တာဝန်
Vol. 140 Ch. 2090
“ကြယ်တာရာဂိုဏ်းရဲ့ အမွေအနှစ်ကို ဆက်ခံရရှိခဲ့တာ မင်းလား”
ခေါင်းဆောင်တပ်မှူးလျှိုက မလှမ်းမကမ်း အစိမ်းရောင် ကျောက်တုံးပေါ်မှာရှိသော ဆူဇီမိုဘက်ကိုလှည့်ပြီး မေးလိုက်၏။
ဆူဇီမိုက မည်သည့်အရာကိုမှ မကြားရသည့်အလား အဲဒါကို လျစ်လျူရှုထားလေသည်။
လူတိုင်း၏ အမူအရာက ပြောင်းလဲသွား၏။
ဆူဇီမိုသည် ကျောကျူးရွှမ်နှင့် အခြားသူများကို စောစောက လျစ်လျူရှုခဲ့သည်မှာ ကိစ္စမရှိပေ။
သို့သော် ယခု ကြယ်တာရာဂိုဏ်း၏ ဂိုဏ်းချုပ်ပင်လျှင် အာဏာပါးကွက်သား အစောင့်တပ်သား၏ မေးခွန်းကို လျစ်လျူမရှုရဲပေ။
သို့သော်လည်း ဆူဇီမိုက သူ့ကို လှည့်ပင်မကြည့်ပေ။
လက်ရှိ အာဏာပါးကွက်သား အစောင့်တပ်သားများသည် မဟာကျင်းအင်မော်တယ်နိုင်ငံ၏ တော်ဝင်မိသားစုကို ကိုယ်စားပြုလေသည်။ ဆူဇီမိုက တော်ဝင်မိသားစုကို မထီမဲ့မြင်ပြုခြင်းဟူသော စွပ်စွဲချက်ဖြင့် ဤနေရာမှာ သတ်ဖြတ်ခံရမည်ဆိုလျှင် မည်သူကမှ သူ့အတွက် ရှေ့သို့ ထွက်လာပေးရဲမည် မဟုတ်ပေ။
ရှန်ကွမ်ချန်သည် ယခင်က ဆူဇီမို၏ မျက်လုံးထဲရှိ ရင်ကွဲနာကျဖွယ်ရာ ပူဆွေးဝမ်းနည်းမှုကို တွေ့မြင်ခဲ့ရ၏။ ယခုအချိန်မှာ သူ ဒုက္ခရောက်မည်ကို သူမက မကြည့်ရက်နိုင်ဘဲ ရှေ့သို့ ထွက်လာကာ ပြောလိုက်လေသည်။
“တာအိုရောင်းရင်း မိုလင်းက အခုလေးတင် အဆင့်ချိုးဖျက်တက်လှမ်းရာမှာ ကျရှုံးပြီးတော့ သူ့ရဲ့ တာအိုနှလုံးသားက ပျက်စီးထိခိုက်ထားတယ်… သူက အတော်လေး ကြီးမားတဲ့ ရိုက်ချက်ကို တွေ့ကြုံထားလို့ အခုချိန်မှာ စိတ်နဲ့ လူနဲ့ ကပ်မနေဘူး… ကျေးဇူးပြုပြီး သူ့ကို ခွင့်လွှတ်ပေးပါ ခေါင်းဆောင်တပ်မှူးလျှို”
ခေါင်းဆောင်တပ်မှူးလျှိုက မျက်ခုံး အနည်းငယ်ပင့်ပြီး ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုလိုက်၏။
ကြယ်တာရာဂိုဏ်းရှိ ကျင့်ကြံသူအားလုံးနီးပါး ဤနေရာမှာ ရှိနေကြသော်လည်း သူက မည်သည့်အရာကိုမှ ငဲ့ကွက်နေမည် မဟုတ်ပေ။
