← Chapters

အောက်မေ့တမ်းတခြင်း

Vol. 140 Ch. 2100

အောက်မေ့တမ်းတခြင်း

Vol. 140 Ch. 2100

“ငါမင်းနဲ့ မတွေ့ရတာ နှစ်နှစ်ထောင်ကျော်ပဲရှိသေးတယ်... ဒါပေမယ့် မင်းက ဒီလောက်ထိမြန်မြန်ဆန်ဆန်တိုးတက်လာပြီဆိုတော့... အထင်ကြီးစရာပဲ”

ဆူဇီမို၏ သရုပ်သကန်ကို မှတ်မိသိရှိသွားပြီး ကူထုံယိုက သူ၏ သတိကို လျှော့ချကာ ချီးကျူးလိုက်၏။

ချိုးစစ်လောကလည်း ပြုံးပြလိုက်၏။

“ကျွန်မတို့က ရှင့်ကိုအရင်က ကယ်တင်ခဲ့ပေမယ့်လို့ ရှင်ကလည်း စောစောက ကျွန်မတို့ကို ကယ်တင်ခဲ့တာပဲ.... ကျွန်မတို့ကို ကျေးဇူးရှင်လို့ခေါ်မနေနဲ့တော့... အဲ့ဒါက ပိုပြီးတော့စိမ်းသွားသလိုပဲ”

“အဲ့ဒါဟုတ်တယ်”

ကူထုံယိုက ခေါင်းညိတ်ပြီးထပ်မေးလိုက်၏။

“တာအိုရောင်းရင်း... ကျုပ်ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ”

“ကျုပ်နာမည်က ဆူဇီမိုပါ”

ဆူဇီမိုက ကူထုံယိုနှင့် ချိုးစစ်လော​ရှေ့မှာ သူ၏ သရုပ်မှန်ကို ဖုံးကွယ်ထားခြင်းမရှိပေ။

ကူထုံယို၏ အမူအရာက ပြောင်းလဲသွား၏။ သူက တစ်စုံတစ်ရာကိုအမှတ်ရသွားသည့်အလား မေးလိုက်လေသည်။

“ဒီနှစ်တွေထဲမှာ... မဟာကျင်းအင်မော်တယ်နိုင်ငံက မင်းသားတစ်ပါးက လူတစ်ယောက်ကိုအမဲလိုက်နေတယ်မလား... အဲ့ဒါက...”

“အဲ့ဒါကျုပ်ပဲ”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

ကူထုံယိုက ပြောလိုက်၏။

“ညီကိုဆူ... မင်းရဲ့ရုပ်ဖျက်နည်းစနစ်က တကယ့်ကိုအထင်ကြီးစရာပဲ... ဘာဟာကွက်မှမရှိဘူး... မင်းက မဟာကျင်းအင်မော်တယ်နိုင်ငံရဲ့ လိုက်လံဖမ်းဆီးမှုကနေ နှစ်နှစ်ထောင်ကျော်ကြာအောင်ပုန်းကွယ်နိုင်ခဲ့တာ အံ့ဩစရာမရှိတော့ဘူး”

“ဒါပေမဲ့... ရှင်က ကျမတို့ကိုကယ်တင်ပြီး ရှင့်ရဲ့သရုပ်သကန်က ပေါက်ကြားသွားပြီဆိုတော့... ရှင်ကကြယ်တာရာဂိုဏ်းမှာ ဆက်ပြီးမနေနိုင်တော့မှာ ကျမစိုးမိတယ်”

ချိုးစစ်လောက မလုံမလဲဖြစ်သည့်ပုံပေါ်နေ၏။

ဆူဇီမိုက ခေါင်းခါပြလိုက်၏။

“ဒီကိစ္စကြောင့်မဟုတ်ရင်တောင် ကျုပ်က အဲ့ဒီကနေထွက်သွားတော့မှာ”

ယခင်က သူသည် တံခါးပိတ်ကျင့်ကြံခဲ့ခြင်းမှာ သူ၏ ကျင့်ကြံမှုကိုမြှင့်တင်ဖို့ အလောတကြီးရှိနေသောကြောင့်ဖြစ်၏။

