← Chapters

အနက်ရောင်ဝတ်လူ ပြန်ပေါ်လာခြင်း

Vol. 8 Ch. 100

အနက်ရောင်ဝတ်လူ ပြန်ပေါ်လာခြင်း

Vol. 8 Ch. 100

လောထျန်းသည် အိမ်သို့ ပြန်ရောက်သည်နှင့်  လောမိသားစုဝင်များအားလုံးကို စုဝေးကာ ဖြစ်ပျက်သွားသည့် ကိစ္စများကို အကြမ်းဖျင်း ပြောပြလိုက်သည်။

လောမိသားစုဝင်များမှာ ထိုအချိန်မှသာ ယနေ့ ပျောင်ပိုင်မြို့တွင် ဖြစ်သွားခဲ့သည့် အပြောင်းအလဲများက လောထျန်းကြောင့်မှန်း သိသွားကြသည် ။

အထူးသဖြင့် လောထျန်းက စိတ်စွမ်းအင် သွေးကြောကို ထုတ်နိုင်ခဲ့သည့်အတွက် သူတို့အားလုံး စိတ်လှုပ်ရှားနေကြ၏။

သို့သော် ထိုသို့စိတ်လှုပ်ရှားစရာများကြား အချို့ကလည်း သူတို့စိုးရိမ်နေသည့် အကြောင်းရာများကို ပြောလိုက်ကြသည် ။

ယခု မြင့်မြတ်သော အဆင့်ရှိသည့် စိတ်စွမ်းအင်က အပြင်မှ လူများကို ဆွဲဆောင်နေမည် မလွဲချေ ။ ထိုလူများထဲတွင် ယုတ်မာသော စိတ်ထားရှိသူများလည်း ပါမည်မှာ သေချာ၏။

သို့ဖြစ်ရာ အကယ်၍ အစွမ်းထက်သော ရန်သူများ တိုက်ခိုက်လာပါက မြို့ထဲတွင် လောထျန်းရှိမှသာလျှင် အဆင်ပြေပေလိမ့်မည် ။

လောထျန်းမရှိပါက သူတို့အားလုံးအတွက် အလွန်အန္တရာယ်ကြီးနိုင်သည် မဟုတ်ပါလား ။

လောထျန်းကလည်း ထိုကိစ္စကို သဘောတူ၏။

ထို့ကြောင့် သူက ပျောင်ပိုင်မြို့အား ပြန်တည်ဆောက်ရန် ယဲ့ထုံလင်းကို တာဝန်ပေးအပ်လိုက်သည်။

မြို့တော်၏ အကာအကွယ်များကို ပြန်တည်ဆောက်ရမည့်အပြင် အစွမ်းထက်သော အကာအကွယ် အစီအမံကိုလည်း ချထားရန် မဖြစ်မနေ လိုပေသည် ။

ယဲ့ထုံလင်းက လောထျန်း၏ အမိန့်အား ဝမ်းသာစွာပင် လက်ခံ၏။

ယခင်ကဆိုလျှင် သူသည် ဖုန်းလင်းဒေသတစ်ခုလုံးတွင် အစီအမံပညာရပ်၌ အလွန်ပါရမီ ထူးချွန်သူအဖြစ် နာမည်ကျော်ကြားခဲ့သူဖြစ်သည်။

တစ်ချိန်တည်းမှာပင် လောထျန်းက ကျန်းယီနှင့် ဖုချင်းလျန်တို့အား မိသားစုဝင်များ ကျင့်ကြံရာတွင် အကူအညီပေးရန် မှာလိုက်သည်။

လောထျန်းက သူတို့အား ကောင်းကင်ဘုံသိုင်းကျမ်းထဲမှ သိုင်းကွက်များစွာ သင်ပေးထားခဲ့သည့်တိုင် ..

