← Chapters

ဂြိုလ်မွှေသူ

Vol. 14 Ch. 207

ဂြိုလ်မွှေသူ

Vol. 14 Ch. 207

နောက်ရက်များတွင် ဆူညံနေသည့် စုအိမ်တော်ပတ်ဝန်းကျင် တဖြေးဖြေးငြိမ်ကျသွားသည်။ တောင်တန်းနတ်ဘုရားရှိနေသဖြင့် အိမ်တော်ဝင်နေထိုင်သူအားလုံး စည်းကမ်းတကျ နေထိုင်ကြရသည်။

ဖုန်ချင်အန်းကတော့ အတော်စိတ်လက်ပေါ့ပါးနေသည်။ နွီလော်ရှိနေသဖြင့် သူ့ထံလာလည်သည့်နတ်ဆိုးများ မရှိတော့။

သုံးလေးရက်အတူနေပြီးနောက် နွီလော်ကို အအိပ်နတ်ဝိညဉ်မျိုးဖြစ်လေသလားဟု ဖုန်ချင်အန်း သံသယဝင်မိသည်။ ဖုန်ချင်အန်းရှိနေကြောင်း အတည်ပြုပြီးသည်နှင့် အခန်းထဲဝင်ခွေ၍ တစ်နေကုန်အိပ်သည်။

အိပ်သည့်ပုံစံကလည်း အထိန်းအကွပ်မရှီ။ ဖုန်ချင်အန်းအတွက် အတော်မျက်စိပသာဒဖြစ်ရသည်။ သို့သော် သူတို့နှစ်ယောက်ကြားတွင်း ဘာမှမဖြစ်ခဲ့ပါ။ တောင်တန်းနတ်ဘုရားအိပ်ပျော်နေသည်ဆိုသော်လည်း အခွင့်အရေးယူ၍ရသည်ဟု မဆိုလို။

သူနိုးချင်လျှင် အချိန်မရွေး နိုးထနိုင်သည်။ တစ်ခါတစ်ရံ ဖုန်ချင်အန်းက စူးစမ်းလိုစိတ်ဖြင့် နွီလော်ကို စကားပြောဖို့ လှုပ်နှိုးသည်။ ထိုသို့ဖြင့် နွီလော် တောင်တန်းနတ်ဘုရားမည်သို့ဖြစ်လာသည်ကို သူအကြမ်းဖျဉ်းနားလည်လာသည်။

နှစ်တစ်ထောင်ကျင့်ကြံ၍ မိုးမြေအသိအမှတ်ပြုခံရသည့် မြွေစိမ်းတောင်နတ်ဘုရားနှင့်မတူ။ နွီလော်က သူအိပ်နေချိန်တွင် ဝူလင်တောင်၏ မြေကြောများကို ထိန်းချုပ်နိုင်စွမ်းရှိကြောင်း သူ့ဘာသာ သိရှိလာခြင်းဖြစ်သည်။ တောင်တန်းမြေကြောများကို ထိန်းချုပ်နိုင်ပြိးနောက် အလိုလို တောင်တန်းနတ်ဘုရားဖြစ်လာသည်။

(**မြေကြောဟူသည်မှာ မြေစွမ်းအင်ကြောကို ဆိုလိုဟန်ရှိပါသည်)

သို့သော် ထိုစကားက နွီလော်၏အပြောသာဖြစ်သည်။ ကလေးတစ်ယောက်ကို လှည့်စားသကဲ့သို့ လျှောက်ပြောနေခြင်းလည်း ဖြစ်နိုင်သည်။ တောင်တန်းတစ်ခု၏မြေကြောကို ထိန်းချုပ်ဖို့ဆိုသည်မှာ အိပ်နေရုံဖြင့် ရလာနိုင်သည့်အစွမ်းမျိုးမဟုတ်။ တောင်တန်းပေါ်မှ တစ်ခြားဉာဏ်ရည်မြင့်နတ်ဆိုးများလည်း ရှိသည်သာဖြစ်သည်။ တောင်တန်းမြေကြောကို မထိန်းချုပ်နိုင်လျှင် ဖျက်ဆီးမည့်သူလည်း ရှိပေလိမ့်မည်။

