ အမျိုးသား ဝန်ထမ်းတွေအများကြီးရှိတယ်လို့ ကြားဖူးတယ်။ သူ့ဝါသနာက နည်းနည်းထူးဆန်းတယ်ဆိုပေမဲ့ အရမ်းကြီး မစပ်စုပါနဲ့။”

ကျွန်မလည်း ခေါင်းညိတ်လိုက်တယ်။ လူတစ်ကိုယ် အကြိုက်တစ်မျိုးပဲ မဟုတ်ပါလား။ ကျွန်မလည်းပဲ ကျောင်းခြောက်ကျောင်းက လူအတော်များများနဲ့ တွေ့ဖူးပြီးပြီဖြစ်တာကြောင့် သိပ်မအံ့ဩတော့သလို။

“မင်းကို မင်းသခင်မက ငါတို့ကိုကြိုဖို့ လွှတ်လိုက်တာလား။” နက်ဆန်က မေးလိုက်တော့ ဟင်နရီက ခေါင်းညိတ်ပြတယ်။

“ဟုတ်၊ သခင်မက အရှင်ဒီမှာရှိနေတုန်း အစစအရာရာ ကူညီပေးဖို့ ကျွန်တော့်ကို မှာခဲ့ပါတယ်။”

“ကောင်းပြီ။ သွားကြစို့။” နက်ဆန်က ကားပေါ်ကို တက်တယ်။ ကျွန်မနဲ့အိုလီရာနာကလည်း နောက်ကနေ လိုက်ပြီးတက်တာပေါ့။ ဟင်နရီကတော့ ကျွန်မတို့ကို ကားမှန်ကနေတစ်ဖြင့် ကြည့်လိုက်ရင်း ခေါင်းကို ညိတ်ကာ ကားကိုစမောင်းတယ်။

ကျွန်မတို့ကားက မြို့ဂိတ်တံခါးကိုဖြတ်ဝင်ပြီး အထဲကို ရောက်တဲ့အခါမှာတော့ မြောက်များစွာသော အော်သိုဒေါက် ချက်ကျောင်းတွေနဲ့ မွတ်စလင်ဗလီတွေများစွာကို ယှဥ်တွဲ တွေ့ရပါတယ်။

“နက်ဆန်၊ အရှေ့ရောမအင်ပါယာ ကျဆုံးပြီးသွားတော့ ဒီနေရာကို အုပ်ချုပ်တဲ့ အော့တိုမန်တွေက ဘာသာခြားတွေ မဟုတ်လား။ ဘာလို့ အော်သိုဒေါက် ချက်ကျောင်းတွေက ဒီမှာကျန်နေသေးတာလဲဟင်။”

နက်ဆန်က သမိုင်းကြောင်းဘာမှနားမလည်တဲ့ ကျွန်မကြောင့် ပြုံးလိုက်ပုံပဲ။ ဟင်နရီကတော့...

“ကြည့်ရတာ ဒီကမမလေးက သမိုင်းကြောင်း စိတ်ဝင်စားပုံပေါ်ပေမဲ့ သေချာမလေ့လာဖူးဘူးနဲ့ တူပါတယ်။ အခုလိုမျိုး ရှေးဟောင်းအမွေအနှစ်တွေ ကျန်နေရသေးတဲ့ အကြောင်းအရင်းက အော့တိုမန်တွေရဲ့ ထူးခြားတဲ့ ဂျီဇေယာ အခွန်စနစ်ကြောင့်ပါ။”

“အော့တိုမန်တွေက ဘာသာခြားအုပ်စိုးသူတွေဆိုပေမဲ့ သူတို့သိမ်းပိုက်ခဲ့တဲ့ နယ်မြေတွေမှာရှိတဲ့ အခြားဘာသာဝင် အတော်များများကို သူတို့ကိုးကွယ်ရာယုံကြည်ရာ ဆက်ပြီး ကိုးကွယ်ခွင့်ပေးခဲ့တယ်။ အပြန်အလှန်အနေနဲ့တော့ ကာကွယ်ကြေးဖြစ်တဲ့ ဂျီ​ဇေယာအခွန်ကို ပြန်ပြီးတော့ ပေးဆောင်ရပါတယ်။ ဒီအခွန်က ဘာသာရေးခွန်ဖြစ်သလို အခြားဘာသာခြားတွေကို ကာကွယ်ပေးပါမယ်ဆိုတဲ့ အုပ်ချုပ်သူရဲ့ကတိလည်း ဖြစ်ပါတယ်။

