နှုတ်ပိတ်ခြင်း
Vol. 140 Ch. 2098
‘မကောင်းတော့ဘူး’
‘ဒီမိုလင်းက ငါ့ကိုနှုတ်ပိတ်ချင်နေပြီ’
ကျောကျူးရွှမ်နှင့် လင်းမင်၏ စိတ်ထဲသို့ တူညီသောအတွေးက ဝင်ရောက်လာ၏။
ထိုစဥ်မှာပင် ဆူဇီမိုက သူတို့နှစ်ယောက်ထံသို့ အမူအရာကင်းမဲ့စွာဖြင့် ဖြည်းဖြည်းချင်း လျောက်လှမ်းလာနေ၏။
သို့သော်လည်း သူတို့နှစ်ယောက်က လိပ်ပြာလွင့်မတတ် ကြောက်လန့်နေကြဆဲပင်။
ထိုအခိုက်အတန့်မှာ သူတို့နှစ်ယောက်လုံးအတွက် ဉာဏ်ရှိရာအကျဆုံးရွေးချယ်မှုသည် ဤနေရာက လှည့်ထွက်ပြေးဖို့ဖြစ်၏။
သို့သော်လည်း ဘာ့ကြောင့်ရယ်မသိ ဆူဇီမို၏ အကြည့်နှင့် ရင်ဆိုင်ရချိန်မှာ သူတို့၏ ခြေထောက်များက သူတို့၏ အမိန့်ကို မနာခံတော့ပေ။
သူတို့၏ မျက်လုံးထဲမှာ အာဏာပါးကွက်သားအစောင့်တပ်သားများသည် သူတို့မဆန့်ကျင်နိုင်သည့် တည်ရှိမှုများဖြစ်၏။
သို့သော်ယခုအခါ သူတို့ရှေ့မှအရက်သမားသည် အာဏာပါးကွက်သားအစောင့်တပ်သား ၁၃ ယောက်ကို သတ်ဖြတ်ခဲ့ပြီးလေပြီ။
သူတို့၏ မျက်လုံးထဲမှာ ဆူဇီမိုသည် ရူးကြောင်ကြောင်နှင့် အရုပ်ဆိုးဆိုး အရက်သမားတစ်ယောက် ဆက်လက်၍မဟုတ်တော့ပေ။ ထိုအစား သူက မျက်တောင်တစ်ချက်မခတ်ဘဲ သတ်ဖြတ်နိုင်သည့် သွေးအေးရက်စက်သောမိစ္ဆာတစ်ကောင်နှင့်ပိုတူလာ၏။
သူတို့နှစ်ယောက်စလုံးသည် လိပ်ပြာလွင့်မတတ်ကြောက်လန့်နေပြီး တဆတ်ဆတ်တုန်ယင်နေကြ၏။
တစ်ခဏချင်းမှာပင် ဆူဇီမိုက ကျောကျူးရွှမ်နှင့် လင်းမင်ရှေ့သို့ ရောက်ရှိလာပြီဖြစ်ကာ တည်ငြိမ်သောအမူအရာနှင့် သူတို့နှစ်ယောက်ကိုစောင့်ကြည့်နေ၏။
သူတို့နှစ်ယောက်စလုံးက ဆူဇီမိုနှင့်အကြည့်ချင်းဆုံရဲခြင်းမရှိဘဲ ရှောင်လွှဲလိုက်ကြ၏။
“မင်းတို့တွေက စောစောက ငါ့ရဲ့အစွမ်းအစကိုတွေ့မြင်ချင်ခဲ့ကြတယ်မလား”
ဆူဇီမိုက ဖြည်းဖြည်းချင်း ပြောဆိုပြီး သာမန်ကာလျှံကာ ပုံစံဖြင့်ပြောလိုက်၏။
“ငါ မင်းတို့နှစ်ယောက်ကို စိတ်မပျက်စေခဲ့ဘူးနဲ့တူတယ်”
အစကတော့ ခေါင်းဆောင်တပ်မှူးလျှိုနဲ့ အခြားသူများသည် ကျောကျူးရွှမ်နှင့် အခြားသူများကို သတ်ဖြတ်ဖို့အတွက် ကူထုံယိုနှင့် ချိုးစစ်လောတို့ကိုအသုံးချချင်ခဲ့၏။
ကျောကျူးရွှမ်၊ လင်းမင်နှင့် ရှဲထျန်ဖုန့်တို့က ဆူဇီမိုကို ရှေ့သို့ထွက်ဖို့ပြောဆိုခဲ့လေသည်။
ဆူဇီမိုက တကယ်ပင်ရှေ့သို့ထွက်လာခဲ့၏။