သူကိုယ်တိုင်မှလွဲ၍ အခြားသူများ၏ တိုးတက်မှုက နှေးကွေးလွန်းနေ၏။

သို့ဖြစ်ရာ သူတို့အားလုံး များများကျင့်ကြံနိုင်ရန် လိုပေသည် ။

လောထျန်းသည် ထိုသို့ စီစဥ်စရာရှိသည့် ကိစ္စများအားလုံးကို စီစဥ်ပြီးနောက် ပြန်ထွက်ခွာသွားပြန်၏။

ဤတစ်ကြိမ်တွင် နတ်ဆိုးသုံးယောက်နှင့် နိုဝူဖုန်းတို့အား အိမ်တော်ကို ကြည့်ရှုစောင့်ကြပ်ထားရန် မှာခဲ့လိုက်သည်။သူနှင့် ဘုရင်ကျင်းဖန်ကမူ ထျန်းရှန့်နိုင်ငံသို့ ခရီးစတင်လိုက်၏။

နောက် ၅ ရက်အကြာ ၊ ထျန်းရှန့်နိုင်ငံ နယ်စပ်၌...

ဘုရင်ကျင်းဖန်၏ ကျောပေါ်တွင် ရှိနေသော လောထျန်းမှာ ပျင်းရိလာသည် ။

" သခင်လေး ၊ ထျန်းရှန့်နိုင်ငံရဲ့ မြို့တော်က ရှေ့နားလေးဆို ရောက်ပြီ "

ဘုရင်ကျင်းဖန်က ပြောလိုက်သည်။

" ဟင် .. ရောက်ပြီလား "

လောထျန်း၏ မျက်လုံးများ အရောင်လက်သွား၏။

ခရီးရှည်ကြီး ထွက်လာရသည်မှာ ရက်အနည်းငယ် ကြာခဲ့ပြီ ဖြစ်သည့်အတွက် သူ ပျင်းရိနေပြီဖြစ်သည်။

ထို့ကြောင့်လည်း သူ ကျင့်ကြံခြင်းအဆင့် မြန်မြန်တက်လိုခြင်းဖြစ်သည် ။

သူ ခန့်မှန်းထားသည့်အတိုင်း ဆိုပါက သူ လုံလောက်အောင် အစွမ်းထက်လာသည်နှင့် တည်နေရာရွှေ့ပြောင်းနိုင်သော အကွာအဝေးကလည်း ပို၍တိုးလာမည် မဟုတ်ပါလား ။

သို့ဆိုလျှင် တော်တန်ရုံ အကွာအဝေးကို သူ မျက်တောင်တစ်ခတ်အတွင်း ရောက်သွားနိုင်ပေသည် ။

ကောင်းကင်ယံတွင် အချိန်ကြာရှည်စွာ ပျံသန်းရန်လည်း လိုတော့မည် မဟုတ်ပေ ။

သူ ထိုသို့ တွေးနေစဥ်မှာပင် သူ့အောက်မှ ဘုရင်ကျင်းဖန်၏ ခန္ဓာကိုယ် ရုတ်တရက် စောင်းသွားကာ အောက်သို့ လျင်မြန်စွာ ကျသွား၏။

" ဟင် ..ကျင်းဖန် ၊ ဘာတွေ ဖြစ်နေတာလဲ "

လောထျန်း မေးလိုက်သည် ။

" အ ..ကျုပ် ... "

ဘုရင်ကျင်းဖန် တစ်ကိုယ်လုံး တုန်သွားကာ ချက်ချင်း ပုံမှန်ပြန်ဖြစ်အောင် ထိန်းလိုက်သည်။

" သခင်လေး ၊ ကျုပ် တောင်းပန်ပါတယ် ။ ထျန်းရှန့်မြို့တော်အနားကို ကပ်လိုက်တာနဲ့ ဘာကြောင့်မှန်းမသိဘဲ ရုတ်တရက် ခေါင်းမူးပြီး အန်ချင်သွားတာ ။ ခုနက သတိမေ့ပြီး လဲကျတော့မလို့ "

