← Chapters

မြင့်မြတ်သောမြေတစ်ခုအလား

Vol. 8 Ch. 99

မြင့်မြတ်သောမြေတစ်ခုအလား

Vol. 8 Ch. 99

" ဟင် .. ဘာတွေ ဖြစ်နေတာလဲ ။ စိတ်စွမ်းအင်သွေးကြောက ဘာဖြစ်သွားတာလဲ "

ရွှေရောင်နဂါးကြီးက ခေါင်းနှင့် အမြီးကို လှုပ်ယမ်း၍ မြောက်ဘက်သို့ ပျံသန်းရန် ပြင်နေသည်ကို မြင်သောအခါ အဘိုးအို ရုတ်တရက် ပြောလိုက်သည်။

" ဟေ့ ..မသွားနဲ့လေ "

အဘိုးအို အလန့်တကြားပြောကာ လက်ဆန့်၍ ၎င်းကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်သည်။

သို့သော် ကမ္ဘာမြေကြီး၏ စိတ်စွမ်းအင်သွေးကြောကို ထိုသို့ စိတ်ရှိတိုင်း အလွယ်တကူ ဖမ်းဆီး၍ မရပါချေ ။

ရွှေရောင်နဂါးကြီးက ​လေထဲသို့ ပျံတက်ကာ ချက်ချင်း ပျောက်ကွယ်သွား၏။

၎င်းက မြောက်ဘက်သို့ အလွန်လျင်မြန်သော အရှိန်ဖြင့် ပျံသန်းသွားသည်ကို အဘိုးအို ခံစားမိလိုက်သည်။

" သူ့နောက်ကို မီအောင်လိုက်ကြဟေ့ "

အဘိုးအိုက ကျယ်လောင်စွာ အော်လိုက်သည်။

ဝှစ် .. ဝှစ် .. ဝှစ် ...

ချက်ချင်းပင် လူရိပ်ဆယ်ယောက်ကျော်လှုပ်ရှားသွားကာ နဂါးကြီး ထွက်သွားသည့်နောက်သို့ အလွန်လျင်မြန်စွာ ပြေးလိုက်သွားကြသည်။

သို့သော် အချိန်အတန်ငယ် ကြာသွားပြီးနောက်တွင်မူ ထိုလူရိပ်များအာလုံး ပြန်ရောက်လာကြ၏။

" မင်းတို့တွေ ဘာဖြစ်လို့ ပြန်လာကြတာလဲ ၊ စိတ်စွမ်းအင် သွေးကြောက ဘယ်မှာလဲ "

အဘိုးအိုက မျက်နှာထားတင်းတင်းဖြင့် မေးလိုက်သည် ။

" ဘိုးဘေး .. သူ ပျောက်သွားပြီ "

လူရိပ်ထဲမှ တစ်ယောက်က ပြန်ဖြေ၏။

" ဘာကွ ..မင်းတို့ကောင်တွေ တော်တော်သုံးစားမရတာပဲ ။ မင်းတို့ကိုငါ ဘယ်နားမှာ သွားသုံးရမလဲ ပြောစမ်းပါဦး "

အဘိုးအိုက ဒေါသတကြီး ဆူလိုက်သည်။

သူ့ဘေးမှ တစ်ယောက်က ပြန်ပြော၏။

" ကျုပ်တို့ကို အပြစ်တင်လို့ မရဘူးလေ ဘိုးဘေးရဲ့ ။စိတ်စွမ်းအင် သွေးကြောတွေက သဘာဝအတိုင်း ဖြစ်လာတာမို့ သူတို့ကို နောက်ယောင်ခံလိုက်ဖို့ တော်တော်ခက်တယ် ။ သူတို့သာ ထွက်သွားဖို့ ဆန္ဒရှိရင် ဘယ်သူမှ တားနိုင်မှာ မဟုတ်ဘူး "

အဘိုးအို၏မျက်နှာ ချက်ချင်း ဖြူဖျော့သွားပြီး ပါးစပ်ထဲမှ သွေးအချို့ကို ထွေးထုတ်လိုက်သည်။

