← Chapters

ချေမှုန်းသုတ်သင်ခြင်း

Vol. 140 Ch. 2097

ချေမှုန်းသုတ်သင်ခြင်း

Vol. 140 Ch. 2097

“မင်း...”

ခေါင်းဆောင်တပ်မှုးရှုံးသည် လေထုကိုဆုတ်ဖြဲလာသည့် ထူးဆန်းသောအစိမ်းရောင်ဓားကို တွေမြင်သောအခါ သူကတုန်လှုပ်သွား၏။

သူက အစိမ်းရောင်ကြာပန်းဓားကို ခုခံဖို့အတွက် သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို အလောတကြီးစုဖွဲ့လိုက်၏။

သို့သော်လည်း အစိမ်းရောင်ကြာပန်းဓားက အလွန်တရာထက်ရှပြီး သူ၏ အသိစိတ်ကို ချက်ချင်းပင်ထိုးဖောက်ဝင်ရောက်ကာ သူ၏ အမြုတေစိတ်ဝိညာဥ်ကို ခုတ်ပိုင်းချလိုက်၏။

ချွမ်း...

အစိမ်းရောင်ကြာပန်းဓားက အမြုတေစိတ်ဝိညာဥ်နှင့်ထိခတ်သောအခါ စူးစူးရှရှ အသံတစ်သံ ထွက်ပေါ်လာ၏။

အစိမ်းရောင်ကြာပန်းဓားက ညင်သာစွာတုန်ခါသွားပြီး ၎င်း၏ ရောင်ဝါက မှေးမှိန်သွား၏။

အဲ့ဒါက အစိမ်းရောင်ကြာစေ့ ၉၀ အဖြစ် ပြောင်းလဲကာ ဆူဇီမို၏ အသိစိတ်ထဲသို့ ပြန်လည်ဝင်ရောက်သွား၏။

ခေါင်းဆောင်တပ်မှူးရှုံး၏ အမြုတေစိတ်ဝိညာဥ်က အတွင်းချပ်ဝတ်တစ်ခုနှင့်ဆင်တူသော အမြုတေစိတ်ဝိညာဥ် ဓမ္မရတနာတစ်ခုကို ဝတ်ဆင်ထားလေသည်။

အမြုတေစိတ်ဝိညာဥ်ဓမ္မရတနာများက အလွန်တရာရှားပါး၏။

သူတို့ကို သွန်းလုပ်ဖို့က အရမ်းကိုခက်ခဲလေသည်။

အချိန်အများစုမှာ သူတို့သည် အသက်များကိုကယ်တင်ပေးနိုင်ပြီး အသက်ပိုတစ်ခုရှိထားခြင်းနှင့် တူညီလေသည်။

အမြုတေစိတ်ဝိညာဥ် ကိုယ်ကျပ်ချပ်ဝတ်မရှိလျှင် ခေါင်းဆောင်တပ်မှူးရှုံးက သေချာပေါက်သေရပေလိမ့်မည်။

တကယ်တော့... အစိမ်းရောင်ကြာပန်းဓားသည် အဆင့်-၁၀ ဖန်တီးခြင်းကြာပဒုမ္မာ၏ ကြာစေ့များကနေဖြစ်ပေါ်လာခြင်းဖြစ်၏။

အဲ့ဒါက အလွန်တရာထက်ရှပြီး စွမ်းအားကြီးမားလေသည်။

ထိုကိုယ်ကျပ်ချပ်ဝတ်နှင့်ပင်လျှင် ခေါင်းဆောင်တပ်မှူးရှုံး၏ အမြုတေစိတ်ဝိညာဥ်က ပြင်းထန်စွာလှုပ်ခတ်၍ ဒဏ်ရာရရှိသွားဆဲ ဖြစ်၏။

ချက်ချင်းပင် သူ၏ သွေးများက အထိန်းအကွပ်မဲ့စွာ လှည့်ပတ်လာပြီး သူ၏ ခန္ဓာကိုယ်က တဆတ်ဆတ်တုန်ယင်ကာ သူ၏ နှုတ်ခမ်းထောင့်ကနေ သွေးများစီးကျလာ၏။