ဘုရင်ကျင်းဖန်က အပြစ်ရှိသူတစ်ယောက်ပမာခံစားနေရကာ ပြောလိုက်သည် ။

ထိုစကားကြောင့် လောထျန်း အံ့အားသင့်သွား၏။

" ခေါင်းမူးပြီး အန်ချင်တယ် ဟုတ်လား .. ၊ တခြား ဘာတွေ ခံစားမိသေးလဲ "

လောထျန်း မေးလိုက်သည်။

ဘုရင်ကျင်းဖန်က ခေါင်းယမ်းကာ ပြန်ပြော၏။

" ကျုပ် သေချာတော့ မသိဘူးဗျ ။အနားကိုကပ်တော့ ကျုပ်သွေးကို ဖိနှိပ်ထားသလို ခံစားရပြီး မေ့လဲကျတော့မလို ဖြစ်သွားတာပဲ "

သွေးကို ဖိနှိပ်ခြင်း ...

လောထျန်း အလွန်အံ့အားသင့်သွားရသည် ။

ဘုရင်ကျင်းဖန်သည် နတ်ဘုရားသားရဲတစ်ကောင် ဖြစ်သည့်အပြင် မူလနဂါးအစွမ်းကိုလည်း စုပ်ယူထားသေးရာ သူ့သွေးက အလွန်အစွမ်းထက်သည်ဟု ပြော၍ရပေသည်။

ထိုသို့သော သွေးမျိုးကို မည်သည့်အရာက ဖိနှိပ်နိုင်ပါသနည်း ။

" အင်း ၊ ကျုပ်ကို အရင် အောက်ချလိုက်ပါ "

လောထျန်းက ပြောလိုက်သည်။

" ဟုတ်ကဲ့ "

ဘုရင်ကျင်းဖန်က အမိန့်နာခံကာ မြေပြင်သို့ ဆင်းသက်လိုက်၏။

ထို့နောက်တွင်မူ သူက လောထျန်းနှင့်အတူ မြေပြင်တွင်သာ လမ်းလျှောက်၍ ရှေ့တိုးလိုက်သည်။

သို့သော် ယခင်ကကဲ့သို့ပင် မြို့တော်အနီး အကွာအဝေးတစ်ခုသို့ ရောက်လာသည်နှင့် သူ ခေါင်းမူးကာ ပျို့သွားပြန်၏။

" ထူးဆန်းလိုက်တာ ။ အကာအကွယ် အစီအမံကိုလဲ အာရုံမခံမိ ၊ စိတ်ဝိဥာဥ်ကို တိုက်ခိုက်တာလဲ အာရုံမခံမိပါဘူး "

လောထျန်း မျက်မှောင်ကြုံ့လိုက်သည်။

သူ၏ လက်ရှိ စိတ်ဝိဥာဥ်အစွမ်းဖြင့် ဆိုပါက သူတို့ကို တိုက်ခိုက်ရန် ကြံစည်နေသူများအားလုံး သေတွင်းသို့ ရောက်သွားရန်သာရှိသည် မဟုတ်ပါလား ။

သို့သော် ယခုက ထိုသို့ ဟုတ်မနေချေ ။

" ကျုပ်လဲ သေချာ မပြောတတ်ဘူးဗျာ ၊ သွေးမျိုးဆက်က ပြဿနာရှိနေတာလား မသိဘူး ။ ထျန်းရှန့်မြို့တော်မှာ ကျုပ်တို့ ကျင်းဖန်မျိုးနွယ်ရဲ့ ရန်ဖက် ရှိနေတယ်ထင်တယ် "

