← Chapters

လင်ကျိုးရန်၏ အဖြစ်ဆိုး

Vol. 8 Ch. 112

လင်ကျိုးရန်၏ အဖြစ်ဆိုး

Vol. 8 Ch. 112

သားရဲတို့၏ ခေါင်းဆောင်ဖြစ်သော နတ်ဆိုးသုံးကောင်က လောထျန်းအား သတိထား ကြည့်လိုက်ကြသည်။

လောထျန်းက သူတို့ယူလာသည့် ပစ္စည်းများကို နည်းသည်ဟု ယူဆကာ အပြစ်ပေးမည်ကို သူတို့ အလွန်ကြောက်နေကြ၏။

လောထျန်းသည် တောင်လိုပုံနေသည့် စိတ်စွမ်းအင် ဆေးပင်များနှင့် သတ္ထုရိုင်းများကို ကြည့်ကာ မျက်မှောင် အနည်းငယ်ကြုံ့လိုက်သည်။

နတ်ဆိုးသုံးကောင်မှာ လောထျန်း၏ မျက်နှာအမူအရာကိုကြည့်ကာ တစ်ကိုယ်လုံး တုန်ယင်သွားပြီး သေမတတ် ကြောက်ရွံ့သွား၏။

" သခင်လေး ..ဒါနဲ့ မလုံလောက်ဘူးဆို ကျုပ်တို့ ထပ်သွားရှာပါ့မယ် "

မြွေဖြူက ပြောလိုက်သည်။

လောထျန်းက ခေါင်းယမ်း၍ ပြန်ပြော၏။

" တော်ပြီ ၊ အချိန်မရတော့ဘူးကွ ။ ဒီလောက်နဲ့ပဲ ထားကြတာပေါ့ "

သူက ထိုသို့ ပြောပြီးသည်နှင့် အားလုံးကို သူ၏ ဟင်းလင်းပြင် လက်စွပ်ထဲသို့ ထည့်လိုက်သည်။

" ခုလို ကြိုးကြိုးစားစား လုပ်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျုပ် သွားတော့မယ် "

ထို့နောက် လောထျန်းက အားလုံးကို လက်ဝေ့ယမ်း နှုတ်ဆက်ကာ ထွက်သွားလိုက်သည်။

လောထျန်း၏ နောက်ကျော တဖြည်းဖြည်း ပျောက်ကွယ်သွားမှသာ နတ်ဆိုးသုံးကောင်က တစ်ပြိုင်နက်တည်းနီးပါး မြေပေါ်သို့ ခွေကျသွားကြသည်။

" ဟူး .. ငါက သေပြီတောင် ထင်နေတာ "

" ငါ ရောပဲကွ ၊ ကြောက်စရာ ကောင်းလိုက်တာ .. "

" ငါ မနက်ဖြန်ကျရင် ဒီ မဟူရာလေပြင်းတောင်ကနေ ပြောင်းတော့မယ်ကွာ။ ဒီမှာ ဆက်မနေရဲတော့ဘူး "

နတ်ဆိုးသုံးကောင် သက်ပြင်းများ ချလိုက်ကြသည်။

ထိုစဥ် လောထျန်းသည် တောင်အဝင်ဝ ဘက်သို့ အေးအေးလူလူ လျှောက်လာ၏။

ထိုအချိန်တွင် .. ဆဲဆိုနေသည့် အသံတစ်ခုက ရုတ်တရက် သူ့နားထဲ ရောက်လာသည်။

" တကယ့်ကို စိတ်ဓာတ်မကောင်းတဲ့ ကောင်တွေပဲ ..  ငါလဲ ဘာမှ မလုပ်ဘဲနဲ့ "

ထိုအသံမှာ ရင်းနှီးနေသည့်အတွက် လောထျန်းက အသံလာရာဘက်သို့ သွားလိုက်သည်။

မကြာမီ ..သစ်ပင်တစ်ပင်အောက်တွင် ထိုင်ကာ ငိုယိုအော်ဟစ်နေသည့် လင်ကျိုးရန်အား သူ တွေ့သွား၏။ လင်ကျိုးရန်၏ မျက်နှာမှာလည်း ဒဏ်ရာဒဏ်ချက်များဖြင့် ဖူးရောင်နေသည်ကို မြင်လိုက်ရသည်။

" မင်း ဒီမှာ ဘာလုပ်နေတာလဲ "