" ဘယ်လောက် ဒေါသထွက်စရာ ကောင်းလိုက်သလဲ ။ ငါ့ဘဝ တစ်ဝက်လောက်ကို ဒီလို မြင့်မြတ်တဲ့ စိတ်စွမ်းအင်သွေးကြောကို ရှာရင်း အချိန်ကုန်ခဲ့ရတာတောင် အခုတော့ ငါ့လက်က ထွက်ပြေးသွားတယ်။ ဒီကောင့်ကို သေချာလိုက်ရှာကြစမ်း ။ ဒီ စိတ်စွမ်းအင်သွေးကြော ဘယ်ရောက်သွားတယ်ဆိုတာကို သေချာသိအောင် စုံစမ်းပြီး ငါ့ကိုပြန်လာပြောကြ "

အဘိုးအိုက ဒေါသတကြီး အော်လ်ုက်သည်။

" ဟုတ်ကဲ့ပါ ဘိုးဘေး "

ကျန်လူများ တညီတညွတ်တည်း ပြန်ပြောလိုက်ကြ၏။

ထိုစဥ် ..မြောက်ဘက်ပိုင်းမှ ပျောင်ပိုင်မြို့၌ ..

" စိတ်စွမ်းအင် သွေးကြောအသစ် ထပ်ပေါ်မလာတာ နည်းနည်းကြာသွားပြီဆိုတော့ ကြည့်ရတာ ဒါ နောက်ဆုံးပဲနဲ့တူတယ် "

ကျန်းယီက ဘေးပတ်လည်သို့ ဝေ့ဝဲကြည့်ကာ ပြောလိုက်သည်။

" အကိုကြီးရောဘယ်လိုထင်လဲ "

ဖုချင်းလျန်က မေး၏။

ယဲ့ထုံလင်းက မုတ်ဆိတ်ကို ပွတ်၍ လောထျန်းအား အံ့သြတကြီး လှမ်းကြည့်ကာ ပြန်ဖြေသည်။

" သခင်လေးလို ပါရမီမျိုးကို ငါ့ဘဝတစ်လျှောက်လုံးမှာ တစ်ခါမှ မတွေ့ဖူးဘူးကွ ။ သခင်လေးသာ သိုင်းပညာကို ဆက်မလေ့ကျင့်ဘဲ ငါပေးတဲ့သိုင်းကျမ်းကိုပဲ  လေ့ကျင့်လို့ရှိရင် နောက် နှစ်တစ်ထောင်လောက်ဆို မြင့်မြတ်တဲ့အဆင့်ရှိတဲ့စိတ်စွမ်းအင်သွေးကြောကို ထုတ်ယူနိုင်လောက်တယ်ကွ "

" မြင့်မြတ်တဲ့ အဆင့်ရှိတဲ့ စိတ်စွမ်းအင်သွေးကြောက ဘယ်လိုပုံမျိုးလဲ အကိုကြီး "

ကျန်နှစ်ယောက်က စိတ်ဝင်တစား မေးလိုက်ကြသည်။

ယဲ့ထုံလင်း သက်ပြင်းချ၏။

" အခု စဥ်းစားကြည့်မိတော့မှ .. ငါလဲ အဲ့လိုအဆင့်နဲ့ စိတ်စွမ်းအင်သွေးကြောကို တစ်ခါမှ မတွေ့ဖူးဘူးကွ ။ ဒီကမ္ဘာကြီးမှာ မြင့်မြတ်တဲ့ နေရာတွေက နည်းနည်းလေးပဲရှိတာ မင်းတို့လဲ သိပြီးသားပဲ ။ ငါတို့လိုလူတွေက အဲ့လိုနေရာကို အနားကပ်ဖို့တောင် အရည်အချင်း မပြည့်ပါဘူးကွာ "

" ဒါပေမယ့် အကြီးတစ်ယောက်ဆီက ငါ တစ်ခါကြားဖူးတော့ မြင့်မြတ်တဲ့အဆင့်ရှိတဲ့ စိတ်စွမ်းအင်သွေးကြောတွေက အသွင်ပြောင်းသွားပြီးရင်တောင် အင်မတန် ထူးခြားတယ် တဲ့ကွ ။ ဥပမာပြောရရင် ဧရာမ စိတ်စွမ်းအင် လိပ် တို့၊ ရွှေရောင်ကျီးကန်း တို့ ၊ နောက် ဒဏ္ဍာရီကျော် ရွှေနဂါး တို့လိုပေါ့ကွာ "

