ပါရမီရှင် သုံးဦး
Vol. 8 Ch. 101
" ဘာဖြစ်လို့လဲ ၊ ဒီ ထျန်းရှန့်သိုင်းပြိုင်ပွဲကို ဝင်ပြိုင်ဖို့ အနည်းဆုံး ဘယ်ကျင့်ကြံခြင်းအဆင့် ရှိရမှာလဲ "
လောထျန်း မေးလိုက်သည်။
တစ်ဖက်မှ အရာရှိက ခေါင်းယမ်း၍ ပြော၏။
" ထျန်းရှန့်ပြိုင်ပွဲကို ဝင်ဖို့ဆို အသက် ၃၀ အောက် ဖြစ်နေဖို့ပဲ လိုတယ်။ ကျင့်ကြံခြင်းအဆင့်တွေ မလိုဘူး ။ ဒါပေမယ့် .."
ထို့နောက် သူက လောထျန်းကို မျက်မှောင်ကြုံ့ကြည့်ကာ ဆက်ပြောသည် ။
" အတင်းကြီး ဝင်စွက်ဖက်သလို ဖြစ်သွားရင်လဲ ခွင့်လွတ်ကွာ ၊ ဒါပေမယ့် ဒီပြိုင်ပွဲမှာက တစ်ယောက်နဲ့တစ်ယောက် အသေသတ်ခွင့် ပြုထားတယ်ကွ ။ အရင်ပြိုင်ပွဲ အတွေ့အကြုံတွေကို ကြည့်ပြီး ပြောရရင်တော့၊ စိတ်စွမ်းအင်စုဆောင်းခြင်း အဆင့် ၉ က သူတစ်ယောက် ဝင်ပြိုင်မယ်ဆိုရင် အသက်ဆုံးနိုင်ချေ အများကြီးရှိတယ် ။ အသက်မဆုံးရင်တောင် ဒုက္ခိတ ဖြစ်သွားကြတာ များတယ်ကွ "
" ဆိုတော့ ဒီပြိုင်ပွဲကို ဝင်မပြိုင်ဖို့ လူငယ်လေးကို ကျုပ် အကြံပေးချင်တယ် "
လောထျန်းက ပုခုံးတွန့်၍ ပြန်ပြောလိုက်သည်။
" ကိစ္စမရှိပါဘူးဗျာ ၊ ကျုပ်က လူပျော့မဟုတ်ဘူးဗျ ။ ကျုပ် မသေနိုင်ပါဘူး "
အရာရှိက မျက်မှောင်ကြုံ့ပြီး ပြော၏။
" ကောင်းပြီလေ ၊ ကျုပ်ကတော့ သတိပေးစရာရှိတာ ပေးပြီးပြီ ။ ဒါကို မင်းက ဝင်ပြိုင်ချင်တယ်ဆိုတော့လဲ စာရင်းသွင်းပေးရုံပေါ့ "
ထိုသို့ ပြောပြီးသည်နှင့် သူက လောထျန်း၏ အချက်အလက်များကို ချရေးကာ အဆောင်ကဒ်ပြားအား ပြန်ပေးလိုက်သည် ။
" နောက် သုံးရက်နေရင် မြို့လယ်မှာရှိတဲ့ ပြိုင်ပွဲကွင်းပြင်ကို သွားလိုက်ပါ "
အရာရှိက ပြောသည် ။
" ကျေးဇူးတင်ပါတယ် "
လောထျန်းက အဆောင်ကဒ်ပြားကို ပြန်ယူကာ နောက်လှည့်၍ ထွက်ခွာသွား၏။