ထိုစဥ်မှာပင် ဆူဇီမိုက တန်ပြန်တိုက်ခိုက်လိုက်ပြီဖြစ်၏။

သူတို့နှစ်ယောက်သည်အစကတည်းက နီးကပ်နေကြပြီး ဆူဇီမိုက ခြေလှမ်းတစ်လှမ်းနှင့်အတူ ချဥ်းကပ်လာခဲ့၏။ သူ၏ ဒူးကို ရှေ့သို့ကွေးညွှတ်ပြီး ဒုန်းဆိုင်းပြေးဝင်လာသော မြင်းတစ်ကောင်ကဲ့သို့ ခေါင်းဆောင်တပ်မှူးရှုံး၏ ရင်ဘတ်ကို ပြင်းထန်စွာပစ်တိုက်ချလိုက်၏။

တစ်ချိန်တည်းမှာပင် ဆူဇီမို၏ လက်ဖဝါးနှစ်ဖက်က ခေါင်းဆောင်တပ်မှူးရှုံး၏ လက်ကောက်ဝတ်နှစ်ဖက်ကို ပြုတ်တူနှစ်ခုကဲ့သို့ တင်းကျပ်စွာဖမ်းဆုပ်ပြီး ဘေးနှစ်ဖက်သို့ဆောင့်ဆွဲလိုက်၏။

ဖျောက်... ဖျောက်... ​ဖျောက်...

ခေါင်းဆောင်တပ်မှူးရှုံး၏ လက်နှစ်ဖက်ပေါ်ရှိချပ်ဝတ်တန်ဆာက ချက်ချင်းပင် ကြေမွသွားပြီး အက်ကွဲကြောင်းများ ပေါ်ထွက်လာ၏။

သူ၏ လက်နှစ်ဖက်က ဆုတ်ဖြဲခံရတော့မည့်အလား စူးရှသောနာကျင်မှုတစ်ခုကိုခံစားလိုက်ရ၏။

တကယ်တော့... မဟူရာရွှေငှက်မွေးချပ်ဝတ်တန်ဆာ၏ ကာကွယ်မှုကြောင့်မဟုတ်လျှင် သူ၏ လက်နှစ်ဖက်က တကယ်ပင်ဆုတ်ဖြဲခံရပေလိမ့်မည်။

တကယ်တော့.... ဆူဇီမိုမှာ ထိန်ချန်မှုတချို့ရှိနေပြီး သူ၏ သွေးချီကို တစ်ချိန်လုံးအသုံးမပြုခဲ့ပေ။

သူက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ သွေးချီကိုအသုံးပြုမည်ဆိုလျှင် ထိုတိုက်ခိုက်မှုသည် ခေါင်းဆောင်တပ်မှူးရှုံးကို သေချာပေါက် ဒဏ်ရာအပြင်းအထန် ရရှိသွားစေပေလိမ့်မည်။

ထိုသို့ဆိုလျှင်တောင် ခေါင်းဆောင်တပ်မှူးရှုံးက လိပ်ပြာလွင့်မတတ်ကြောက်လန့်နေလေပြီ။

သူသည် ဤကဲ့သို့ ကြမ်းကြုတ်ခက်ထန်သော တိုက်ခိုက်ခြင်းနည်းစနစ်နှင့် တိုက်ခိုက်ခြင်းပုံစံကို တစ်ခါမှမတွေ့မြင်ဖူးခဲ့ပေ။

တိုက်ပွဲ၏ ဤနေရာအရောက်မှာ ဆူဇီမိုသည် ကျင့်ကြံသူတစ်ယောက်နှင့် လုံးဝမတူတော့ပေ။ ထိုအစားသူသည် ကြောက်စရာကောင်းသော ကြမ်းကြုတ်တောကောင်တစ်ကောင်နှင့်တူလာခဲ့၏။

