နဂါးက နဂါးမွေးသည်၊ ဖီးနစ်က ဖီးနစ်မွေးသည်
Vol. 14 Ch. 201
ထိုမြေခွေထံမှ ထွက်ပေါ်နေသည့် စွမ်းအင်ရောင်က မပြင်းထန်လှ။ စုလီနှင့် လုံးဝကွဲပြားသည်။ ပါရမီထူးသည့်မြေခွေးမလေးဖြစ်မည်ဟု ဖုန်ချင်အန်း ရိပ်စားမိသည်။ သူ အကဲဖြတ်ကြည့်သည်။
မျိုးနွယ် - ဝိညာဉ်မြေခွေး
ဗီဇ - ဝိညာဉ်၊ သားရဲ
စွမ်းရည် - သခင်၊ ထိပ်တန်းအဆင့်
တိုက်ခိုက်စွမ်းအား - ဂျင်နရယ်၊ အခြေခံ
ဖုန်ချင်အန်းအမူအရာ အကြီးအကျယ်ပြောင်းလဲသွားသည်။ မြေခွေးမလေး၏ အသွေးအမွှေးက မြေခွေးအိုစုတုနှင့် တူညီသော်လည်း သဘာဝစွမ်းရည်ကွာခြားချက်က အံ့ဩစရာကောင်းလွန်းနေသည်။ မျိုးရိုးတစ်ဆက်ခြားရုံဖြင့် အကြီးအကျယ် ပြောင်းလဲသွားခြင်းဖြစ်သည်။
“အင်း...မင်းတကယ်တော်တာပဲ”
ဖုန်ချင်အန်း သူ့ရှေ့မှ သစ်သီးပန်းကန်ကို တစ်ချက်ကြည့်သည်။ ခဏစဉ်းစားနေပြီးနောက် အိတ်ကပ်ထဲ လက်နှိုက်သည်။ လက်သီးဆုပ်တစ်ဝက်ခန့်ရှိသည် သလင်းကျောက်တုံးတစ်ခု ထုတ်လိုက်သည်။ နူးညံ့သည့် အလင်းတန်းတစ်ခု ထိုးထွက်လာသည်။နေသည်။ ထိုကျောက်တုံးကို ရှက်ရွံ့နေသည့် မြေခွေးမလေးကို လှမ်းပေးသည်။
“ငါ့မှာ ပေးစရာများများစားစားမရှိဘူး။ ဒါပေမ စုမိသားစုက ငါ့ကိုကောင်းကောင်းဧည့်ခံခဲ့တော့ ဒါလေးပဲ မင်းကိုပေးလိုက်မယ်”
လစွမ်းအင်သန္ဓေလုံးဖြစ်သည်။ သူ့အတွက်တော့ သိပ်တန်ဖိုးမရှိ။ မှော်စွမ်းအင်လေ့ကျင့်ရင်း ဖန်းတီးထားခြင်းသာဖြစ်သည်။ တစ်ခါတစ်ရံ များများဖန်တီးဖြစ်လျှင် ခါးပတ်အိတ်ထဲသို့ ပစ်ထည့်ထားလိုက်သည်။ အချိန်ကြာလျှင် အငွေ့ပျံပျောက်ကွယ်သွားနိုင်သော်လည်း သိပ်ကိစ္စမရှိ။
သူတဖြေးဖြေးကျွမ်းကျင်လာသည်နှင့် ဆက်လေ့ကျင့်ရင်း လစွမ်းအင်သန္ဓေသလင်းလုံးထဲမှ ဖွဲ့စည်းပုံကို ပြောင်းလဲ၍ စွမ်းအင်အလွယ်တကူ မယိုစိမ့်အောင် တားဆီးနိုင်သောကြောင့်ဖြစ်သည်။ တစ်ချိန်ချိန်တွင် စွမ်းအင်လုံးဝမဆုံးရှုံးသည်အထိ ထိန်းသိမ်းနိုင်မည်ဟု သူယုံကြည်သည်။
“ဒါကိုကျုပ်တို့ ဘယ်လိုလက်ခံလို့ဖြစ်မှာလဲ’
သလင်းလုံးထဲမှ အားကောင်းသည့်လစွမ်းအင်သန္ဓေကို အာရုံခံမိသဖြင့် မြေခွေးအို အံ့ဩသွားသည်။ တံတွေးကို အတင်းမျိုချနေသည်။ သူကိုယ်တိုင်ယူလိုက်ချင်သည့်စိတ်ကို အတင်းထိန်းထားရသည်။ ယဉ်ကျေးမှုအရ ငြင်းပယ်စကားဆိုသည်။
