တောင်တန်းနတ်ဆိုး
Vol. 14 Ch. 196
“ရော့”
ဖုန်ချင်အန်း သက်ပြင်းချ၍ ခြံဝင်းထဲမှ သံလွင်ပင်အောက်တွင် လေ့ကျင့်နေသည့် နဂါးသံချပ်ကာထံ နှင်းဖြူဓားကို လှမ်းပေးလိုက်သည်။
ခြံထဲတွင် သာမန်သံလွင်ပင်တစ်ပင်ရှိသည်။ နွေဦးရာသီနှင့် နွေရာသီ စိမ်းစိုနေရမည်။ သို့သော်ယခု သစ်ပင်မှ သစ်ကိုင်းတစ်ဝက်လောက် ကျိုးပြတ်နေသည်။ အတော်ကြည့်ရဆိုးသည်။
တရားခံက သိုင်းရူးရူးနေသည့် နဂါးသံချပ်ကာပင်ဖြစ်သည်။ ဓားရေးကျင့်စရာ သင့်တော်သည့်လက်နက်မရှိသဖြင့် သစ်ကိုင်းများကို အစားထိုးသုံးရသည်။
သစ်ကိုင်းဖြင့် လေ့ကျင့်သည်ဆိုသော်လည်း သူထုတ်သုံးသည့်အားကများလွန်းသည်။ သစ်ကိုင်းများ ခံနိုင်ရည်မရှိ။ လေ့ကျင့်နေရင်း ကျိုးသွားကြသည်။
ကျိုးသွားလျှင် သစ်ကိုင်းတစ်ချောင်း ထပ်ယူသည်။ ဖုန်ချင်အန်း ကြည့်မနေနိုင်တော့။ အနိုင်ကျင့်ခံရသည့် သစ်ပင်ကိုသနားမိသလို သံချပ်ကာ၏သိုင်းပါရမီကိုလည်း အံ့ဩသည်။ သိုင်းအမျိုးမျိုးကို လေ့ကျင့်နိုင်သောကြောင့်ဖြစ်သည်။
သံချပ်ကာတစ်ခုအတွက် သိုင်းပါရမီ ထူးချွန်နေသည်မှာ သိပ်သဘာဝမကျ။ သိုင်းမှတ်တမ်းထဲမှ သိုင်းပညာအားလုံးကို ခုနစ်ရက်အတွင်း ကျွမ်းကျင်သွားသည်။
ပြင်းထန်သည့်လက်သီးချက်များကြောင့် ဖြစ်လာသည့် မြေပြင်အက်ကြောင်းများက သက်သေခံနေသည်။
လူသားများကို အတုခိုး၍ လက်ဝှေ့လေ့ကျင့်သည်ဟု ပြော၍မရ။ အထူးသဖြင့် ဓားသိုင်းတွင်ပိုသိသာသည်။ လက်ထဲတွင် လက်နက်တစ်ခုရှိလျှင် နဂါးသံချပ်ကာ၏ သိုင်းစွမ်းရည်က ပို၍ထက်မြက်သည်။
သို့သော် သံချပ်ကာတွင် သင့်တော်သည့်လက်နက်မရှိ။ ထို့ကြောင့် နတ်စိမ်းဓားကို ပေးလိုက်သည်။ သို့သော် ဓားကိုဆွဲထုတ်ခွင့်တော့မပြု။ ဓားအိမ်စွပ်လျက်သားဖြင့်သာ လေ့ကျင့်စေသည်။
“အန်း”
နတ်စိမ်းဓားရသဖြင့် နဂါးသံချပ်ကာ ပျော်သွားသည်။ ဓားရသည်နှင့် ဆက်လေ့ကျင့်နေသည်။ ဖုန်ချင်အန်းနှုတ်ခမ်းများ အနည်းငယ်လှုပ်ရှားလာသည်။ သို့သော် နောက်ဆုံးတွင် ပြောချင်သည့်စကားများကို ပြန်မျိုသိပ်ထားလိုက်တော့သည်။