" အင်း ..ယဲ့ဖုန်းနိုင်ငံက နောက်ဆုံးတော့ လူတစ်ယောက် လွှတ်လိုက်ပြီပဲ ။ သူတို့ဆီက ပြိုင်ပွဲဝင် တစ်ယောက်မှ မလာတာ ဆယ်နှစ်ကျော်လောက်တောင် ရှိသွားပြီကို အခုမှ ဘာဖြစ်လို့ ရုတ်တရက်ကြီး ကျင့်ကြံခြင်းအဆင့်နိမ့်တဲ့ သူတစ်ယောက်ကို သေဖို့ လွှတ်လိုက်လဲ မသိပါဘူး ။ ထားလိုက်ပါ ၊ ငါနဲ့လဲ ဘာမှ မဆိုင်ပါဘူး "
အရာရှိက ကျန်လူများကို ဆက်ပြီး စာရင်းသွင်းနေရင်း တီးတိုးရေရွတ်လိုက်သည်။
ထိုစဥ် မြို့ထဲရှိ စားသောက်ဆိုင်တစ်ခု၏ အပေါ်ထပ်တွင် လူငယ်တစ်စု ကျယ်လောင်စွာ စကားပြောနေကြ၏။
အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ပိုင်ထျန်းယွိက အရက်ခွက်ကို မြှောက်ကာ ပြောလိုက်သည်။
" အားလုံးကို ကျုပ် မိတ်ဆက်ပေးပါရစေ ။ ဒါ ကျုပ်ရဲ့ မိတ်ဆွေ ၊ ယွိလုံနိုင်ငံ ထျန်းဟယ်ဂိုဏ်းက ပါရမီရှင်ဟန်ဝမ်ကျိုး ဗျ "
ကျန်လူငယ်များက ဟန်ဝမ်ကျိုးအား ချက်ချင်း ချီးကျူးစကား ဆိုလိုက်ကြသည်။
သို့သော် ဟန်ဝမ်ကျိုးက လက်ယမ်းပြကာ ပြော၏။
" အားလုံး .. ကျုပ်ကို ဟန်ဝမ်ကျိုးလို့ပဲ ခေါ်ပါဗျာ ။ ကျုပ်က ပါရမီရှင်ဆိုတဲ့ စကားနဲ့ မထိုက်တန်သေးပါဘူး "
ပိုင်ထျန်းယွိက ပြုံး၍ ပြောလိုက်သည်။
" အကိုဟန် ကတော့ ယဥ်ကျေးလွန်းနေပါပြီဗျာ ။ ဒီအသက်အရွယ်နဲ့ ခုလို ကျင့်ကြံခြင်းအဆင့်ကို ရောက်ထားတာ ပေါ့သေးသေး မဟုတ်ဘူးဗျ ။ ကျုပ်တို့ ထျန်းရှန့်နိုင်ငံမှာတောင် အကိုက တော်တော်လေး ထူးချွန်နေပြီ ။ ပါရမီရှင်လို့ ခေါ်ဖို့ လုံးဝကို ထိုက်တန်တယ်ဗျာ "
သို့သော် ဟန်ဝမ်ကျိုးက အောင့်သက်သက်ပြုံးကာ ပြန်ပြော၏။
" ကျုပ်က ကိုယ့်ကိုကိုယ် နှိမ့်ချနေတာမဟုတ်ပါဘူးဗျာ ။ပါရမီရှင် ဆိုတဲ့စကားနဲ့ တကယ်ကို မထိုက်တန်လို့ပါ "
ပါရမီရှင်တဲ့လား ...
