← Chapters

အရိုင်းပန်းတစ်ပွင့်

Vol. 14 Ch. 206

အရိုင်းပန်းတစ်ပွင့်

Vol. 14 Ch. 206

မျိုးနွယ်- တောင်တန်းဝိညာဉ်

ဗီဇ - မြေ၊နတ်ဘုရား၊ သစ်သား

စွမ်းရည် - မိုနာ့၊ အလတ်တန်းဆင့်

တိုက်ခိုက်စွမ်းအား - မိုနာ့၊ အခြေခံအဆင့်

ထိုမိန်းကလေး၏ စူးစမ်းသည့်မျက်လုံးများနှင့် ရင်ဆိုင်ရသော်လည်း ဖုန်ချင်အန်း တွန့်ဆုတ်ခြင်းမရှိ။ သစ်ရွက်နွယ်ပင်ဝတ်ရုံဝတ်ထားသည့် မိန်းမရိုင်းလေးကို အကဲခတ်နေသည်။ ခန္ဓာကိုယ်ပေါ်မှ အရေးကြီးသည့် အစိတ်အပိုင်းများကို ဖုံးထားရုံလောက်သာရှိသည်။ လက်မောင်း၊ ခြေထောက်၊ ပုခုံးနှင့် အောက်ဘက်ဝမ်းဗိုက်တို့ အထင်းသားပေါ်နေသည်။

သူမတူသည့် ဟန်ပန်သွင်ပြင်ရှိသည်။ စုမိသားစုအိမ်တော်သို့ ဝင်လာပြီးနောက် ဖုန်ချင်အန်းထံ ရဲရဲတင်းတင်းလျှောက်လာသည်။ သာမန်မိန်းမတစ်ယောက်၏ ရှက်ရွံ့ကြောက်လန့်ခြင်းမျိုး လုံးဝမရှိ။ တွန့်ဆုတ်တုံ့ဆိုင်းခြင်းမရှိဘဲ အနားသို့လျှောက်လာသည်။

“နင့်ကို အရင်က တစ်နေရာရာမှာ မြင်ဖူးသလိုပဲ”

ခဏအကဲခတ်ပြီးနောက် ကျားသစ်နီပေါ်တွင်ထိုင်၍ ပထမဆုံးစကားသံ ထွက်လာသည်။

လင်္ကာမပါ ကာရံမဆင့်သည့် သူ့စကားကြောင့် ဖုန်ချင်အန်း ဘာပြန်ပြောရမည်မသိဖြစ်နေသည်။ ထိုစကားမျိုး သူကစပြောသင့်သည်။ ယခု ပြောင်းပြန်ဖြစ်နေသည်။

“ငါနည်းနည်းဇဝေဇဝါဖြစ်နေတယ်”

ဖုန်ချင်အန်း ပြန်မပြောမီ မိန်းကလေးက မျက်မှောင်ကျုံ့၍ ပြန်စဉ်းစားနေသည်။ ဖုန်ချင်အန်းရုပ်သွင်ကို သူရင်းနှီးသယောင်ရှိသည်။ သို့သော် အမှတ်မထင်မြင်ဖူးခြင်းမျိုးဖြစ်မည်။

ထင်မှတ်မထားသည့် သူ့စကားကြောင့် သူ့နောက်မှလိုက်လာသည့် နတ်ဆိုးများ အံ့ဩသွားကြသည်။ ဖုန်ချင်အန်းထံ အကြည့်ရောက်လာသည်။ အထူးသဖြင့် စုလီဖြစ်သည်။

ဝူလင်တောင်တန်းတွင်နေထိုင်သည့် မြေခွေးနတ်ဆိုး(ဝိညာဉ်)မျိုးနွယ်နေဖြင့် မိသားစုတွင် ပွဲလမ်းတစ်ခုခုရှိတိုင်း တောင်တန်းနတ်ဘုရားမကို အထူးတလည် ဖိတ်ကြားစာပို့ပါသည်။ ယခုလို ဘာမဟုတ်သည့် သူတို့မျိုးနွယ်ဝင်၏ အဆင့်နိမ့်လက်ထပ်ပွဲလေးသို့ တောင်တန်းနတ်ဘုရား ရောက်လာမည်ဟု ထင်မထား။

ဘယ်သူ့ကြောင့် ရောက်လာမှန်း စုလီ သေချာသိပါသည်။

“တောင်တန်းနတ်ဘုရား...”