သံချပ်ကာအနေဖြင့် နားရန် စားရန် မလိုအပ်။ ဝိညာဉ်ချီရှိလျှင် လည်ပတ်နိုင်သည်။ ဝိညာဉ်ချီကိုလည်း သူ့ဘာသာစုပ်ယူနိုင်သည်။
ဖုန်ချင်အန်းက ဝိညာဉ်ဗီဇ ပေးလိုက်ကတည်းက သူသည် တစ်ခြားသံချပ်ကာများနှင့် မတူတော့။ အတုမဲ့ဝိညာဉ်တစ်ခုဟုပင် စဉ်းစား၍ရနိုင်သည်။ ထိုသို့မဟုတ်ခဲ့လျှင် တိုက်ခိုက်စွမ်းအားမြင့်မားလာသည့် အကဲဖြတ်ချက်အဖြေ ထွက်လာမည်မဟုတ်။
သို့သော် သူမည်မျှပါရမီရှိသည်ဖြစ်စေ အဆက်မပြတ်လေ့ကျင့်လိုသည့် အစွဲအလမ်းက အားကြီးလွန်းသည်။ သူ့ဘေးမှလူများအပေါ် ဖိအားများစွာ သက်ရောက်လာသည်။
တောင်နက်ပင် မအိပ်တော့။ အစက ဖုန်ချင်အန်းနှင့် သက်တောင့်သက်သာနေရန် ဤမြို့တော်သို့ လိုက်လာခြင်းဖြစ်သည်။ ယခု နေ့ရောညပါ လေ့ကျင့်နေသည်။ အတူလိုက်လာသည့် ဝံပုလွေဖြူလည်း ကျင့်ကြံလိုစိတ်များ လွှမ်းမိုးလာသည်။
ဖုန်ချင်အန်းအပေါ်လည်း လွှမ်းမိုးလာသည်။ နေ့ခင်းဘက် မြို့တော်ထဲတွင် စားသောက်နေချိန်မှာပင် စိတ်မလွတ်လပ်သလို ခံစားရသည်။ စားပြီးသည်နှင့် ကျင့်ကြံမှုလုပ်ရန် မြန်မြန်ပြန်မည်ဟု တွေးမိသည်။
သို့သော် သူ့အတွက် ထိုဖိအားက ခဏသာ သက်ရောက်သည်။ တောင်နက်က နတ်ဆိုးစွမ်းအားကို တစ်ကြိမ်သန့်စင်၍ အဆင့်မတက်သေးဘဲ ပြောင်းလဲမှုအနည်းငယ်လုပ်ပြီးနောက် သူလည်း အလိုလို အကျိုးအမြတ်ရလာသည်။
ထိုအဖြစ်ကြုံပြီးနောက် သူအသိပြန်ဝင်လာသည်။ တောင်နက်တို့ကိုသာ ကြိုးစားကျင့်ကြံရန် တိုက်တွန်းသည်။ သူက ခပ်အေးအေး နေ၍ရသည်။
သူ့အမြင်များ ချက်ချင်းပွင့်သွားသည်။ တောင်နက်၊ ပိုင်ယော်နှင့် သံချပ်ကာတို့ကို နေ့ရောညပါလေ့ကျင့်ရန် တိုက်တွန်းသည်။ သူက အစောပိုင်းကလို စားလိုက်သောက်လိုက်နေသည်။ လေ့ကျင့်ချိန်တွင် လေ့ကျင့်သည်။ အိပ်ချိန်တွင်အိပ်သည်။
ထိုသို့နေထိုင်ရင်းဖြင့် ပြည်နယ်စာမေးပွဲဖြေမည့်ရက်က တဖြေးဖြေးချဉ်းကပ်လာသည်။