ဘယ်နတ်ဆိုးမှ ကိုယ်ထက်ခေါင်းတစ်လုံးအသာခံလိုကြမည်မဟုတ်။

သို့သော် နွီလော်မပြောလိုလျှင် သူလည်း အတင်းမေး၍မရ။

နွီလော်ရောက်လာပြီး ငါးရက်မြောက်နေ့တွင် စုအိမ်တော်လက်ထပ်ပွဲ စတင်ကျင်းပသည်။ မျိုးနွယ်ခေါင်းဆောင်က လက်ထပ်ပွဲရက်ကို ပုံမှန်ထက် နည်းနည်းရှေ့တိုး၍စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု ရောင်ဝမ်ကပြောသည်။

တောင်တန်းနတ်ဘုရားနှင့် ဖုန်ချင်အန်းကြောင့် အိမ်တော်သို့ရောက်လာသည့် နတ်ဆိုးများ ပို၍ပို၍များလာသည်။ တစ်ချို့က ဝူလင်တောင်အပြင်ဘက်မှပင် ရောက်လာကြသည်။ ထို့ကြောင့် စုလီနှင့်မျိုးနွယ်အကြီးအကဲများ အခက်တွေ့ရသည်။

အချိန်အတော်ကြာအောင် စီမံနိုင်ခဲ့သော်လည်း ထိုမျှများပြားသည့် စွမ်းအားမြင့်နတ်ဆိုးများကို သူတို့ထိန်းထားနိုင်စွမ်းမရှိ။ မထင်မှတ်သည့် ပြဿနာတစ်ခုခုပေါ်လာ၍ နတ်ဆိုးတစ်ယောက် ရုတ်တရက် တိုက်ခိုက်လာလျှင် နှစ်ထောင်ရှည်တည်တံ့ခဲ့သည့် စုမိသားစု ချက်ချင်းပျက်စီးသွားနိုင်သည်။

ထို့ကြောင့် တောင်တန်းနတ်ဘုရားနှင့် ဖုန်ချင်အန်းကို မြန်မြန်နှုတ်ဆက်နိုင်ရန် လက်ထပ်ရက်ကို ရှေ့တိုးဖို့ဆုံးဖြတ်လိုက်ရသည်။ အချိန်ထပ်မဆွဲရဲတော့။

လွှမ်းမိုးမှုများစွာရှိ၍ ရှေ့တိုးကျင်းပရသော်လည်း စုမိသားစု ကြိုတင်ပြင်ဆင်မှုအားလုံး လုပ်ထထားပြီးဖြစ်သည်။ အားလုံး အစီစဉ်တကျဖြစ်နေသည်။ သူတို့ စိတ်ပူပန်မှု လုံးဝမရှိ။ လူသားမျိုးနွယ် ထုံးဓလေ့အတိုင်း အစီအစဉ်အားလုံးကို ဆောင်ရွက်သည်။

ထိုနေ့တွင် နတ်ဆိုးသားရဲလက်ထပ်ပွဲကို ဖုန်ချင်အန်း လက်တွေ့မြင်ခွင့်ရသည်။ လူသားထုံးဓလေ့အတိုင်း ကျင်းပခြင်းဖြစ်သည်။

သာမန်လူသားမိသားစုများအနေဖြင့် “စာသုံးစောင် ကျင့်ဝတ်ခြောက်ပါး” ရိုးရာလက်ထပ်ပွဲမျိုး ကျင်းပဖို့ မတတ်နိုင်ကြ။ လူချမ်းသာမင်္ဂလာပွဲကိုလည်း ဖုန်ချင်အန်း မမြင်ဖူး။ သူ့မိသားစု ချမ်းသာသည်ဆိုသော်လည်း သူ့အကိုသည်ပင် လက်မထပ်ရသေး။

အရစ်ရှည်သည့် ထုံးဓလေ့များ ပြည့်လျှံနေသည်ဟု ဆိုရမည်။ ရှုပ်ထွေးသည့်အစီအစဉ်များကိုကြည့်၍ ဖုန်ချင်အန်း ကြက်သီးထမိသည်။ အလွန်အကျူး အနုစိတ်၍ အလွန်တရာပင်ပန်းသည့် အစဉ်အလာများကြောင့် လက်ထပ်ဖို့စိတ်ကူးပင် လျော့ပါးသွားသည်။

ဖုန်ချင်အန်းကိုကာကွယ်မည်ဟု ပြောခဲ့သည့် နွီလော်က ကျားသစ်နီကျောကုန်းပေါ်တွင် အိပ်ပျော်နေပြီဖြစ်သည်။ သူဆက်သည်းမခံနိုင်တော့။

သူ့အမြင်အရ လူသားလက်ထပ်ပွဲမျိုးက ငြီးငွေ့စရာကောင်းလွန်းနေသည်။ ထိုသို့လုပ်နေရသည့် ရည်ရွယ်ချက်ကို သူနားမလည်။ ထိုသို့လုပ်၍ ဝိညာဉ်စွမ်းအားလည်း တိုးလာသည်မဟုတ်။

