← Chapters

ရန်ကြွေး

Vol. 14 Ch. 210

ရန်ကြွေး

Vol. 14 Ch. 210

“သခင်လေး၊ ဒီကလေးမလေးကို သခင်လေးနဲ့အတူ ခေါ်သွားပေးနိုင်မလား။ သူ့ကို အလုပ်အကျွေးပြုခွင့်ပေးလိုက်ပါ။ သခင်လေးမှာလည်း ထက်မြက်တဲ့အစေခံတစ်ယောက် လိုနေတာ ကျုပ်သတိထားမိပါတယ်”

စုတု သိပ်အချိန်ဖြုန်းမနေနိုင်။ ဤနေရာသို့ သူ့ဆုံးဖြတ်ချက်နှင့်သူ လာခြင်းဖြစ်သည်။ အမှန်တော့ ဤနေရာတွင်သူမရှိသင့်။ ထို့ကြောင့် လိုရင်းကိုသာ အရဲစွန့်၍ ပြောသည်။

အချိန်အတော်ာကြာ ပညာသားပါပါစုံစမ်းပြီးနောက် ဟိုတစ်နေ့က သူမြင်ခဲ့သည့် လစွမ်းအင်သန္ဓေသည် အဆာပြေစားစရာအဆင့်သာရှိကြောင်း ဝံပုလွေနှစ်ကောင်ထံမှ သေချာသိခဲ့ရသည်။ တောင်းစရာပင်မလို။ ထိုသခင်လေးက မကြာခဏကျွေးသည်ဟု ဆိုသည်။ ထိုထက်ပိုကောင်းသည့်အရာများရှိသေးသဖြင် ဝံပုလွေနှစ်ကောင်က သိပ်မကြိုက်ဟုပင် ပြောသည်။

စုတုပိုသဘောကျသည်မှာ လူသားသခင်လေးက ဝံပုလွေနှစ်ကောင်အပေါ် မည်သည့်နည်းလမ်းနှင့်မှ ထိန်းချုပ်မထားသည့်အချက်ဖြစ်သည်။ ဝိညာဉ်ချုပ်ခြင်း၊ ကျွန်ဇာတ်သွင်းခြင်းစသည် ညှင်းပန်းနှိပ်စက်၍ ထိန်းချုပ်သည့်နည်းလမ်းလား လုံးဝမသုံး။ အထူးသဖြင့် ဝံပုလွေဖြူက အပြည့်အဝလွတ်လပ်ခွင့်ရသည်။ ဆန္ဒရှိလျှင် ထွက်သွားနိုင်သည်။

ထိုအချက်ကို မဟာနတ်ဆိုးတစ်ယောက်အကူအညီဖြင့် သိခဲ့ရခြင်းဖြစ်သည်။ ထိုနတ်ဆိုးလည်း ထိုအချက်ကို အံ့အားသင့်ခဲ့သည်။ လူသားမျိုးနွယ်တစ်ယောက် မည်သည့်နည်းလမ်းမှမသုံးပဲ နတ်ဆိုးနှစ်ကောင် ဘေးတွင်ထားသည်ကို ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။

“ခင်ဗျားမြေးကို ကျုပ်ရဲ့အစေခံအဖြစ်ထည့်ဖို့ ခင်ဗျားဆန္ဒရှိလို့လား”

ဖုန်ချင်အန်း သဘောမတူသေး။ ရယ်မော၍ အဘိုးကြီးကို ပြန်မေးသည်။

“ဘာလို့ ဆန္ဒမရှိရမှာလဲ။ ရှောင်ဝမ်သာ သခင်လေးကို အလုပ်အကျွေးပြုခွင့်ရရင် ကုသိုလ်ထူးလို့ပါပဲ”

မြေခွေးအို သူ့စိတ်ရင်းကို ဖုံးကွယ်မထားနိုင်တော့။ ထိုသခင်လေး မည်မျှထူးခြားသည်ကို သူရိပ်စားမိသည်။ သူ့မြေးမလေး၏ကံကြမ္မာကို ပြောင်းလဲနိုင်ရန် သူအချိန်ကြာမြင့်စွာ စောင့်နေခဲ့သည့် တစ်ခုတည်းသောအခွင့်အရေးဖြစ်သည်။

စုမိသားစုတွင်နေလျှင် သူတို့မျိုးနွယ်ခွဲအဆင့်အတန်းဖြင့် ပင်မမိသားစုကိုသာ အလုပ်အကျွေးပြုရမည်။ အကောင်းဆုံးပါရမီရှင်များပင် အလဟဿဖြစ်သွားပေလိမ့်မည်။

“ဒါဆိုရင်တော့..”