ခေါင်းဆောင်တပ်မှူးရှုံးက ထိတ်လန့်တကြားဖြစ်သွားပြီး နောက်သို့အလိုလိုဆုတ်ကာ ဤနေရာကနေ ထွက်ပြေးလွတ်မြောက်ချင်၏။ သို့သော်လည်း နှစ်ဖက်စလုံးက အရမ်းကိုနီးကပ်နေကြ၏။

ဤအကွာအဝေးမှာ သူကထွက်ပြေးလွတ်မြောက်ချင်သည်ဆိုလျှင်တောင် သူ့မှာအခွင့်အရေးရှိတော့မည် မဟုတ်ပေ။

မဟူရာအလင်းအမြုတေဖြတ်တောက်ခြင်းဝင်္ကပါမရှိလျှင် ဆူဇီမိုသည် အာဏာပါးကွက်သား အစောင့်တပ်သားများအားလုံးကို သတ်ဖြတ်ချင်သည်ဆိုပါက သူ၏ ဝှက်ဖဲများအားလုံးကို အသုံးပြုရပေလိမ့်မည်။

သူသည် ငရဲဖိနှိမ်မီးဖိုနှင့် အစိမ်းရောင်ကြာပန်း မျိုးဆက်သွေးနယ်မြေကိုပင် အသုံးပြုရပေလိမ့်မည်။

သို့သော်လည်း ဤမဟူရာအလင်းအမြုတေဖြတ်တောက်ခြင်းဝင်္ကပါက သူ့ကို အကူအညီများစွာ​ဖြစ်စေခဲ့၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၊ မိုးကြိုးအရိုး၊ နတ်ဆင်အသက်ရှုခြင်းနည်းစနစ်နှင့် မဟာအရိုင်းကမ္ဘာမှ ဂမ္ဘီရကျင့်စဥ်နှင့်အတူ ပေါင်းဖက်ကာ သူသည် အနီးကပ်တိုက်ခိုက်ရည်မှာ ပြိုင်ဘက်ကင်းလာခဲ့၏။

မဟူရာအလင်းအမြုတေဖြတ်တောက်ခြင်းဝင်္ကပါသည် အာဏာပါးကွက်သား အစောင့်တပ်သားများအတွက် ထောင်ချောက်တစ်ခုဖြစ်လာခဲ့၏။

ဤဝင်္ကပါသ​ည်အစကတော့... ကူထုံယိုနှင့် ချိုးစစ်လောတို့ကို ပစ်မှတ်ထားဖို့ရည်ရွယ်ခဲ့လေသည်။

ဤနေရာမှာ ဆူဇီမိုကဲ့သို့ မွန်းစတားတစ်ကောင်က ပေါ်ထွက်လာလိမ့်မည်ဟု ဘယ်သူကတွေးမိပါ့မလဲ။

ခေါင်းဆောင်တပ်မှူးရှုံးက နောက်ဆုတ်သွားစဥ် ဆူဇီမို ပို၍ပင်မြန်ဆန်သော အရှိန်အဟုန်ဖြင့် အရိပ်ပမာနောက်ကနေလိုက်ပါလာခဲ့၏။

သူ၏ လက်ဖဝါးကိုလွှဲယမ်းပြီး ခေါင်းဆောင်တပ်မှူးရှုံး၏ ဦးခေါင်းကို ဖိချလိုက်၏။

ခေါင်းဆောင်တပ်မှူးရှုံးက ကူကယ်ရာမဲ့စွာဖြင့် ခုခံဖို့အတွက် သူ၏ လက်နှစ်ဖက်ကို မြှောက်လိုက်ရ၏။

သူ၏ အမြုတေစိတ်ဝိညာဥ်က ဒဏ်ရာရရှိထားပြီး သူက သူ၏သွေးချီကို မလှည့်ပတ်နိုင်တော့ပေ။

သို့သော်လည်း သူ၏ ကိုယ်ကာယခွန်အားသက်သက်က အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို မခုခံနိုင်ပေ။

ဖြောင်း...