သူသည် မနှိုင်းယှဥ်သာအောင်တုန်လှုပ်စရာကောင်းသောပုံစံဖြင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုကိုစတင်ခဲ့ပြီး အာဏာပါးကွက်သား အစောင့်တပ်သား ၁၃ ယောက်ကို သတ်ဖြတ်ခဲ့လေသည်။
ကျောကျူးရွှမ်နှင့် လင်းမင်က ဆူဇီမို၏ မေးခွန်းကိုကြားရသောအခါ သူတို့သည် မည်သို့မည်ပုံပြန်ဖြေရမည် မသိတော့ပေ။ သူတို့က ထိတ်လန့်တကြားအမူအရာများနှင့်အတူ ခြောက်ကပ်စွာ၊ အသက်မပါစွာဖြင့် သွားဖြဲပြလိုက်ကြ၏။
“တာအိုရောင်းရင်းမိုလင်း”
ကျောကျူးရွှမ်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ့ကိုယ်သူအတတ်နိုင်ဆုံး တည်ငြိမ်စေဖို့ကြိုးစားလိုက်၏။
“ကျုပ်ကအရင်တုန်းက ခင်ဗျားကို ဆန့်ကျင်ခဲ့မိတယ်... တာအိုရောင်းရင်း ခင်ဗျားက သဘောထားကြီးစွာနဲ့ ကျုပ်တို့က တစ်ဂိုဏ်းတည်းသားချင်းဆိုတဲ့ ကျုပ်တို့ရဲ့ပတ်သက်ဆက်နွယ်မှုကိုထောက်ထားပြီး ကျုပ်ကိုအခွင့်အရေးတစ်ခုပေးပါ”
“ဟုတ်...ဟုတ်ပါတယ်ဗျာ”
လင်းမင်ကလည်းအလောတကြီး ခေါင်းညိတ်ပြီး တောင်းပန်တိုးလျှိုးစွာဖြင့် ပြုံးပြလိုက်၏။
“ကျုပ်က အရင်တုန်းက အမှားပြုလုပ်ခဲ့မိပါတယ်... တာအိုရောင်းရင်းမိုလင်း ကျေးဇူးပြုပြီး သဘောထားကြီးပေးပါ”
ဆူဇီမိုက လှုပ်ရှားယိမ်းယိုင်သွားခြင်းမရှိဘဲ သူတို့နှစ်ယောက်ကို တည်ငြိမ်စွာဖြင့်သာ ကြည့်နေ၏။
သူတို့၏ ဘေးမှာ ရှန်ကွမ်ချန်က ညင်သာစွာသက်ပြင်းချလိုက်၏။
သူမသည်လည်း ကြောက်ရွံ့ထိတ်လန့်နေလေသည်။
သို့သော်လည်း သူမသည် ကျောကျူးရွှမ်နှင့်လင်းမင်ကဲ့သို့ သူမ၏ အမြီးကိုကုပ်ကာ အသနားခံတောင်းပန်နေတော့မည် မဟုတ်ပေ။
ကျောကျူးရွှမ်က ဆက်ပြောလိုက်၏။
“တာအိုရောင်းရင်းမိုလင်း... မပူပါနဲ့ ကျုပ်က ခင်ဗျားကိုအရင်က တစ်ခါမှမမြင်ခဲ့ဖူးသလိုဟန်ဆောင်ပေးပြီး ဒီနေ့ဖြစ်ပျက်ခဲ့သမျှအရာတိုင်းကို ဘယ်သူ့ကိုမှ ပြန်မပြောဘူးလို့ ကျိန်ဆိုပါတယ်... ကျုပ်က အဲ့ဒီကျိန်ဆိုမှုကိုဖောက်ဖျက်ခဲ့မယ်ဆိုရင် အသေဆိုးနဲ့သေရပါစေ”
လင်းမင်ကလည်း နားလည်သဘောပေါက်သွားပြီး နောက်ကနေ ခပ်မြန်မြန်လိုက်ပါကျိန်ဆိုလိုက်၏။
“မင်းတို့တွေ... ပြောလို့ပြီးပြီလား”
ဆူဇီမိုက မှင်သေသေဖြင့်မေးလိုက်၏။
လင်းမင်က အလိုလိုခေါင်းညိတ်လိုက်၏။
“အဲ့ဒါဆိုမင်းသေလို့ရပြီ”
ဆူဇီမိုက လင်းမင်၏ မျက်နှာကို လက်ပြန်လွှဲကာ ရိုက်ချလိုက်၏။
ဖျောက်... ဖျောက်.... ဖျောက်...
