အထင်လွဲသူ
Vol. 14 Ch. 202
တောင်နက်နှင့်ပိုင်ယောက်တိုး ထွက်သွားပြီးနောက် အိမ်ထဲတွင် ပို၍တိတ်ဆိတ်သွားသည်။ ဖုန်ချင်အန်း သူတို့ကို ပြန်မခေါ်။ လူသားမျိုးနွယ်၏ မြို့တော်ထဲတွင် သူတို့အတော်စိတ်ကျဉ်းကြပ်ခဲ့သည်။
ယခု မြေခွေးဝိညာဉ်တို့၏ပိုင်နက်သို့ ရောက်နေပြီဖြစ်၍ သူတို့လွတ်လပ်စွာ သွားလာခွင့်ရသင်သည်။ ဤအိမ်တော်ထဲတွင် မြေခွေးမျိုးနွယ်ခေါင်းဆောင်မှလွဲလျှင် တစ်ခြားမြေခွေးများ သူတို့ကို ခြိမ်းခြောက်နိုင်စွမ်းမရှိ။
“မျိုလိုက်ပါ”
တိတ်ဆိတ်မှုကို ဖုန်ချင်အန်း စတင်ဖြိုခွင်းလိုက်သည်။ ရှက်ကြောက်နေသည့် မြေခွေးမလေးကိုကြည့်၍ ပြောသည်။ မြေခွေးမလေးက အဝါရောင်ဖျော့ဖျော့ဝတ်စုံ ဝတ်ထားပြီး ဆံပင်ကို သစ်သားချောင်းတစ်ခုဖြင့် သပ်လျှို၍ ထုံးဖွဲ့ထားသည်။
ထိုမြေခွေးမလေး မရိုးမသားစိတ်ရှိသည့် လူသားများနှင့်တွေ့လျှင် အလွယ်တကူလှည့်စားခံရပေလိမ့်မည်။ အဖိုးတန်မြေးမလေးကို မြေခွေးအိုစုတု မည်သို့ကာကွယ်မလဲဟု ဖုန်ချင်အန်း တွေးနေသည်။
ဖုန်ချင်အန်း စကားကြောင့် ရှောင်ဝမ် လန့်ဖျတ်သွားသည်။ ခေါင်းမော့ကြည့်လာသည်။ မျက်လုံးများက ကြည်လင်၍ ကြောင်တက်တက်ဖြစ်နေသည်။ ရိုးသားနုံအသည့် သဘာဝကို သက်သေခံနေသည်။
“မင်းလက်ထဲက လသန္ဓေသလင်းလုံးကိုပြောတာ။ မင်းနားမလည်ဘူးလား။ စွမ်းအင်အလင်းတွေ စိမ့်ထွက်နေပြီ။ အလဟဿမဖြစ်အောင် အခုချက်ချင်း မျိုလိုက်တော့”
ဖုန်ချင်အန်း ကြင်နာသည့်အသံဖြင့် သတိပေးသည်။
“အိုး..၊ ဟုတ်ကဲ့ပါ”
ရှောင်ဝမ် နားလည်သွားသည်။ သေချာစဉ်းစားနေပြီးနောက် ချယ်နီပန်းသွေးရောင်ရှိသည့်ပါးစပ်ကိုဟလျက် မျိုချရန် ကြိုးစားသည်။
“အင်း...”