ဤတစ်ခေါက်တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီးနောက် သူသည် မဟာကျင်းအင်မော်တယ်နိုင်ငံမှာ ဆက်လက်၍နေဖို့ စိတ်ကူးမရှိတော့ပေ။ သူသည် ဤနေရာကနေ ထွက်ခွာဖို့အတွက် အခွင့်အလမ်းတစ်ရပ်ကို ရှာဖွေရမည်ဖြစ်၏။

မဟာကျင်းအင်မော်တယ်နိုင်ငံမှာ သူသည် မင်းသားတစ်ပါးကို ဆန့်ကျင်မိထားပြီး အချိန်မရွေးအမဲလိုက်ခံရနိုင်၏။

လက်ရှိအခြေအနေကို ဖြေရှင်းဖို့အတွက် တစ်ခုတည်းသောနည်းလမ်းမှာ မဟာကျင်းအင်မော်တယ်နိုင်ငံအုပ်စိုးသော ပိုင်နက်နယ်မြေကနေ ထွက်ခွာသွားဖို့ဖြစ်၏။

သူသည် ဤအခြေအနေကနေ ရုန်းထွက်ချင်သည်ဆိုလျှင် အကောင်းဆုံးနည်းလမ်းမှာ မဟာကျင်းအင်မော်တယ်နိုင်ငံကို ရင်ဆိုင်နိုင်မည့် အဖွဲ့အစည်းတစ်ခုအောက်သို့ ဝင်ရောက်ဖို့ဖြစ်၏။

“မဟာကျင်းအင်မော်တယ်နိုင်ငံကနေ ထွက်သွားပြီးမှပဲ မျှော်လင့်ချက်ရှိတော့မယ်”

ကူထုံယိုကလည်း လေးနက်သောအသံဖြင့် ပြောလိုက်၏။

သူတို့ရင်ဆိုင်နေရသောအခြေအနေကလည်း ဆူဇီမိုနှင့်များစွာမကွာခြားပေ။

ဒါ့အပြင် သူတို့ဆန့်ကျင်မိသောသူက မင်းသားယွမ်ကျောထက်ပင် ပို၍ပင်သန်မာပြီး ပို၍ပင်မြင့်မားသောအဆင့်အတန်းရှိလေသည်။

“အခုကစပြီး ခင်ဗျားတို့ရဲ့အစီအစဥ်ကဘာလဲ”

ဆူဇီမိုက မေးလိုက်၏။

ကူထုံယိုနှင့် ချိုးစစ်လောက အကြည့်ချင်းဖလှယ်ပြီး သူတို့၏ မျက်လုံးထဲရှိ မှိုင်တွေလွမ်းဆွေးမှုက ပို၍ပင်နက်ရှိုင်းလာကာ ညင်သာစွာသက်ပြင်းချလိုက်၏။

“ငါတို့နှစ်ယောက်က ဒုံမင်းအင်မော်တယ်မုန့်ယောင်ကို ဆန့်ကျင်မိထားတယ်... ငါတို့က ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ ဆက်ပြီးနေနိုင်မှာမဟုတ်တော့ဘူး”

“မုန့်ယောင်က တော်တော်ကြောက်ဖို့ကောင်းတာလား”

ဆူဇီမိုက မျက်မှောင်ကြုတ်၍မေးလိုက်၏။

ချိုးစစ်လောက ရှင်းပြလိုက်၏။

“မုန့်ယောင်က မဟာကျင်းအင်မော်တယ်နိုင်ငံက မင်းသမီးတစ်ပါးပဲဆိုရင်.... သူကအဲ့လောက်ထိ လွှမ်းမိုးမှုရှိမှာမဟုတ်ဘူး... ဒါပေမဲ့သူက အင်မော်တယ်ပျံဂိုဏ်းရဲ့အမွေခံတပည့်တစ်ယောက်လည်းဖြစ်နေတယ်”

“အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းမှာ အမွေခံတပည့်တွေ များများစားစားမရှိဘူး”