ဘုရင်ကျင်းဖန်က ခပ်တိုးတိုး ပြောလိုက်သည်။

" ကျင်းဖန်မျိုးနွယ်ရဲ့ ရန်သူ ... ထားလိုက်ပါကွာ ။ မင်းက ဝင်မရဘူးဆိုတော့လဲ ငါ ကိုယ်တိုင်ပဲ သွားလိုက်မယ် ။ မင်းက ဒီအနီးတဝိုက်မှာပဲ စောင့်နေခဲ့ ။ ကိစ္စတွေ အားလုံး ပြီးသွားတာနဲ့ ငါ မင်းကို ပြန်လာရှာမယ် "

လောထျန်းက ပြောလိုက်သည်။

ဘုရင်ကျင်းဖန်က အပြစ်ရှိသူတစ်ယောက်၏ မျက်နှာထားဖြင့် ပြော၏။

" သခင်လေး ၊ ကျုပ် တောင်းပန်ပါတယ် "

လောထျန်းက လက်ယမ်း၍ တောင်းပန်စရာ မလိုကြောင်းပြောကာ ထျန်းရှန့်နိုင်ငံ၏ မြို့တော်ထဲသို့ တစ်ယောက်တည်း ဝင်သွားလိုက်သည်။

ထိုအချိန်တွင် မြို့ရိုးပေါ်ရှိ မှောင်နေသော ထောင့်တစ်ခု၌ အနက်ရောင်ဝတ်စုံနှင့် လူတစ်ဦးက လောထျန်ူ ဝင်လာသည်ကို အေးစက်စက် မျက်လုံးများဖြင့် ကြည့်နေသည် ။

ထိုလူမှာ တခြားမဟုတ်ပေ ။ မင်းသားရှန်းဝူ၏ ဆရာပင် ။

" လောထျန်း "

သူ့ အံကြိတ်ကာ သွားကြားထဲမှ လေသံဖြင့် ပြောလိုက်သည်။

" ဝေ့ ၊ ဒီကောင်က မင်းရဲ့ အစီစဥ်တွေကို ဖျက်ဆီးခဲ့တဲ့ သူလား ။ သူ့ကို ကြည့်ရတာတော့ သာမာန်ပါပဲ "

အနက်ရောင်ဝတ် လူကြီး၏ အနောက်ဘက်တွင် နောက်ထပ် အနက်ရောင်ဝတ် သူတစ်ဦး ပေါ်လာ၏။

သူတို့နှစ်ဦး၏ ဝတ်စုံများက တစ်ထေရာတည်းနည်းပါး တူနေကြသည် ။

သို့သော် မင်းသားရှန်းဝူ၏ ဆရာ ဝတ်ဆင်ထားသော ဝတ်စုံ၏ လက်မောင်းတွင် ' ဝေ့ ' ဆိုသော စာလုံးကို ချည်ဖြင့် ရေးထိုးထားပြီး ကျန်တစ်ဦး၏ ဝတ်စုံတွင်မူ ' ဟိုင် ' ဆိုသော စာလုံးကို ရေးထွင်းထားခြင်းသာ ကွာခြား၏။

" ဟိုင် .. မင်းက ဒီကို ဘာလာလုပ်တာလဲ "

ဝေ့က နောက်သို့ပင် လှည့်မကြည့်ဘဲ မည်သူမှန်း ချက်ချင်းသိနေဟန်ဖြင့် ပြောသည်။

" ဟားဟား ..ဘာလာလုပ်ရမှာလဲကွ ။ မင်းက အသုံးမကျလို့လေ ။ ခန .. ဂိုဏ်းထဲက တခြားသူတွေ ဘာပြောနေကြလဲ သိလား၊ သူတို့တွေ ပြောတာတော့ မင်း တစ်ရက်တည်းနဲ့ စိတ်ဝိဥာဥ်မျိုးစေ့ သုံးခုကိုတောင် ဖျက်ဆီးခဲ့တာဆို ။ ဂိုဏ်းထဲက အကြီးတွေကလဲ တော်တော်မကျေမနပ် ဖြစ်နေကြတယ်ကွ "