ဆူဇီမို၏ လက်ဖဝါးရိုက်ချက်က ခေါင်းဆောင်တပ်မှူးရှုံး၏ လက်နှစ်ဖက်ကို သွင်သွင်ကျိုးသွားစေ၏။

“အား...”

ခေါင်းဆောင်တပ်မှူးရှုံးက စူးစူးဝါးဝါး အော်ဟစ်လိုက်၏။

သူ၏ စိတ်ဝိညာဥ်အသိစိတ်က လှုပ်ရှားသွားပြီး သူ၏ သိုလှောင်အိတ်ထဲကနေ တည်နေရာရွှေ့ပြောင်းအဆောင်တစ်ခုကို ထုတ်ယူချင်လေသည်။

သို့သော်လည်း ဆူဇီမို၏ တိုက်ခိုက်မှုများက သိပ်သည်းပြင်းထန်သော မိုးပေါက်များကဲ့သို့ တဖွားဖွားကျဆင်းလာပြီး သူ့ကို အသက်ရှုခွင့်ပင် မပေးပေ။

ထိုလက်ဝါးရိုက်ချက်အပြီး၌ ခေါင်းဆောင်တပ်မှူးရှုံးသည် သူ၏ မြင်ကွင်းကဝေဝါးသွားပြီး ဆူဇီမို၏ ပုံရိပ်က ပျောက်ကွယ်သွားသည်ဟု ထင်လိုက်ရ၏။

ဘေးကနေရပ်ကြည့်နေသူများက အရာရာတိုင်းကို ရှင်းလင်းစွာတွေ့မြင်နေရ၏။

ကူထုံယိုနှင့် အခြားသူများ၏ မျက်လုံးများထဲမှာ ဆူဇီမိုသည် ရုတ်တရက် သူ၏ ခန္ဓာကိုယ်ကို ညွှတ်ချပြီး ပေါ့ပါးဖျတ်လတ်သော အနာကွန်ဒါတစ်ကောင်ကဲ့သို့ ခေါင်းဆောင်တပ်မှူးရှုံး၏ နောက်ဘက်ကနေ ပတ်ဝင်သွား၏။ နောက်ခဏ၌ အနာကွန်ဒါသည် ခေါင်းဆောင်တပ်မှုးရှုံးကိုရစ်ပတ်ပြီး နေနှင့်လတို့ကို ဝါးမျိုချင်သည့်အလား သူ၏ ခေါင်းကိုမော့ကာ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်၏။

အနာကွန်ဒါ၏ ခန္ဓာကိုယ်က ပြန့်ကားလာခဲ့၏။

တုန်လှုပ်နေသောအကြည့်များအောက်မှာ ခေါင်းဆောင်တပ်မှူးရှုံး၏ တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်က လျင်မြန်စွာအသွင်ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်ထဲကနေ ချိုးချိုးချွတ်ချွတ်အသံများထွက်ပေါ်လာ၏။

ခေါင်းဆောင်တပ်မှူးရှုံး၏ အရိုးများက အနာကွန်ဒါ၏ ရစ်ပတ်မှုဖြင့် ကျိုးကြေမွသွားပြီး သူ၏ ခန္ဓာကိုယ်က သွေးမြူတစ်ခုအဖြစ် ပေါက်ကွဲထွက်သွား၏။

ရွှစ်...

သူ၏ ဦးခေါင်းထက်ကနေ အမြုတေစိတ်ဝိညာဥ်တစ်ခုက ပျံသန်းထွက်ပေါ်လာ၏။ အဲ့ဒါက မလွတ်မြောက်နိုင်ခင်မှာပင် အနာကွန်ဒါ၏ အမြီးဖြင့် ရိုက်ချခံလိုက်ရပြီး နေရာမှာပင်ပျက်စီးသွား၏။

အခြားတစ်ဘက်မှာတော့ လင်းမင်က တုန်လှုပ်နေ၏။ ရုတ်တရက် သူ၏ ခေါင်းကိုခါယမ်းပြီး သူ၏ လက်နှစ်ဖက်ဖြင့် မျက်လုံးများကိုပွတ်သပ်လိုက်၏။