သူသည် အာဏာပါးကွက်သား အစောင့်တပ်သားတစ်ယောက်ဖြစ်ပြီး ကြယ်တာရာဂိုဏ်း၏ ဂိုဏ်းချုပ်ပင်လျှင် သူ့ကို တိုက်ခိုက်ရဲလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း သူက လူတိုင်း၏ ရှေ့မှာ အဆင့်-၅ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ကို စစ်ဆေးမေးမြန်းပြီး ကြယ်တာရာဂိုဏ်း၏ အမွေအနှစ်ကို ထုတ်ဖော်ခိုင်းမည်ဆိုလျှင် ဤသတင်း ပျံ့နှံ့သွားပါက သူ၏ နာမည်ဂုဏ်သတင်းကို သေချာပေါက် ထိခိုက်လာပေလိမ့်မည်။
“ရတယ်လေ”
ခေါင်းဆောင်တပ်မှူးလျှိုက လက်ကာပြပြီး သဘောထားကြီးသယောင် ဟန်ဆောင်လိုက်၏။
“ဒီလို ပြင်းထန်တဲ့ ရိုက်ချက်တစ်ခုကို တွေ့ကြုံရပြီးရင် အဲဒါကို လက်ခံဖို့ ခက်ခဲနေတတ်တာ ပုံမှန်ပါပဲ”
ခဏမျှ ရပ်တန့်ပြီးနောက် သူက စကားလမ်းကြောင်းပြောင်းလိုက်၏။
“ဒါပေမဲ့ ဒီတစ်ခေါက် ငါတို့က အပြစ်သားနှစ်ယောက်ကို အမဲလိုက်ရမယ့် တာဝန်တစ်ခု ငါတို့မှာ ပါလာတယ်… အမှားအယွင်း တစ်စုံတစ်ရာ မရှိရအောင် ငါတို့နဲ့အတူ တာဝန်ထမ်းဆောင်ဖို့အတွက် ကြယ်တာရာဂိုဏ်းက ကမ္ဘာမြေအင်မော်တယ်တချို့ကို ငါတို့ ရွေးခေါ်သွားရလိမ့်မယ်”
ဂိုဏ်းချုပ် ကြယ်တာရာမိုးနှင့် အခြားသော ကောင်းကင်အင်မော်တယ်များက လွဲလျှင် ဆူဇီမို၊ ရှန်ကွမ်ချန်၊ ရှဲထျန်ဖုန့်၊ လင်းမင်နှင့် ကျောကျူးရွှမ်တို့ကသာလျှင် ဆူဇီမို၏ လိုဏ်ဂူခန်းဝါရှေ့မှာ ရှိနေကြ၏။
“မင်းတို့ငါးယောက်ဆိုရင် အလုပ်ဖြစ်တယ်.. ငါ့နောက်က လိုက်ခဲ့ကြ”
ခေါင်းဆောင်တပ်မှူးလျှိုက ဆူဇီမိုနှင့် အခြားသူများကို လက်ညှိုးထိုးပြီး မှင်သေသေဖြင့် ပြောလိုက်၏။
တကယ်တော့ သူတို့ငါးယောက်ထဲမှာ ဆူဇီမိုကသာ သူ၏ အစစ်အမှန်ပစ်မှတ် ဖြစ်လေသည်။
သို့သော်လည်း သူက ဆူဇီမို တစ်ယောက်တည်းကို ရွေးခေါ်ထုတ်သွားမည်ဆိုလျှင် အဲဒါက အရမ်းကို သိသာထင်ရှားနေပေလိမ့်မည်။ သူက သူ၏ လုပ်ရပ်ကို ဖုံးကွယ်သည့်အနေဖြင့် အခြားသူများကိုပါ ခေါ်ဆောင်သွားရပေလိမ့်မည်။
နောက်ပိုင်းမှာ အခြားသော လေးယောက်ကို နှုတ်ပိတ်ရှင်းလင်းဖို့အတွက် သူ့မှာ နည်းလမ်းများစွာ ရှိလေသည်။
ထိုအချိန်ကျလျှင် သူက မည်သူမှ သိရှိစေခြင်း မရှိဘဲ ဆူဇီမိုကို ခေါ်ထုတ်သွားနိုင်မည်ဖြစ်၏။
သူတို့ငါးယောက်သည် အပြင်ဘက်မှာ သေဆုံးသွားသည်ဟုသာ ကြယ်တာရာဂိုဏ်းမှ လူတိုင်းက မှတ်ယူရပေလိမ့်မည်။