လောထျန်းက မေးလိုက်သည်။

လင်ကျိုးရန်မှာ အသံကြားမှ ခေါင်းမော့လာပြီး လောထျန်းအား တွေ့သွား၏။ သူ ချက်ချင်းပင် လောထျန်းရှိရာသို့ အပြေးသွားလိုက်သည်။

" သခင်လေးလောထျန်း ၊ အခုမှပဲ တွေ့တော့တယ်ဗျာ "

လင်ကျိုးရန်က ထိုသို့ ပြောပြီးသည်နှင့် လောထျန်းကို ဖက်ကာ ရှိုက်ကြီးတငင် ငိုချလိုက်ပြန်၏။

" ဟေ့ .. ငါ့ကို နှပ်ချီးနဲ့ လာမသုတ်နဲ့လေ ၊ သုတ်ရင် ငါ မင်းကို အဝေးကြီးရောက်သွားအောင် ရိုက်လိုက်မှာနော် "

လောထျန်း ပြောလိုက်သည်။

လင်ကျိုးရန်က ထိုအချိန်မှသာ လောထျန်းအား လွတ်ပေးလိုက်သည်။

" ဘာတွေ ဖြစ်နေတာလဲက္ "

လောထျန်း ထပ်မေးလိုက်၏။

လင်ကျိုးရန်က ငိုနေရင်း ပြန်ဖြေသည်။

" ကျုပ် တောင်ထဲကို စဝင်လာကတည်းက သတိထားပြီး ရှာခဲ့တာဗျ ။ အကြာကြီးနေမှ စိတ်စွမ်းအင် ဆေးပင်လေးနည်းနည်း ရခဲ့တာ။ ဒါပေမယ့် ရှာပြီးလို့ သိပ်မကြာဘူး ၊ လူတစ်ယောက်က ကျုပ်ကို တွေ့သွားပြီးတော့ ကျုပ်ကို ထိုးကြိတ်ပြီး ကျုပ်ဆီက စိတ်စွမ်းအင် ဆေးပင် တစ်ဝက်ကို ယူသွားတာပဲ "

" အဲ့ထိလဲ ကျုပ် စိတ်မပျက်သေးဘူးဗျ ။ အနည်းဆုံး ကျုပ်ဆီမှာ ဆေးပင်တစ်ဝက်လောက် ကျန်သေးတော့ နောက်ထပ် နည်းနည်းထပ်ရှာလိုက်ရင် နောက်တစ်ဆင့်တက်ဖို့ ဆေးပင်တွေ လုံလုံလောက်လောက် ရသွားမှာပဲဆိုပြီး တွေးထားတာ "

" ဒါပေမယ့်ဗျာ ..နောက်ထပ်နည်းနည်းပဲ ဆက်သွားရသေးတယ် ၊ သားရဲတစ်အုပ်က ကျုပ်ကို တွေ့သွားပြန်ရော။ ဒီသားရဲတွေကလဲ ကျုပ်ကို ရိုက်ပုတ်ထိုးနှက်ပြီး ကျုပ်ရဲ့ ဆေးပင်တွေ အားလုံးကို လုသွားကြပြန်တယ် "

" ဒါပဲလား "

လောထျန်း မေးလိုက်သည်။

လင်ကျိုးရန်က ခေါင်းယမ်းကာ ဆက်ပြော၏။

" အဲ့လောက်ပဲဆိုရင် ကျုပ် မငိုပါဘူးဗျာ။ ဒါပေမယ့် အဲ့နောက်ပိုင်းမှာ သားရဲအုပ် ၇ အုပ်လောက်နဲ့ ဆက်တွေ့ခဲ့သေးတယ်ဗျ။ ဒီသားရဲအုပ်က ကျုပ်ကို တွေ့တာနဲ့ ရိုက်ပုတ်ထိုးကြိတ်ပြီးတော့ ကျုပ်ပစ္စည်းတွေကို ရှာကြတယ် ၊ နောက် စိတ်စွမ်းအင် ဆေးတွေလဲ မတွေ့ရော ထပ်ပြီး ထိုးကြပြန်ရောဗျာ "

" အားလုံးပေါင်းလိုက်ရင် ကျုပ် အကြိမ် ၂၀ လောက်ကို အထိုးအကြိတ် ခံခဲ့ရတာဗျ ။ အဆိုးဆုံးက အဲ့လို ထိုးကြိတ်ပြီးရင် သားရဲတွေက ကျုပ်ကို သနားစရာ သတ္တဝါတစ်ကောင်လို ကြည့်ပြီး တံတွေးပါ ထွေးသွားကြသေးတာပဲ။ ပြောပါဦးဗျာ ..ကျုပ် ဘယ်သူ့ကို စော်ကားလိုက်မိလို့လဲ "

