အထူးဧည့်သည်တော်
Vol. 14 Ch. 200
“အနှောက်အယှက်ပေးမိတာ ခွင့်လွှတ်ပါ။ မထင်မှတ်ဘဲ အလည်လာမိတာပါ”
မျိုးနွယ်ခေါင်းဆောင်ကို ဖုန်ချင်အန်း ပြုံး၍ဦးညွှတ်နှုတ်ဆက်လိုက်သည်။
မျိုးစိတ် - ဝိညာဉ်မြေခွေး
ဗီဇ - ဝိညာဉ်၊ သားရဲ
စွမ်းရည် - သခင်၊ အလတ်တန်း
တိုက်ခိုက်စွမ်းအား - သခင်၊ ထိပ်တန်း
ဝိညာဉ်ကျင့်ကြံသူအနေဖြင့် သူ့ပုံမှန်အတိုင်းအတာကို များစွာ ကျော်လွန်နေပြီဖြစ်သည်။ သူ့စွမ်းအင်အားလုံး ထုတ်သုံးလျှင်ပင် ထူးခြားသည့်အခွင့်အရေးမျိုးမကြုံကြိုက်ဘဲ နတ်ဆိုးဘုရင်အဆင့် ဖြစ်လာဖို့မလွယ်လှ။
“အဲလိုမဟုတ်ပါဘူး။ ဒီလိုအထူးဧည့်သည်မျိုး ရောက်လာတာ စုမိသားစုအတွက် ဂုဏ်ယူစရာပါ”
စကားပြောနေစဉ်မှာပင် စုမိသားစုခေါင်းဆောင်က ဖုန်ချင်အန်းအောက်မှ တောင်နက်ကို သတိထားမိပြီးဖြစ်သည်။ ဘေးတွင်ရှိနေသည့် ဝံပုလွေဖြူကိုမြင်သည်နှင့် သူ့မျက်လုံးများ အရောင်တောက်လာသည်။
ထိုဝံပုလွေဖြူသည် သူနှင့်ကျင့်စဉ်လမ်းတူညီမှန်း စုလီချက်ချင်းသဘောပေါက်သည်။ ဝိညာဉ်ဝံပုလွေတစ်ကောင်က ကူညီနေသည့် လူငယ်တစ်ယောက်သည် မကောင်းသည့်ရည်ရွယ်ချက်မျိုး ရှိနိုင်ခြေ နည်းပါးသည်။
နတ်ဆိုးသားရဲတိုင်းလည်း ဆိုးဝါးသည်တော့မဟုတ်။ ဗီဇစရိုက်အရ ပြုမူကြခြင်းသာဖြစ်သည်။ ဝိညာည်သားရဲများက သူတို့နှင့် ရည်ရွယ်ချက်ကွဲပြားသည်။ တစ်ခြားသူကို ဒုက္ခမပေး။ မဟုတ်လျှင် ဝိညာဉ်သားရဲလမ်းစဉ်ကို လျှောက်လှမ်းနိုင်မည်မဟုတ်။
“အိမ်တော်ထဲကိုဝင်ပြီး အနားယူပါရှင်”
စုလီသာ နတ်ဆိုးသားရဲဖြစ်လျှင် ဖုန်ချင်အန်း ပေါ့ဆရဲမည်မဟုတ်။ ကျမ်းစာကိုထုတ်၍ တော်ဝင်စွမ်းအင်ရောင်ဖြင့် စမ်းသပ်မည်သာဖြစ်သည်။ ယခု စုလီက မိသားစုခေါင်းဆောင် ဝိညာဉ်သားရဲဖြစ်နေသည်။ သူစိုးရိမ်စရာမလို။ ဝမ်းပမ်းတသာ လက်ခံလိုက်သည်။
အိမ်တော်အပြင်ပန်းက ခမ်းနားပါသည်။ အတွင်းပိုင်းတွင် ပို၍ပင် ခမ်းနားနေသေးသည်။ ခြေလှမ်း သုံးလေးလှမ်း လှမ်းလိုက်တိုင်း အံ့ဩစရာမြင်ကွင်းများ ပြည့်နေသည်။ မျှော်စင်မြင့်များ၊ အတုမဲ့ဖန်တီးမှုလက်ရာများ၊ နေရာတိုင်းရှိနေသည့် ကျောက်စိမ်းသားများ အစွမ်းကုန်ပွင့်လန်းနေသည့် ပန်းပွင့်များ။ တောင်ကုန်းတစ်ထောင်မှ အဖိုးတန်အရာမှန်သမျှ မြေခွေးဝိညာဉ်အိမ်တော်တွင် စုဝေးနေသည်။
