အကိုကြီး ၊ ဓားသိုင်းကပြတာ ကြည့်ချင်လား
Vol. 8 Ch. 102
လင်ကျိုးရန်က ခေတ္တမျှ စဥ်းစားကာ ပြန်ဖြေသည် ။
" လောထျန်း .. ဟုတ်တယ်ထင်တယ် ။ အကိုဟန်က ဒီလူကို သိလို့လား "
ထိုစကားကို ကြားသည်နှင့် ဟန်ဝမ်ကျိုး၏ မျက်လုံးများ ချက်ချင်း ပြာဝေသွား၏။ အချိန်အတန် ကြာပြီးမှသာ သူ ပုံမှန် ပြန်ဖြစ်သွားသည်။
" ညီလေး လင် ကိုရော ၊ တခြားသူတွေကိုရော ကျုပ် ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်ဗျာ ။ ဒီနှစ်ပြိုင်ပွဲမှာ အနိုင်ရမယ့်သူကို ခန့်မှန်းနေစရာ မလိုတော့ဘူး "
ဟန်ဝမ်ကျိုးက ပြောလိုက်သည်။
" ဟင် .. အကိုဟန် ပြောတာကို ကျုပ် နားမလည်ဘူး "
ပိုင်ထျန်းယွိက အံ့အားသင့်နေဟန်ဖြင့် ပြော၏။
ဟန်ဝမ်ကျိုးက သက်ပြင်းရှည်ကြီး ချကာ ပြောလိုက်သည်။
" ယဲ့ဖုန်းနိုင်ငံက လောထျန်းကပဲ ပထမ ရသွားလိမ့်မယ် "
" ဘယ်လို "
အားလုံး အံ့သြမှင်သက်သွားကြသည်။
ပိုင်ထျန်းယွိက မျက်မှောင်ကြုံ့ကာ ပြော၏။
" အကိုဟန်က ကျုပ်တို့ကို နောက်နေတာလား ။ လင်ကျိုးရန်ပြောတော့ သူက စိတ်စွမ်းအင်စုဆောင်းခြင်း အဆင့်မှာပဲ ရှိသေးတာဆို ။ သူက ကျင့်ကြံခြင်းအဆင့်ကို တမင် ဖုံးကွယ်ထားတာလား "
ဟန်ဝမ်ကျိုး ခေါင်းယမ်းပြလိုက်သည်။
" မဟုတ်ဘူး ၊ သူက တကယ်လဲ စိတ်စွမ်းအင်စုဆောင်းခြင်း အဆင့် ၉ မှာပဲ ရှိသေးတယ် "
လင်ကျိုးရန်မှာလည်း ထိုစကားကြောင့် အံ့အားသင့်သွားကာ ပြောသည်။
" စိတ်စွမ်းအင်စုဆောင်းခြင်း အဆင့် ၉ မှာပဲ ရှိသေးတာတောင် ပြိုင်ပွဲမှာ ပထမရနိုင်တယ်ပေါ့ ။ သူက ဟိုသုံးယောက်ထက်ကို အစွမ်းထက်တာလား "
ဟန်ဝမ်ကျိုးက အောင့်သက်သက် ပြုံးလိုက်သည်။
" ညီလေး လင် စောနကပြောခဲ့တဲ့ လူသုံးယောက် ပေါင်းလိုက်ရင်တောင် သူနဲ့ ယှဥ်နိုင်မှာ မဟုတ်ဘူး "
ထိုစကားကို ကြားသည်နှင့် လင်ကျိုးရန် ချက်ချင်း မျက်နှာပျက်သွား၏။
" အကိုဟန် ပြောတဲ့အတိုင်းဆိုရင် ၊ သူက ကောင်းကင်ထိန်းချုပ်အဆင့်က ကျင့်ကြံသူကိုတောင် အနိုင်ယူနိုင်တယ်ပေါ့ "
သူက မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
ကောင်းကင်ထိန်းချုပ်အဆင့် တဲ့လား ..