စကားဆုံးအောင် နားထောင်ပြီးသွားသောအခါ လောထျန်းမှာ လင်ကျိုးရန်အတွက် စိတ်မကောင်းဖြစ်သွား၏။

ထိုလူမှာ သနားစရာ ကာင်းလှပေသည်။

လင်ကျိုးရန်က ငိုနေရင်း စကားဆက်သည်။

" မဟူရာလေပြင်းတောင်က သားရဲတွေက ဒီနေ့မှ ဘာစိတ်ကူးပေါက်ပြီး ရူးသွားကြလဲ ကျုပ် နားမလည်ဘူး။ ပုံမှန်ဆို ဒီကောင်တွေက အသိုက်ထဲမှာပဲ ပုန်းနေကျ။ ဒါပေမယ့် ဒီနေ့မှ ဘယ်အရူးက သူတို့ကို ထွက်လာဖို့ အမိန့်ပေးလိုက်လဲ မသိပါဘူး "

ထိုစကားကို ကြားသောအခါ လောထျန်းက လင်ကျိုးရန်၏ ခေါင်းအား တစ်ချက် ရိုက်လိုက်သည်။

" အား ..အကိုကြီးကရော ဘာဖြစ်လို့ ကျုပ်ကို ရိုက်တာလဲဗျ "

လင်ကျိုးရန်က သူ့ခေါင်းကို လက်ဖြင့်ပွတ်ကာ ပြောလိုက်သည်။

လောထျန်းက သူ့ကို ကြည့်ကာ ပြန်ပြော၏။

" ဘာလို့လဲဆိုတော့ မင်းက အရိုက်ခံရဖို့ ထိုက်တန်လို့လေ ။  ဒီသားရဲတွေက ငါအမိန့်ပေးထားလို့ ထွက်လာကြတာကွ "

" ဟင် ..ဘယ်လို "

လင်ကျိုးရန်မှာ ခေတ္တမျှ မည်သို့ ပြန်ပြောရမည်မသိ ဖြစ်သွားသည်။

လောထျန်းက လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်ရာ သားရဲများ စုဆောင်းခဲ့ကြသည့် စိတ်စွမ်းအင် ဆေးပင်များနှင့် စိတ်စွမ်းအင် သတ္ထုရိုင်းများ သူ့ရှေ့တွင် ပုံသွား၏။

" ငါက ကိုယ်တိုင်ရှာရမှာပျင်းလို့ ဒီသားရဲတွေကို ငါ့ကိုယ်စား သွားရှာခိုင်းလိုက်တာ။ ကြည့်ကြည့်ပါဦး ..ဒီပစ္စည်းတွေနဲ့ဆို နောက်တစ်ဆင့်ကို တက်ဖို့ လုံလောက်တယ် မဟုတ်လား "

လောထျန်းက မေးလိုက်သည်။

ထိုမေးခွန်းကို ကြားသောအခါ လင်ကျိုးရန်က လောထျန်းအား ထူးဆန်းသည့်အကြည့်ဖြင့် ပြန်ကြည့်၏။

လောထျန်း မျက်မှောင်ကြုံ့သွားကာ ပြောလိုက်သည်။

" မင်းက ဘာဖြစ်လို့ ငါ့ကို အဲ့လိုကြီး ကြည့်နေတာလဲ ။ အဲ့လောက်နဲ့ မလုံလောက်ဘူးလား "

လင်ကျိုးရန်က ပြန်ပြော၏။

" သခင်လေးက နောက်နေတာလားဗျ ၊ မလုံလောက်ဘဲ ဘယ်နေမလဲဗျာ ။ကျုပ် သိသလောက် ပြောရရင် အရင်တစ်ခါ ဒီ မဟူရာလေပြင်းတောင်မှာ စာမေးပွဲစစ်တုန်းက၊ ပြိုင်ပွဲဝင်တွေအားလုံး ရှာထားတဲ့ ဆေးပင်တွေနဲ့ သတ္ထုရိုင်းတွေအကုန် ပေါင်းရင်တောင် အခု သခင်လေးဟာရဲ့ ဆယ်ပုံတစ်ပုံ မရှိဘူး ။ ဒါကို မလုံလောက်ဘူးလို့ ဘယ်သူပြောရဲမှာလဲ  "