ခေါင်းဆောင်တပ်မှူးလျှို၏ ပစ်မှတ်က ဆူဇီမိုဖြစ်သည်ဆိုတာကို ကျောကျူးရွှမ်၊ ရှန်ကွမ်ချန်နှင့် အခြားသူများက ပြောနိုင်ကြ၏။
သို့သော်လည်း ခေါင်းဆောင်တပ်မှူးလျှို၏ အတွေးများက အလွန်တရာ နက်ရှိုင်းလေသည်။ သူက သူတို့ကို ရွေးချယ်လိုက်သည့် ခဏမှာပင် သူတို့ကို သတ်ဖြတ်ချင်နေလိမ့်မည်ဟု သူတို့ထဲ မည်သူကမှ ထင်မှတ်ထားမည် မဟုတ်ပေ။
ရှဲထျန်ဖုန့်က လက်နှစ်ဖက်ကို ခပ်မြန်မြန်ယှက်ပြီး ပြုံးပြလိုက်၏။
“အခုလို မြင့်မြင့်မားမား သတ်မှတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခေါင်းဆောင်တပ်မှူးလျှို.. ကျုပ် ရှဲမိသားစုက ရှဲထျန်ဖုန့်က ခင်ဗျားရဲ့ အမိန့်ကို နာခံပြီး သေချာပေါက် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်”
ရှဲထျန်ဖုန့်၏ အတွေးက ရိုးရှင်းလေသည်။
သူက အဲဒါကို မငြင်းပယ်နိုင်ဘူးဆိုမှတော့ အလွယ်တကူ ခေါင်းညိတ်လက်ခံရပေလိမ့်မည်။ ပြီးလျှင် သူက ဤခေါင်းဆောင်တပ်မှူး၏ ထင်မြင်ချက်ကောင်းတချို့ ရရှိအောင် ကြိုးစားရပေလိမ့်မည်။
ဒါ့အပြင် သူက ခေါင်းဆောင်တပ်မှူးလျှိုနှင့်အတူ ပူးပေါင်းပြီး အပြစ်သားဆိုသူများကို ဖမ်းဆီးကာ အကျိုးဆောင်နိုင်မည်ဆိုလျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။
သူက မည်သည့်အရာကိုမှ မလုပ်နိုင်ဘူးဆိုလျှင်တောင် ခေါင်းဆောင်တပ်မှူးလျှိုနှင့် ပတ်သက်ဆက်ဆံခွင့်ရခြင်းက သူနှင့် ရှဲမိသားစုအတွက် အကျိုးရှိပေလိမ့်မည်။
ထို့နောက် လင်းမင်ကလည်း ချက်ချင်းပင် သဘောတူလိုက်၏။
ကျောကျူးရွှမ်နှင့် ရှန်ကွမ်ချန်၏ ပထမဆုံး တုံ့ပြန်မှုက တွေဝေရှုပ်ထွေးသွားခြင်းဖြစ်၏။
သို့သော်လည်း အာဏာပါးကွက်သား အစောင့်တပ်သား၏ အဆင့်အတန်းနှင့် ခေါင်းဆောင်တပ်မှူးတစ်ယောက်၏ အမိန့်အရ သူတို့နှစ်ယောက်သည် အဲဒါကို မနာခံဘဲ နေရဲခြင်း မရှိပေ။
ခေါင်းဆောင်တပ်မှူးလျှို၏ အမိန့်ကို ကြားရသောအခါ ဂိုဏ်းချုပ် ကြယ်တာရာမိုး၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။