အကယ်၍ လွန်ခဲ့သော နှစ်လခန့်ကသာ တစ်စုံတစ်ယောက်က သူ့ကို ပါရမီရှင်ဟု ခေါ်လာပါက သူ တုန့်ဆိုင်းမနေဘဲ အသာတကြည် လက်ခံလိုက်မည်ဖြစ်သည်။
သို့သော် ယခုတွင်မူ ... သူ့ ခေါင်းထဲတွင် လောထျန်း၏ ပုံရိပ် ရုတ်တရက် ပေါ်လာသည့်အတွက် ဟန်ဝမ်ကျိုး အနည်းငယ်ပင် တုန်သွားသည်။
ကျီဝေ့လျှို့ဝှက်ဒေသတွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်များက သူ့ကို စိတ်ဒဏ်ရာ ပေးခဲ့လေပြီ ။
ပိုင်ထျန်းယွိက ဟန်ဝမ်ကျိုး၏ စိုးရိမ်ပူပန်နေသည့် မျက်နှာကို တွေ့သွားကာ မေး၏။
" အကိုဟန် ၊ ဘာဖြစ်လို့လဲဗျ ။ အကို့ကို ကြည့်ရတာ အရင်ကနဲ့လဲ မတူတော့ဘူး ။ ယဲ့ဖုန်းနိုင်ငံကို သွားတုန်းက တစ်ခုခုများ ဖြစ်ခဲ့လို့လား "
ဟန်ဝမ်ကျိုး သက်ပြင်းချလိုက်သည် ။
" ဟုတ်တယ်ကွ ၊ ငါ အဲ့ဒီမှာ ဘီလူးတစ်ကောင်နဲ့ တွေ့ခဲ့တယ် "
" ဘီလူး ဟုတ်လား ၊ ဘယ်လို ဘီလူးလဲ .. "
ဟန်ဝမ်ကျိုး ဖြေရန် ပြင်လိုက်စဥ်မှာပင် လှေကားဘက်မှ ကျယ်လောင်သော ရယ်သံတစ်သံကို ကြားလိုက်ရ၏။
" အားလုံးကို တောင်းပန်ပါတယ်ဗျာ ၊ ကျုပ် နည်းနည်း နောက်ကျသွားတယ် "
ပိုင်ထျန်းယွိ၏ မျက်လုံးများ အရောင်လက်သွားကာ အပြုံးဖြင့် ပြောလိုက်သည်။
" လင်ကျိုးရန် ၊ မင်းက စာရင်းသွင်းတဲ့ ရုံးမှာ နောက်တစ်ရက် ထပ်နေနေလို့ ကြာသွားတာ မဟုတ်လား "
လင်ကျိုးရန်ကလည်း ပြုံး၍ ပြန်ပြောသည် ။
" ဟုတ်တယ်ကွ ။ မင်းလဲ သိတဲ့အတိုင်းပဲ ၊ ငါက ကျင့်ကြံခြင်းမှာ သိပ်မတော်ပေမယ့် သတင်းစုဆောင်းတဲ့နေရာမှာတော့ ဆရာကြီးပဲလေ ။ ဒီ ထျန်းရှန့်သိုင်းပြိုင်ပွဲလို အရေးကြီးတဲ့ ပွဲတစ်ခုမှာ သတင်းမစုလို့ ဘယ်ရမလဲကွ "
ပိုင်ထျန်းယွိက ခေါင်းညိတ်ကာ ဟန်ဝမ်ကျိုးဘက်လှည့်၍ မိတ်ဆက်ပေးလိုက်သည်။
" အကိုဟန် ၊သူနဲ့ မိတ်ဆက်ပေးဦးမယ် ။ သူက ကျုပ် မိတ်ဆွေကောင်း လင်ကျိုးရန် ဗျ ။ သူ့ရဲ့ ကျင့်ကြံခြင်းက အကိုဟန်လောက် မကောင်းပေမယ့် သူက သတင်းစုံစမ်းတဲ့နေရာမှာတော့ တကယ် ပထမတန်းပဲ ။ သူ မသိတာ ဘာမှ မရှိဘူးလို့တောင် ပြောလို့ရတယ် ။ သူ့ကို အကိုဟန် မေးချင်တာ မေးလို့ ရတယ်ဗျ "
ဟန်ဝမ်ကျိုးက ချက်ချင်းထ၍ နှုတ်ဆက်လိုက်သည် ။ လင်ကျိုးရန်ကလည်း အပြုံးဖြင့် ပြန်နှုတ်ဆက်၏။