“ငါ့နာမည် နွီလော်ပါ။ နာမည်အတိုင်းပဲ ခေါ်လို့ရတယ်”

နတ်ဘုရားမက သူ့ကိုသူ မိတ်ဆက်သည်။

‘အရိုင်းဆန်ပြီး အပူအပင်ကင်းတယ်၊ ယဉ်ကျေးမှု ထုံးတမ်းဓလေ့အမူအရာ လုံးဝမရှိတဲ့ အကြမ်းထည်စရိုက်မျိုးပဲ’

ဖုန်ချင်အန်း တွေးမိသည်။

နန်းကောနှင့် တုန်ဟွမ်းတို့က နည်းနည်းထိန်းချုပ်မှု ရှိသေးသည်။ နွီလော်က သူစိတ်ပျော်သလို ပြုမူသည်။ ဆန်းသစ်ပြီး တမူထူးခြားသည့် အရိုင်းပန်းအလှတရားမျိုး ပေါ်လွင်နေသည်။

“ကျုပ်နာမည် ဖုန်ချင်အန်းပါ”

ဖုန်ချင်အန်းပင် ပြောဆိုဆက်ဆံဖို့ နည်းနည်းအခက်တွေ့နေသည်။

“တောင်တန်းအပြင်က နင့်အကြောင်းတွေ ငါကြားပါတယ်။ ငါတောင် မထိပါးရဲတဲ့နောက်ခံမျိုး နင့်မှာရှိတယ်။ နင်ဘာလို့ ဒီတောင်တန်းတွေပေါ်မှာ ရောက်လာတာလဲ”

မေးသည့်စကားက တုံးတိတိ။ တောင်တန်းနတ်ဘုရားအနေဖြင့် ထိုအချက်သာ သူနှင့်သက်ဆိုင်သည်။

“စူးစမ်းလေ့လာရုံပါပဲ။ တစ်ခြားဘာမှမရှိပါဘူး”

ဖုန်ချင်အန်း တည်ငြိမ်စွာ ပြန်ဖြေသည်။ ထိုမိန်းကလေးကို မြွေစိမ်းတောင်တန်းနတ်ဘုရားနှင့် နှိုင်းယှဉ်ကြည့်နေသည်။ လုံးဝကွဲပြားနေသည်။

“ဒါဆို နင်ဘယ်တော့ ထွက်သွားမှာလဲ”

“စုမိသားစု လက်ထပ်ပွဲပြီးတာနဲ့ ထွက်သွားမှာပါ။ တစ်ခြားနေရာတွေကို သွားလေ့လာကြည့်မယ်”

နွီလော်စကားက မောင်းထုတ်နေသယောင်ရှိသော်လည်း မကောင်းသည့်ရည်ရွယ်ချက်မရှိမှန်း ဖုန်ချင်အန်း သိသည်။ သူထွက်သွားမည့်အချိန်ကို သိလိုခြင်းသာဖြစ်သည်။ သူသည် တောင်တန်းအတွက် အန္တရာယ်ဖြစ်လာနိုင်သည်ဟု နွီလော်ယူဆနေဟန်ရှိသည်။

“နင်ကြာကြာမနေဘူးဆိုတဲ့ သဘောပေါ့။ ဒါဆို ငါနင့်ကို စောင့်ကြည့်စရာမလိုတော့ဘူးထင်တယ်။ မကြာခင် ငါပြန်သွားအိပ်လို့ရပြီ”

နွီလော်၏ တိုတိုပြတ်ပြတ်စကားကြောင့် အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။ နတ်ဘုရားမပြောသည့် စကားများကလည်း အံ့ဩစရာပင်ဖြစ်သည်။

“ဒီမှာ မင်းအာရုံစိုက်လောက်တဲ့ ကိစ္စမျိုး မရှိနိုင်ဘူးလို့ ငါယုံကြည်ပါတယ်”

ဖုန်ချင်အန်း စိတ်ပျက်လက်ပျက်ပြောသည်။ တောင်တန်းနတ်ဘုရားများသည် ရူးကြောင်ကြောင်းများချည်း ဖြစ်လေသလားဟု သူတွေးမိသည်။

“မဟုတ်ဘူး။ နင့်နောက်ခံက ထူးခြားလွန်းတယ်။ ဒီမှာ နင်မဟုတ်တာမလုပ်ဖို့ရယ် တစ်ခြားမကောင်းဆိုးဝါးတွေက နင့်ကိုလာမတိုက်ခိုက်ဖို့ရယ် ငါသေချာအောင်လုပ်ဖို့လိုတယ်”

နွီလော်က တည်ကြည်သည့်မျက်နှာဖြင့် အပြတ်ငြင်းသည်။ ထို့နောက် ကျားသစ်နီဦးခေါင်းပေါ်မှီ၍ ညည်းညူသည်။