တစ်ခါက အရှေ့ရောမအင်ပါယာရဲ့တန်ပြန်ထိုးစစ် တချို့ကြောင့် စစ်ဒဏ်ခံစားရတဲ့ ဂျူးနဲ့ခရစ်ယာန် လက်အောက်ခံတချို့ကို ဆူလတန်ကြီးတစ်ယောက်က သူရရှိထားတဲ့ ဂျိဇေယာအခွန်ကြေးတွေကို ပြန်လျော်ပေးခဲ့ဖူးတယ်။ အုပ်ချုပ်သူတစ်ယောက်က တာဝန်မကျေခဲ့တဲ့အတွက် ဖြေသိမ့်မှုပြန်ပေးတဲ့ သဘောပေါ့။”

“အဲဒီလိုလား...” ကျွန်မ အဲဒီစနစ်ကို အတော်လေး စိတ်ဝင်စားသွားတယ်။

“ခေတ်သစ်ဦးပိုင်း ရောက်လာတဲ့အချိန်ကြတော့ ရုရှားအင်ပါယာလိုမျိုး အော်သိုဒေါက်အင်အားကြီး နိုင်ငံတွေက အော့တိုမန်နယ်ထဲမှာရှိနေတဲ့ အော်သိုဒေါက် ဘုရားကျောင်းတွေကို ပြုပြင်ထိန်းသိမ်းဖို့ လုပ်ကြတယ်။ ဒီအင်ပါယာကြီးနှစ်ခုက အချင်းချင်းစစ်ဖြစ်နေတဲ့ အချိန်ကလွဲရင် အော့တိုမန်တွေက ရုရှားဘုန်းတော်ကြီးတွေ ဘုရားဖူးလာတာကို ခွင့်ပြုပေးပြီး ဘုရားကျောင်းတွေကို ပြုပြင်ထိန်းသိမ်းခွင့်ရော စီမံအုပ်ချုပ်ခွင့်ရော ပေးကြတယ်။ ဒီလိုနည်းလမ်းနဲ့ ရှေးအမွေအနှစ်တွေက ယနေ့ခေတ်အထိ ကျန်ရှိခဲ့တယ် ဆိုပါတော့ဗျာ။”

“ဒီလိုဆိုတော့လည်း သူတို့စနစ်က မဆိုးတော့ မဆိုးဘူးရယ်။” ကျွန်မက အခုလိုကောက်ချက် ချလိုက်တယ်။ နက်ဆန်ကတော့ မေးကိုထောက်ကာ ကားပြတင်းပေါက်ကနေတစ်ဆင့် အပြင်ဘက်ကို ငေးကြည့်ရင်း

“အဲဒီလိုတော့ ဘယ်ဟုတ်မလဲ။ အော့တိုမန်ပိုင်နက်ထဲက ဘာသာခြားနိုင်ငံသားတွေက သာမန်နိုင်ငံသားတွေထက် အခွန်လေးဆလောက် ပိုဆောင်ရလို့ ပိုဆင်းရဲကုန်တယ်။ အဲဒီနိုင်ငံသားတွေက ဆူလတန်တွေကောက်ခံတဲ့ အခွန်မပေးနိုင်တဲ့အခါ သားသမီးတွေကို အခွန်အဖြစ် ပေးလိုက်ရတာမျိုးရှိတယ်။ အော့တိိုမန်အင်ပါယာရဲ့ နာမည်ကျော် ဂျနဆရီကိုယ်ရံတော်တပ်ကြီးက အဲဒီလို ကလေးတွေနဲ့ဖွဲ့ထားတဲ့ တပ်ဖွဲ့ကြီးလေ။”

“ဒါကျတော့...” ရက်စက်ရာ ကျသွားပြီလို့ ကျွန်မက ပြောလိုက်ချင်ပေမဲ့ ပြောမထွက်တော့ဘူး။ တကယ်ပဲ ကိုယ်နားမလည်တဲ့ နယ်ပယ်မှာ ဝင်ပြီးမပြောသင့်ဘူး ထင်တာပဲ။