တောင်နက်ပင် အံ့အားသင့်နေသည်။ သရဲဘုရင်ဆယ်ယောက်ထက် မနည်း သူမြင်ဖူးပါသည်။ သို့သော် ဝိညာဉ်ဆေးပင်ပန်းပင်များ ထိုမျှပေါ်များသည့်အဖြစ်မျိုး သူမမြင်ဖူး။ သူမြင်ဖူးသည့် မြေအောက်လောကပတ်ဝန်းကျင်သည် အကြမ်းထည်မျှသာဖြစ်တော့သည်။
အတူပါလာသည့်ပိုင်ယော်လည်း မှင်သက်မိသွားသည်။ သူ့ကိုယ်သူ ရှက်ရွံ့မိသလိုပင် ခံစားရသည်။ မြွေစိမ်းတောင်တွင် အင်အားအကြီးဆုံးဖြစ်သည့် သူတို့ဝိညာဉ်ဝံပုလွေမိသားစုပင် သိမ်ငယ်သလိုရှိသည်။
သူ့မိဘနှစ်ပါးလုံး မဟာနတ်ဆိုးအဆင့်ဖြစ်သည်။ ကျင့်ကြံမှုကို အာရုံနှစ်မထားလျှင် အတုမဲ့အိမ်တော်မျိုး ဖန်တီးနိုင်ကြပါသည်။ သို့သော် သူ့မိဘများက ထိုသို့လုပ်ရန် ရည်ရွယ်ချက်မရှိ။ ရှေးရိုးစွဲ ဘဝနေထိုင်ပုံကိုသာ ခုံမင်ကြသည်။ လူသားထက်စာလျှင် သားရဲနှင့်ပိုတူသည်။ သဘာဝနှင့် ကိုက်ညီအောင်နေသည်။
“ထိုင်ကြပါ ဧည့်သည်တော်တို့”
အစက တောနက်ထဲတွင် စားသောက်စရာရှာဖို့ ဖုန်ချင်အန်း တွေးနေခဲ့သည်။ ယခု မလိုအပ်တော့။ ဝိညာဉ်မြေခွေးမျိုးနွယ်က ဝိညာဉ်သစ်သီးများ၊ သန့်စင်ထားသည့်ဝိုင်များ သူအပါအဝင် တောင်နက်နှင့်ပိုင်ယောက်တို့ကိုပါ လိုလေသေးမရှိ ဧည့်ခံသည်။
ဖုန်ချင်အန်း အတော်ကျေနပ်သွားသည်။ ထိုအစားအသောက်များကို သူမစားဖူး။ အားလုံးက ဝိညာဉ်စွမ်းအင်ပါသည့် အဟာရများဖြစ်သည်။ ဖီးနစ်သစ်သီးလို နှစ်ပေါင်းရာချီစိုက်ပျိုးရသည့် သီးနှံများပင် ပါဝင်သည်။
စုလီ သူ့ကိုအလေးထားမှန်း သိသာသည်။ ဝိညာဉ်သစ်သီးများကို စားနေရင်း ခါးမှကျောက်စိမ်းပြားကို သူတစ်ချက်ကြည့်လိုက်သည်။
မြေခွေးမျိုးနွယ်သည် သူ့စွမ်းအားစစ်ကို မြင်နိုင်ကြမည်မဟုတ်။ တောင်နက်နှင့်ပိုင်ယောင်တို့က စွမ်းအင်ရောင် ထိန်းချုပ်မထား။ သူ့နောက်ခံနှင့်အဆင့်အတန်းကို မြေခွေးမျိုးနွယ်များ ခန့်မှန်းမိကြဟန်တူသည်။ အနည်းဆုံးတော့ တန်းတူအဆင့်မျိုးဟု သဘောထားကြမည်။
တကယ်တော့ ဤမြေခွေးများသာ သူ့ကိ တန်းတူအဆင့်ဟု ထင်ကြသည်မဟုတ်။ ထိုနေ့ညနေတွင် မြေခွေးအိုစုတုက မြေခွေးပျိုတစ်ယောက်ကို ဖုန်ချင်အန်းဆီ ခေါ်လာသည်။
“နေရာထိုင်ခင်းကို သခင်လေး ကျေနပ်ရဲ့လား”
အဘိုးအိုအသွင်ပြောင်းထားသည့်စုတုက ဖုန်ချင်အန်းကို နှုတ်ဆက်သည်။ သူ့ပုံစံက ဖုန်ချင်အန်းအတွက် ပျော်စရာလိုဖြစ်နေသည်။
“ကျေနပ်ပါတယ်။ အတော်လေး ကျေနပ်ပါတယ်”