“အား...လောကမှာ တောင်တန်းတွေ ဒီလောက်အများကြီးရှိတာ။ ငါ့တောင်တန်းကိုမှ နင်ဘာလို့လာရတာလဲ။ နင့်ကိုစောင့်ကြည့်ဖို့ နွေးထွေးတဲ့ငါ့အိပ်ယာပေါ်ကနေ ထွက်လာရတယ်။ ငါတကယ်နှစ်နှစ်ခြိုက်ခြိုက် အိပ်‌ပျော်နေခဲ့တာ”

“မင်းအခု ပြန်သွားပြီးအိပ်လို့ရပါတယ်။ မင်းကိုဘယ်သူမှ မနှောက်ယှက်ပါဘူး”

“မရဘူး။ နင်ငါ့တောင်တန်းကနေ ဘေးကင်းကင်းထွက်သွားတဲ့အထိ ငါစောင့်ကြည့်ရမယ်”

အပြောအဆို ယဉ်ကျေးမှုလုံးဝမရှိသည့် ထိုနတ်ဘုရားမကို ကျေးဇူးတင်စကားပြောရန် ဖုန်ချင်အန်း အခက်တွေ့နေသည်။ ပတ်ဝန်းကျင်ကို သူလေ့လာ၍ မပြီးသေး။ ပျော်ရွှင်ခံစား၍ မပြီးဆုံးသေး။ ထို့အပြင် ယဉ်ကျေးမှုအရ မြေခွေးမျိုးနွယ်လက်ထပ်ပွဲ ပြီးသည်အထိ သူစောင့်ရမည်။ ထိုသို့မဟုတ်လျှင် တောင်တန်းနတ်ဘုရားရောက်လာ၍ သူထွက်သွားရသလို ဖြစ်နေမည်။ သိက္ခာကျသည်။

“ဒါနဲ့...နင်တစ်ချိန်လုံး ဒီမှာပဲ နေတာလား”

ကျားသစ်နီကျောကုန်းပေါ်မှီနေရင်းမှ နွီလော် ခေါင်းထောင်ကြည့်လာသည်။ သူ့နှာသီးဝ အနည်းငယ် လှုပ်ရှားနေသည်။

သူအသွင်ကိုကြည့်၍ ဖုန်ချင်အန်း မချိပြုံးပြုံးလိုက်သည်။ မြွေစိမ်းတောင် နတ်ဘုရားအပေါ် လေးစားခဲ့သည့်အဖြစ်များ ယခုမှ လုံးလုံးပျက်စီးသွားသည်။

“ဟုတ်ပါတယ်”

“ဒါဆိုငါလည်း ဒီမှာနေမယ်”

နွီလော် ကျားသစ်ကျောကုန်းပေါ်မှ ခုန်ဆင်းလိုက်သည်။ ခြေဗလာမြေပေါ်ချ၍ ဖုန်ချင်အန်းအိပ်ခန်းထဲသို့ တန်းလျှောက်သွားသည်။

“သခင်လေးအတွက် အိမ်တော်ထဲမှာ တစ်ခြားနေရာတစ်ခု စီစဉ်ပေးရမလား”

နွီလော်၏ ခပ်ရိုင်းရိုင်းအပြုအမူကြောင့် အထင်ကရနတ်ဆိုးသားရဲများ မှင်သက်မိသွားသည်။ သို့သော် ခေါင်းဆောင်စုလီ ဘယ်သူ့ကို ဦးစားပေးရမည်ကို နားလည်သည်။ ဖုန်ချင်အန်း၏နောက်ခံ တောင့်တင်းသော်လည်း သူတို့နေထိုင်သည့် ဤတောင်တန်းကို အုပ်စိုးသူ တောင်တန်းသခင်မကိုသာ ဦးစားပေးရမည်။

“ဒုက္ခခံမနေပါနဲ့။ နေရာပြောင်းပေးရင်တောင် ငါက သူ့နဲ့ပဲအတူနေမှာ”

အခန်းထဲမှ စူးရှရှစကားသံ ပေါ်လာသည်။

“ဒါဆိုလည်း ထားလိုက်ပါတော့”

စုလီကို ဖုန်ချင်အန်း သွားဖြဲပြုံးပြရသည်။ ဒုတိယမြောက်သူတွေ့ရသည့် တောင်တန်းနတ်ဘုရားသည် မြွေစိမ်းတောင်သခင်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ ထိုမိန်းကလေး လွတ်လပ်ပေါ့ပါးသည်။ နွေးထွေး၍ စိတ်အားထက်သန်မှုရှိသည်။ တစ်ချိန်တည်းမှပင် အပျင်းကြီး၍ တာဝန်ယူစိတ်ရှိသည်။ ဖုန်ချင်အန်းအတွက် အမြင်ကျယ်စရာ အတွေ့အကြုံပင်ဖြစ်သည်။

All Chapters