မဟူရာအလင်း အမြုတေဖြတ်တောက်ဝင်္ကပါ
Vol. 140 Ch. 2092
အလယ်မှာရှိသော အမျိုးသားသည် စွမ်းပကားကြီးမားသော လူတစ်ယောက်ဖြစ်ပြီး သူ၏ ဆံပင်ရှည်များကို သူ၏ ပခုံးပေါ်မှာ ဖြန့်ချထား၏။
သူ၏ မျက်နှာနှင့် ဝတ်ရုံဖြူက သွေးများဖြင့်စွန်းထင်းနေပြီး သူ၏ လက်ထဲမှာ နက်မှောင်နေသော ကျောက်စိမ်းပုလွေတစ်ချောင်းကို ကိုင်ထား၏။ သူက အနည်းငယ် ဆိုးဆိုးဝါးဝါးပုံပေါက်နေပြီး မတ်တတ်ရပ်ဖို့ပင် ခက်ခဲနေကာ လဲကျတော့မည့်ဆဲဆဲယိမ်းထိုးနေ၏။
ဤလူက နဂါးအသူရာချောက်နက်ကြယ်ပေါ်မှာ ဆူဇီမိုကိုကယ်တင်ပေးခဲ့သောကျင့်ကြံသူဖြစ်လေသည်။
အမျိုးသား၏ နက်ရှိုင်း၍ လွမ်းမောဖွယ်ရာကောင်းသော မျက်လုံးများကြောင့်သာမဟုတ်လျှင် ဆူဇီမိုသည် သူ့ကိုချက်ချင်းပင် မှတ်မိနိုင်လိမ့်မည်မဟုတ်ပေ။ ထိုမျက်လုံးများက အရမ်းကိုထူးခြား၏။
တစ်ချက်ကြည့်ရုံနှင့် လူတစ်ယောက်သည် အမျိုးသားနှင့်ပတ်သက်သည့် အခြားအရာရာတိုင်းကို အလိုလိုလျစ်လျူရှုပြီး ထိုမျက်လုံးများအပေါ် အာရုံရောက်ရှိသွားပေလိမ့်မည်။
အမျိုးသား၏ ဘေးမှာရှိသော အဖြူရောင်ဝတ်အမျိုးသမီးက အလွန်တရာချောမောလှပပြီး သူမ၏ အသားအရည်က နှင်းကဲ့သို့ ဖြူဖွေးနူးညံ့နေ၏။ သူမက ယခုအခါ ဒဏ်ရာအပြင်းအထန်ရရှိထားပြီး သူမ၏ မျက်နှာက စက္ကူတစ်ရွက်ကဲ့သို့ ဖြူဖျော့နေ၏။
အဖြူရောင်ဝတ်အမျိုးသမီးသည် မတ်တတ်ပင်မရပ်နိုင်တော့ဘဲ မြေကြီးပေါ်မှာ ပုံလျက်သားလဲကျနေ၏။ သူမ၏ ခြေထောက်ပေါ်ရှိ သွေးသံရဲရဲ ဒဏ်ရာနှစ်ခုက တုန်လှုပ်စရာကောင်းနေလေသည်။
ဆူဇီမို ထင်မှတ်ထားသည့်အတိုင်းပင် အမျိုးသားနှင့် အမျိုးသမီးသည် အရင်က သူ့ကိုကယ်တင်ပေးခဲ့သော အင်မော်တယ်စုံတွဲဖြစ်နေ၏။
သို့သော် သူက သူတို့နှစ်ယောက်ကိုမှတ်မိသော်လည်း သူတို့က ရုပ်ရည်သွင်ပြင်ပြောင်းလဲထားသော ဆူဇီမိုကို မှတ်မိမည်မဟုတ်ပေ။
ဒါ့အပြင် သူတို့နှစ်ယောက်သည် ထိုအချိန်တုန်းက ဆူဇီမိုကို ခရီးသွားဟန်လွဲကယ်တင်ခဲ့ရုံသာဖြစ်၏။
ဆူဇီမိုက သူ၏ အစစ်အမှန်ပုံစံကို ထုတ်ဖော်ပြသမည်ဆိုလျှင်တောင် သူတို့နှစ်ယောက်က သူ့ကိုမှတ်မိချင်မှမှတ်မိပေလိမ့်မည်။
အမျိုးသားနှင့် အမျိုးသမီး၏ ဘေးပတ်လည်မှာ အလောင်းဆယ်လောင်းကျော်က ပြန့်ကျဲနေ၏။ သူတို့အားလုံးက အာဏာပါးကွက်သား အစောင့်တပ်သားများဖြစ်ကြလေသည်။