လူအုပ်များကြားမှ စာဖြေဆောင်ကြီးသို့ သူရောက်သွားသည်။ ဘေးပတ်လည် လမ်းများပေါ်တွင် စည်းကားနေသည်။ နယ်ခံ အရာရှိများ။ စစ်သည်များ အမိန့်အရ လမ်းဘေးပတ်လည်တွင် အမိန့်အတိုင်း နေရာယူတပ်ဖြန့်ထားသည်။
ပြည်နယ်စာမေးပွဲသည် ကောင်တီစာမေးပွဲထက် အုပ်ချုပ်သူတို့၏ အလေးထားမှု အဆင့်တစ်ဆင့်ပိုသာလွန်သည်။ ဖုန်ချင်အန်းပင် သီးခြားအထူးတလည် ဆက်ဆံခြင်းမခံရ။ ခြေအစခေါင်းအဆုံး စေ့စပ်စွာ ရှာဖွေခံရသည်။
သို့သော် မပြောင်းလဲသည့်တစ်ချက်ရှိသည်။ စာဖြေဆောင်အပြင်ဘက်လူအုပ်ထဲတွင် သူသည် အသက်အငယ်ဆုံးဖြစ်၍ စာဖြေသူများကြား အာရုံစိုက်စရာဖြစ်နေဆဲဖြစ်သည်။
ကောင်တီစာမေးပွဲတုန်းကလို ချီးကျူးအားပေးစကားများမကြားရ။ ပြည်နယ်စာဖြေသူများက အကြည့်တစ်မျိုးဖြင့် ကြည့်သည်။ ပြောသည့်မှတ်ချက်အများစုက စကားကောင်းရှား၍ ဝေဖန်တိုက်ခိုက်မှုများသည်။
သူ့ကို မောက်မာသူ၊ ဘဝင်မြင့်သူ၊ တစ်ခြားလူများကို အထင်သေးသူဟု မြင်ကြသည်။ အာရုံစူးရှသူဖြစ်၍ ဘေးပတ်လည်မှ ပြောစကားများကို သူကြားရသည်။ ချီးမွှမ်းသူ အတော်ရှားသည်။
သူရယ်၍သာနေသည်။ သူ့နာမည် အဘယ်ကြောင့် ထိုမျှမြန်ဆန်စွာ လူသိများသွားမှန်း ကောင်းကောင်းသတိထားမိသည်။
စာပေသမားများသည် စာပေဆွေးနွေးရင်းသာ ခင်မင်ရင်းနှိးကြသည်။ ကျန်းယန်ပြည်နယ်သို့ ကြိုရောက်လာပြီး ငွေကြေးတတ်နိုင်သည့် စာဖြေသူအများစုသည် တစ်ခြားစာဖြေသူများနှင့် မိတ်ဖွဲ့ရန် ကဗျာဆွေးနွေးပွဲများ ကျင်းပကြသည်။
ကျန်းယန်တွင် အထူးခြားဆုံး စာဖြေသူဖြစ်သည့် ဖုန်ချင်အန်းလည်း ဖိတ်ခေါ်စာများစွာရသည်။ များလွန်းသဖြင့် ထင်းမီးအတွက်ပင် အစားထိုးသုံးနိုင်လောက်သည်။ သုံးလည်းသုံးခဲ့သည်။
သူအချိန်ကုန်မခံလို။ အစပိုင်းတွင် ယုန်နင်မှစာဖြေဖေါ်တစ်ယောက်၏ စာပေဆွေးနွေးပွဲသို့ သွားခဲ့သည်။ သို့သော် သူရောက်သည်နှင့် အရာရှိအဆင့်ပင် မရသေးသည့် လူတစ်စုသာဖြစ်ကြောင်း သိလိုက်ရသည်။ တစ်ယောက်နှင့်တစ်ယောက် အဆက်မပြတ် ချီးမွှမ်းကြသည်။ သူသည် လူအားလုံး၏ အာရုံစိုက်စရာဖြစ်လာသည်။