ထိုအချိန်မှသာ လောထျန်း ခေါင်းညိတ်လိုက်သည်။

" အဲ့လိုလား ..ဒါဆိုလဲ ကောင်းတာပေါ့ "

ထိုအချိန်တွင် လင်ကျိုးရန်က လောထျန်းအား မျက်နှာငယ်လေးဖြင့် ရုတ်တရက် ကြည့်လာ၏။

လောထျန်းက သူ့ကိုကြည့်ကာ အပြုံးဖြင့် ပြောလိုက်သည်။

" ဟုတ်ပါပြီကွာ .. အဲ့ထဲက မင်းကြိုက်တာ ရွေးယူလို့ရတယ် "

လင်ကျိုးရန် ချက်ချင်း ပျော်သွားကာ သူ့ပေါင်သူ လက်ဖြင့် အားရပါးရရိုက်ပြီး ပြော၏။

" သခင်လေးလောထျန်း ၊ ခုချိန်က စပြီးတော့ သခင်လေးက ကျုပ်ရဲ့ အကိုအရင်း ဖြစ်သွားပြီ။ မဟုတ်သေးဘူး .. အဖေအရင်း "

လောထျန်းက လက်ယမ်းပြကာ ပြန်ပြောသည်။

" တော်ပြီကွာ .. ဒါဆို မပေးတော့ဘူး။ ငါ မင်းလို သားမျိုး အကြောင်းမဲ့တော့ မလိုချင်ဘူးကွာ "

လင်ကျိုးရန် ပြန်ပြော၏။

" ရပါတယ်ဗျာ .. ကျုပ်က သခင်လေးကို အဖေလို့ ခေါ်မယ်။ သခင်လေးက ကျုပ်ကို ညီလေး လို့ပဲ ပြန်ခေါ်ပေါ့ "

လောထျန်းက သူ့အား တစ်ချက် ကန်လိုက်သည်။

" အ ..ကျုပ် မှားပါတယ်ဗျာ၊ အကိုကြီးလို့ပဲ ခေါ်ပါ့မယ် "

လင်ကျိုးရန်က မျက်နှာငယ်လေး ပြန်ဖြစ်သွားကာ ပြောသည်။

ထို့နောက်တွင်မူ သူသည် လောထျန်း၏ ပစ္စည်းပုံကြီးထဲမှ သူသဘောကျသည့် စိတ်စွမ်းအင် ဆေးပင်နှင့် သတ္ထုရိုင်းအချို့ကို ရွေးယူလိုက်၏။သူ့မျက်နှာမှာ ကျေနပ်ပျော်ရွှင်မှုအပြည့် ဖြစ်သွားသည်။

" ဒါနဲ့ဆို ကျုပ် နောက်တစ်ဆင့်ကို တက်လို့ ရသွားပြီဗျ "

လင်ကျိုးရန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ထို့နောက် သူတို့နှစ်ဦး အတူတကွ ထွက်သွားကြ၏။

လမ်းတစ်လျှောက်တွင် သူတို့ထံမှ ပစ္စည်းများကို လုယူချင်သည့် လူများစွာနှင့်လည်း တွေ့ခဲ့ကြသေးသည်။

သို့သော် ထိုလူများမှာ အနားမကပ်နိုင်ခင်မှာပင် လောထျန်း၏ ကိုယ်အရောင်အဝါကြောင့် အဝေးသို့ လွင့်ထွက်သွားကြရ၏။

မကြာမီ .. သူတို့နှစ်ဦး ပြိုင်ပွဲအဆုံးသတ် စစ်ဆေးသည့်နေရာသို့ ရောက်သွားကြသည်။

ထိုအချိန်မှာပင် ကျန်ပြိုင်ပွဲဝင်များလည်း တစ်ယောက်ပြီးတစ်ဟောက် ပြန်ရောက်လာကြသည်။

" ချီးပဲကွာ .. မဟူရာလေပြင်းတောင်က သားရဲတွေအကုန် ရူးသွားကြတာလား ။ သားရဲအုပ် တစ်အုပ်က မှော်ဆေးပင်လေး တစ်ပင်အတွက် ငါ့နောက်ကို ဆယ်မိုင်ကျော်အထိ လိုက်လာကြတာကွ "

" မင်း မပြောနဲ့ ၊ ဖုန့်ဖေးရန် နဲ့ မိုရှ တို့တောင်မှ သားရဲတွေလက်ချက်နဲ့ ဒဏ်ရာ ရခဲ့ကြတယ်လို့ ကြားတယ်ကွ "