“မင်းတို့တွေဘာလို့အဲ့လောက်ထိ ကြာနေတာလဲ”
အာဏာပါးကွက်သား အစောင့်တပ်သားများထဲမှ အရပ်ဆယ်ပေနီးပါးရှိသော အရပ်အမြင့်ဆုံးလူက ခေါင်းဆောင်တပ်မှူးလျှိုကို တစ်ချက်ကြည့်ပြီး မျက်မှောင်အနည်းငယ်ကြုတ်ကာ ကျယ်လောင်စွာမေးခွန်းထုတ်လိုက်၏။
“ဟီးဟီး”
ခေါင်းဆောင်တပ်မှုးလျှိုက ပြုံးစစဖြင့် ပြောလိုက်၏။
“ခေါင်းဆောင်တပ်မှူးရှုံး... ဒီကိုလာတဲ့လမ်းမှာ ကိစ္စတစ်ခုပေါ်လာလို့ ကျုပ်တို့ရဲ့အစီအစဥ်က နဲနဲကြန့်ကြာသွားတယ်... ဒါပေမဲ့ ကျုပ်တို့က သိပ်တော့နောက်မကျလောက်ပါဘူး”
“သိပ်တော့နောက်မကျဘူး... ဟုတ်လား”
အခြားသော အာဏာပါးကွက်သား ခေါင်းဆောင်တပ်မှူးက လှောင်ရယ်လိုက်၏။
“ငါတို့က... ငါတို့ရဲ့ ညီကိုဆယ်ယောက်ကျော်ကို ဆုံးရှုံးခဲ့ပြီးပြီ... မင်းသာအချိန်မီရောက်လာမယ်ဆိုရင် ငါတို့က ဒီလောက်လူအများကြီးကိုဆုံးရှုံးရမှာမဟုတ်ဘူး”
“ဒီနေ့ကိစ္စပြီးတာနဲ့ ငါကအဲ့ဒါကိုမင်းသမီးမုန့်ယောင်ထံ သေချာပေါက်တင်ပြမယ်”
ခဏမျှ ငြိမ်သက်ပြီးနောက် ခေါင်းဆောင်တပ်မှူးလျှိုက ပြောလိုက်၏။
“ခေါင်းဆောင်တပ်မှူးလီ... ခင်ဗျားက တကယ်အတည်ပေါက်ကြီးပြောနေတာပဲ”
“ကျုပ်က... လမ်းခုလတ်မှာ ကျုပ်ရဲ့အစီအစဥ်ကိုပြောင်းလဲလိုက်ရတယ်ဆိုတာ... မင်းသားယွမ်ကျော နှစ်ပေါင်းများစွာ အမဲလိုက်နေခဲ့တဲ့ ဆူဇီမိုရဲ့သတင်းက ကြယ်တာရာဂိုဏ်းအနီးနားမှာ ပေါ်ထွက်လာခဲ့လို့ပဲ... အဲ့ဒါကြောင့် ကျုပ်က အခြေအနေကိုသွားပြီး စစ်ဆေးကြည့်နေခဲ့ရတာ”
သူသည် ကြယ်တာရာဂိုဏ်း၏ အမွေအနှစ်ကို တစ်ယောက်တည်း ရယူချင်သည်ဆိုသော အမှန်တရားကို ပြောပြမည်မဟုတ်ပေ။
သို့သော်လည်း သူ၏ စကားလုံးများက အလွန်တရာပါးနပ်လေသည်။
သူက အစီအစဥ်ကို သူ့ဘာသာသူပြောင်းလဲပြီး ဤကိစ္စမှာ နှောင့်နှေးကြန့်ကြာမှုတစ်ခုဖြစ်သွားသည်ဆိုလျှင် မင်းသမီးမုန့်ယောင်က သူ့ကို သေချာပေါက်အပြစ်ပေးမည်ဖြစ်ကြောင်း ခေါင်းဆောင်တပ်မှူးလျှိုက သိရှိထား၏။
တကယ်တော့... သူသည် ဆူဇီမိုနှင့်ပတ်သက်သည့် မည်သည့်သတင်းကိုမှ မရရှိခဲ့ပေ။
သို့သော်လည်း မင်းသားယွမ်ကျော၏ နာမည်ပါလာချိန်မှာ မည်သူကမှ ဘာမှထပ်မပြောကြတော့ပေ။
“ဟမ့်...”