ဟန်ဝမ်ကျိုးမှာ ကျီဝေ့လျှို့ဝှက်ဒေသတွင် ဖြစ်သွားခဲ့သော လောထျန်းနှင့် ဝေ့ပုဒေါက်တို့၏ တိုက်ပွဲအကြောင်း ပြန်တွေးမိသွား၏။
ထို့နောက် သူ ရေရွတ်လိုက်သည်။
" သူက .. တုကျဲ့အဆင့် ကျင့်ကြံသူတစ်ယောက်ကိုတောင် လက်ဝါးတစ်ချက်တည်းနဲ့ အသေသတ်နိုင်တယ် "
စကားဆုံးသည်နှင့် သူတို့တစ်ဝိုင်းလုံး ရုတ်ချည်း ငြိမ်ကျသွားသည် ။
ခေတ္တမျှ ကြာပြီးနောက်တွင်မူ ကျယ်လောင်သော ရယ်သံများ ထွက်ပေါ်လာ၏။
" အကိုဟန်ကတော့ တကယ် ရယ်စရာ ပြောတတ်တာပဲ "
" ဟုတ်သားပဲ အကိုဟန်ရာ ၊ ချဲ့ကားပြောရင်တောင် ဒီလောက်ကြီးတော့ မပြောသင့်ဘူးလေ ။ တုကျဲ့အဆင့် ကျင့်ကြံသူတစ်ယောက်ကို အသေသတ်နိုင်တယ် တဲ့လား ..ဟားဟား .. "
အားလုံး ရယ်မောနေကြသည်ကို ကြည့်ကာ ဟန်ဝမ်ကျိုး အောင့်သက်သက်ပြုံး၍ ပြောလိုက်သည်။
" ကျုပ်စကားကို မယုံရင်လဲ ထားလိုက်ပါဗျာ ။ ဒါပေမယ့် အားလုံးကို သတိတော့ ပေးထားမယ်နော် ။ ထျန်းရှန့်သိုင်းပြိုင်ပွဲမှာ သူနဲ့ ထိပ်တိုက်တွေ့ရင် မတိုက်ခိုက်ကြနဲ့ "
ပိုင်ထျန်းယွိ ပို၍ မျက်မှောင်ကြုံ့သွားသည် ။ ဟန်ဝမ်ကျိုးကိုကြည့်ကာ သူ နားမလည်နိုင် ဖြစ်နေ၏။
ဟန်ဝမ်ကျိုးသည် အဓိပ္ပါယ်မရှိသော စကားများကို လျှောက်ပြောတတ်သူ တစ်ယောက်မဟုတ်မှန်း သူ သိပေသည် ။
သို့သော် သူက ယနေ့ မည်သို့ ဖြစ်နေပါသနည်း ။
အခြားတစ်ဖက်မှ လင်ကျိုးရန်ကမူ ပြတင်းပေါက်ဘောင်ကို လက်တစ်ဖက်ဖြင့် ကိုင်ကာ ခေါင်းယမ်း၍ တဟားဟား ရယ်မောနေ၏။
ထိုစဥ် လင်ကျိုးရန်၏ မျက်လုံးများက လမ်းမပေါ်တွင် လျှောက်လာနေသည့် လူတစ်ယောက်ပေါ်သို့ ကျသွားသည်။
" ဟေ့ .. ညီလေးပိုင် ၊ အဲ့ဒါ လောထျန်းဆိုတဲ့သူပဲ ။ တုကျဲ့အဆင့် ကျင့်ကြံသူကိုတောင် သတ်နိုင်တယ်ဆိုတဲ့ လောထျန်းပေါ့ကွာ "
သူက လှောင်ပြောင်လိုဟန်ဖြင့် ပြောလိုက်သည်။
စားသောက်ဆိုင် အပေါ်ထပ်တွင် ရှိနေကြသည့် လူငယ်များအားလုံး ပြတင်းပေါက်သို့ အပြေးလာကာ ငုံ့ကြည့်လိုက်ကြသည်။
ပိုင်ထျန်းယွိသည်လည်း တစ်ချက်ငုံ့ကြည့်ပြီးနောက် ဟန်ဝမ်ကျိုးဘက်လှည့်ကာ ပြောလိုက်သည် ။