“လူတစ်ယောက်က ပကတိဧကနယ်ပယ်ကိုဝင်ရောက်ပြီး ပကတိအင်မော်တယ်တစ်ယောက်ဖြစ်လာမှပဲ... သူတို့က အမွေခံတပည့်ဆိုတဲ့ ဘွဲ့ကို ရရှိနိုင်တယ်”

“အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းရဲ့ အမွေခံတပည့်တွေက ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာမပြောနဲ့ မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေမှာတောင်မှ မြင့်မားတဲ့အဆင့်အတန်းတွေရှိကြတယ်”

“နောက်ပြီး မုန့်ယောင်က မဟာနတ်မိမယ်လေးပါးထဲကတစ်ပါးလည်းဖြစ်တယ်... ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေနဲ့ မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေမှာတောင်မှ မုန့်ယောင်ရဲ့ ဒုံမင်းသံကိုနားဆင်နိုင်တာက သူတို့အတွက် ဂုဏ်ယူစရာပဲ”

“ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ ဒုံမင်းအင်မော်တယ်ရဲ့ ဂီတသံစဥ်က အဖိုးမဖြတ်နိုင်တဲ့ ကောင်းကင်ဘုံအသံတစ်ခုဖြစ်တယ်လို့တောင် ဆိုကြတယ်”

“ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ ငါတို့နှစ်ယောက်အတွက် ဘယ်ထိပ်သီးအဖွဲ့အစည်းကမှ ဒုံမင်းအင်မော်တယ်မုန့်ယောင်ကို ဆန့်ကျင်ပေးမှာ မဟုတ်ဘူး”

ဆူဇီမိုက အသံတိတ်နေ၏။

ထိုသို့ဆိုလျှင် ကူထုံယိုနှင့် ချိုးစစ်လောရင်ဆိုင်နေရသည့်အ​ခြေအနေက သူ့ထက်ပင် ပို၍ဆိုးရွားနေ၏။

“ငါတို့က အခြားအင်မော်တယ်မဟာနယ်မြေတွေကို သွားရလိမ့်မယ်ထင်တယ်”

ထိုနေရာအရောက်တွင် ကူထုံယိုက ခဏမျှရပ်တန့်ပြီး ပြောလိုက်၏။

“ငါတို့မှာတကယ်ပဲထွက်ပေါက်မရှိတော့ဘူးဆိုရင် ငါတို့က မိစ္ဆာမဟာနယ်မြေကိုပဲ သွားရတော့မယ်”

“မိစ္ဆာမဟာနယ်မြေလား”

ဆူဇီမိုက မိစ္ဆာမဟာနယ်မြေသို့ ထွက်ခွာသွားပြီဖြစ်သော မိုးကြိုးဧကရာဇ်ကို အမှတ်ရသွားလေသည်။ မိုးကြိုးဧကရာဇ်က ဘယ်လိုနေလဲ... သူ့ရဲ့ဒဏ်ရာတွေက သက်သာနေပြီလား သူမသိပေ။

“ညီကိုဆူ... အရေးပါတဲ့လူတစ်ယောက်ထွက်ခွာသွားလို့ မင်းရဲ့တာအိုနှလုံးသားက ပျက်စီးထိခိုက်ထားတယ်လို့ပြောတာ ငါကြားလိုက်တယ်”

ရုတ်တရက် ကူထုံယိုက မေးလိုက်၏။

“ဟုတ်ပါတယ်”

ဆူဇီမိုက ဝမ်းနည်းစွာသက်ပြင်းချလိုက်၏။ သူသည် ကျိယောင်ရွှယ်၏ အသံနှင့် အမူအရာတို့ကို မြင်ယောင်ကြားယောင်လာပြီး မှိုင်တွေသွားလေသည်။

ယနေ့တွင်... ကိစ္စများစွာဖြစ်ပျက်ခဲ့သော်လည်း ကျိယောင်ရွှယ်ကွယ်လွန်သွားခဲ့သည်မှာ တစ်နေ့ပင်မပြည့်သေးပေ။