“ဒါက ခင်ဗျားအတွက်မဟုတ်ဘူးလေ၊ ခင်ဗျားက ဘာလို့ငြင်းနေတာလဲ”
ဖုန်ချင်အန်း ရယ်မော၍ သလင်းလုံးကို မြေခွေးမလေးဆီ ပစ်ပေးလိုက်သည်။ မြေခွေးမလေး ကတိမ်းကပျာဖမ်းလိုက်ပုံကိုကြည့်၍ သူ့ရယ်သံ ပိုကျယ်လောင်လာသည်။
“လက်ခံလိုက်ပါ။ လက်မခံရင် ကျုပ်ထွက်သွားတော့မယ်။ ခင်ဗျားတို့စုမိသားစုကို အခမဲ့စားဖို့သောက်ဖို့ လာခဲ့တာမဟုတ်ဘူး”
“ကျေးဇူးတင်ပါတယ်သခင်”
ဖုန်ချင်အန်းစကားကြောင့် မြေခွေးအို ပျော်ရွှင်စွာ လက်ခံလိုက်သည်။ သူ့မြေးမကို အခွင့်အရေးတစ်ခု ရှာနိုင်စေရန် ခေါ်လာခဲ့ခြင်းဖြစ်သည်။ ယခုလို ချက်ချင်းလက်ငင်း အကျိုးရမည်ဟု သူထင်မထား။ အရင်က သူ့မြေးမလေး ရခဲ့သည့် အခွင့်ထူးများအကြောင်း ပြန်တွေးရင်း အဘိုးအိုမျက်လုံးတွင် မျက်ရည်များပင် ဝဲလာမိသည်။
“ရှောင်ဝမ်၊ သခင်လေးကို မြန်မြန်ကျေးဇူးတင်လိုက်လေ”
“စေတနာထားပေးတာ ကျေးဇူးတင်ပါတယ် သခင်လေး”
သလင်းလုံးကို လက်နှစ်ဘက်ဖြင့်ကိုင်၍ စုဝမ်က ဦးညွှတ်အရိုအသေပေးသည်။ ထိုလူသား ထိုမျှရက်ရောမည်ဟု ထင်မထားခဲ့။
“မင်းသဘောကျရင် ပြီးတာပါပဲ။ ဒါက အသေးအဖွဲလက်ဆောင်လေးပါ။ ဘာမှ စိတ်ထဲထားမနေပါနဲ့”
ခပ်အေးအေးပြောလိုက်သည့် သူ့ဟန်ပန်ကြောင့် မြေခွေးအို စိတ်လှပ်ရှားသွားသည်။ သူ့မြေးမကို ခေါ်လာရသည့်အကြောင်းရင်းကို ဖွင့်ပြောမှဖြစ်တော့မည်။
“ကျုပ်မြေးမလေးကိုခေါ်လာတာ သခင်လေးရဲ့ဆုလာဒ်တွေကို မျှော်မှန်းလို့မဟတ်ပါဘူး။ သခင်လေးဘေးမှာ အလုပ်အကြွေးပြုမယ်သူ တစ်ယောက်မှမရှိတာ တွေ့ရလို့ပါ။ ဒါကြောင့် စုမိသားစုမှာ တည်းခိုနေစဉ်အတွင်း ကျုပ်မြေးမလေးကို လိုအပ်တာရှိရင် ခိုင်းလို့ရအောင် ခေါ်လာတာပါ သခင်လေး။ တစ်ခုခုလိုအပ်တာရှိရင် သူ့ကိုအမိန့်ပေးလိုက်ပါ။ သူက နည်းနည်းရှက်တတ်ပေးမယ့် အမိန့်နာခံပါတယ်။ သခင်လေးအလိုရှိတာမှန်သမျှ သေချာစီစဉ်ပေးနိုင်ပါတယ်”
“ဒါက....အင်း...အဆင်ပြေတာပေါ့”
ဖုန်ချင်အန်း ငြင်းပယ်ဖို့ စိတ်ကူးမိသည်။ သို့သော် မြေခွေးအို၏ မျက်နှာအမူအရာနှင့် မြေခွေးမလေး၏ ရိုးရှင်းသည့်ဝတ်စုံကို နောက်တစ်ကြိမ်ကြည့်၍ သူစိတ်ပြောင်းသွားသည်။