ထိုစဥ် စာပွဲဝိုင်းမှ လူငယ်လေးတစ်ယောက်က မေးလိုက်သည်။
" အကိုလင် ၊ ဒီနေ့ ပါရမီရှင်တွေ တွေ့ခဲ့သေးလားဗျ "
လင်ကျိုးရန်က အရက်ခွက်တစ်ခုကို ယူကာ တစ်ကျိုက်တည်း မော့သောက်လိုက်ပြီးမှ ပြန်ဖြေသည် ။
" တွေ့ခဲ့တယ်ကွ ၊ နှစ်ယောက်တောင် တွေ့ခဲ့တာ ။ တစ်ယောက်က ငါတို့ ထျန်းရှန့်နိုင်ငံထဲက ကျန်းဟုန်တောင်ရဲ့ တပည့်ခေါင်းဆောင် ၊ ဝူကျိုး ။ နောက်တစ်ယောက်က ယွိလုံနိုင်ငံ ယွိဝမ်မိသားစုရဲ့ သခင်လေး ယွိဝမ်ရှို့ပဲ "
" နှစ်ယောက်လုံးက စိတ်ဝိဥာဥ်အသွင်ပြောင်း အဆင့် ၄ တောင် ရောက်နေကြပြီဆိုတော့ တော်တော်လေး ကြောက်စရာကောင်းတယ် ပြောရမယ် "
ဝိုင်းထဲမှ တစ်ယောက်က အံ့သြတကြီး ပြော၏ ။
" စိတ်ဝိဥာဥ်အသွင်ပြောင်း အဆင့် ၄ တောင်လား .. အစွမ်းထက်လိုက်တာ ။ ဒါဆို .. သူတို့တွေ ချန်ပီယံနေရာကို စိန်ခေါ်ဖို့ ဖြစ်နိုင်ချေ ရှိတာပေါ့ "
လင်ကျိုးရန်က လက်ညိုးတစ်ချောင်းတည်း ယမ်းပြကာ ပြောလိုက်သည်။
" မဖြစ်နိုင်ဘူးကွ ၊ သူတို့နှစ်ယောက်က အစွမ်းထက်တယ် ဆိုပေမယ့် အလွန်ဆုံးမှ အဆင့် ၁၀ အတွင်းပဲ ဝင်မှာ ။ ထိပ်ဆုံးနေရာကိုတော့ သူတို့ မရနိုင်ဘူး "
" ဒါဆို ဒီနှစ် ပွဲမှာ အနိုင်ရမယ့်သူက ဘယ်သူဖြစ်နိုင်မယ်လို့ အကိုလင် ထင်လဲ "
လင်ကျိုးရန်က ပြုံး၍ ပြန်ဖြေသည် ။
" ငါ မှန်းထားတဲ့သူ သုံးယောက်တော့ ရှိတယ်ကွ ။ ပထမတစ်ယောက်က ငါတို့ ထျန်းရှို့နိုင်ငံ ၊ ပိုင်ယွမ်ဓားဂိုဏ်းက ဖုန့်ဖေးရန် ပဲ ။ သူက အသက် ၂၈ နှစ်နဲ့ စိတ်ဝိဥာဥ်အသွင်ပြောင်း အဆင့် ၆ ကို ရောက်နေပြီ ။ ပြီးတော့ သူက ဓားစိတ်ဆန္ဒကို လေ့ကျင့်တဲ့ ဓားကျင့်ကြံသူတစ်ယောက်ပဲ "
" ဘယ်လို .. စိတ်ဝိဥာဥ်အသွင်ပြောင်း အဆင့် ၆ ကို ရောက်နေပြီ ၊ ပြီးတော့ ဓားကျင့်ကြံသူတစ်ယောက် ... ၊ တော်တော်အစွမ်းထက်တာပဲ "
အားလုံး တအံ့တသြ ရေရွတ်လိုက်ကြသည် ။
လင်ကျိုးရန်က စကားဆက်၏။
" ဒုတိယတစ်ယောက်ကတော့ နတ်ဆိုးငါးကောင် တောင်က နတ်ဆိုးလေး မိုရှ ပဲ ။ သူလဲ စိတ်ဝိဥာဥ်အသွင်ပြောင်း အဆင့် ၆ ကို ရောက်နေပြီ ။ ပြီးတော့ သူက ဒီနှစ်မှ နတ်ဆိုးငါးကောင် တောင်ကနေ ထွက်လာပြီးတော့ ထျန်းရှန့်နိုင်ငံထဲက ကျင့်ကြံသူတွေ အများကြီးကို စိန်ခေါ်ခဲ့သေးတယ် ။ သူ တော်တော်များများကို အနိုင်ရခဲ့တာကွ ။ သူလဲ ထိပ်ဆုံးနေရာကို မှန်းနိုင်တဲ့ သူတစ်ယောက်ပဲ "