" ဟင် .. သူတို့တောင် အဲ့လိုဖြစ်တာလား ။ ရွှယ်လင်းလုံရော .. "

" ရွှယ်လင်းလုံကတော့ ဒဏ်ရာမရခဲ့ဘူး ။ ဒါပေမယ့် သူ့ကို ကြည့်ရတာ စိတ်အေးလက်အေး ရှိနေတဲ့ပုံတော့ မဟုတ်ဘူးကွ "

" ချီးကွာ .. ထျန်းရှန့်နိုင်ငံက ဘာတွေ လုပ်နေတာလဲ မသိဘူး။ ဒီနှစ် ပြိုင်ပွဲက ခက်လိုက်တာမှ လွန်ရော ။ ဒီလို စာမေးပွဲမျိုးကို ဘယ်သူက အောင်နိုင်တော့မှာလဲ "

အားလုံးက ပြိုင်ပွဲနှင့် ပတ်သက်သည့် သူတို့အမြင်ကို တစ်ယောက်တစ်ပေါက် ပြောလိုက်ကြသည်။

ထိုစဥ် ဟန်ဝမ်ကျိုးနှင့် ယွိထျန်းလုံတို့ နှစ်ယောက်လည်း အပြေးအလွှား ပြန်ရောက်လာကြ၏။ ခဏရှာလိုက်ရုံဖြင့် သူတို့ လောထျန်းအား တွေ့သွားကြသည်။

" အကိုလောထျန်း .. ၊ ဟင် ..လင်ကျိုးရန် ..မင်းကို ခုလိုဖြစ်အောင် ဘယ်သူက ထိုးကြိတ်လိုက်တာလဲ "

ပိုင်ထျန်းယွိက တအံ့တသြ မေးလိုက်သည်။

လင်ကျိုးရန်က မျက်နှာငယ်လေးဖြင့် ဖြစ်ပျက်ခဲ့သမျှကို အတိုချုပ် ပြန်ပြောပြ၏။

အကြောင်းစုံကို နားထောင်ပြီးသွားသောအခါ သူတို့နှစ်ယောက်သား မအောင့်အီးနိုင်ဘဲ အသံထွက်၍ ရယ်လိုက်ကြသည်။

" မင်းတို့ နှစ်ယောက်ရော ဘယ်လိုလဲ ပြောပါဦး။ဘာတွေ ရခဲ့ကြလဲ "

လင်ကျိုးရန်က မေးလိုက်သည်။

သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြန်ဖြေသည်။

" ငါတို့က ကံကောင်းတယ်လို့ ပြောရမယ်ကွ ။ တောင်ထဲဝင်ပြီး သိပ်မကြာခင် ငါတို့ချင်း တွေ့သွားပြီးတော့ တောက်လျှောက် အတူတူ ဆေးပင်တွေ ရှာခဲ့ကြတာ ။ ငါထင်တာတော့ ငါတို့နှစ်ယောက်လုံး အခက်အခဲ မရှိဘဲ နောက်တစ်ဆင့် တက်နိုင်မယ်ထင်တယ် "

လင်ကျိုးရန်က ခေါင်းယမ်း၍ ညည်းညူလိုက်သည်။

" ချီးပါကွာ .. ဘာဖြစ်လို့ ငါတစ်ယောက်တည်းကပဲ အဲ့လောက် ကံဆိုးနေတာလဲ မသိပါဘူး "

သူတို့ ပြောနေကြစဥ်မှာပင် လုဝမ်ထောင်က နောက်လိုက်အချို့နှင့်အတူ သူတို့ အနီးသို့ ရောက်လာ၏။

" ဟေ့ ..ဟိုမှာ သုံးစားမရတဲ့ ကောင်တွေပါလား။ မင်းတို့တွေက အချင်းချင်း ပွေ့ဖက်ပြီး နှစ်သိမ့်နေကြတာလား။ မင်းတို့ကောင်တွေ အသက်ရှင်ရက် ပြန်ထွက်လာနိုင်တာ အံ့သြစရာပဲကွာ ။ ဒါပေမယ့် ထျန်းရှန့်သိုင်းပြိုင်ပွဲမှာ မင်းတို့တွေ ဒီအဆင့်ပဲ အလွန်ဆုံး ရောက်နိုင်မှာကွ ။ နောက်တစ်ဆင့် တက်ဖို့ ဖြစ်နိုင်မယ် မထင်ဘူး "