သူသည် စောစောက ထင်ယောင်ထင်မှားမြင်နေခဲ့ရသည်ဟု ခံစားနေရ၏။

ဤယစ်ထုတ်က ပျောက်ကွယ်သွားပြီး သူ၏ နေရာမှာ အနာကွန်ဒါတစ်ကောင်ဝင်ရောက်လာသည်ဟု သူကခံစားခဲ့ရလေသည်။

သူက တစ်ဖန်အာရုံစိုက်၍ကြည့်လိုက်သည့်အချိန်မှာ ခေါင်းဆောင်တပ်မှူးရှုံးက မသတီစရာနီရဲနေသော အသားပျော့ဖတ်ပုံတစ်ခုအဖြစ်ပြောင်းလဲသွားပြီး မြေပြင်ပေါ်မှာ ပုံလျက်သားလဲကျကာ သေဆုံးနေ၏။

အရုပ်ဆိုးဆိုးယစ်ထုတ်က ဘေးတစ်ဘက်မှာ မလှုပ်မယှက်ဖြင့် မတ်တတ်ရပ်နေ၏။

စောစောက ဖြစ်ပျက်ခဲ့သမျှ အရာရာတိုင်းက သူ၏ ထင်ယောင်ထင်မှားခံစားချက်တစ်ခုအလားပင်။

တကယ်တော့... ထိုသို့ခံစားနေရသည်က သူတစ်ယောက်တည်းမဟုတ်ပေ။

ကျောကျူးရွှမ်နှင့် ရှန်ကွမ်ချန်ကလည်း တူညီသော ပုံစံဖြင့်ခံစားနေရ၏။

ကူထုံယိုနှင့် ချိုးစစ်လောက အကြည့်ချင်းဖလှယ်လိုက်ကြ၏။ သူတို့နှစ်ယောက်စလုံးသည် တစ်ယောက်မျက်လုံးထဲတွင်တစ်ယောက် တုန်လှုပ်မှုကိုမြင်နေရ၏။

သူတို့နှစ်ယောက်စလုံးသည် စောစောကမြင်ကွင်းကို ပို၍ရှင်းလင်းစွာ တွေ့မြင်ခဲ့ရ၏။

သမိုင်းတစ်လျှောက်မှာ ကြမ်းကြုတ်တောကောင်များနှင့် သားရဲတောကောင်များကနေ တုပထားသော ကျင့်ကြံရေးနည်းစနစ်များနှင့် တိုက်ခိုက်ရေးအတတ်များစွာရှိခဲ့လေသည်။

သူတို့ကို တုပဖို့ကလွယ်ကူသော်လည်း သူတို့၏ အစစ်အမှန်ဝိညာဥ်ကိုဖမ်းဆုပ်မိနိုင်ဖို့က ခဲယဥ်းလေသည်။

ဆူဇီမိုကတော့... ကြမ်းကြုတ်တောကောင်များ၏ အသွင်သဏ္ဌာန်ကိုရော စိတ်ဝိညာဥ်ကိုပါ ပိုင်ဆိုင်ထားပြီး ကြည့်မိသူတိုင်းကိုပါ ထင်ယောင်ထင်မှားခံစားမိစေနိုင်၏။

တိုက်ပွဲက နှေးကွေးသည်ဟုထင်ရသော်လည်း ဖြစ်စဥ်တစ်ခုလုံးက အလွန်တရာ တိုတောင်းလေသည်။

ဆူဇီမိုတိုက်ခိုက်လိုက်ချိန်မှ ခေါင်းဆောင်တပ်မှူးရှုံးသေဆုံးသွားချိန်ထိ အသက်နှစ်ဆယ်ရှိုက်စာပင်မကြာခဲ့ပေ။

ကျောကျူးရွှမ်နှင့်လင်းမင်သည် အာဏာပါးကွက်သား အစောင့်တပ်သားများ၏ဘက်မှာ တစ်ချိန်လုံးရှိနေခဲ့ကြ၏။