ဖုန်ချင်အန်း သဘောတူရန် စိတ်ကူးလိုက်သည်။ မည်သို့ဆိုစေ လမ်းတစ်လျှောက် သူပေးသည့်အမိန့်ကိုနာခံ၍ သူ့ခြေလက်များကို နှိပ်နယ်ပေးသည့် မြေခွေးမလေးရှိလျှင် ကောင်းသည်သာဖြစ်သည်။

“ဖုန်သခင်လေး၊ စုမိသားစုက မိန်းကလေးကိုလိုချင်ရင် မျိုးနွယ်ခေါင်းဆောင်ဖြစ်တဲ့ ကျွန်မရဲ့အမြင်ကို အရင်မေးသင့်တယ်မထင်ဘူးလား”

နူးညံ့ချိုသာသည့်စကားသံတစ်ခုကြောင့် ဖုန်ချင်အန်း စကားရပ်သွားသည်။ လေပြေက စုလီမျက်နှာပေါ် ရိုက်ခတ်နေသည်။ မွှေးပျံ့သည့်ရနံ့တစ်ခု လေထဲတွင်ပါလာသည်။ စုလီ ဖုန်ချင်အန်းအိမ်ထဲသို့ ဝင်လာသည်။ ယနေ့သူ့ဝတ်စုံက ယခင်နေ့များကထက် ပိုတန်ဖိုးကြီးသည်။ အတော်ကြိုးစား၍ ချုပ်လုပ်ထားမှန်း သိသာသည်။

“ဒါဆို ခေါင်းဆောင်ကရော ဘယ်လိုထင်လဲဗျာ”

ဖုန်ချင်အန်း အံ့ဩခြင်းမရှိဘဲ ပြုံး၍မေးလိုက်သည်။

“ခေါင်းဆောင်”

မိသားစုတွင် အဆင့်မြင့်ဆုံး အင်အားအကြီးဆုံးလူ ပေါ်လာသဖြင့် မြေခွေးအိုစုတု ကြောက်ရွံ့စိတ်နှင့် အားငယ်စိတ် တစ်ပြိုင်တည်းပေါ်လာသည်။ သို့သော် မျက်လုံးတွင် နာကျည်းရိပ်သန်းနေသည်။

နှစ်ပေါင်းများစွာ မိသားစုကို ပင်ပင်ပန်းပန်း သူအလုပ်အကျွေးပြုခဲ့သည်။ ယခု မိသားစုထံမှ သူဘာမှမလိုချင်တော့။ သူ့မြေးမလေးအတွက် ပိုကောင်းသည့်အနာဂတ်လမ်းကြောင်းတစ်ခုပေါ် ပို့ပေးနိုင်ဖို့သာ သူဆန္ဒရှိသည်။

ထိုသို့လုပ်လည်း လုပ်ခွင့်မပြုကြ။ သူ့မြေးမလေး အနာဂတ်တွင် အောင်မြင်လာပြီး နေရာလုမည်ကို စုလီ အတော်စိုးရိမ်နေခြင်းဖြစ်မည်။

“သခင်လေးကို တောင်းပန်ပါတယ်။ ရှောင်ဝမ်က သခင်လေးနောက်ကို လိုက်နိုင်မှာမဟုတ်ပါဘူး။ သူ့အတွက် ကျွန်မမှာ ကိုယ်ပိုင်အစီအစဉ် ရှိပါတယ်။ သခင်လေး မြေခွေးမိန်းကလေးတစ်ယောက်လိုချင်ရင် ကျွန်မကိုယ်တိုင်စီစဉ်ပေးလို့ရပါတယ်”

စုလီ စုတုကို လုံးဝမကြည့်။ ဖုန်ချင်အန်းကိုသာ ပြောသည်။

"ဟားဟားဟား၊ အဲလိုလုပ်ဖို့ မလိုပါဘူး။ ကျုပ်စုအိမ်တော်ထဲ ပတ်ကြည့်နေတာကြာပြီ။ ရှောင်ဝမ်ထက် ပိုပြီးပါရမီရှိတဲ့လူ မမြင်ပါဘူး”

“သခင်လေးက တကယ့်ကို အမြင်စူးရှပါပေတယ်”

စုလီမျက်လုံးတွင် အံ့ဩရိပ်သန်းသွားသည်။

“ခေါင်းဆောင်၊ ခင်ဗျားဘာလို့အဲလောက် ရက်စက်တာလဲ”

ဝမ်းနည်းရိပ်နှင့်ဒေါသရိပ်စွက်နေသည့် စကားသံ ပေါ်လာသည်။ မြေခွေးအိုစုတု ထရပ်လာသည်။ အဓိကမိသားစုမှ စွမ်းအားမြင့်မြေခွေးခေါင်းဆောင်ကို မေးခွန်းထုတ်သည်။