ယဲ့ထုံလင်း စကားပြောနေစဥ်မှာပင် သူ့မျက်နှာချင်းဆိုင်မှ ကျန်းယီနှင့် ဖုချင်းလျန်တို့၏ မျက်နှာထားများ ရုတ်တရက် ပြောင်းသွားကြ၏။

" အကိုကြီးပြောတဲ့ ရွှေနဂါးက ဘယ်လိုပုံစံမျိုးလဲ "

ဖုချင်းလျန်က မေးလိုက်သည်။

" အင်း .. ငါလဲ တခြားသူတွေဆီကပဲ ကြားဖူးတာကွ ။ ပြောကြတာတော့ ရွှေနဂါးက ပေတစ်ထောင်လောက်ရှည်တဲ့ ခန္ဓာကိုယ် ရှိပြီးတော့ သူ့ကိုယ်ကနေလဲ ရွှေရောင်အလင်းတန်းတွေ လင်းလက်နေတယ်တဲ့ ။ ပြီးတော့ သူ့ကိုယ်ထဲမှာလဲ ဒေါက် အသက်ဓာတ်လုံးက စုံချည်ဆန်ချည် ရှိနေတယ်လို့ ပြောတယ် "

ယဲ့ထုံလင်းက ပြောပြလိုက်သည်။

" သူ့မှာ လက်သည်းချွန် ငါးခု ရှိပြီးတော့ သူ့မျက်လုံးတွေကလဲ လျှပ်စီးတွေလို လက်နေသေးလား "

ကျန်းယီ ထပ်မေးလိုက်သည်။

" ညီလေး ..မင်းက ဒါတွေ သိနေပါလားကွ ။ မင်း အရင်က စိတ်စွမ်းအင်သွေးကြောကို နားလည်တယ်လို့ ပြောတာ ငါ တစ်ခါမှ မကြားဖူးဘူး "

ယဲ့ထုံလင်း အံ့အားသင့်သွားပြီး ပြောလိုက်သည် ။

ကျန်းယီက အောင့်သက်သက်ပြုံး၍ ယဲ့ထုံလင်းအနောက်ဘက်သို့ လက်ညှိုးညွှန်ကာ ပြော၏။

" အကိုကြီး .. ဟိုနောက်က ရွှေရောင်နဂါးကို ကြည့်လိုက်ပါဦး ။ အဲ့ဒါ အကိုကြီးပြောတဲ့ ပုံနဲ့ အတူတူပဲလား "

ယဲ့ထုံလင်းက အနောက်ဘက်သို့ လှည့်ကြည့်လိုက်ရာ ပေတစ်ထောင်ခန့် ရှည်လျားသည့် ရွှေရောင်နဂါးကြီးတစ်ကောင်အား တွေ့သွား၏။ ထိုနဂါးကြီး၏ ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းများ လင်းလက်နေပြီး သူ့မျက်လုံးများကလည်း လျှပ်စီးလက်သကဲ့သို့ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ယဲ့ထုံလင်းက ကျန်းယီတို့ဘက်သို့ ပြန်လှည့်လာကာ ခေါင်းညိတ်လိုက်သည် ။

" ဟုတ်တယ်ကွ ၊ အဲ့လိုပုံမျိုးပဲ ။ ဒါပေမယ့် ဒီလို ဒဏ္ဍာရီကျော် နဂါးတစ်ကောင်ကို ဒီဘဝမှာ အသက်ရှင်ရက်တွေ့ဖို့ ဖြစ်နိုင်မယ် မထင်ပါဘူးကွာ "

ဖုချင်းလျန် ၊ ကျန်းယီနှင့် ဘုရင်ကျင်းဖန်တို့ ဘာမှ ပြန်မ​ပြောနိုင်ဘဲ ဆွံ့အသွားကြသည် ။

ထိုအချိန်မှသာ ယဲ့ထုံလင်းက တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် နောက်သို့ ပြန်လှည့်ကြည့်လိုက်၏။

ထို့နောက် ရွှေရောင်နဂါးကြီးကို ကြည့်ကာ အလန့်တကြား ထခုန်လိုက်သည်။

" ဘုရားရေ .. မဖြစ်နိုင်တာ ။ ဒါ တကယ်ကြီး .. ဒါ တကယ်ကြီးကို ရွှေနဂါး စိတ်စွမ်းအင် သွေးကြောပဲ ။ မြင့်မြတ်တဲ့ အဆင့်ရှိတဲ့ စိတ်စွမ်းအင်သွေးကြော .. "