ထိုမြေခွေးမျိုးနွယ်တို့သည် နေထိုင်စားသောက်ပုံနှင့် အပြုအမူမှအစ အရာရာတွင် လူသားမျိုးနွယ်ကို တုပကြသည်။ မြေခွေးမလေး၏ဝတ်စုံက ရိုးရှင်းသော်လည်း မြေခွေးမျိုးနွယ်မှ သူ့အဆင့်အတန်းကို အသံတိတ်ဖွင့်ဟ နေသည်။
“ကျေးဇူးတင်ပါတယ် သခင်”
မြေခွေးအိုပျော်သွားသည်။ စိတ်ထဲတွင် ကျေးဇူးတင်သည့်စိတ်များ လျှံထွက်နေသည်။ မျိုးနွယ်ခေါင်းဆောင်ခိုင်းသည့်တာဝန်များ ပြီးဆုံးသည်နှင့် အနားမယူနိုင်ဘဲ သူ့မြေးမကို ဤနေရာသို့ အပြေးတစ်ပိုင်းခေါ်လာခဲ့သည်။
သူ့ရည်ရွယ်ချက်။
ဤသခင်လေးကို သူစတွေ့ခြင်းဖြစ်သည်။ သူကိုယ်တိုင် အိမ်တော်သို့ခေါ်လာသည်။ ထို့ကြောင့် သခင်လေးအတွက် သူသာစီစဉ်ပေးသင့်သည်ဟု ယူဆသည်။ တစ်ခြားမြေခွေးများ ထိုအခွင့်အရေးကို လုယူသွား၍မဖြစ်။
“ဘာတွေကျေးဇူးတင်နေတာလဲ။ ကျေးဇူးတင်စရာရှိရင် ခင်ဗျားမြေးမလေးကို ခေါ်လာပေးတဲ့အတွက် ကျုပ်ကပဲ ကျေးဇူးတင်ရမှာပါ။ ဒါပေမယ့်...သူက တကယ်ခင်ဗျားမြေးရော ဟုတ်ရဲ့လား”
ဖုန်ချင်အန်းမျက်လုံးတွင် စူးစမ်းသည့်အရိပ်မျိုးပေါ်လာသည်။ ထိုမြေခွေးမလေး၏ စွမ်းရည်အဆင့်သည် မျိုးနွယ်ခေါင်းဆောင်စုလီထက်ပင် ပိုမြင့်သေးသည်။
“ခင်ဗျားမြေးမရဲ့ပါရမီက ခင်ဗျားထက်အများကြီး သာနေလို့ပါ”
“ရှောင်ဝမ်ဟာ ကျုပ်မြေးမအစစ်ပါ သခင်လေး။ သံသယမဖြစ်ပါနဲ့။ ဒါမျိုးကို အတုလုပ်လို့မရပါဘူး”
မြေခွေးအိုက ဝင့်ကြွားသည့်အမူအရာဖြင့် ရင်ကော့ခေါင်းမော့၍ အာမခံသည်။
သာမန်ဘဝ သာမန်ပါရမီရှိသတစ်ယောက်အတွက် အသွင်ပြောင်းစွမ်းအားအစစ်ကို ပိုင်ဆိုင်သည့် မြေးမတစ်ယောက် ပိုင်ဆိုင်ရသည်မှာ သူ့အတွက် ဂုဏ်ယူစရာအကောင်းဆုံးကိစ္စဖြစ်သည်။
ငယ်စဉ်ကတည်းက ဝိညာဉ်အစားအသောက်အဟာရဖြင့် ကြီးပြင်းခဲ့ပြီး မျိုးနွယ်အကြီးအကဲတို့၏ လမ်းညွှန်မှုခံယူခဲ့ရသည့် တစ်ခြားစုမိသားစုဝင်များပင် ပါရမီအရာတွင် သူ့မြေးမကို မယှဉ်နိုင်ကြ။ သူတို့လူသားအသွင်ဆိုသည်မှာ ပုံရိပ်ယောင်ဖန်တီးခြင်းအတတ်သာဖြစ်သည်။
“ဒါက တကယ်အံ့ဩစရာကောင်းတာပဲ”