“ကမ္ဘာပေါ်မှာရှိတဲ့ အင်ပါယာတိုင်းက တစ်နည်းမဟုတ် တစ်နည်းနဲ့ ရက်စက်မှုတွေကို ကျူးလွန်ခဲ့ကြတာပါပဲ။ ကျွန်တော်တို့ရဲ့ဂုဏ်ယူရတဲ့ ရောမဆိုရင်လည်း သိမ်းမိတဲ့ မြို့ထဲက ယောက်ျားတွေအားလုံးကိုသတ်ပြီး ကလေးနဲ့ မိန်းမတွေကို ကျွန်အဖြစ်ရောင်းချတာမျိုး မကြာခဏ လုပ်ခဲ့ဖူးတာပဲ မဟုတ်လား။”

“မင်းနဲ့စကားပြောရင် ငါရှုံးလိမ့်မယ်။” နက်ဆန်က သူ့အရှုံးကို သူဝန်ခံပြီး ဘာမှဆက်မပြောတော့ဘူး။ ဟင်နရီကတော့ ပြုံးဖြီးဖြီးနဲ့။

အတန်ကြာအောင် တိတ်ဆိတ်သွားပြီးတဲ့နောက်မှာတော့ ကျွန်မတို့ရဲ့ကားက ကမ်းခြေဘက်ကို ရောက်လာပါပြီ။ မြို့စွန်က တောင်ကမ်းပါးတစ်နေရာမှာ ခမ်းနားလှတဲ့ သုံးဆောင်ပြိုင် စံအိမ်ကြီးတစ်လုံးကို ကျွန်မတို့တွေ လှမ်းပြီး မြင်နေရတယ်။

နီရဲလှတဲ့ ကြက်သွေးရောင် အုတ်ကြွပ်ခေါင်မိုးတွေ၊ ဖြူဖွေးနေတဲ့ ဂရိလက်ရာ စကျင်ကျောက်တိုင်ကြီးတွေနဲ့ တည်ဆောက်ထားတာဖြစ်ပြီး အဆောင်သုံးခုက “ဂ” ပုံသဏ္ဍာန် စီစီရီရီတည်ရှိပါတယ်။

အဆောင်သုံးခုရဲ့အလယ်မှာတော့ ဧရာမရေကန်ကြီး တစ်ခုရှိနေပြီး ကျူးလစ်ပန်းတွေနဲ့ပြည့်နေတဲ့ ဥယျာဥ် လည်းရှိပါတယ်။

“သခင်မ မာရီယာရဲ့စံအိမ်ကို ရောက်ပါပြီ။” ဟင်နရီက ပြောလိုက်တယ်။

ကျွန်မကတော့ မျက်ခုံးပင့်လိုက်မိတာပေါ့။ ဘာလို့ဆိုရင် ညမင်းသားဖြစ်တဲ့နက်ဆန်ရဲ့စံအိမ်က ဒီစံအိမ်နဲ့ယှဥ်ရင် သုံးပုံတစ်ပုံတောင်မှ မရှိဘူးလေ။ နက်ဆန်ကတော့...

“လေဒီမာရီယာက ကျောင်းခြောက်ကျောင်းအဖွဲ့ဝင် ဖြစ်တဲ့အပြင် နာမည်ကြီးမော်ဒယ်တစ်ယောက်လည်း ဖြစ်သေးတယ်လေ။ ဒီအိမ်ကြီးက သူ့ပိုက်ဆံနဲ့ သူဝယ်ထားတာ။”

“အဲဒီလိုလား။” ကျွန်မက လေဒီမာရီယာကို မတွေ့ဖူးသေးပေမဲ့ ကြားရသလောက်တော့ အတော်လေး လှမယ့်ပုံပဲလို့ တွေးလိုက်မိတယ်။ ပြီးတော့ ကျွန်မတို့ကို လာကြိုဖို့ လူလွှတ်တယ်ဆိုတော့ ရန်သူ မဟုတ်လောက်ဘူး မဟုတ်လား။

ကျွီ...