ဆူဇီမိုသည် စိတ်ပျက်လက်ပျက်ဖြစ်နေသော ခံစားချက်ကနေ ရုန်းထွက်မလာနိုင်သေးပေ။

သူ၏ ရင်ဘတ်ကလေးလံ၍ ဆိုးဆိုးရွားရွား ခံစားနေရသော်လည်း သူက အဲ့ဒါကို ဖွင့်ထုတ်စရာနေရာမရှိဖြစ်နေ၏။

သူကထိုသို့ဖြစ်လေလေ သူ၏ တာအိုနှလုံးသားကို ကုသဖို့က ပို၍ခက်ခဲလေလေဖြစ်၏။

သူသည် ဤအကြပ်အတည်းကနေ ရုန်းမထွက်နိုင်ဘူးဆိုလျှင် သူသည် ရက်စက်သောစက်ဝန်းတစ်ခုကိုဖြစ်ပေါ်စေပြီး ထိုထဲသို့ နစ်မြုပ်သွားဖို့အခွင့်များလေသည်။

ကူထုံယိုနှင့် ချိုးစစ်လောက အကြည့်ချင်းဖလှယ်ပြီး ခေါင်းညိတ်လိုက်ကြ၏

ချိုးစစ်လောက ဝိညာဥ်ရိပ်သိမ်းဒုံမင်းကို သူမ၏ ဒူးနှစ်ဖက်ပေါ်မှာတင်ပြီး ဒုံမင်းကြိုးများကို သူမ၏ ကျောက်စိမ်းလိုလက်ချောင်းများဖြင့် ညင်သာစွာခတ်လိုက်၏။ ရေများစီးဆင်းနေသကဲ့သို့အသံက ထွက်ပေါ်လာခဲ့လေသည်။

ရေစက်များကျဆင်းနေသကဲ့သို့ သို့မဟုတ် ညကောင်းကင်ယံမှာ ဥက္ကာခဲများပျံသန်းနေသကဲ့သို့ဖြစ်၏။

ချက်ချင်းပင် ဆူဇီမိုသည် အတိတ်ကာလကို ပြန်လည်ရောက်ရှိသွားသည့်အလား ရေပြင်အကာအရံအလွှာတစ်ခုကိုဖြတ်ကျော်၍ ဝဲဂယက်များ ပေါ်ထွက်လာသည်ဟုထင်ရ၏။

ကူထုံယိုက ဝိညာဥ်ကျဆုံးပုလွေကိုကောက်ယူပြီး သူ၏ နှုတ်ခမ်းပေါ်မှာ တင်လိုက်လေသည်။

ငိုရှိုက်ခြင်း၏ ဆွတ်ပျံ့လွမ်းမောဖွယ်ရာအသံက ထွက်ပေါ်လာ၏။

ဆူဇီမိုက ကျိယောင်ရွှယ်ကို တစ်ဖန်မြင်ယောင်မိလာ၏။

အဲ့ဒါက သူမေ့ဖျောက်လို့မရသော အမျိုးသမီးဖြစ်၏။

သူတို့ပထမဆုံးတွေ့ဆုံချိန်ကနေ မဟာကျိုးမြို့တော်ထိ အရာရာတိုင်းက အတူတူပင်ဖြစ်သည်ဟု ထင်ရ၏။

သို့သော်လည်း ဤမှတ်ဉာဏ်ထဲမှာ ဆူဇီမိုနှင့်ကျိယောင်ရွှယ်သည် တာအိုလက်တွဲဖော်များဖြစ်လာပြီး တစ်ယောက်နှင့်တစ်ယောက် အဖော်ပြုကာ ပေါ်ရွှင်စရာအချိန်များစွာကို ချန်ထားရစ်ခဲ့ကြ၏။

ဆူဇီမိုသည် အထက်ဘုံသို့မတက်လှမ်းဘဲ ကျိယောင်ရွှယ်နှင့် အတူနေထိုင်ကာ အိုမင်းလာခဲ့၏။

နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက်ဖက်ကာ အိပ်မောကျပြီး အတူတကွသေဆုံးသွားကြ၏။

ဒုံမင်းသံနှင့် ပုလေသံကလည်း ​တဖြည်းဖြည်းတိုးညင်းသွားပြီး နောက်ဆုံးမှာငြိမ်သက်သွား၏။