ထူးဆန်းသည့် ဤဖြစ်စဉ်ကို ဖုန်ချင်အန်း အံ့ဩမသည်။ နတ်ဆိုးများ ဝိညာဉ်များသည် လူသားများနှင့်မတူ။ လူသားမျိုးနွယ်တွင် စနစ်ဖွဲ့စည်းပုံ မဖောက်ပြားဘဲ ရှေ့ဆက်နိုင်သည့် လမ်းကြောင်းမျိုးရှိနေလျှင် သာမန်လူပင် ဘုရင်အဖြစ် ဝန်ကြီးအဖြစ်သို့ တက်လှမ်းနိုင်သည်။
သားရဲမျိုးနွယ်များကြား အဆင့်အတန်းကွဲပြားမှုသည် မွေးစကတည်းက ဆုံးဖြတ်ထားသည့် ကံကြမ္မာမျိုးဖြစ်နိုင်သည်။ ကျားမျိုးဆက်များက တောင်တန်းပေါ်တွင် ဟိန်းဟောက်နိုင်ကြသည်။ ယုန်မျိုးဆက်အများစုက သားကောင်ဖြစ်ရသည့်ဘဝမှ မလွတ်မြောက်နိုင်ကြ။
နဂါးက နဂါးမွေးသည်။ ဖီးနစ်က ဖီးနစ်ကိုမွေးသည်။ ကြွက်ကမွေးသည့် ကြွက်များက တွင်းတူးရုံသာရှိသည်။ ထိုအရာသည် သားရဲမျိုးနွယ်တွင် အရက်စက်ဆုံး အမှန်တရားဖြစ်သည်။ နတ်ဆိုးဘုရင်တစ်ယောက်၏ မျိုးဆက်သည် နတ်ဆိုးဘုရင်ဖြစ်လာနိုင်ခြေ ရှစ်ဆယ်ကိုးဆယ်ရာနှုန်းရှိသည်။ မဟာနတ်ဆိုးတစ်ယောက်၏သားသမီးသည် မဟာနတ်ဆိုးဖြစ်ဖို့ သေချာသလောက်ရှိသည်။
ဥပမာအားဖြင့် ပိုင်ယော်ကိုကြည့်နိုင်သည်။ သူ့မိဘနှစ်ပါးလုံး မဟာနတ်ဆိုးကြီးများဖြစ်သည်။ မွေးကတည်းက မဟာနတ်ဆိုးဖြစ်ဖို့ ကံပါလာသည်။
“သခင်လေး မသိလို့ပါ။ ကျုပ်က စုမိသားစုရဲ့ အိမ်ထိန်းဖြစ်နေပေမယ့် စုမိသားစုက သားသမီးတွေ အကြီးအကဲတွေနဲ့ မူလနောက်ခံမျိုးရိုး အတူတူပါပဲ။ ကျုပ်တို့အားလုံး မြေခွေးဘုရင်ကနေ ဆင်းသက်လာကြတာပါ”
မြေခွေးအိုက ရှင်းပြသည်။
“ဒါပေမယ့် ကျုပ်ရဲ့မျိုးနွယ်ခွဲ ပါရမီမပါခဲ့ဘူး။ အချိန်ကြာလာတာနဲ့အမျှ ရရှိတဲ့စွမ်းအင်ရင်းမြစ်တွေ တဖြေးဖြေးနည်းလာတယ်။ ကျုပ်တို့မျိုးနွယ်ခွဲ နိမ့်ကျလာတယ်။ ကျုပ်မြေးမလေးမမွေးခင်အထိပေါ့”
“အင်း..သဘောပေါက်ပါပြီ”
ဖုန်ချင်အန်း ခေါင်းငြိမ့်လိုက်သည်။ ထိုသို့ဆိုလျှင် သိပ်မဆန်းလှတော့။
နဂါးတစ်ကောင်တွင် သားကိုးယောက်ရှိမည်။ တစ်ယောက်နှင့်တစ်ယောက် မတူနိုင်။ ဘိုးဘေးချင်းတူသော်လည်း ပါရမီတူမည်မဟုတ်။ တစ်ချို့က အားနည်းမည်။ တစ်ချို့က အားကြီးမည်။ စွမ်းအားကွာခြားသည်နှင့် မျိုးဆက်အနိမ့်အမြင့် ကွာခြားသွားမည်။
မျိုးဆက်ရှည်လာလျှင် မျိုးရိုးတူအချင်းချင်းပင် သခင်နှင့်အစေခံအဖြစ်သို့ ရောက်လာနိုင်သည်။