ယဲ့ထုံလင်း အလွန် အံ့အားသင့်နေ၏။

ထိုသို့သော စိတ်စွမ်းအင်သွေးကြောမျိုးက ဤကမ္ဘာကြီးတွင် များများစားစား မရှိပါချေ ။

ယခု လောထျန်းက ၎င်းကို ခေါ်ယူတိုင်ခဲ့သည်လား ။

ယခုသည် လောထျန်းအတွက် ပထမဆုံးအကြိမ် စိတ်စွမ်းအင်သွေးကြောကို ထုတ်ယူခြင်း ဖြစ်ပါသည် ။

သူ လောထျန်းအား မယုံနိုင်စွာ ထပ်ကြည့်လိုက်သည် ။

" ငါ သခင်လေးလောထျန်းရဲ့ ပါရမီကို သိတယ်ထင်နေခဲ့တာ ။ တကယ်တော့ ငါသိထားတာက ဘာမှ မဟုတ်သေးပါလား "

ယဲ့ထုံလင်းက တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

ထိုအချိန်တွင် လောထျန်းက မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။

" ဝါး ..ပင်ပန်းလိုက်တာ။ ဒီသိုင်းကျမ်းက စိတ်ဝိဥာဥ်အစွမ်းကို တော်တော်သုံးရတာပဲ ။ဒီတိုင်းသာ ဆက်သွားလို့ကတော့ ငါ့ရဲ့ စိတ်ဝိဥာဥ်အစွမ်းတစ်ဝက်လောက်က တစ်နာရီအတွင်း ကုန်သွားမယ်နဲ့တူတယ် "

လောထျန်း ခေါင်းယမ်းကာ ပြောလိုက်သည်။

နံဘေးတွင် ရှိနေသည့် ယဲ့ထုံလင်း ပါးစပ်အဟောင်းသား ဖြစ်သွား၏။

ထိုသို့သော စိတ်စွမ်းအင် သွေးကြောကို ခေါ်ယူခဲ့သည့်တိုင် သူ့စိတ်ဝိဥာဥ်အစွမ်း  တစ်ဝက်ပင် မကုန်ခဲ့ဘူးတဲ့လား ...

ထိုလူက လူသားတစ်ယောက် ဟုတ်ပါသေးရဲ့လား ..

သို့သော် ယခုက ထိုအကြောင်းကို တွေးရန် အချိန်ကောင်းမဟုတ်ပေ ။

" သခင်လေး ၊ ဒါ မြင့်မြတ်တဲ့ အဆင့်ရှိတဲ့ စိတ်စွမ်းအင်သွေးကြောတစ်ခုပဲ ။ အခု သခင်လေး ဒီဟာကို မြေကြီးနဲ့ တစ်သားတည်းဖြစ်အောင် ပေါင်းစပ်ပေးဖို့ လိုတယ်နော် ။ ဒီစိတ်စွမ်းအင်သွေးကြောက ဒီနေရာမှာနေဖို့ ဆုံးဖြတ်လိုက်ပြီ ဆိုတာနဲ့ ပျောင်ပိုင်မြို့က မြင့်မြတ်တဲ့ နေရာတစ်ခုနဲ့ ယှဥ် နိုင်သွားလိမ့်မယ် "

ယဲ့ထုံလင်းက ပြောပြလိုက်သည်။

" ဟင် .. ဒီဟာက အဲ့လောက်အစွမ်းထက်တာလား "

လောထျန်း အံ့သြတကြီး ပြန်ပြော၏။

ထို့နောက် သူက ရွှေရောင်နဂါး ၊ ကျင်းလုံကို ခြေဆုံးခေါင်းဆုံး ကြည့်ကာ  လောမိသားစု အိမ်တော်ဘက်သို့ လက်ညိုးညွှန်၍ ပြောလိုက်သည် ။

" မင်း က ဟိုမှာသွားနေ "

ယဲ့ထုံလင်း ပါးစပ်အဟောင်းသား ဖြစ်သွားရပြန်၏ ။

အသွင်ပြောင်းထားသည့် စိတ်စွမ်းအင်သွေးကြောများသည် အလွန်အဖိုးတန်သော အရာတစ်ခု ဖြစ်ပေသည် ။