လင်းမင်၏ ဦးခေါင်းက သူ၏ လည်ပင်းပေါ်မှာ အကြိမ်ရေအနည်းငယ် လည်ပတ်သွားပြီးမှ ရပ်တန့်သွားလေသည်။
သူ၏ လည်ပင်းတစ်ခုလုံးက သွင်သွင်ကျိုးသွားခဲ့ပြီဖြစ်၏။
သူ၏ မျက်လုံးက ပြူးကျယ်နေ၏။
ဆူဇီမို၏ သာမန်ကာလျှံကာ လက်ဝါးရိုက်ချက်သည် သူ၏ အမြုတေစိတ်ဝိညာဥ်ကိုပါ ကြေမွပျက်စီးသွားစေ၏။
ထိုသည်ကိုတွေ့မြင်သောအခါ ကျောကျူးရွှမ်က တံတွေးကိုအလျင်အမြန်မျိုချပြီး သူ၏ လက်သီးနှစ်ဖက်ကို အလိုလိုဆုပ်လိုက်၏။
ထို့နောက်ချက်ချင်းပင် သူ၏ မျက်လုံးထဲမှာ ရက်စက်ပြတ်သားသည့်အကြည့်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာ၏။
ရုတ်တရက် သူက သူ၏ သွေးချီကိုလှည့်ပတ်ပြီး နောက်သို့ဆုတ်ခွာရင်း အဆင့်မြင့်နတ်ဘုရားစွမ်းအားတစ်ခုကို စုဖွဲ့လိုက်လေသည်။
“နှင်းခဲအကာအရံ”
ကျောကျူးရွှမ်က ဆူဇီမိုဘက်သို့ ထိုးညွှန်လိုက်၏။
တွင်းဖောက်မတတ် ကြည်လင်နေသော နှင်းခဲအကာအရံအလွှာတစ်ခုက ဆူဇီမို၏ ဘေးပတ်လည်မှာဖြစ်ပေါ်လာပြီး သူ့ကိုပိတ်လှောင်လိုက်လေသည်။
ရှန်ကွမ်ချန်က ထိုသည်ကိုတွေ့မြင်သောအခါ ရင်တစ်ချက်ထိတ်သွား၏။
ထိုအခိုက်အတန့်မှသာလျှင် မဟူရာအလင်းအမြုတေဖြတ်တောက်ခြင်းဝင်္ကပါက ပျက်ပြယ်သွားပြီး ဘေးပတ်ဝန်းကျင်မှာ ကောင်းကင်နှင့်မြေကြီး အမြုတေချီများက ပြန်လည်ရောက်ရှိနေပြီကို သူမကရုတ်တရက် နားလည်သဘောပေါက်သွား၏။
ကူထုံယိုနှင့် ချိုးစစ်လောက အံ့အားသင့်သွားခြင်းမရှိပေ။
ဤကဲ့သို့သော အစီအရင်အလံတိုင်များကို ခင်းကျင်းဖို့ကအခန့်သင့်ပြီး မြန်ဆန်သော်လည်း အဲ့ဒီမှာအားနည်းချက်တစ်ခုရှိလေသည်။
အစီအရင်အလံ ၄၉ ခုသည် ဓမ္မရတနာများနှင့်တူညီလေသည်။ ထိုအလံများ၏ ပိုင်ရှင်က တစ်စုံတစ်ရာဖြစ်သွားမည်ဆိုလျှင် သူတို့က ပိုင်ရှင်မဲ့သွားပြီး မဟူရာအလင်းအမြုတေဖြတ်တောက်ခြင်းဝင်္ကပါက ၎င်း၏အကျိုးသက်ရောက်မှုကို ဆုံးရှုံးသွားရပေလိမ့်မည်။
လူတစ်ယောက်က မြေပြင်ပေါ်မှာ သို့မဟုတ် လေဟာနယ်ထဲမှာ ဝင်္ကပါအင်းကွက်များကို နည်းနည်းချင်းစီ ရေးဆွဲဖောက်လုပ်မည်ဆိုလျှင် အဲ့ဒါက ခင်းကျင်းဖို့အတွက် အလွန်တရာဒုက္ခများပြီး အချိန်ကြာမြင့်စွာယူရသော်လည်း အဲ့ဒါက အချိန်ကြာမြင့်စွာတည်မြဲနေနိုင်မည်ဖြစ်၏။
ထို့ကြောင့် ခေါင်းဆောင်တပ်မှုးရှုံးက သေဆုံးသွားသည့်ခဏမှာပင် မဟူရာအလင်းအမြုတေဖြတ်တောက်ခြင်းဝင်္ကပါက ၎င်း၏ သက်ရောက်မှုကိုဆုံးရှုံးသွားပြီး ကောင်းကင်နှင့်မြေကြီး အမြုတေချီကို ပြန်လည်ရရှိလာ၏။