ဖုန်ချင်အန်း ပြုံးလိုက်သည်။ လက်သီးဆုပ်တစ်ဝက်ခန့်ရှိသည့် သလင်းလုံးကို လူသားအသွင်ဖြင့် မျိုချရန် အတော်ခက်ခဲနေသည်။
“မင်းရဲ့မူလပုံစံကိုပြောင်းလိုက်ပါ။ ဒါမှ မျိုချရတာလွယ်မှာပေါ့”
ရှောင်ဝမ် သိပ်စဉ်းစားမနေတော့။ သူ့ဝတ်စုံများ စုတ်ပြဲထွက်သွားသည်။ မီးနီရောင်အမွှေးအမျှင်များနှင့် မြေခွေးတစ်ကောင်အသွင် ပြောင်းသွားသည်။ အရွယ်အစားက မြင်းပေါက်ကလေးအရွယ်သာရှိသည်။ ဝိညာဉ်သားရဲတစ်ကောင်အနေဖြင့် အတော်သေးငယ်နေသည်။
ထို့နောက် စုဝမ်က လစွမ်းအင်သန္ဓေလုံးကိုမ ျိုချလိုက်သည်။ ဗိုက်ထဲသို့ရောက်သည်နှင့် ထူးခြားမှုကို ချက်ချင်းခံစားရသည်။ နေ့စဉ် သူစုပ်ယူကျင့်ကြံနေသည့် လစွမ်းအင်ပမာဏထက် များစွာသာလွန်နေသည်။
ထို့နောက် သူအသိပြန်ဝင်လာသည်။ သူအသွင်ပြောင်းစဉ်က စုတ်ပြဲပျက်စီးသွားသည့် ဝတ်စုံကိုကြည့်၍ နှမျောနေသည်။ ဘာဆက်လုပ်ရမည် မသိတော့။
“အခုမင်း ပြန်လိုက်တော့။ စွမ်းအင်ကို သန့်စင်ပြီးမှ ပြန်လာခဲ့ပါ”
ယခုအချိန် လူသားအသွင်ပြန်ပြောင်းရန် အဆင်မပြေမှန်း ဖုန်ချင်အန်း သဘောပေါက်သည်။ ရှောင်ဝမ်သည် ရိုးရိုးအအဖြစ်နေလျှင်ပင် ယောက်ျားမိန်းမ ကွာခြားချက်ကိုတော့ နားလည်ပေလိမ့်မည်။
“ကျေးဇူးပါသခင်လေး။ မနက်ဖြန်ကျရင် သခင်လေးကို အလုပ်အကျွေးပြုဖို့ သေချာပေါက်ပြန်လာခဲ့ပါ့မယ်”
နားလည်မှုရှိသည့် ဖုန်ချင်အန်းကြောင့် စုဝမ် သက်ပြင်းတစ်ချက်ချသည်။ ထို့နောက် အိမ်တော်အပြင်ဘက်သို့ ပြေးထွက်သွားသည်။ သူအတော်စိတ်လှုပ်ရှားနေသည်။ လူသားမျိုးနွယ်နှင့် သူပထမဆုံးအကြိမ် ပြောဆိုဆက်ဆံဖူးခြင်းဖြစ်သည်။
သူနေထိုင်သည့်နေရာသို့ ပြေးလွှားလာချိန်တွင် သူလုံးဝမမျှော်မှန်းထားသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။ သူ့ရှေ့မှ လှပကြော့ရှင်းသည့်အမျိုးသမီးကိုကြည့်၍ သူမှင်သက်မိသွားသည်။ ထို့နောက်ရိုရိုသေသေ ဦးညွှတ်လိုက်သည်။
“ခေါင်းဆောင်”
“ဒီကိုလာပါဦး”
စုလီက လက်ယပ်ခေါ်သည်။ နားမလည်နိုင်အောင်ဖြစ်နေသည့် စုဝမ်၏ဝမ်းဗိုက်ကို လက်ဖြင့်ပွတ်လိုက်သည်။ စုဝမ် နည်းနည်းထိတ်လန့်နေသဖြင့် သူပြန်လွှတ်ပေးလိုက်သည်။
“ခေါင်းဆောင်၊ ကျွန်မခုနက မျိုချလိုက်တဲ့ပစ္စည်းက မူမမှန်တာတစ်ခုခုရှိလို့လား”