“စုတု၊ ရှင်က မိသားစုထဲမှာ သက်ကြီးပိုင်းတစ်ယောက်ပါ။ ကျွန်မမိသားစုခေါင်းဆောင်နေရာ မယူခင်ကတည်းက ရှင်ဒီမှာရှိနေခဲ့တာ။ ကျွန်မစရိုက်နဲ့ အုပ်ချုပ်ကိုင်တွယ်ပုံကို ရှင်နားမလည်ဘူးလား။ ဒီနှစ်ပိုင်းတွေအတွင်း ကျွန်မ တရားမမျှတခဲ့တာမျိုး ရှိဖူးလို့လား”

စုလီ ခန္ဓာကိုယ်ကို ဖြေးညှင်းစွာ လှည့်လိုက်သည်။ မျက်နှာက အပြုံးအရယ်မရှိ။ ခြိမ်းခြောက်သည့်ဟန်ပန် လုံးဝမပြသော်လည်း အချိန်ကြာမြင့်စွာ အဆင့်မြင်နေရာကိုပိုင်းထားပြီး နှစ်ပေါင်းများစွာ စုစည်းခဲ့သည့် စွမ်းအင်ရောင်ကြောင့် မြေခွေးအို စကားရပ်သွားသည်။ သို့သ်ော သူ့မြေးမလေးအကြောင်း ပြန်တွေးမိပြီး ခါးကိုပြန်မတ်လိုက်သည်။

“ခေါင်းဆောင် တရားမျှတတယ်ဆိုရင် ကျုပ်မြေးကို ဖုန်သခင်လေးနောက် လိုက်ခွင့်ပေးပါ။ မိသားစုထဲမှာဆက်နေဖို့ ဖိအားမပေးပါနဲ့”

“ရှောင်ဝမ်ဟာ စုမိသားစုမှာ ပါရမီအကောင်းဆုံးပါ။ သူ့ကိုထွက်သွားခွင့်ပေးရင် ဘိုးဘေးတွေကို ကျွန်မဘယ်လိုမျက်နှာပြရမှာလဲ”

“ပါရမီအကောင်းဆုံးဖြစ်တော့ရော ဘာထူးလာမှာလဲ။ သခင်လေးတွေ သခင်မလေးတွေနဲ့ ယှဉ်နိုင်လို့လား”

မြေခွေးအို ကြမ်းပြင်ပေါ် စိတ်ပျက်လက်ပျက် ထိုင်လိုက်သည်။ သူ့စိတ်ဝိညာဉ်များ ယိုစိမ့်ထွက်သွားသယောင်ရှိသည်။ အမွှေးများပို၍ဖြူရောက်လာသည်။

သူ့မြေးမလေးသည် ပါရမီကောင်းသည်။ သို့သော် ပင်မမိသားစုမှ သခင်လေး သခင်မလေးများကလည်း သူ့မြေးထက် နည်းနည်းသာညံ့သည်။ သိပ်မကွာလှ။ ထိုအခြေအနေအတိုင်းသွားလျှင် ရင်းမြစ်အားလုံးက ပင်မမိသားစုမှ လူငယ်များဆီသို့သာ ရောက်သွားမည်။ သူ့မြေးမလေးအတွက် ဘာမှအားကိုးစရာမရှိ။

“ဒါဆို ရှောင်ဝမ်က ဖုန်သခင်လေးရဲ့အစေခံဖြစ်လာရင်တောင် မိသားစုထဲမှာ ဆက်နေတာထက် ပိုကောင်းတယ်လို့ ရှင်ထင်တယ်ပေါ့”

“အဲလိုမဟုတ်လို့လား။ ဝံပုလွေနှစ်ကောင်ကိုပဲကြည့်ပါ။ ကျွန်ဖြစ်နေတာတောင် စုမိသားစုထဲမှာနေတာထက် အဆတစ်ရာမက ပိုသာတယ်။ သခင်လေးရဲ့စိတ်နေသဘောထားအရလည်း ရှောင်ဝမ်ကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံမှာမဟုတ်ဘူး”

မြေခွေးအို ခေါင်းမော့လာသည်။ အရာအားလုံးကို စွန့်စားရန် ဆုံးဖြတ်ထားသည်။

“ကျုပ်မြေးမလေးဟာ စုမိသားစုမှာသာ ဆက်နေရင် ဘယ်တော့မှ ရှေ့ကိုရောက်လာမှာမဟုတ်ဘူး။ သူလည်း သခင်လေးတွေ သခင်မလေးတွေကို အလုပ်အကျွေးပြုနေရတဲ့ ကျွန်တစ်ယောက်ပဲမဟုတ်လား”

*****************************************************

All Chapters