ကူထုံယိုနှင့် ချိုးစစ်လောအတွက်တော့... အဲ့ဒါက သူတို့အတွက် ကောင်းသည့်အချက်တစ်ချက်ဖြစ်လေသည်။
သို့သော်လည်း ယခုတင်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုပြုလုပ်ထားသည့် မိုလင်းအတွက်တော့ မကောင်းနိုင်ပေ။
မိုလင်းသည် ဤကဲ့သို့ ကြောက်စရာကောင်းသော သတ်ဖြတ်စွမ်းအားတစ်ခုကိုထုတ်ဖော်နိုင်ခဲ့သည်မှာ အဓိကအားဖြင့် မဟူရာအလင်းအမြုတေဖြတ်တောက်ခြင်းဝင်္ကပါကြောင့်ဖြစ်၏။
ကောင်းကင်နှင့်မြေကြီး အမြုတေချီက ပြန်လည်ရောက်ရှိလာလျှင် ဤလူ၏ ကျင့်ကြံမှုနယ်ပယ်က နောက်ဆုံးမှာ အဆင့်-၅ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်သာဖြစ်နေပေဦးမည်။
သူနှင့် ကျောကျူးရွှမ်နှင့် အခြားသူများအကြား ကွာခြားချက်က ကြီးမားနေဆဲ ဖြစ်၏။
ထို့ကြောင့် ကူထုံယိုနှင့် ချိုးစစ်လောက ပြောင်းလဲမှုကိုအာရုံခံမိသော်လည်း သူတို့က သူ့ကိုသတိမပေးခဲ့ဘူးဆိုသည်မှာ ကျောကျူးရွှမ်နှင့် အခြားသူများက အဲ့ဒါကိုသတိထားမိသွားပြီး မိုလင်းက အန္တရာယ်ကျရောက်လာမည်ကို သူတို့က စိုးရိမ်နေခဲ့သောကြောင့် ဖြစ်၏။
တကယ်ပင် လင်းမင်နှင့်ရှန်ကွမ်ချန်က အဲ့ဒါကို သတိမထားမိခဲ့ပေ။
သို့သော်လည်း ကျောကျူးရွှမ်က အဲ့ဒါကိုသတိထားမိနိုင်ခဲ့၏။
သူသည် ဆူဇီမို၏ ဖိအားပေးခြင်းခံနေရပြီး နောက်ဆုံးမှာ သူ့ရင်ထဲရှိအကြောက်တရားက တန်ပြန်တိုက်ခိုက်မှုအဖြစ်ပြောင်းလဲသွား၏။
ထို့ကြောင့်ပင်လျှင် စောစောကမြင်ကွင်းက ပေါ်ထွက်လာခဲ့ခြင်းဖြစ်၏။
“မိုလင်း... ငါမင်းနဲ့ရန်သူမဖြစ်ချင်ဘူး”
ကျောကျူးရွှမ်က နှင်းခဲအကာအရံအလွှာတစ်ခုကိုဆင့်ခေါ်ပြီး ဆူဇီမိုကို အထဲမှာပိတ်လှောင်ကာ အော်ပြောလိုက်၏။
“ဒါပေမဲ့... ငါ့ကိုဖိအားမပေးနဲ့ ငါက အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ပဲ... ငါက မင်းထက် အဆင့်သုံးဆင့်ပိုပြီးမြင့်မားတယ်... မဟူရာအလင်း အမြုတေဖြတ်တောက်ခြင်းဝင်္ကပါမရှိဘူးဆိုရင် သေခြင်းရှင်ခြင်းတိုက်ပွဲမှာ မင်းကငါ့ကိုနိုင်မှာမဟုတ်ဘူး”
ပွင့်ပွင့်လင်းလင်းပြောရလျှင် ကောင်းကင်နှင့်မြေကြီး အမြုတေချီကိုပြန်လည်ရရှိလာပြီးတာတောင် ကျောကျူးရွှမ်က ဆူဇီမိုကို မတိုက်ခိုက်ရဲပေ။
သူ၏ စကားလုံးများမှာ သူရဲဘောကြောင်သည့် အငွေ့အသက်တစ်ခုပါဝင်နေပြီး သူ့ကိုယ်သူတည်ငြိမ်စေဖို့ ဖိအားပေးနေခြင်းဖြစ်၏။