ကားက ဥယျာဥ်ကိုဖြတ်မောင်းပြီးတဲ့နောက် စံအိမ်ရဲ့ပင်မ ဝင်ပေါက်ရှေ့မှာ ရပ်လိုက်ပါတယ်။ လှပတဲ့ အနက်ရောင် ဇာဂါဝန်ကို ဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်ကလည်း အိမ်ထဲကနေ အခြွေအရံတွေခြံရံပြီး ထွက်လာတာ တွေ့ရတယ်။

ကားပေါ်က ဆင်းလိုက်တော့ အဲဒီအမျိုးသမီးကို ကျွန်မ သေချာမြင်ရပြီ။ နီညိုရောင်ဆံပင်ရှည်တွေရှိပြီးတော့ နောက်မှာ ဆံထုံးအဖြစ်စုချည်ထားပေမဲ့ ဆံမြိတ်ရှည်ရှည် နှစ်ဖက်ကို ဘေးဘယ်ညာချထားသေးတယ်။ သူ့ရဲ့မျက်လုံးတွေကတော့ ထူးခြားစွာနဲ့ ရွှေဝါရောင် ဖြစ်လို့နေပါတယ်။ အသားအရေကတော့ မဖြူလွန်း၊ မညိုလွန်း။ ဖယောင်းသားလိုမျိုး ညက်ညောပြီး ရေဓာတ်ပြည့်ဝ စိုပြေမှုလည်းရှိတယ်။

အသက်က သုံးဆယ်နှောင်းပိုင်း လေးဆယ်နားရှိနေပြီလို့ ခန့်မှန်းရပြီးတော့ ဇရာကြောင့် လက်မောင်းကအသားတချို့ အနည်းငယ် အိကျနေတယ်။ မျက်နှာက ဘဲဥပုံကိုမှ ခပ်ရှည်ရှည်။ ပါးပြင်မှာ အရေးအကြောင်း နည်းနည်း ရှိနေပေမဲ့ အဲဒီလိုရင့်ကျက်တဲ့ အသွင်အပြင်က သူ့ကို ကြီးကျယ်တဲ့ ဂုဏ်ကျက်သရေနဲ့ အလှအပကို ပေးစွမ်း ထားသလိုပါပဲ။ လေ့ကျင့်ခန်းများများ လုပ်ထားဟန်နဲ့ ခါးကသေးသွယ်ပြီး ကိုယ်လုံးကိုယ်ပေါက်လှပတယ်။ တော်ဝင်ဆန်တဲ့ အမျိုးသမီးမျိုးဆိုတာ ဒီလိုပဲ ဖြစ်လိမ့်မယ်။

အခြွေအရံတွေကတော့... အဲ... အကုန်လုံးက ဝစ်စကုတ်နဲ့ ဘောင်းဘီတိုဝတ်ထားတဲ့ လူချောလေးတွေ ဖြစ်နေတာ တစ်ခုပဲ။ ဟင်နရီအပါအဝင် အားလုံးပေါင်း ခြောက်ယောက်။ တစ်ယောက်မျိုး ကြည့်လို့ကောင်းပြီး ကျွန်မကိုယ်တိုင် အိုတိုမဲဂိမ်းထဲကို ရောက်သွားသလိုမျိုး ခံစားရတယ်။

“လေဒီမာရီယာလို ဘုရင်မကြီးကပဲ ဒီကောင်လေးတွေကို အိပ်ကပ်ထဲ ထည့်ထားနိုင်မှာ။” ကျွန်မက မူးယစ်နေတဲ့ လေသံနဲ့ တီးတိုးရေရွတ်လိုက်တော့ အိုလီရာနာက ကျွန်မ လက်ကိုကိုက်ဆွဲတယ်။

“သေပါပြီဟဲ့...”

“ဟဲ့၊ ဆယ်ဗီ။ လေဒီမာရီယာက နင့်ကိုကြည့်နေပြီနော်။”

ဒီတော့မှ ကျွန်မလေဒီမာရီယာကို ကြည့်လိုက်တော့ သူက ကျွန်မကို စိုက်ကြည့်နေတာ တွေ့လိုက်ရပြီး ရှက်သွားတယ်။ ကျွန်မပြောတာ သူများ ကြားသွားသေးသလား။ ဒါကြောင့် ကျွန်မလည်း ပြုံးပြလိုက်တော့ သူကလည်း ပြန်ပြီးတော့ ပြုံးပြပါတယ်။ သူကလည်း ကျွန်မကို ပြန်ပြုံးပြပေမဲ့ မျက်လုံးတွေက ပြုံးမနေဘူးရယ်။ နောက်တော့ သူက နက်ဆန်ကို ဦးညွှတ်လိုက်ပြီး...