" နောက်ဆုံး တစ်ယာက်ကရော "
တစ်ယောက်က မေးလိုက်သည်။
ထိုမေးခွန်းကို ကြားသောအခါ လင်ကျိုးရန်၏ မျက်လုံးများ အနည်းငယ်လက်သွားကာ ပြော၏။
" ဒီလူအကြောင်းကို ပြောရတော့မှာဆိုတော့ ငါ အိပ်ချင်တောင် ပြေသွားတယ် ။ သူက ယွမ်လန်းနိုင်ငံ၊ ကျီရွှယ်နန်းတော်က သူတော်စင်မလေး ရွှယ်လင်းလုံ ပဲကွ ။ ငါ ချဲ့ကားပြီး ပြောတာတော့ မဟုတ်ဘူး ၊ ဒီနှစ် ထျန်းရှန့် သိုင်းပြိုင်ပွဲမှာ ရုပ်ရည်ရော ၊ခန္ဓာကိုယ်ရော ဒီမိန်းကလေးက လုံးဝ နံပါတ် ၁ ပဲ "
" ဟုတ်လား .. "
အားလုံး စိတ်ဝင်တစား ဖြစ်သွားကြသည်။
လင်ကျိုးရန်က စကားဆက်၏။
" ဒါပေါ့ကွ ၊ အလှအပ နဲ့ ဆိုင်တဲ့အပိုင်းကတော့ ငါ့ ကိုပဲ စိတ်ချပြီး ယုံလိုက်စမ်းပါ "
ပိုင်ထျန်းယွိက မျက်မှောင်ကြုံ့သွားကာ ပြောလိုက်သည်။
" လင်ကျိုးရန် ၊ ထျန်းရှန့်သိုင်းပြိုင်ပွဲမှာ ရုပ်ရည် အလှအပက ဘာလုပ်လို့ ရမှာလဲကွာ ။ အစွမ်းကရော ဘယ်လိုရှိလဲ ပြောမှပေါ့ "
လင်ကျိုးရန်က သဘောကျစွာ ရယ်လိုက်ပြီးမှ စကားဆက်သည်။
" မိန်းကလေးရဲ့ အစွမ်းကလဲ တော်တော်ကြောက်စရာ ကောင်းတယ်ကွ ။ သူက အခုမှ အသက် ၂၁ နှစ်ပဲ ရှိသေးတာတောင် စိတ်ဝိဥာဥ်အသွင်ပြောင်း အဆင့် ၅ ကို ရောက်နေပြီ ။ ဒီမိန်းကလေးက တော်တော်လေး အစွမ်းထက်တယ် "
အားလုံး ဝိုး ခနဲ ဖြစ်သွားကြသည်။
သို့သော် ပိုင်ထျန်းယီက စားပွဲကို ရိုက်ချလိုက်သဖြင့် လင်ကျိုးရန်က အလေးအနက် ထပ်ပြော၏။
" မိန်းကလေးရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်က ရှေ့နှစ်ယောက်လောက် မရှိသေးဘူးဆိုပေမယ့် သူ့မှာ ထူးဆန်းတဲ့ စိတ်စွမ်းအင်ပင်လယ် ရှိတယ်ကွ ။ သူ့ရဲ့ စိတ်စွမ်းအင်ပင်လယ်က မိုင် သုံးထောင်လောက် ကျယ်ပြီးတော့ ရေခဲတွေနဲ့ ပြည့်နေတာ "
" ဟင် ..ပုံမှန် မဟုတ်တဲ့ စိတ်စွမ်းအင်ပင်လယ် ဆိုပါလား .. "
အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