စုဝမ်လည်း တွေးခေါ်တတ်ပါသည်။ မျိုးနွယ်ခေါင်းဆောင်လုပ်ရပ်ကြောင့် တစ်စုံတစ်ခု တွေးမိသဖြင့် ပြန်မေးခွန်းထုတ်သည်။
“ဘာပြဿနာမှမရှီပါဘူး။ ဒါပေမယ့် နောက်ဆိုရင် လူသားမျိုးနွယ်တွေပေးတဲ့ ပစ္စည်းမျိုးကို မဆင်မခြင်မစားနဲ့။ လူသားတိုင်းက အဲဒီ့လူငယ်လိုမဟုတ်ဘူး”
“ဟုတ်ကဲ့ခေါင်းဆောင်၊ ကျွန်မ မှတ်ထားပါ့မယ်”
စုလီ အလေးအနက် ကတိပေးသည်။
“သွားပါ၊ အေးအေးဆေးဆေးကျင့်ကြံလိုက်ဦး။ ဒါကို သန့်စင်ပြီးရင် မင်းစွမ်းအားတွေ အများကြီးတိုးတက်လာလိမ့်မယ်”
“ဟုတ်ကဲ့”
စုဝမ် သူ့နေအိမ်ထဲသို့ ဝင်သွားသည်။ မထင်မှတ်ဘဲ ခေါင်းဆောင်နှင့်တွေ့ရသဖြင့် သူစိတ်လှုပ်ရှားနေသည်။ အတော်စိုးရိတ်ပူပန်နေသည်။
စုဝမ်ပျောက်ကွယ်သွားသည်ကို ကြည့်နေပြီးနောက် စုလီ အနက်ရောင်ကောင်းကင်ကို မော့ကြည့်၍ သက်ပြင်းချသည်။
“စုတု၊ နင့်မျက်လုံးထဲမှာ ငါက အဲလောက်အရည်အချင်းမရှိတဲ့ ခေါင်းဆောင်မျိုးလား။ ငါ့ကို မယုံကြည်ဘဲ ဒီနေ့မှတွေ့တဲ့ လူသားမျိုးနွယ်လက်ထဲ နင့်မြေးမကို ပုံအပ်လိုက်တယ်ပေါ့”
ဝမ်းနည်းပက်လက်သက်ပြင်းချသံနှင့်အတူ သူ့သဏ္ထာန်က ညအမှောင်ထဲတွင် ပျောက်ကွယ်သွားသည်။ လေပြေနှင့်အတူ သူ့ဘေးပတ်လည်တွင် ပန်းပွင့် ပွင့်ချပ်များ ပြန့်ကျဲသွားသည်။
ထိုအချိန်တွင် အိမ်တော်ထဲမှ ဖုန်ချင်အန်းက တစ်စုံတစ်ခုကို အာရုံခံမိသဖြင့် သူ့ဘာသာ ခပ်ညှင်းညှင်းရယ်မောနေသည်။
နောက်တစ်နေ့မနက်တွင် ခြံဝန်းထဲ၌တစ်ညလုံး လည်ပတ်နေသည့် ဝံပုလွေစုံတွဲ ဖုန်ချင်အန်းနေအိမ်ထဲသို့ တိတ်တဆိတ်ပြန်လာကြသည်။
ရှေ့တံခါးကို အသာအယာဖွင့်၍ ခေါင်းပြူကြည့်သည်။ လေထဲမှလွင့်ဝဲနေသည့် အနံ့အသက်များကို ဂရုတစိုက် ရှူရှိုက်ကြည့်သည်။ ထိုစဉ် သူ့နဖူးပေါ် ကျောက်ခဲတစ်လုံး ဒေါက်ခနဲကျလာသည်။
“မင်းဘာတွေ ခိုးကြောခိုးဝှက်ကြည့်နေတာလဲ။ ဝင်ခဲ့စမ်း”
ဖုန်ချင်အန်း အော်ငေါက်လိုက်သည်။ စိတ်သိပ်မကြည်တော့။ ဖုန်ချင်အန်းကို အဝတ်အစားအပြည့်အစုံ တွေ့ရသဖြင့် တောင်နက် ပိုင်ယော်နှင့်အတူ ဝင်လာသည်။ သို့သော် ကြမ်းပြင်ပေါ်မှ စုတ်ပြဲနေသည့် အဝတ်အစားများကိုမြင်ပြီးနောက် အမူအရာချက်ချင်းပြောင်းသွားပြန်သည်။
“မင်းဘာတွေတွေးနေတာလဲကွ”
မဟုတ်တရုတ်အတွေးများ ဝင်နေသည့် တောင်နက်၏ခေါင်းကို ဖုန်ချင်အန်း အမြင်ကပ်ကပ်ဖြင့် ရိုက်လိုက်သည်။
******************************************