ခေါင်းဆောင်တပ်မှုးရှုံးနှင့် ခေါင်းဆောင်တပ်မှူးလီက ဒေါသတကြီးနှာမှုတ်ပြီး နောက်ထပ်မည်သည့်အရာကိုမှ ထပ်မံ၍ မပြောဆိုတော့ပေ။
“မဟူရာအလင်းအမြုတေဖြတ်တောက်ခြင်းဝင်္ကပါက ခင်းကျင်းပြီးသွားပြီဆိုတော့... သူတို့နှစ်ယောက်က ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး”
ခေါင်းဆောင်တပ်မှုးလီက ညင်သာစွာပြုံးလိုက်၏။
ဆူဇီမိုသည် အစီအရင်အလံများကြားသို့ ဝင်ရောက်လာသည့်ခဏမှာပင် သူက အပြင်ဘက်မှာရှိသော ကောင်းကင်နှင့်မြေကြီး အမြုတေချီကို ဆက်လက်၍ အာရုံမခံနိုင်တော့ဘူးဆိုတာကို နားလည်သဘောပေါက်လိုက်၏။
အလံများစွာဖြင့် ခင်းကျင်းထားသောအစီအရင်ဝင်္ကပါသည် ကောင်းကင်နှင့်မြေကြီး အမြုတေချီကို ပိုင်းခြားပေးထားနိုင်ပြီး နေရာလွတ်တစ်ခုကို ဖြစ်ပေါ်လာစေနိုင်၏။
“ချိုးစစ်လော...”
ခေါင်းဆောင်တပ်မှူးလီက အဖြူရောင်ဝတ်အမျိုးသမီးကိုကြည့်ပြီး လှောင်ရယ်လိုက်၏။
“နင့်ပုံစံကြည့်ရတာမဆိုးပါဘူး... နင်က ဒုံမင်းကိုလည်း ကောင်းကောင်းတီးခတ်တတ်တာပဲ... ကံဆိုးတာကတော့ နင်က မင်းသမီးမုန့်ယောင်ကို မဆန့်ကျင်ခဲ့သင့်ဘူး”
ခေါင်းဆောင်တပ်မှုးလျှိုသည် အလယ်မှာရှိသော အဖြူရောင်ဝတ်အမျိုးသမီးကိုကြည့်ပြီး လှောင်ရယ်လိုက်၏။
အဖြူရောင်ဝတ်အမျိုးသမီး၏ လက်နှစ်ဖက်က ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနူးညံနေပြီး သူမ၏ လက်ချောင်းများက သွယ်လျနေ၏။ သူမက သူမ၏ လက်ထဲရှိ ရှေးဟောင်းဒုံမင်းတစ်လက်နဲ့အတူ မြေပြင်ပေါ်မှာ ချည့်နဲ့စွာထိုင်နေ၏။ ဒုံမင်းက သုံးပေနှင့်ခြောက်လက်မရှည်လျားပြီး စုစုပေါင်း ကြိုးခုနှစ်ချောင်းပါရှိလေသည်။ အဲ့ဒါကို နေကာသစ်သားကနေပြုလုပ်ထားပြီး ရှေးကျသောညှို့ငင်ဓာတ်တစ်ခုနှင့်အတူ အနီအနက်နှစ်ရောင်စပ်ဖြစ်လေသည်။
ထိုရှေးဟောင်းဒုံမင်းသည် အသူရာချောက်နက်ထဲမှာ ဆူဇီမိုတွေ့မြင်ခဲ့ဖူးသော ဒုံမင်းပင်ဖြစ်လေသည်။
အဲ့ဒါက ခေါင်းဆောင်တပ်မှူးလျှိုပြောသည့် ဝိညာဥ်ရိတ်သိမ်းဒုံမင်းဖြစ်လေသည်။
ရှဲထျန်ဖုန့်က အကျိုးဆောင်ပြီး အာဏာပါးကွက်သား အစောင့်တပ်သားများ၏ မျက်လုံးထဲမှာ ထင်မြင်ချက်ကောင်းတစ်ခုကို ရယူလိုချင်လေသည်။ ထိုအခိုက်အတန့်မှာ သူကရှေ့သို့ထွက်လာပြီး အော်ငေါက်ပြောဆိုလိုက်၏။