လက်ထပ်ပွဲ့၏ အရေးကြီးဆုံးအချိန်ရောက်လာသည်။ လူသားအသွင်ယူထားသည့် မြေခွေးမောင်နှံ အချင်းချင်းဦးညွှတ်ကြတော့မည်အချိန်ဖြစ်သည်။

ရုတ်တရက် အနောက်ဘက်မှ တိမ်မည်းများ လွင့်ပျံလာသည်။ ပြင်းထန်သည့်စွမ်းအင်ဖိအားတစ်ခု ကျလာသည်။ နတ်ဆိုးအတော်များများ ဂဏာမငြိမ်ဖြစ်လာကြသည်။

“အဖေဆုံးရှုံးပြီး ကံဆိုးသွားတဲ့ကောင်က ပွဲဖျက်ဖို့ ရောက်လာပြန်ပြီ”

ကျားသစ်နီပေါ်တွင်လှဲနေသည့် နတ်ဘုရားမ မျက်လုံးတစ်ဘက်ပွင့်လာပြီး ပျင်းရိပျင်းတွဲ ရေရွတ်လိုက်သည်။ ဖုန်ချင်အန်း ပြန်အမေးကို မစောင့်ဘဲ ခေါင်းကိုတစ်ဘက်သို့လှည့်သွားပြီး ဆက်အိပ်နေသည်။

“အဖေဆုံးရှုံးလို့ ကံဆိုးတဲ့ကောင်ဆိုတာ ဘယ်သူများလဲ”

ဖုန်ချင်အန်း တွေးရခက်ခက်ဖြင့် တိမ်မည်းများကို ‌မော့ကြည့်သည်။ လှုပ်ယမ်းနေသည့် နဂါးနီအရိပ်တစ်ခု မြင်ရသည်။ သို့သော် သေချာအနီးကပ်ကြည့်ပြီးနောက် ထိုနဂါးနီအရိပ်က အနီရောင်ကြေးခွံနှင့် နဂါးဦးချိုများရှိသည့် ငါးကြီးတစ်ကောင်အသွင်ပြောင်းသွားပြီး တိမ်ထဲတွင် ခုန်ပေါက်လူးလွန့်နေသည်။

နဂါးမျိုးနွယ်။

တိမ်မည်းများကြားမှ သတ္တဝါက မျက်နှာမပြသေးသော်လည်း ပုံသဏ္ဌာန်က နဂါးမျိုးနွယ်နှင့် ဆက်စပ်နေကြောင်း သိသာသည်။ ဖုန်ချင်အန်း သဘောကျသွားသည်။ ကမ္ဘာလောကကို လှည့်ပတ်သွားလာသည့် နဂါးမျိုးနွယ်၏စွမ်းအားကို အသိအမှတ်ပြုလိုက်သည်။

နဂါးများ နေရာတိုင်း ရှိပံဒရသည်။ နေထိုင်ရန်အခက်ခဲဆုံး မြေအောက်လောကမှာပင် နဂါးသွေးဆက်ပါသည့် သရဲသားရဲများကို တွေ့နိုင်သည်။ သူအပြင်ထွက်တိုင်း နဂါးမျိုးနွယ်တစ်ယောက်တွေ့သည်။ သန့်စင်သည့် နဂါးသွေးဆက် ဟုတ်ချင်မှဟုတ်မည်။ ငါးနဂါးလည်း ဖြစ်နိုင်သည်။ မည်သို့ဆိုစေ နဂါးသွေးဆက်များ အမြောက်အများ ပြန့်နှံ့နေသည်မှာ သေချာသည်။

"ဟားဟားဟား၊ စုအိမ်တော်က ဆောင်းဦးအော်သံလှိုဏ်ဂူနဲ့ လက်ထပ်တော့မယ်လို့ ငါကြားတယ်။ ဒီလောက်ပျော်စရာကောင်းတဲ့ပွဲမျိုး ငါ့ကိုတောင် မဖိတ်ကြပါလား”

အူလှိုက်သည်းလှိုက် ရယ်မောသံနှင့်အတူ မိုးစက်များ ကောင်းကင်မှကျလာသည်။ လှလှပပပြင်ဆင်ထားသည့် လက်ထပ်ခန်းမ စိုစွတ်သွာားသည်။