လုဝမ်ထောင်က လောထျန်းအား လှောင်ပြုံးဖြင့် နှစ်ကြိမ်တိုင်တိုင် ကြည့်ကာ ပြောလိုက်သည်။

ပိုင်ထျန်းယွိက လုဝမ်ထောင်ကို ကြည့်ကာ ပြန်ပြော၏။

" လုဝမ်ထောင် ၊ မင်း စကားတွေ အများကြီးမပြောတာ  ကောင်းလိမ့်မယ် ။ မဟုတ်ရင် မင်း ဘယ်လိုသေလို့ သေမှန်းတောင် မသိလိုက်ရဘဲ ဖြစ်သွားမယ် "

လုဝမ်ထောင်က သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

" မင်း .."

သို့သော် ထိုအချိန်မှာပင် ..

" ဒီမှာရှိတဲ့ လူတွေအားလုံး ရှေ့ကိုလာပြီး စိတ်စွမ်းအင်ဆေးပင်တွေနဲ့ စိတ်စွမ်းအင် သတ္ထုရိုင်းတွေကို လာအပ်ကြပါ "

အကြီးအကဲတစ်ယောက်က အော်ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ လုဝမ်ထောင်က ပိုင်ထျန်းယွိဘက် လှည့်ကြည့်၍ အေးစက်စက် ​ပြော၏။

" ပိုင်ထျန်းယွိ .. မင်း စောင့်ကြည့်နေလိုက် "

ထို့နောက် သူနှင့် သူ့လူများ ပြန်ထွက်သွားကြသည်။

မကြာမီပင် .. လူတန်းရှည်ကြီး ဖြစ်သွားပြီး လူများ တစ်ယောက်ပြီးတစ်ယောက် သူတို့ရှာဖွေ၍ ရခဲ့သမျှကို အကြီးအကဲဆီသို့ အပ်လိုက်ကြသည်။

ဒုတိယအဆင့် စာမေးပွဲ စသည့်အချိန်တွင် မဟူရာလေပြင်း တောင်တန်းတစ်ခုလုံးကို အစီအမံတစ်ခုဖြင့် လွှမ်းခြုံထားသဖြင့် ..

ဆေးပင်များနှင့် သတ္ထုရိုင်းများအားလုံးတွင် ထိုအစီအရင်၏ အငွေ့အသက်များ ဝါဝင်နေကြ၏။

သို့ဖြစ်ရာ ပြိုင်ပွဲမစခင် ကြိုတင် ခိုးသယ်လာသည့် ပစ္စည်းများ ရှိလျှင်ပင် အသုံးမဝင်ချေ ။

" ကျောက်ဝူမင် ၊ တတိယအဆင့် စိတ်စွမ်းအင်ဆေး ၁ ခွက်စာ ၊ ဒုတိယအဆင့် စိတ်စွမ်းအင်ဆေး ၂ ခွက်စာ နဲ့ ပထမအဆင့်စိတ်စွမ်းအင်ဆေး ၅ ခွက် ၊ အမှတ်စုစုပေါင်း ၁၂၈ မှတ် "

" ကျင်းဝူချန်း ၊ ဒာတိယအဆင့် စိတ်စွမ်းအင်ဆေး ၁ ခု ၊ ပထမအဆင့် သားရဲအတွင်းအား ဆေးရည် ၊ စုစုပေါင်း အမှတ် ၁၁ မှတ် "

အမှတ်စာရင်းကို တွက်နေသည့် အကြီးအကဲမှာ သူ့ရှေ့မှ လူငယ်များ၏ အမှတ်ကို ကြည့်ကာ မျက်မှောင်ကြုံ့သွားသည်။

" ဘာတွေ ဖြစ်နေတာလဲ ..ဒီနှစ် ကလေးတွေရဲ့ အမှတ်က ဘာလို့ အဲ့လောက် နိမ့်နေရတာလဲ "

အကြီးအကဲက ခေါင်းယမ်း၍ သက်ပြင်းချလိုက်သည်။

" ဟားဟား ..ဒီလို သုံးစားမရတဲ့ ကောင်တွေက အမှတ်နည်းတာ ဘာများ ထူးဆန်းလို့လဲ အကြီးအကဲရာ။ ဒီမှာ.. ကျုပ် အမှတ်ကို ကြည့်လိုက်ဗျာ "

လူအုပ်ထဲမှ လုဝမ်ထောင်က အပြုံးဖြင့် ပြောလိုက်သည်။

စာစဉ်ပြီး၏

All Chapters