အထူးသဖြင့် ထိုအဆင့်မျိုးရှိသည့် စိတ်စွမ်းအင် သွေးကြောဆိုလျှင် တန်ဖိုးပင် မဖြတ်နိုင်ပေရာ မြင့်မြတ်သော နေရာမှ အစွမ်းအထက်ဆုံး သူများပင် ၎င်းကို တန်ဖိုးထား ကိုးကွယ်ကြမည်ဖြစ်သည်။

သို့သော် .. ယခု လောထျန်းက ၎င်းအား အမိန့်ပေးနေ၏။

အကယ်၍ ရွှေရောင်နဂါး  ကျင်းလုံသာ ဒေါသထွက်ပြီး ဤနေရာမှ ထွက်သွားခဲ့ပါက ​ကြီးစွာသော ဆုံးရှုံးမှုကြီး ဖြစ်သွားပေလိမ့်မည် ။

ယဲ့ထုံလင်းက လောထျန်းအား သတိပေးရန် ပြင်လိုက်စဥ်မှာပင်  ....

ရွှေရောင်နဂါးကြီးက ခေါင်းမော့၍ အော်လိုက်ပြီးနောက် ခန္ဓာကိုယ် တစ်ပတ်လည်ကာ ပျောင်ပိုင်မြို့သို့ ဦးတည်၍ ပျံသန်းပြီး မြေပြင်သို့ ဆင်းလိုက်သည်။

ထို့နောက် ရွှေရောင်နဂါးကြီး မြေပြင်နှင့် ထိသည်နှင့် ၎င်းက ထိုနေရာတွင် လုံးဝ မရှိခဲ့ဖူးသည့်အလား ချက်ချင်း ပျောက်ကွယ်သွား၏။

ယဲ့ထုံလင်း အံ့သြမှင်သက်သွားသည်။

ထိုရွှေနဂါးကြီးက လောထျန်း၏ အမိန့်ကို အမှန်တကယ် နာခံနေသည်လား။

လောထျန်းက ထိုနေရာတွင် သွားနေဟု ပြောလိုက်သည်နှင့် ချက်ချင်း ထိုနေရာသို့ သွားခဲ့၏။

၎င်းက မာန်မာနကြီးသည့် စိတ်စွမ်းအင်သွေးကြောတစ်ခု ဟုတ်ပါသေးရဲ့လား ...

သူ မယုံနိုင်တော့ပါ ...

ရွှေနဂါးကြီး ပျောက်ကွယ်သွားသည်နှင့် ကျန်သားကောင်လေးများလည်း အားလုံး ပျောက်ကွယ်သွားကြသည်။

တစ်ချိန်တည်းမှာပင် ပျောင်ပိုင်တစ်မြို့လုံးနှင့် အနီးတဝိုက် ပတ်ဝန်းကျင်ရှိ စိတ်စွမ်းအင်များ တဟုန်ထိုး တိုးလာ၏။

ယဲ့ထုံလင်းက လက်ကို ဆန့်ထုတ်လိုက်ရာ စေးကပ်သော စိတ်စွမ်းအင်များက အစိုင်အခဲများအဖြစ် ပြောင်းသွားကြသည်ကိုပင် ခံစားလိုက်ရသည် ။

" ဒါ ..မြင့်မြတ်တဲ့အဆင့် စိတ်စွမ်းအင်တွေလား ..ကြောက်စရာကောင်းလိုက်တာ "

" ဒီနေရာမှာသာ နေလို့ကတော့ အရူးတစ်ယောက်တောင် အချိန်တိုလေးအတွင်း ကျင့်ကြံရုံနဲ့ ကောင်းကင်ထိန်းချုပ်အဆင့်ကို ရောက်သွားနိုင်တယ် ။ ထုံရွှယ်အဆင့်တောင် ရောက်ရင်ရောက်သွားဦးမှာ "

" ဒီ ပျောင်ပိုင်မြို့က မြင့်မြတ်တဲ့မြေ မဟုတ်ပေမယ့် ၊ဒီ စိတ်စွမ်းအင်နဲ့သာဆိူ မြင့်မြတ်တဲ့ မြေတစ်ခုနီးပါး ဖြစ်သွားပြီ "