အနီးအနားမှ နတ်ဆိုးတစ်ချို့ မိုးရေများစိုရွှဲသွားသည်။ မထင်မှတ်ဘဲ ထိုသို့ဆက်ဆံခံလိုက်ရသော်လည်း အလိုမကျသည့်အရိပ်မျိုး ဒေါသရိပ်မျိုး မပြရဲကြ။

စွမ်းအားမြင့်နတ်ဆိုးအများစု ကြည့်နေစည်မှာပင် ခမ်းနားသည့်ဝေါယာဉ်တစ်ခု ပေါ်လာသည်။ သန်မာ၍ အချွန်အတက်များပါသည့် ပုစွန်စစ်သည်များ ကဏန်းစစ်သည်များ ဝိုင်းရံထားသည်။ မျက်လုံးများက ထူးဆန်းသည့်အသွင်မျိုးရှိသည်။

ပိုင်လန်မြစ်သခင် ဟုန်ရှီ။

ပိုင်လန်မြစ်သည် မိုင်ရာချီရှည်လျားသည့် တောင်တန်းကို ရစ်ခွေစီးဆင်းနေသည့် မြစ်တစ်စင်းဖြစ်သည်။ သေးငယ်သည်ဟု ဆိုမရ။ ကြီးသည်ဟုလည်း မပြောသာ။ ထိုမြစ်ကိုအုပ်စိုးသည် နဂါးဟုန်ရှီသည် အတော်မောက်မာသူဖြစ်သည်။

လွန်ခဲ့သည့်နှစ်နှစ်ရာ မြစ်သခင်ရာထူးကိုရကတည်းက အတော်လေး မြောက်ကြွကြွဖြစ်လာသည်။ နဂါးမျိုးနွယ်မြစ်သခင်များ၊ စွမ်းအားမြင့်နတ်ဆိးများနှင့်သာ ပေါင်းသင်းသည်။ တစ်ခြားသော တောင်တန်းနတ်ဘုရားများ၊ မြစ်သခင်များ၊ မဟာနတ်ဆိုးများကို လုံးဝအရေးမလုပ်။ အထင်အမြင်သေးသည်။

ပြဿနာက ထိုအချက်မဟုတ်။ ထိုနဂါးဟုန်ရှီသည် သူ့နဂါးမျိုးဆက်ကို တစ်ခြားမျိုးနွယ်များထက်သာသည်ဟု ယူဆထားသူဖြစ်သည်။ တစ်ခြားနတ်ဆိုးမျိုးနွယ်များကို “အညံ့စား”ဟူ သဘောထားသည်။ ထို့ကြောင့် နတ်ဆိုးများကလည်း ထိုနဂါးသခင်ကို အရေးမစိုက်ဘဲ ဝေးဝေးနေ၍ ကိုယ့်ကိစ္စကိုယ်လုပ်ကြသည်။

သို့သော် လွန်ခဲ့သည့်သုံးနှစ်က ကိစ္စတစ်ခု ဖြစ်ခဲ့သည်။ နတ်ဆိုးသခင် စိတ်ပြောင်းသွားဟန်ရှိသည်။ အလွန်တရာမောက်မာသည့်ဟန်ပန်မှ နှိမ့်ချ၍ မျက်နှာပြောင်တိုက်သည့်ပုံစံသို့ ပြောင်းလဲသွားသည်။

တစ်ချို့နတ်ဝိညာဉ်များ ပွဲလမ်းတစ်ခုစီစဉ်သည်ကြားတိုင်း မဖိတ်ခေါ်ဘဲ မျက်နှာပြောင်တိုက်၍ သွားသည်။

အစပိုင်းက သူ့အနီးအနားမှ နတ်ဘုရားများ မဟာနတ်ဆိုးများ ထိုအပြောင်းအလဲကို အတော်လက်ခံခဲ့ကြသည်။ အဆင့်မြင့်နဂါးသခင်နှင့် ဘယ်သူမဆို မိတ်ဖွဲ့ချင်ကြသည်။

သို့သ်ော လျှို့ဝှက်ချက်ဟူသည်က ထိန်းဖို့ခက်သည်။ တာ့ကျင်းတစ်ခွင် သတင်းတစ်ချို့ ပျံ့လာသည်။ ပိုင်လန်မြစ်ဘေးပတ်လည်မှ နတ်ဘုရားများ မဟာနတ်ဆိုးများ ဟုန်ရှီအဘယ်ကြောင့်ပြောင်းလဲသွားသည်ကို နားလည်လာကြသည်။