ဆူဇီမိုက နိုးထလာသည့်အချိန်မှာ သူ၏ မျက်နှာက မျက်ရည်များဖြင့်စိုရွှဲနေ၏။

ကျိယောင်ရွှယ် ထွက်ခွာသွားသည့်သတင်းကို လက်ခံရရှိသည့်အခါ သူသည် သူ့ရင်ထဲရှိခံစားချက်များကို ဖွင့်ထုတ်စရာနေရာမရှိဘဲ... သူ့နှလုံးသားထဲမှာသာ ထည့်ထားရလေသည်။

ဆူဇီမိုသည် အလွန်တရာဆိုးဝါးသော စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာကျရောက်နေသည်ကို ကူထုံယိုနှင့် ချိုးစစ်လောက ပြောနိုင်ကြ၏။

သူသည် အနာဂတ်မှာကျင့်ကြံမည်ဆိုလျှင် သူ၏ တာအိုနှလုံးသားကို ကုသဖို့နေနေသာ သူသည် ချီသွေဖယ်ခြင်းသို့ဝင်ရောက်သွားဖို့ပင် အခွင့်များလေသည်။

သူတို့နှစ်ယောက်သည် ဂီတတာအိုမှာ ကျွမ်းကျင်ပိုင်နိုင်ပြီး ဒုံမင်းနှင့်ပုလွေကိုအတူတကွ တီးမှုတ်ကာ ဆူဇီမိုကို မှတ်ဉာဏ်တစ်ခုစီသို့ ခေါ်ဆောင်ပေးသွား​ခဲ့လေသည်။

ဆူဇီမို၏ စိတ်ခံစားချက်များက ဒုံမင်းသံနှင့် ပုလွေသံနှင့်အတူ တက်လိုက်ကျလိုက်ဖြစ်နေခဲ့ပြီး ဤမှတ်ဉာဏ်ထဲမှာ သူ၏ ခံစားချက်များကိုဖွင့်ထုတ်ကာ လွတ်မြောက်မှုကို ရရှိလာ၏။

ဆူဇီမိုနိုးထလာသည့်အချိန်မှာ သူ၏ တာအိုနှလုံးသားပေါ်ရှိဒဏ်ရာများက သက်သာပျောက်ကင်းသွားခဲ့လေပြီ။

သူ၏ ခန္ဓာကိုယ်ထဲရှိ ကောင်းကင်နှင့်မြေကြီးအမြုတေချီများက တလိပ်လိပ်ထိုးတက်လာပြီး သူ၏ ခန္ဓာကိုယ်ကို ဆူနာမီတစ်ခုကဲ့သို့ ဆေးကြောပေးနေ၏။

ကြယ်တာရာဂိုဏ်းကနေရရှိလာခဲ့သည့် အမွေအနှစ်က ဤအခိုက်အတန့်မှာ အသုံးဝင်လာခဲ့၏။

ဆူဇီမိုသည် အမွေအနှစ်ကိုလက်ခံရရှိခဲ့စဥ်က အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် ကြယ်နယ်မြေဒေသနှစ်ခုမှ ကြယ်အလင်းရောင်များကိုစုပ်ယူပေးခဲ့၏။

ကြယ်အလင်းရောင်သည် ကျယ်ပြောသောကြယ်နယ်မြေဒေသများကနေလာခဲ့ခြင်းဖြစ်၏။

ကြယ်အလင်းတစ်ခုချင်းစီမှာ ကြွယ်ဝ၍သန့်စင်နေသော ကောင်းကင်နှင့်မြေကြီး အမြုတေချီများပါဝင်နေ၏။

ဆူဇီမို၏ အမွေအနှစ်ကို လက်ခံရယူခြင်းသည် သူ၏ ခန္ဓာကိုယ်ထဲရှိ ကောင်းကင်နှင့်မြေကြီး အမြုတေချီကို စုပ်ယူသွင်းခဲ့ခြင်းနှင့်လည်းတူလေသည်။