နတ်ဆိုးသုံးယောက်မှာ တစ်ယောက်ကိုတစ်ယောက် မယုံနိုင်စွာ ကြည့်လိုက်ကြသည်။

" ကဲ ၊ မြို့ထဲ ဝင်ကြစို့ "

လောထျန်းက လက်ခုပ်တစ်ချက်တီးကာ ပြော၏။

ကျန်လူများကလည်း ချက်ချင်း သူ့နောက်မှလိုက်ကာ မြို့ထဲ ဝင်သွားကြသည်။

ထိုအချိန်တွင် ပျောင်ပိုင်မြို့ တစ်မြို့လုံး ရုတ်ရုတ်သဲသဲ ဖြစ်နေ၏။

လျှို့ဝှက်အခန်းတစ်ခု အတွင်း၌ ..

" ဘုရားရေ ..ဒီစိတ်စွမ်းအင်တွေက ဘာတွေဖြစ်နေတာလဲ ။ ကျင့်ကြံခြင်းအဆင့်တက်ဖို့ နောက်ထပ် လဝက်လောက် အချိန်ယူရဦးမယ် ထင်နေတာ ။ အခု ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး အဆင့်တက်သွားရတာလဲ "

သီးပင်စားပင် စိုက်ခင်းတစ်ခုအတွင်း၌ ...

" ဘုရားရေ .. ငါ အမြင်မှားနေတာများလား ။ ငါ့ ဂေါ်ဖီထုပ်တွေက ဘယ်လိုဖြစ်ပြီး သစ်ပင်တွေလောက် ကြီးနေရတာလဲ "

အိမ်တစ်ခုအတွင်း ..

လွန်ခဲ့သော တစ်စက္ကန့်ခန့်က ..

" အကိုကြီး ၊ ပျောင်ပိုင်မြို့က နေရာကောင်းတစ်ခု မဟုတ်ဘူးဗျ ။ ပြီးတော့ ခင်ဗျားအိမ်ကလဲ နေရာကောင်းမှာ မဟုတ်ဘူး ။ ဒီလောက်နည်းတဲ့ စိတ်စွမ်းအင်နဲ့ဆို ဒီမှာနေရင် ကျုပ်ကလေးရဲ့ ကျင့်ကြံခြင်းအဆင့် ကျသွားမှာတောင် စိုးရတယ် ။ဒီတော့ ကျုပ် ခင်ဗျားကို အဆင့်နိမ့် စိတ်စွမ်းအင် ကျောက်တုံး ၅၀၀၀ ပေးမယ်ဗျာ ။ ဒါတောင် တော်တော်များနေပြီ ။ ၈၀၀၀ ကတော့ များလွန်းတယ် "

နောက်တစ်စက္ကန့် အကြာတွင်မူ ရွှေရောင်နဂါးကြီး မြေပြင်ပေါ်သို့ ကျလာပြီး စွမ်းအင်များ ရုတ်တရက် တိုးတက်လာ၏။

" ဟင် .. ဒီစိတ်စွမ်းအင်က ဘယ်လိုဖြစ်လို့ အခုလို သိပ်သည်းသွားရတာလဲ ။အသက်နည်းနည်း ရှူလိုက်ရုံနဲ့တောင် အားပြည့်သွားသလိုပဲ ။ အကိုကြီး .. ဘာမှ မပြောနဲ့တော့ဗျာ ။ ကျုပ် အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး ၈၀၀၀ အခုချက်ချင်းပေးမယ် "

တစ်ဖက်မှ သူ့အိမ်ကို ရောင်းရန် ကြိုးစားနေသည့်သူက ရုတ်ချည်း အသိဝင်သွားကာ ဒေါသတကြီး ပြော၏။

" ၈၀၀၀ ဟုတ်လား ..နောက်နေတာလားကွ ။ ငါတို့ ပျောင်ပိုင်မြို့က လက်ရှိ စိတ်စွမ်းအင်နဲ့သာဆို ရှစ်သန်း လောက် ရှိမှပဲ စကားလာပြော "

ထိုနေ့တွင် ပျောင်ပိုင်မြို့မှ အရာအားလုံး ပြောင်းလဲသွားခဲ့သည် ။

All Chapters