သူက နှစ်နှစ်သိန်းကြာအောင် ရှင်သန်နေထိုင်လာခဲ့ပြီး မရေမတွက်နိုင်သော မုန်တိုင်းများနှင့် အကွက်ချကြံစည်မှုများကို ကြုံတွေ့ခဲ့ဖူးလေသည်။
သူ့နောက်သို့ လိုက်ပါသွားမည်ဆိုလျှင် ဆူဇီမိုတို့ ငါးယောက်အုပ်စုက သေကြေပျက်သုဉ်းရဖို့များသည်ကို သူက ခန့်မှန်းမိလိုက်၏။
ကျောကျူးရွှမ်၊ ရှန်ကွမ်ချန်နှင့် အခြားနှစ်ယောက် သေဆုံးမည်ကို သူက စိတ်ထဲမှာ သိပ်မရှိပေ။
သူတို့လေးယောက်သည် နေလတိုင်းပြည်၏ မိသားစုကလန်ကြီးများမှ လာခဲ့ကြ၏။ ဤတစ်ခေါက် ကြယ်တာရာဂိုဏ်းသို့ ဝင်ရောက်ခြင်းသည် သူတို့အတွက် လေ့ကျင့်ရေးဆင်းသည့် ပုံစံတစ်ခုမျှသာဖြစ်ပြီး အနှေးနှင့် အမြန်ဆိုသလို သူတို့၏ မိသားစုကလန်များသို့ ပြန်သွားကြပေလိမ့်မည်။
သို့သော်လည်း မိုလင်းမှာ မည်သည့် အဆင့်အတန်းမှ မရှိဘဲ သူက တစ်ကိုယ်တည်းသမားဖြစ်၏။
ယခု သူက ကြယ်တာရာဂိုဏ်း၏ အမွေအနှစ်ကို ဆက်ခံရရှိထားပြီး သူတို့က သူ့ကို ပြုစုပျိုးထောင်ပေးနိုင်မည်ဆိုလျှင် သူသည် အနာဂတ်မှာ သေချာပေါက် ထွန်းတောက်လာပြီး ကြယ်တာရာဂိုဏ်းကို မြင့်မားတိုးတက်လာအောင် ဦးဆောင်နိုင်ကောင်း ဦးဆောင်နိုင်ပေလိမ့်မည်။
သူက အပြင်ဘက်မှာ ဤကဲ့သို့ပင် သေဆုံးသွားမည်ဆိုပါက တကယ့်ကို နှမြောစရာကောင်းလေသည်။
“ခေါင်းဆောင်တပ်မှူးလျှို..”
ဂိုဏ်းချုပ် ကြယ်တာရာမိုးက ပြုံး၍ လက်သီးနှစ်ဖက်ကို ယှက်ပြလိုက်၏။
“မိုလင်းက အဆင့်-၅ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ပဲ.. သူ့ရဲ့ အဆင့်ချိုးဖျက်တက်လှမ်းရာမှာလည်း ကျရှုံးထားတော့ သူ့ရဲ့ တာအိုနှလုံးသားက ပျက်စီးထိခိုက်ပြီး သူ့ရဲ့ တိုက်ခိုက်ရည်ခွန်အား အများစုကိုလည်း ဆုံးရှုံးထားတယ်.. သူက ခင်ဗျားအတွက် အကူအညီ သိပ်ဖြစ်မှာ မဟုတ်ဘူး”
“သူ့နေရာမှာ ကျုပ်အစားဝင်ပြီး လိုက်ခဲ့မယ်ဆိုရင်ရော ဘယ်လိုသဘောရ…”
“ကျုပ် ခင်ဗျားကို မလိုဘူး”
ကြယ်တာရာမိုး၏ စကားကို ခေါင်းဆောင်တပ်မှူးလျှိုက ဖြတ်ပြောလိုက်၏။
ခေါင်းဆောင်တပ်မှူးလျှိုက လှောင်ရယ်လိုက်ပြီး ဂိုဏ်းချုပ် ကြယ်တာရာမိုးကို စိုက်ကြည့်လိုက်၏။
“ငါတို့ အမဲလိုက်နေတဲ့ လူနှစ်ယောက်က ကမ္ဘာမြေအင်မော်တယ်တွေပဲ.. ခင်ဗျားလိုမျိုး အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်က ဝင်ပါစရာ မလိုပါဘူး”