“ခရီးဝေးက လာခဲ့တာဆိုတော့ ပင်ပန်းနေလောက်ပြီ ထင်ပါရဲ့ အရှင့်သား။ ကျွန်တော်မျိုးမရဲ့စံအိမ်မှာ ကိုယ့်အိမ်ကိုယ့်ရာလို သဘောထားပြီးတော့ စိတ်ချလက်ချ နေနိုင်ပါတယ်။”

ကျွန်မ လေဒီမာရီယာရဲ့စကားသံကို နားထောင်ရင်းနဲ့ မိန်းမောသွားသလို ခံစားလိုက်ရတယ်။ အနည်းငယ် တုန်ယင်နေပေမဲ့ ဆည်းလည်းလေးတွေ လှုပ်ရှားသွားသလို သာယာတယ်။ လေသံအတက်အကျတိုင်းက ငြိမ့်ညောင်းမှု ရှိပြီးတော့ ညို့ဓာတ်တစ်မျိုး ပါဝင်နေသလိုပါပဲ။

“ဒါနဲ့၊ ဒီဘက်က အရှင့်သမီးတော်ကရော ဘယ်ကျောင်းတော်က ဧည့်သည်ပါလဲ။ ကျွန်မနဲ့ မိတ်ဆက်ပေးလို့ရမလား။” လေဒီ မာရီယာက ကျွန်မကို အရှင့်သမီးတော်လို့ ခေါ်လိုက်တယ်။ နက်ဆန်ကို အရှင့်သားလို့ ကိန်းကြီးခန်းကြီးနဲ့ခေါ်သလိုပဲ။ သူက ကျွန်မကိုလည်း နတ်တစ်ပိုင်းမှန်း ခံစားမိနေလို့နေမယ်။

“သူ့ရဲ့ခေါင်းကိုင်နတ်မိဘက ဘယ်သူမှန်း ငါတို့မသိဘူး။ သူ့ကို ဆယ်ဗီလို့ပဲခေါ်ပါ။ လောလောဆယ်တော့ ငါ့ရဲ့ ဆေးပညာအကြံပေးပဲ။”

“နားလည်ပါပြီ။ အရှင်တို့အတွက် အခန်းတွေပြင်ဆင် ပေးထားလိုက်ပါမယ်။ လောလောဆယ်တော့ နေ့လယ်စား စားဖို့ ခန်းမထဲကို သွားရအောင်။”

လေဒီမာရီယာက အခြွေအရံတွေကို ခြံရံပြီးတော့ အိမ်ထဲ ဦးဆောင်ခေါ်သွားတယ်။ ကျွန်မတို့လည်း နောက်ကနေ လိုက်လာတာပေါ့။ အိုလီရာနာက အခုအချိန်ထိ မျက်မှောင် ကြုတ်ထားတုန်းပဲ။

“အိုလီရာနာ၊ ဘာဖြစ်လို့လဲ။” ကျွန်မက တီးတိုးမေးတော့ အိုလီရာနာက...

“လေဒီမာရီယာရဲ့အစေခံ ခြောက်​ယောက်လုံးက မာစတာအဆင့်ကို ခြေလှမ်းနေပြီဖြစ်တဲ့ လက်ရွေးစင် အဆင့်မြင့် တိုက်ခိုက်ရေးသမားတွေချည်းပဲ။ ရိုမြူလက် ချက်ကျောင်းကို စောင့်ကြည့်နေတဲ့ ဆီနိတ်တာဆိုပေမဲ့ အင်အားက လိုတာထက် ပိုနေတယ်လို့ မထင်မိဘူးလား။”

အိုလီရာနာရဲ့စကားလုံးတွေနောက်မှာ အဓိပ္ပါယ်တစ်ခုခု ပါနေတာ ကျွန်မသတိထားမိတယ်။ ဒါပေမဲ့ ကျွန်မက သူအစိုးရိမ်လွန်နေတာပဲ ဖြစ်မှာပါလို့ တွေးလိုက်မိတယ်။

All Chapters