ဖုန်ချင်အန်းအကြည့်က သူ့နောက်မှ မိန်းကလေးဆီ ရောက်သွားသည်။ အံ့အားသင့်သွားသည်။ မြေခွေးမျိုးနွယ်ဗီဇက အထင်အရှားပေါ်နေသည်။ အိမ်တော်သို့ရောက်ပြီးနောက် မြေခွေးမအစစ်ကို ဒုတိယအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
မြေခွေးမျိုးနွယ်တို့သည် ပုံရိပ်ယောင်အတတ်တွင် ကျွမ်းကျင်သည်။ ဖုန်ချင်အန်း ကြုံတွေ့ခဲ့ဖူးပြီးဖြစ်သည်။ မြေခွေးမျိုးနွယ်အိမ်တော်တွင် ချောမာသည့် ယောက်ျားများ မိန်းမများကို သူမြင်ရပါသည်။ သို့သော် သူခံစားမရ။ လူသားအသွင်အပြင်အေက်မှ မြေခွေးရုပ်သွင်ကို မြင်နေရသောကြောင့်ဖြစ်သည်။
“ဒါက ဘယ်သူလဲ”
လူဦးခေါင်းနှင့် မြေခွေးနားရွက်ရှိနေသည့်မိန်းကလေးကို သူသေချာကြည့်မိသည်။ ထိုမိန်းကလေးနောက်ဘက်မှ အနီရောင်အမြီးပွက အဆက်မပြတ် ဝှေ့ယမ်းနေသည်။
နောက်ခံမြေခွေးရုပ်သွင်ကို ဖုန်ချင်အန်း မမြင်ရ။ တစ်နည်းဆိုရသော် လက်ရှိသူ့ရုပ်သွင်သည် အစစ်အမှန်ဖြစ်သည်။ အမြင်လှည့်စားသည့် ပုံရိပ်ယောင်စွမ်းအားမဟုတ်။ တကယ့်အသွင်ပြောင်းစွမ်းအားဖြစ်သည်။ သို့သော် ထိုမိန်းကလေးလက်ရှိပုံစံအရ အသွင်ပြောင်းအတတ်ကို အပြည့်အဝကျွမ်းကျင်သေးပုံမပေါ်။
သို့သော် ထိုမျှလောက် အသွင်အပြင်ရှိလျှင် ဖုန်ချင်အန်း သဘောကျနေပြီဖြစ်သည်။ လူသားများတွင်ရှိသည့် ဗီဇစရိုက်အားလုံးရှိသည်။ မြေခွေးမျိုးနွယ်၏ စရိုက်သဘာဝများလည်း ရှိနေသည်။
မြေခွေးတစ်ကောင်လူသားအသွင်ပြောင်းထားလျှင် အလွန်တရာလှပသည်။ ထိုမြေခွေးမိန်းကလေးသည် ပင်ကိုယ်သဘာဝ နူးညံ့လှပသည့် ရုပ်ရည်ကို ပိုင်ဆိုင်ထားသည်။ အစွန်းအထင်းကင်းသည့် ပန်းတစ်ပွင့်လို ရိုးသားခြင်းနှင့်နူးညံ့ခြင်း ပေါင်းစပ်နေသည်။ မြေခွေးတို့၏ ညှို့ငင်နိုင်သည့်စွမ်းရည်လည်း ရှိနေသည်။
“ဒါ ကျုပ်ရဲ့ မြေးမလေး စုဝမ်ပါ”
ဖုန်ချင်အန်းအကြည့်ကို သဘောပေါက်သဖြင့် မြေခွေးအိုမျက်လုံးတွင် အပျော်ရိပ်သန်းလာသည်။ နာမည်ကို မိတ်ဆက်ပေးပြီးနောက် စုဝမ်ကိုလှည့်ကြည့်၍ လေသံတင်းတင်းဖြင့်
“ရှောင်ဝမ်၊ မသေမျိုးသခင်ကို အရိုအသေမပေးသေးဘူးလား”
“ဂါရဝပြုပါတယ် မသေမျိုးသခင်”
မြေခွေးမလေးက ရှက်ရွံ့ဟန်ဖြင့် ရှေ့တိုးလာပြီး ဖုန်ချင်အန်း မျက်နှာကို တစ်ချက်ခိုးကြည့်သည်။ ပန်းရောင်သန်းနေသည့်မျက်နှာဖြင့် နှုတ်ဆက်သည်။ သူ့အသံက တိုးတိုးညှင်းညှင်းသာဖြစ်သည်။
*********************************************