“ဒါပေမဲ့…”
ကြယ်တာရာမိုးက စိုးရိမ်ပူပန်နေပြီး တစ်စုံတစ်ရာကို ပြောချင်နေ၏။
“ကဲ.. အဆင်ပြေတယ်ဆိုရင် မင်းတို့ငါးယောက် ငါ့နောက်က လိုက်ခဲ့”
ခေါင်းဆောင်တပ်မှူးလျှိုက ကြယ်တာရာမိုးကို စကားပြောဖို့ အခွင့်အရေး လုံးဝ မပေးပေ။ သူက ဆူဇီမိုတို့ ငါးယောက်အုပ်စုကို လက်ညှိုးထိုးပြီး အေးစက်စွာ ပြောကာ အင်မော်တယ်ယာဉ်ပျံပေါ်သို့ ခုန်တက်သွား၏။
ရှဲထျန်ဖုန့်နှင့် လင်းမင်က ထပ်ကြပ်မကွာ လိုက်ပါသွားပြီး အင်မော်တယ်ယာဉ်ပျံပေါ်သို့ ခုန်တက်လိုက်ကြ၏။
ကျောကျူးရွှမ်နှင့် ရှန်ကွမ်ချန်က ခဏမျှ တွေဝေတုံ့ဆိုင်းနေသော်လည်း သူတို့က နောက်ကနေ လိုက်ပါသွားရ၏။
တစ်ခဏချင်းမှာပင် ဆူဇီမို တစ်ယောက်တည်းကသာ အစိမ်းရောင်ကျောက်တုံးပေါ်မှာ ထိုင်လျက်သား ကျန်ရစ်ခဲ့၏။
ခေါင်းဆောင်တပ်မှူးလျှို၏ အကြည့်က ရွေ့လျားသွားပြီး ဆူဇီမိုကို စိုက်ကြည့်လိုက်၏။ သူ၏ မျက်လုံးများက အေးစက်နေသော အော်ရာတစ်ခုနှင့်အတူ တဖြည်းဖြည်း မှေးကျဉ်းသွား၏။ သူက စကားပြောမည်ပြုစဉ်မှာပင် ဆူဇီမိုက ရုတ်တရက် မတ်တတ်ထရပ်ပြီး တည်ငြိမ်နေသော အမူအရာနှင့်အတူ အင်မော်တယ်ယာဉ်ပျံဆီသို့ လျှောက်လှမ်းလာ၏။
ခေါင်းဆောင်တပ်မှူးလျှို၏ အမူအရာက ပျော့ပြောင်းသွားပြီး စိတ်ကျေနပ်သွားသော အမူအရာဖြင့် ခေါင်းညိတ်လိုက်၏။
“မိုလင်း.. မင်း..”
ဆူဇီမို၏ မျက်နှာက ဖြူဖျော့၍ သူက ဆိုးဆိုးဝါးဝါး အခြေအနေမှာ ရှိနေသည်ကို တွေ့မြင်ရသောအခါ ဂိုဏ်းချုပ် ကြယ်တာရာမိုးက စိုးရိမ်ပူပန်နေပြီး အလိုလို လှမ်းအော်ခေါ်ကာ သူ့ကို သတိပေးချင်၏။
“အဆင်ပြေပါတယ်”
ဆူဇီမိုက လက်ကာပြလိုက်၏။
“ကျုပ် သူတို့နဲ့ လိုက်သွားလိုက်မယ်”
ခေါင်းဆောင်တပ်မှူးလျှိုက ဂိုဏ်းချုပ် ကြယ်တာရာမိုးကို ခြိမ်းခြောက်လိုသော အကြည့်ဖြင့် ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။
“တခြား ဘယ်သူ ဘာပြောချင်သေးလဲ”
ဂိုဏ်းချုပ် ကြယ်တာရာမိုးက စိတ်ထဲကနေ ကြိတ်၍ သက်ပြင်းချပြီး သူ၏ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။