“နင့်လိုခွေးမမှာ ဘာအဆင့်အတန်းရှိလို့လဲ... နင်က ရှေးဟောင်းဒုံမင်းတစ်လက်အတွက် မဟာကျင်းအင်မော်တယ်နိုင်ငံရဲ့မင်းသမီး ဒုံမင်းအင်မော်တယ်မုန့်ယောင်နဲ့ ယှဥ်ပြိုင်ဖို့ မထိုက်တန်ဘူး”
“ငါက သူ့ကိုဆန့်ကျင်ခဲ့လို့လား”
ချိုးစစ်လောက သရော်တော်တော်အမူအရာတစ်ခုနှင့်အတူ ခပ်ယဲ့ယဲ့ပြောလိုက်၏။
“ငါက... ဒီဝိညာဥ်ရိပ်သိမ်းဒုံမင်းကို ရထားတာ နှစ်ပေါင်းများစွာကြာခဲ့ပြီ... ငါက အဲ့ဒါနဲ့ စိတ်ချင်းချိတ်ဆက်မှုတောင်ပြုလုပ်ပြီးသွားပြီ”
“ဒါပေမဲ့... နင်တို့ရဲ့မင်းသမီးမုန့်ယောင်က အဲ့ဒါကိုသိသွားတဲ့အခါ သူက လူတစ်ယောက်ကိုစေလွှတ်ပြီး ငါ့ဆီကနေ ဝိညာဥ်ရိပ်သိမ်းဒုံမင်းကို တောင်းဆိုခဲ့တယ်.. ငါက အဲ့ဒါကိုမပေးချင်ဘူးဆိုတော့... နင်တို့တွေက အဲ့ဒါကိုလုယူဖို့ကြိုးစားကြတယ်ပေါ့... အဲ့ဒါက ဘယ်လိုသဘောတရားလဲ”
“ဟားဟား”
ခေါင်းဆောင်တပ်မှူးရှုံးက အော်ဟစ်ရယ်မောလိုက်၏။
“နင်က တကယ့်ကိုရူးမိုက်တာပဲ... မင်းသမီးမုန့်ယောင်က နင့်ကိုလာရှာပြီး အဲ့ဒီဒုံမင်းကိုတောင်းဆိုခဲ့တယ်ဆိုတာ နင့်ကို လုံလောက်တဲ့မျက်နှာသာပေးပြီးသွားပြီ”
“အဲ့ဒါကို အသာတကြည်ထုတ်ပေးလိုက်ပေါ့... မင်းသမီးမုန့်ယောင်ရဲ့ အဆင့်အတန်းကို သူကနင့်ကို ဆုလာဘ်တချို့သေချာပေါက်ချီးမြှင့်မှာပဲ... ဒါပေမဲ့ နင်က အဲ့ဒီဒုံမင်းကို မပေးချင်ဘူးဆိုရင်... နင်က သေချင်နေတာပဲ မဟုတ်ဘူးလား”
ခေါင်းဆောင်တပ်မှူးလျှိုက လှောင်ရယ်လိုက်၏။
“ပြောရမယ်ဆိုရင် မင်းသမီးမုန့်ယောင်က နင့်ရဲ့ ဝိညာဥ်ရိပ်သိမ်းဒုံမင်းကို လုယူဖို့အတွက် သူ့လူတွေကိုစေလွှတ်လိုက်တော့ နင်လုပ်နိုင်တာဘာများရှိလို့လဲ... မင်းသမီးက အင်အားမသုံးခင် ယဥ်ယဥ်ကျေးကျေးတောင်းဆိုခဲ့တယ်ဆိုတာ နင့်အတွက် ကောင်းချီးမင်္ဂလာတစ်ခုဖြစ်နေပြီ”
ဆူဇီမိုက အမူအရာကင်းမဲ့နေ၏။
သူသည် အစကတည်းက မင်းသမီးမုန့်ယောင်အပေါ် ကောင်းမွန်သောထင်မြင်ချက်မရှိခဲ့ပေ။
ဤမိန်းမသည် မဟာနတ်မိမယ်လေးဦးထဲက တစ်ဦးဖြစ်သော်လည်း နဂါးအသူရာချောက်နက်ကြယ်မှာတုန်းက သူမသည် စကားတချို့အတွက် လူများကိုသတ်ဖြတ်ခဲ့လေသည်။