သို့သော်လည်း သူ၏ တာအိုနှလုံးသားက ပျက်စီးထိခိုက်ထားပြီး သူ့ကိုအဆင့်ချိုးဖျက်တက်လှမ်းခြင်းကနေ တားဆီးထားကာ ကောင်းကင်နှင့်မြေကြီး အမြုတေချီများကို သူ၏ ခန္ဓာကိုယ်ထဲမှာသာ စုပ်ယူထားခဲ့​လေသည်။

ယခု... သူ၏ တာအိုနှလုံးသားက ပြန်လည်သက်သာကောင်းမွန်လာပြီး စု​ဆောင်းထားသော ကောင်းကင်နှင့်မြေကြီး အမြုတေချီများကလည်း တလိပ်လိပ်ထိုးတက်လာခဲ့၏။

ဆူဇီမို၏ ကျင့်ကြံမှုနယ်ပယ်က နောက်တစ်ဖန်ချိုးဖျက်တက်လှမ်းသွား၏။

အဆင့်-၆ ကမ္ဘာ​မြေအင်မော်တယ်..။

အဆင့်-၆ ကမ္ဘာမြေအမြုတေနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းပြီးနောက် သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်နှင့်မြေကြီး အမြုတေချီက အလွန်တရာပေါကြွယ်ဝနေဆဲ ဖြစ်၏။

သူက ကောင်းကင်နှင့်မြေကြီး အမြုတေချီများအားလုံးကို စုပ်ယူသန့်စင်မည်ဆိုလျှင် အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်၏ အထွတ်အထိပ်သို့ပင် ရောက်ရှိနိုင်လေသည်။

သို့သော်လည်း ဤနေရာက ကျင့်ကြံဖို့အတွက် သင့်တော်သောနေရာကောင်းတစ်ခုမဟုတ်ပေ။

ဆူဇီမိုသည် သူ၏ ခန္ဓာကိုယ်ထဲရှိ အမြုတေချီကို လောလောဆယ်မှာ ဖိနှိမ်ပြီး သူ၏ မျက်နှာပေါ်မှ မျက်ရည်များကို သုတ်ဖယ်လိုက်၏။

သူက ကူထုံယိုနှင့် ချိုးစစ်လောကို လေးနက်စွာဦးညွှတ်လိုက်၏။

သူ၏ ကျေးဇူးတင်မှုကို ဖော်ပြဖို့အတွက် မည်သည့်စကာလုံးမှမရှိပေ။ သူက ဤအကျိုးပြုမှုကို သူ၏ နှလုံးသားထဲမှာ ကမ္ပည်းထိုးပြီးသွားခဲ့ပြီဖြစ်၏။

ချိုးစစ်လောက ညင်သာစွာပြုံးပြလိုက်၏။

ဆူဇီမိုက ရေရွတ်ပြောဆိုလိုက်လေသည်။

“ကျုပ်က... ဒုံမင်းအင်မော်တယ်ရဲ့ ဂီတသံကိုတစ်ခါမှ မကြားဖူးဘူး... ဒါပေမဲ့ သူက ခင်ဗျားရဲ့ဒုံမင်းသံကို ယှဥ်နိုင်မှပဲ ဒုံမင်းအင်မော်တယ်ဆိုတဲ့ဘွဲ့ကိုရရှိဖို့ တကယ်ပဲထိုက်တန်လိမ့်မယ်”

“ကျွန်မက ဒုံမင်းအင်မော်တယ်ကိုဘယ်လိုလုပ်ယှဥ်နိုင်မှာလဲ”

ချိုးစစ်လောက ပြုံးပြလိုက်၏။

“စောစောက ဂီတသံစဥ်ရဲ့ နာမည်ကဘာလဲ”

ဆူဇီမိုက ထပ်မံ၍မေးလိုက်၏။

“အောက်မေ့တမ်းတခြင်း”

ချိုးစစ်လောက ပြောလိုက်၏။

“အောက်မေ့တမ်းတခြင်း... အောက်မေ့တမ်းတခြင်း…”

ဆူဇီမိုကညင်သာစွာ တီးတိုးရေရွတ်လိုက်၏။

All Chapters