ဘာပဲပြောပြာ... အာဏာပါးကွက်သား အစောင့်တပ်သား ၁၃ ယောက်ကို ဆူဇီမိုဆက်တိုက်သတ်ဖြတ်ခဲ့သည့်မြင်ကွင်းက သူ့အပေါ်ကြီးမားသည့်ရိုက်ချက်တစ်ခုဖြစ်နေဆဲပင်။
“ကျောမိသားစုက နေလတိုင်းပြည်မှာ မိသားစုကလန်းကြီးငါးခုထဲကတစ်ခုပဲ”
ကျောကျူးရွှမ်က အော်ပြောရင်း နောက်သို့ဆုတ်ခွာသွား၏။
သူက ဆူဇီမိုကိုခြိမ်းခြောက်ကာ ဤနေရာကနေ ထွက်ပြေးလွတ်မြောက်ချင်လေသည်။
“ငါက အာဏာပါးကွက်သား အစောင့်တပ်သားတွေတောင်သတ်ဖြတ်ရဲတာ... ဒါတောင် မင်းကနေလတိုင်းပြည်က မိသားစုကလန်ငါးခုနဲ့ ငါ့ကိုခြိမ်းခြောက်ဖို့ကြိုးစားနေတာလား”
ဆူဇီမိုကလှောင်ရယ်လိုက်ပြီး နှင်းခဲနတ်ဘုရားစွမ်းအားကနေ ဆင့်ခေါ်ထားသော အကာအရံအလွှာထဲကနေ ဖျတ်ခနဲဆို ပျောက်ကွယ်သွား၏။
ဆူဇီမို ပြန်လည်ပေါ်ထွက်လာသည့်အချိန်မှာ သူက ကျောကျူးရွှမ်၏ နောက်ဘက်သို့ရောက်ရှိနေလေပြီ။
“ဟမ်..”
ထိုသည်ကိုတွေ့မြင်သောအခါ ကူထုံယိုနှင့် ချိုးစစ်လောက တုန်လှုပ်သွားပြီး သူတို့၏ အမူအရာများက ပြောင်းလဲသွားကြ၏။
“ဒါက... “
“တည်နေရာခုန်ကူးခြင်းလား”
ချိုးစစ်လောက သူမဘေးမှာရှိသော ကူထုံယိုကိုကြည့်ပြီး တွေဝေရှုပ်ထွေးစွာမေးလိုက်၏။
ကူထုံယိုက သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။
“အဲ့ဒါက တည်နေရာခုန်ကူးခြင်းမဟုတ်လောက်ဘူး... တည်နေရာခုန်ကူးခြင်းက ကောင်းကင်အင်မော်တယ် ပညာရှင်တွေပဲထုတ်ဖော်နိုင်တဲ့ အန္တိမနတ်ဘုရားစွမ်းအားပဲ... ဒီနည်းလမ်းက နဂါးမျိုးနွယ်က လျှို့ဝှက်အတတ်တစ်ခုနဲ့တူတယ်”
“ဟာ..”
ကျောကျူးရွှမ်၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွားပြီး ပင့်သက်ကိုရှိုက်လိုက်၏။
ပျောက်ကွယ်သွားခြင်း...။
သူသည် တစ်ခုခုဖြစ်ပျက်လာမှာကို စိုးရိမ်နေပြီး ဆူဇီမိုကိုတစ်ချိန်လုံး မမှိတ်မသုန်စောင့်ကြည့်နေခဲ့၏။
သို့သော်လည်း ဆူဇီမိုသည် သူ၏ မြင်ကွင်းထဲကနေ ရုတ်တရက်ပျောက်ကွယ်သွားလေသည်။
နောက်ခဏ၌ သူ၏ နောက်ဘက်မှာ သေခြင်းအော်ရာက ဆင်းသက်လာသည်ကို သူကခံစားလိုက်ရ၏။
တွေဝေတုံ့တိုင်းခြင်းမရှိဘဲ ကျောကျူးရွှမ်သည် မလှမ်းမကမ်းမှာရှိသော ရှန်ကွမ်ချန်ကို လက်ညှိုးထိုးကာအော်ပြောလိုက်၏။
“တမလွန်ဖလှယ်ခြင်း”
ရွှစ်...
ကျောကျူးရွှမ်နှင့် ရှန်ကွမ်ချန်၏ တည်နေရာများက ချက်ချင်းပင် ပြောင်းလဲသွားလေသည်။