ထို့နောက် ဝိညာဥ်ရိပ်သိမ်းဒုံမင်းကိုရှာဖွေဖို့အတွက် သူမသည် ထိုနေရာမှာရှိသည့် ကျင့်ကြံသူများအားလုံး၏ အသိစိတ်ကို မည်သည့်ငဲ့ကွက်မှုမှမရှိဘဲရှာဖွေခဲ့ပြီး စိုးမိုးဗိုလ်ကျခဲ့လေသည်။
သူမက ဤကဲ့သို့သောတစ်စုံတစ်ရာကို ပြုလုပ်လာသည့်အခါ ဆူဇီမိုက အံ့အားသင့်သွားခြင်းမရှိပေ။
ချိုးစစ်လောက ပြောလိုက်၏။
“မင်းသမီးတစ်ပါးအနေနဲ့... သူက ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဆီက ရတနာကိုလုယူဖို့ကြိုးစားနေပြီး အဲ့ဒါက သူကပဲကျိုးကြောင်းဆီလျော်မှုရှိသလို... ဂုဏ်သိက္ခာကြီးမားသလို ပြောနေသေးတယ်... သူက တစ်လောကလုံးရဲ့ လှောင်ပြောင်သရော်ခံရမှာ မကြောက်ဘူးလား”
“အဓိပ္ပါယ်မရှိတာ”
ခေါင်းဆောင်တပ်မှူးလီက ပြောလိုက်၏။
“မင်းသမီးက နဂါးအသူရာချောက်နက်ကြယ်ကိုသွားခဲ့တုန်းက အဲ့ဒါ အဲ့ဒီဝိညာဥ်ရိပ်သိမ်းဒုံမင်းအတွက်သွားခဲ့တာပဲ... ဒီရှေးဟောင်းဒုံမင်းက အစကတည်းက မင်းသမီးပိုင်တာပဲ”
“တစ်လောကလုံးကို ဘုရင်ကပိုင်တယ်... မဟာကျင်းအင်မော်တယ်နိုင်ငံမှာရှိတဲ့ရတနာတွေအားလုံးကို တော်ဝင်မိသားစုက ပိုင်တယ်”
“မင်းသမီးက နင့်ဆီက ဒုံမင်းကိုတောင်းဆိုတယ်ဆိုရင်.... အဲ့ဒါ သူပိုင်ဆိုင်တဲ့တစ်စုံတစ်ရာကို ပြန်ပြီးရယူရုံပဲ”
ချိုးစစ်လောက သူမ၏ ခေါင်းကို ခါလိုက်၏။
“ဒီရတနာက အသိစိတ်ရှိတယ်... အဲ့ဒါက ငါ့ကို သူ့ရဲ့သခင်အဖြစ် အသိအမှတ်ပြုပြီးသွားပြီ... အဲ့ဒါက နင်တို့ရဲ့မင်းသမီး မုန့်ယောင်နဲ့ဘာမှမဆိုင်တော့ဘူး”
“အသိစိတ်ရှိတယ်ဟုတ်လား”
ခေါင်းဆောင်တပ်မှူးလျှိုက လှောင်ရယ်လိုက်၏။
“ဝိညာဥ်ရိပ်သိမ်းဒုံမင်းနဲ့ ဝိညာဥ်ကျဆုံးပုလွေရဲ့ စိတ်ဝိညာဥ်အသိစိတ်တွေက ဒဏ်ရာအပြင်းအထန်ရရှိထားတယ်လို့ ငါကြားတယ်... သူတို့က တခြားသူတွေကို သူတို့ရဲ့သခင်အဖြစ် အသိအမှတ်ပြုလိုက်တယ်ဆိုတာ သူတို့ရဲ့အသိစိတ်ချို့တဲ့သွားလို့ မှားယွင်းဆုံးဖြတ်လိုက်မိတာပဲဖြစ်ရမယ်”
ဘေးမှာရှိသော အမျိုးသားက ညင်သာစွာသက်ပြင်းချလိုက်၏။
“အဲ့လိုကြောင့်သာမဟုတ်ရင်... မင်းတို့အာဏာပါးကွက်သား အစောင့်တပ်သားတွေက ငါ့နောက်ကိုလိုက်ဖမ်းရဲမှာလား”