“သွားကြတာပေါ့”
ခေါင်းဆောင်တပ်မှူးလျှိုက သူ၏ အကြည့်ဖြင့် အချက်ပြပြီး အခြားသော အာဏာပါးကွက်သား အစောင့်တပ်သားကို အင်မော်တယ်ယာဉ်ပျံကို ထိန်းချုပ်စေလိုက်၏။ သူတို့က မည်သည့် ရပ်နားမှုမှ မရှိဘဲ ကြယ်တာရာဂိုဏ်းကနေ ထွက်ခွာလာကာ လူတိုင်း၏ မြင်ကွင်းကနေ တစ်ခဏချင်းမှာ ပျောက်ကွယ်သွား၏။
သိပ်မကြာခင် အရှေ့ဘက်အရပ် လေထဲမှာ သွေးအလင်းတန်းတစ်ခုက ပေါ်ထွက်လာကာ ပေါက်ကွဲသွား၏။
“အဲဒီလမ်းပဲ မြန်မြန်လိုက်”
ခေါင်းဆောင်တပ်မှူးလျှိုက အော်ပြောလိုက်၏။
အခြားသော အာဏာပါးကွက်သား အစောင့်တပ်သား၏ ထိန်းချုပ်မှုအောက်မှာ အင်မော်တယ်ယာဉ်ပျံက ပို၍ပင် မြန်ဆန်လာခဲ့၏။
“ဟိုအမျိုးသားနဲ့ အမျိုးသမီးက ပိတ်မိသွားပြီနဲ့တူတယ်”
အာဏာပါးကွက်သား အစောင့်တပ်သားတစ်ယောက်က ညင်သာစွာ ပြောလိုက်၏။
ခေါင်းဆောင်တပ်မှူးလျှိုက ခေါင်းညိတ်ပြီး အင်မော်တယ်ယာဉ်ပျံ၏ ထောင့်တစ်နေရာမှာ ငြိမ်သက်နေသော ဆူဇီမိုကို တစ်ချက်ကြည့်ကာ ကြိတ်၍ လှောင်ရယ်လိုက်၏။
သူက စုံတွဲတစ်တွဲကို သတ်ဖြတ်ရတော့မည်ဖြစ်ပြီး ဤလူကို စစ်ဆေးမေးမြန်းနေဖို့ အလောတကြီး ရှိမနေပေ။
သူက ဤလူ့ထံကနေ အဲဒါကို အတင်းအကျပ် ထုတ်ဖော်ခိုင်းမည်ဆိုလျှင်တောင် အင်မော်တယ်ယာဉ်ပျံပေါ်မှာ အဲဒါကို ကျင့်ကြံဖို့က မသင့်လျော်ပေ။
ဤတာဝန် ပြီးဆုံးသွားသည်နှင့် ဤလူကို ကောင်းကောင်း စစ်ဆေးမေးမြန်းဖို့အတွက် သူ့မှာ အချိန်များစွာ ရှိနေပေလိမ့်မည်။
ဘေးမှာ ရှိသော ရှဲထျန်ဖုန့်က ရှေ့သို့တိုးလာပြီး မျက်နှာလို မျက်နှာရ အပြုံးတစ်ခုနှင့်အတူ မေးမြန်းလိုက်၏။
“ကျုပ်မေးပါရစေ ခေါင်းဆောင်တပ်မှူးလျှို… ဒီတစ်ခေါက်တာဝန်က ဘာလဲ.. အဲဒါက လူနှစ်ယောက်ကို ပိတ်ဆို့ပြီး ဖိနှိမ်ရုံပဲလား”
“မင်းတို့ကို ငါပြောလိုက်မယ်.. ဒီတာဝန်က သေးငယ်တဲ့ ကိစ္စ မဟုတ်ဘူး.. အဲဒါကို မဟာကျင်းအင်မော်တယ်နိုင်ငံရဲ့ မင်းသမီးမုန့်ယောင်ကိုယ်တိုင် စေခိုင်းလိုက်တာ”
ခေါင်းဆောင်တပ်မှူးလျှိုက အေးစက်စွာ ပြောလိုက်၏။
“ငါတို့က အဲဒါကို ကောင်းကောင်းမကိုင်တွယ်နိုင်ဘူးဆိုရင် ငါတို့အားလုံး ခေါင်းဖြတ်သတ်ခံရလိမ့်မယ်”