ဆူဇီမိုသည် အာဏာပါးကွက်သား အစောင့်တပ်သားများကို ဘယ်လိုတောင် တိုက်ခိုက်ရဲသည်ဟု သူတို့၏ တုန်လှုပ်မှုကနေ သူတို့နှစ်ယောက်က ရုန်းထွက်မလာနိုင်ခင်မှာပင် လက်ရှိအာဏာပါးကွက်သား အစောင့်တပ်သားများအားလုံးက တစ်ယောက်မကျန်ချေမှုန်းသုတ်သင်ခံလိုက်ရပြီဖြစ်၏။

သူတို့နှစ်ယောက်သည် ဝင်ရောက်တိုက်ခိုက်ဖို့ အခွင့်အရေးမရခင်မှာပင် တိုက်ပွဲက အဆုံးသတ်သွားခဲ့လေပြီ။

အဲ့ဒါကဘယ်လိုဖြစ်နိုင်မှာလဲ။

ဤမိုလင်းက ဘယ်သူပါလိမ့်။

သူသည် အာဏာပါးကွက်သားအစောင့်တပ်သားများကို တိုက်ခိုက်ခဲ့ရုံသာမက သူက အညှာအတာကင်းမဲ့စွာဖြင့် သူတို့ကို အစုလိုက်အပြုံလိုက်ပင်သတ်ဖြတ်ခဲ့လေသည်။

သူက အဆင့်-၅ ကမ္ဘာ​မြေအင်မော်တယ်တစ်ယောက်သာဖြစ်၏။ သူက ဤကဲ့သို့ကြောက်စရာကောင်းသောစွမ်းအားကို ဘယ်လိုလုပ်ပြီး ထုတ်ဖော်နိုင်ရတာလဲ။

အဲ့ဒါက ကြယ်တာရာဂိုဏ်း၏ အမွေအနှစ်ကျင့်ကြံရေးနည်းစနစ်ဖြစ်နေမလား။

အဲ့ဒါက အဓိပ္ပါယ်မရှိပေ။

အစကနေယခုအချိန်ထိ သူတို့သည် ကြယ်တာရာဂိုဏ်း၏ မည်သည့်နည်းလမ်းကိုမှ မတွေ့မြင်ခဲ့ရပေ။

ဒါ့အပြင် သူသည် မဟူရာအလင်းအမြုတေဖြတ်တောက်ခြင်းဝင်္ကပါထဲမှာ သူတို့ကို ထုတ်ဖော်အသုံးပြုနိုင်မည် မဟုတ်ပေ။

ကျောကျူးရွှမ်နှင့် လင်းမင်၏ စိတ်များက ဗြောင်းဆန်နေလေသည်။ ထိုစဥ်မှာပင် ဆူဇီမိုက သူတို့နှစ်ယောက်ကို လှည့်ကြည့်လာခဲ့၏။

ကျောကျူးရွှမ်နှင့် လင်းမင်သည် ဆူဇီမို၏ အကြည့်နှင့်ဆုံမိသွားပြီး သူတို့၏ အမူအရာများက ပြောင်းလဲသွားကြ၏။

သူတို့သည် ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာပြီး သူတို့၏ နှလုံးများက သူတို့၏ ရင်ဘတ်ထဲကနေခုန်ထွက်တော့မည်သကဲ့သို့ဖြစ်လာ၏။

သူတို့နှစ်ယောက်စလုံးက အရူးများမဟုတ်ဘဲ တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွား၏။

သူတို့သည် ဆူဇီမိုကို ယခင်က ထပ်တလဲလဲပစ်မှတ်ထားခဲ့သည့်အချက်ကိုအသာထား သူတို့က ယနေ့မြင်ကွင်းကိုတွေ့မြင်ခဲ့ရပြီးနောက် ဤနေရာကနေအသက်ရှင်လျက် ထွက်သွားနိုင်ဖို့ ခက်ခဲသွားပြီဖြစ်လေသည်။

All Chapters