နဂါးအသူရာချောက်နက်ကြယ်မှာတုန်းက ဤရှေးဟောင်းဒုံမင်းနှင့် ပုလွေသည် သူတို့၏ သခင်များကို အသိအမှတ်မပြုခင် ကမ္ဘာမြေအင်မော်တယ်များစွာကိုသတ်ဖြတ်ခဲ့၏။
ယခု... ဒုံမင်းနှင့် ပုလွေထဲရှိ စိတ်ဝိညာဥ်အသိစိတ်များက ဒဏ်ရာအပြင်းအထန် ရရှိထားပြီး သူတို့၏ စွမ်းအားကလည်း သေချာပေါက်ကြီးမားစွာလျော့ကျသွားပေလိမ့်မည်။
“ကူထုံယို”
ခေါင်းဆောင်တပ်မှူးလီက အော်ငေါက်လိုက်၏။
“ကောင်းကင်စုံစမ်းရေးဂိုဏ်းက မင်းတို့နှစ်ယောက်ကြောင့် ဖျက်ဆီးခံခဲ့ရတာပဲ... ဒါတောင်းမင်က နောင်တမရသေးဘူးပဲ”
ကူထုံယို၏ မျက်လုံးထဲရှိ မှိုင်တွေလွမ်းဆွေးမှုက ပို၍ပင်သိပ်သည်းကျစ်လစ်လာပြီး သူကဖြည်းဖြည်းချင်းပြောလိုက်၏။
“မင်းတို့ရဲ့မင်းသမီးက အရမ်းကိုများသွားပြီ... ဒါက ငါနဲ့ စစ်လောကြားက ကိစ္စပဲ... အဲ့ဒါကငါတို့ဂိုဏ်းနဲ့ဘာမှမဆိုင်ဘူး”
“ဟမ့်...”
ခေါင်းဆောင်တပ်မှူးလျှိုက ကြမ်းကြုတ်ခက်ထန်စွာပြောလိုက်၏။
“ကောင်းကင်စုံစမ်းရေးဂိုဏ်းရဲ့ ဂိုဏ်းချုပ်က သူ့နေရာသူမသိဘဲ မင်းတို့နှစ်ယောက်ကို ကာကွယ်ပေးဖို့တောက် စိတ်ကူးယဥ်နေလိုက်သေးတယ်... ကောင်းကင်စုံစမ်းရေးဂိုဏ်းက ကမ္ဘာမြေအဆင့်ဂိုဏ်းတစ်ဂိုဏ်းဆိုပေမယ့် အဲ့ဒါက မင်းသမီးမုန့်ယောင်ထံက စကားတစ်ခွန်းကိုတောင် ခုခံနိုင်မှာ မဟုတ်ဘူး”
ဘေးတစ်ဖက်မှာ ရှဲထျန်ဖုန့်၊ လင်းမင်နှင့် အခြားလူတိုင်းက လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကြ၏။
ကမ္ဘာမြေအဆင့် အင်မော်တယ်ဂိုဏ်းများသည် သူတို့၏ မိသားစုကလန်များထက် များစွာပိုမိုသန်မာလေသည်။ သို့သော်လည်း မင်းသမီးမုန့်ယောင်ထံမှ စကားတစ်ခွန်းကြောင့် သူတို့ကဖျက်ဆီးချေမှုန်းခံခဲ့ရ၏။
ခေါင်းဆောင်တပ်မှူးလီက လှောင်ပြောင်သရော်လိုသောအမူအရာဖြင့် ပြောလိုက်၏။
“ကူထုံယို... မင်းရဲ့ခန္ဓာကိုယ်ထဲမှာ အမြုတေစိတ်ဝိညာဥ်များများစားစားမကျန်တော့ဘူး... မင်းက ဒီမဟူရာအလင်းအမြုတေဖြတ်တောက်ခြင်းဝင်္ကပါထဲမှာ ကျဆင်းသွားပြီး ဒဏ်ရာအပြင်းအထန် ရရှိပြီးတဲ့နောက် မင်းရဲ့တိုက်ခိုက်ရည်ခွန်အားက ဘယ်လောက်များများ ကျန်ဦးမှာလဲ”
“တစ်ဆယ်ရာခိုင်နှုန်းလား... ဒါမှမဟုတ် နှစ်ဆယ်ရာခိုင်နှုန်းလား”
“မင်းစမ်းကြည့်လိုက်လေ”
ကူထုံယိုက မှင်သေသေဖြင့်ပြောလိုက်၏။