ထျန်းရှန့်နိုင်ငံတွင်ပင် ပုံမှန်မဟုတ်သော စိတ်စွမ်းအင်ပင်လယ် ရှိသူများ အလွန်ရှားပေရာ သူတို့အားလုံး အံ့အားသင့်သွားကြသည်မှာ မဆန်းပေ။
ပုံမှန်ဆိုလျှင် ထိုသို့သော လူမျိုးက နှစ်ပေါင်းများစွာ ကြာပြီးမှသာ တစ်ခါ ပေါ်လာတတ်၏။
" မိန်းကလေးက ဒီတစ်ခေါက်ပြိုင်ပွဲမှာ မနိုင်ရင်တောင် နောက်တစ်ခါထပ်ပြိုင်ရင် နိုင်မှာ အသေချာပဲ ။ ဒါမျိုးကိုမှ ဘီလူးလို့ မခေါ်ရင် ဘယ်သူ့ကို ခေါ်နေတော့မလဲ "
ပိုင်ထျန်းယွိက တအံ့တသြ ပြောလိုက်သည်။
အားလုံးလည်း ခေါင်းညိတ်ထောက်ခံလိုက်ကြ၏။
ထိုအချိန်တွင် လင်ကျိုးရန်က တစ်စုံတစ်ခုကို ရုတ်တရက် စဥ်းစားမိသွားဟန်ဖြင့် ပြောလိုက်သည်။
" ဒါနဲ့ ..စိတ်ဝင်စားစရာ ကောင်းတဲ့ နောက်တစ်ခု ရှိသေးတယ်ကွ ။ နိုင်ငံတစ်နိုင်ငံက စိတ်စွမ်းအင်စုဆောင်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို ပြိုင်ပွဲဝင်ဖို့ လွှတ်လိုက်တယ်ဆိုရင် မင်းတို့ယုံလား "
" ဟင် .. စိတ်စွမ်းအင် စုဆောင်းခြင်းအဆင့် .. ဒီလူက သေဖို့ လမ်းရှာနေတာလား "
" ဒီလို လက်လွတ်စပယ်လုပ်တာ ဘယ်နိုင်ငံလဲ ။ ဒီတစ်ခေါက်ပြီးသွားရင် သူတို့ကို ပြိုင်ပွဲဝင်ခွင့် အပြီးပိတ်လိုက်တာ ကောင်းမယ်နော် ။ စိတ်စွမ်းအင် စုဆောင်းခြင်းအဆင့်က လူတစ်ယောက်ကို လွှတ်တာတော့ တော်တော်လွန်တာပဲ "
" ဟုတ်တယ် ၊ ဒီလူတော့ ကံဆိုးတာပဲ ။ သူ့နာမည်က ဘာတဲ့လဲဗျ "
အလုံးက ပြုံးစစဖြင့် မေးလိုက်ကြသည်။
လင်ကျိုးရန်ကလည်း အပြုံးဖြင့် ပြန်ပြောသည်။
" ဟို ယဲ့ဖုန်းနိုင်ငံက ကောင်လေးတစ်ယောက်ပါကွာ ။ သူ့နာမည်က ဘာပါလိမ့် ၊ ငါလဲ သေချာမမှတ်မိဘူး ။ လော .. ဘာဆိုလားပဲ "
အု ..
သူ့စကားဆုံးသည်နှင့် စားပွဲဝိုင်း၏ အခြားတစ်ဖက်မှ အသံတစ်သံ ထွက်ပေါ်လာ၏။
အားလုံး လှည့်ကြည့်လိုက်ရာ ဟန်ဝမ်ကျိုးတစ်ယောက် မြေကြီးပေါ်သို့ လဲကျသွားသည်ကို မြင်လိုက်ရသည် ။
" အကိုဟန် ၊ ဘာဖြစ်တာလဲဗျ "
ပိုင်ထျန်းယွိက စိုးရိမ်တကြီး မေးလိုက်သည်။
သို့သော် ဟန်ဝမ်ကျိုးက သူ့အား လျစ်လျူရှုထားကာ လင်ကျိုးရန်ကိုသာ စိုက်ကြည့်၍ အသံတုန်တုန်ဖြင့် မေး၏။
" ညီလေး လင် ၊ မင်း ပြောတဲ့ ယဲ့ဖုန်းနိုင်ငံက လူနာမည်က လောထျန်း လား "