“ဒါဆို ခင်ဗျားမြေးက မြေခွေးဘုရင်ရဲ့ မူလမျိုးဆက်ပါရမီကို ပြန်ထိန်းသိမ်းနိုင်ရုံပဲပေါ့”
“သခင်လေးပြောတာ အမှန်ပါပဲ။ ကျုပ်ညံ့ဖျင်းခဲ့လို့ ရှက်မိပါတယ်။ ကျုပ်မြေးမကို အကူအညီ သိပ်မပေးနိုင်ခဲ့ပါဘူး”
အဘိုးအိုမျက်နှာတွင် စိတ်မကောင်းသည့်အမူအရာပေါ်လာသည်။ ငယ်စဉ်ကတည်းက ထိုမျိုးဆက်မျိုး ပေါ်လာမည်ကိုသိခဲ့လျှင် သူအစွမ်းကုန်ကြိုးစားစုဆောင်းခဲ့မည်သာဖြစ်သည်။ ယခု နောက်ကျသွားသည်။ ကျင့်စဉ်လမ်းညွှန်မှုလေးတစ်ချို့သာ သူထောက်ပံ့ပေးနိုင်တော့သည်။
"ဟားဟားဟား၊ လူတစ်ကိုယ် ကံတစ်ခုလို့ ဆိုရိုးရှိတာပဲ။ ဘာလို့အဲလောက်စိုးရိမ်နေတာလဲ။ ခင်ဗျားမြေးမဟာ နောင်တစ်ချိန် သူ့ကံကြမ္မာသူ ပိုင်ဆိုင်ရမှာပါ။ သေချာပေါက် တိုးတက်အောင်မြင်လာပါလိမ့်မယ်။ ခင်ဗျားစိုးရိမ်ဖို့ မလိုပါဘူး”
“မင်္ဂလာရှိတဲ့စကားအတွက် ကျေးဇူးတင်ပါတယ် သခင်လေး”
မြေခွေးအို ဦးညွှတ်အရိုအသေပြုသည်။
“ကျုပ်မှာ လုပ်စရာကိစ္စလေးတွေ ရှိသေးလို့ ဒီမှာဆက်မနေရဲပါဘူး။ ကျုပ်သွားပါတော့မယ်။ တစ်ခုခုလိုအပ်ရင် ကျုပ်မြေးမလေးကို အားမနာတမ်း ခိုင်းနိုင်ပါတယ်”
စကားဆုံးသည်နှင့် မြေခွေးအို အမြန်ထွက်သွားသည်။ သူ့မြေးမကို ချန်ထားခဲ့သည်။ မြေခွေးမလေး နည်းနည်းဂဏာမငြိမ်ဖြစ်လာသည်။ ခေါင်းကိုငုံ့ထားသည်။ ဖုန်ချင်အန်းကို မော့မကြည့်ရဲ။
ထိုအဖြစ်ကိုကြောင့် ဘေးမှအသာကြည့်နေသည့်တောင်နက် အမြီးကို ညင်သာစွာ ဝှေ့ယမ်းနေသည်။ သူလည်း အရင်ကလို ထုံထုံအအ ရိုးသားသည့် ဝံပုလွေငယ်လေးမဟုတ်တော့။
အဖြစ်အပျက်ကိုကြည့်၍ အကြမ်းဖျင်းတွက်ဆမိသည်။ မြေခွေးအို၏အကြံကို သူရိပ်မိသည်။
ထိုအရာများကို မဝံ့မရဲဖြစ်သည့်စိတ်မျိုး မရှိတော့။ သူ့အဝေးရောက်နေချိန်က သူ့သခင်သည်ပင် ကိုယ်ပိုင်လွတ်လပ်ချိန်လိုအပ်ကြောင်း သဘောပေါက်သည်။ ထိုအချိန်မျိုးတွင် သူရှိနေ၍မဖြစ်။ ရှိနေလျှင် အနှောက်အယှက်ပေးရာကျမည်။
ထို့ကြောင့် တောင်နက်ထရပ်၍ ပိုင်ယော်ကို လှမ်းခေါ်ပြီး အဖြူအနက်ဝံပုလွေနှစ်ကောင် အိမ်ထဲမှ အမြန်ထွက်သွားသည်။ နှစ်ရာချီစည်ကားခဲ့သည့် မြေခွေးမျိုးနွယ်ခြံဝန်းထဲတွင် လှည့်လည်ကြည့်ရှုကြသည်။