စန့်ကျင်းမြစ်သခင် မြစ်ကမ်းပေါ်တွင် ဓားတစ်လက်ဖြင့် အသတ်ခံလိုက်ရသောကြောင့်ဖြစ်သည်။

အတင်းအဖျင်းနားစွင့်ရန် ဝါသနာပါသည့် နတ်ဘုရားများ နတ်ဆိုးများ ကောလဟာလတစ်ခုကြားသည်။ တိုင်းခြားနဂါးနန်းတော်မှ ရောက်လာသည့် စန့်ကျန်းမြစ်သခင် သေဆုံးသွားသော်လည်း ထိုနဂါးနန်းတော်က မည်သို့မျှ မတုံ့ပြန်ခဲ့သည့်သတင်းဖြစ်သည်။

နဂါးနန်းတော်၏ကိစ္စများသည် ပိုင်လန်မြစ်ဘေးမှ နတ်ဝိညာဉ်များအတွက် လက်လှမ်းမမီပါ။ သို့သော် တစ်ခုတော့ သေချာသည်။

ပိုင်လန်နဂါးဟုန်ရှီသည် သူ့အကြီးမားဆုံး ကျောထောက်နောက်ခံဖြစ်သည့် သူ့ဖခင်စန့်ကျန်းမြစ်နဂါးကို ဆုံးရှုံးလိုက်ရသည်။ တိုင်းခြားနဂါးနန်းတော်က မည်သို့မျှမတုံ့ပြန်သည်ကို ကြည့်ခြင်းအားဖြင့် ထိုစန့်ကျန်းနဂါးသည် နဂါးရိုင်းမျိုးစိတ်တစ်ခုမှ မွေးဖွားလာသည့်သဘောဖြစ်သည်။ အသတ်ခံရသည်ကိုပင် ဘယ်နဂါးမှ လာရောက်လက်တုံ့ပြန်ပေးခြင်းမရှိ။

ထို့ကြောင့် ဟုန်ရှိ ရုတ်တရက် ပြောင်းလဲသွားခြင်းဖြစ်သည်။ သူ့ဘေးပတ်လည်မှ စွမ်းအားမြင့်သူများနှင့် စတင်မိတ်ဆွေဖွဲ့လာသည်။

စုမိသားစု မင်္ဂလာခန်းမအတွင်း အားလုံးအသံတိတ်နေသည်။ နဖူးတွင် နဂါးဦးချိုရှိသည့် အနီရောင်သံချပ်ကာနှင့်လူငယ်တစ်ယောက် အော်ဟစ်ရယ်‌‌မော၍ အရှက်မရှိသည့်မျက်နှာဖြင့် ဝေါယဉ်ပေါ်မှဆင်းလာသည်။

သို့သော် စုမိသားစု ပြင်ထားသည့် ဧည့်သည်စင်မြင့်ပေါ်သို့ အကြည့်ရောက်သွားပြီးနောက် သူ့ရယ်သံ ရုတ်တရက် ရပ်သွားသည်။ လူသားမဆန်သည့်သူ့မျက်နှာ တင်းမာသွားသည်။ ခက်ထန်ကြမ်းတမ်းလာသည်။

ပါးနှစ်ဘက်တွင် အကြေးခွံများ ပေါ်လာသည်။ သိပ်သည်းသည့် နဂါးနီစွမ်းအင်ရောင်များ သူ့ကိုယ်မှ ထိုးထွက်လာသည်။ စွမ်းအားမြင့်သည့် ငါးနဂါးအရိပ်တစ်ခု သူ့နောက်တွင် ပေါ်လာသည်။

“မင်း”

သုံးနှစ်လုံး ပြောင်ချော်ချော်နေခဲ့သည့် ဟုန်ရှီမျက်နှာအမူအရာ ရုတ်တရက် ပြောင်းသွားသဖြင့် နတ်ဆိုးအားလုံး အံ့အားသင့်သွားသည်။ သူကြည့်ရာသို့ လိုက်ကြည့်ကြသည်။ စင်မြင့်ထက်မှ အကောင်းဆုံးထိုင်ခုံတွင် ထိုင်နေသည့်လူငယ်ကို မြင်ကြရသည်။

“ငါက ဘာဖြစ်လို့လဲ”

ရုတ်တရက် ရန်စလာသည့် ဟုန်ရှီကြောင့် ဖုန်ချင်အန်း မျက်မှောင်ကျုံ့သွားပြီး စဉ်းစားမရဖြစ်နေသည်။

“ငါ့အဖေ စန့်ကျန်းမြစ်သခင်ကို မင်းမှတ်မိလား”

All Chapters