ဝေ့က ထိုစကားများကို မကြားဟန်ဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ ဒေါသတကြီး ပြော၏။

" မင်းက ငါ့ထက် ဘယ်လောက် ပိုသာနေလို့လဲ "

ဟိုင်က ပြုံးကာ လက်တစ်ဖက် ဝေ့ယမ်းလိုက်သည် ။ ချက်ချင်းပင် တစ်ကိုယ်လုံး မည်းနက်နေသည့် ကျီးကန်းတစ်ကောင် သူ့ပုခုံးပေါ် ရောက်လာ၏။

" မျက်စိသုံးလုံး ဝိဥာဥ်ကျီးကန်းပါလား ၊ မင်းက သူ့ထဲကို စိတ်ဝိဥာဥ်မျိုးစေ့ တကယ်ကြီး ထည့်လိုက်တာလား ။ နေဦး .. သာမာန်အဆင့် စိတ်ဝိဥာဥ်မျိုးစေ့လား ... "

ဝေ့၏ မျက်လုံးထဲတွင် အံ့အားသင့်နေဟန် အထင်းသား ပေါ်လာသည် ။

ဟိုင်က ပြုံးဖြဲဖြဲဖြင့် ပြန်ပြောသည် ။

" အမှန်ပဲ ၊ ငါ သူ့ကို ဖန်တီးဖို့ သန်းနဲ့ချီတဲ့ နတ်ဆိုးစိတ်ဝိဥာဥ်တွေကို သန့်စင်ခဲ့ရတာကွ ။ ငါ မင်းအစား သူ့ကိုပဲ လောထျန်းကို သွားသတ်ခိုင်းပြီးတော့ မင်းအတွက် လက်တုန့်ပြန်ပေးမယ်လေ ၊ ဘယ်လိုလဲ ။ သူ့ရဲ့ လက်ရှိအစွမ်းနဲ့ဆို လောထျန်းကို လွယ်လွယ်လေး သတ်နိုင်မှာပဲ "

ဝေ့က စိတ်တည်ငြိမ်ရန် အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီး အေးစက်စက်ပြော၏။

" မလိုပါဘူး ၊ လောထျန်းကို ငါ့ဟာငါ ရှင်းနိုင်တယ် "

ဟိုင်က တဟားဟား အော်ရယ်လိုက်သည်။

" ကျောင်းတော်ရဲ့ စည်းကမ်းကိုလဲ မေ့မထားနဲ့ဦးလေ ။ ငါတို့က လူတွေကို တိုက်ရိုက်သတ်လို့ မရဘူးကွ "

ဝေ့က တည်တည်ငြိမ်ငြိမ်ပင် ပြန်ပြော၏။

" မင်းမပြောလဲ ငါ သိပါတယ် ။ ငါ ဆုမီတောင်မှာ စီစဥ်စရာရှိတာတွေ အာလုံး စီစဥ်ထားပြီးသွားပြီ။ လောထျန်းသာ ဆုမီတောင်ကို သွားလို့ကတော့ သေချာပေါက် သေရမှာပဲ "

ဟိုင်က လှောင်ပြုံးဖြင့် ထပ်ပြောပြန်သည် ။

" တကယ်လား ၊ ဒီလိုဆိုရင်တော့လဲ အကောင်းဆုံးပေါ့ကွာ ။ အဲ့လို မဟုတ်ဘဲ ထပ်ပြီး ကျရှုံးရင်တော့ ငါ မင်းအရှုပ်တွေကို လိုက်မရှင်းချင်ဘူးကွ "

ထိုသို့ ပြောပြီးသည်နှင့် ဟိုင်၏ပုံရိပ် တဖြည်းဖြည်း မှေးမှိန်သွားကာ မျက်စိသုံးလုံး ကျီးကန်းနှင့်အတူ လုံးဝ ပျောက်ကွယ်သွားသည်။

ထို့နောက်တွင်မူ ဝေ့သည်လည်း ပျောက်ကွယ်သွား၏။

ထိုစဥ် လမ်းတစ်ဖက်မှ လောထျန်းက မျက်မှောင်ကြုံ့လိုက်သည် ။

သူ့ရှေ့တွင် ယင်ကောင် နှစ် ကောင် တဝီဝီ ပျံနေပြီး သူ့နောက်သို့ တောက်လျှောက်လိုက်နေ၏။

ဖျန်း ..

လောထျန်းက လက်မြှောက်ကာ ထိုယင် နှစ်ကောင်အား အသေ ရိုက်သတ်လိုက်သည် ။

" အမှိုက်ကောင်တွေ ၊ မင်းတို့ကို မလုပ်ချင်လို့ ဒီတိုင်းနေနေတာကွ ။မင်းတို့က ငါ  မင်းတို့တွေကို မသတ်နိုင်ဘူးလို့ ထင်နေတယ်ပေါ့ ။ မင်းတို့ ကံဆိုးတာပဲ "

လောထျန်းက သေသွားသော ယင်နှစ်ကောင်ကိုကြည့်ကာ ပြောလိုက်သည်။

သူက ထိုသို့ ပြောပြီးနောက် လမ်းအတိုင်း ဆက်လျှောက်သွားကာ အစိုးရ ရုံးတစ်ခုဆီသို့ သွားလိုက်သည် ။

" ဒီနေရာက ထျန်းရှန့်သိုင်းပြိုင်ပွဲအတွက် စာရင်းပေးတဲ့ နေရာပဲ ။ ပြိုင်ပွဲဝင်မယ့်သူတွေက မင်းတို့ရဲ့ အဆောင်ကဒ်ပြားကို ထုတ်ပြီး ဒီမှာ စာရင်းသွင်းကြပါ "

လက်တစ်ဖက်တွင် ယပ်တောင်တစ်ချောင်း ကိုင်ထားသော ထျန်းရှန့်နိုင်ငံ၏ အရာရှိတစ်ဦးက စိတ်မရှည်ဟန်ဖြင့် ပြောလိုက်သည်။

သူ့ရှေ့မှ လူငယ်များစွာက သူတို့၏ အဆောင်ကဒ်ပြားများကို ထုတ်ကာ တစ်ယောက်ပြီးတစ်ယောက် စာရင်းပေးလိုက်ကြ၏။

လောထျန်းအလှည့်သို့ ရောက်သောအခါ သူပေးလာသည့် အဆောင်ကဒ်ကို ကြည့်ပြီး ထိုအရာရှိ အံ့အားသင့်သွားသည်။

" ယဲ့ဖုန်းနိုင်ငံက ဒီနှစ် လူတစ်ယောက်ကို တကယ်ကြီး လွှတ်လိုက်တာပဲ ။ မင်းနာမည် ဘယ်လိုခေါ်လဲ ၊ ကျင့်ကြံခြင်းအဆင့်ကရော ဘယ်လောက်လဲ "

ထိုလူက လောထျန်းအား မော့ကြည့်ကာ မေးလိုက်သည် ။

" ကျုပ် နာမည်က လောထျန်း ၊ စိတ်စွမ်းအင် စုဆောင်းခြင်း အဆင့် ၉ "

လောထျန်းက ပြန်ဖြေလိုက်သည်။

ကလောက် ...

အရာရှိ၏ လက်ထဲမှ မှင်တံ စားပွဲပေါ်သို့ ပြုတ်ကျသွား၏။

ထို့နောက် သူက လောထျန်းကိုကြည့်ကာ ပြောလိုက်သည် ။

" မင်းက ခုမှ စိတ်စွမ်းအင် စုဆောင်းခြင်းအဆင့် ၉ ပဲ ရှိသေးတာတောင် ဒီပြိုင်ပွဲကို ဝင်ပြိုင်ရဲတယ်လား "

All Chapters