" အကိုဟန် ၊ အကိုပြောတာ ဒီလူဟုတ်လား ကြည့်ပေးပါဦး "
ဟန်ဝမ်ကျိုး မတ်တပ်ရပ်ကာ ပြတင်းပေါက်မှ ကြည့်လိုက်သည်။
တစ်ချက် ကြည့်လိုက်ရုံဖြင့် သူ့မျက်နှာ ချက်ချင်း ဖြူဖျော့သွား၏။
" ဟုတ်တယ်ကွ ၊ သူပဲ ။ သူ ..တကယ်ကြီးကို လာခဲ့တာပဲ "
ဟန်ဝမ်ကျိုးက မယုံနိုင်စွာ ပြောလိုက်သည်။
ဟန်ဝမ်ကျိုး ဖြစ်ပျက်နေသည်ကိုကြည့်ကာ ပိုင်ထျန်းယွိ ပိုပို၍ မကျေမနပ် ဖြစ်သွား၏ ။
" ဟား ဟား .. အကိုဟန်ရဲ့စိတ်ကို နတ်ဆိုးတစ်ကောင်က ဖမ်းစားလိုက်ပြီနဲ့တူတယ် ။ ကျုပ် ဒီနတ်ဆိုးကို ဖယ်ပေးပါ့မယ်ဗျာ "
ပိုင်ထျန်းယွိက ပြောလိုက်သည်။
ဟန်ဝမ်ကျိုး အံ့သြမှင်သက်သွားကာ ပြန်မေး၏။
" ညီလေး ပိုင် ၊ မင်း ဘာလုပ်မလို့လဲ "
ပိုင်ထျန်းယွိက
" ကျုပ် ဒီကောင့်ကို အနိုင်ယူပြီးတော့ အကိုဟန် ပုံမှန်ပြန်ဖြစ်သွားအောင် လုပ်ပေးမယ် "
ဟု ပြောလိုက်သည်။
ဟန်ဝမ်ကျိုး ချက်ချင်း ထိတ်လန့်တုန်လှုပ်သွားကာ တားလိုက်သည် ။
" မဖြစ်ဘူး ၊ မလုပ်နဲ့ "
သို့သော် .. နောက်ကျသွားခဲ့လေပြီ ။
ဝှစ် ..
ပိုင်ထျန်းယွိက ပြတင်းပေါက်မှ ချက်ချင်း ခုန်ချသွား၏။
ထိုစဥ် စာရင်းသွင်းသည့် ရုံးမှ ပြန်လာသည့် လောထျန်းမှာ ခြေဦးတည့်ရာ လျှောက်သွားနေသည် ။
" ပြိုင်ပွဲစဖို့ကလဲ ရက်နည်းနည်း လိုသေးတာဆိုတော့ အရင်ဆုံး နေစရာ နေရာတစ်ခုခု ရှာရမယ် "
သူ ထိုသို့ တွေးနေစဥ်မှာပင် ပိုင်ထျန်းယွိက ရုတ်တရက် သူ့ရှေ့သို့ ကျလာ၏။
" သခင်လေး ၊ ခဏ နေပါဦးဗျာ "
မြေပေါ်သို့ ရောက်သည်နှင့် ပိုင်ထျန်းယွိက ဓားကို ဆွဲထုတ်ကာ လောထျန်းအား လှောင်ပြောင်သည့် အကြည့်ဖြင့် ပြောလိုက်သည်။
" ဟင် ..ဘာဖြစ်လို့လဲ "
လောထျန်းမှာ ပိုင်ထျန်းယွိက မည်သည့်အတွက်ကြောင့် သူ့ရှေ့သို့ ရောက်လာသည်ကို မသိသဖြင့် အံ့အားသင့်သွားသည်။
သူသည် ထျန်းရှန့်နိုင်ငံသို့ ယခုမှသာ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ရာ သူ့ကို တိုက်ခိုက်ချင်သည့် ရန်သူများ ရှိနေမည်ဟု လုံးဝ တွေးမထားမိခဲ့ချေ ။
ပိုင်ထျန်းယွိက စကားပြောရန် ပြင်လိုက်စဥ်မှာပင် ..ရုတ်တရက် ...
ဘုန်း ..
လောထျန်း၏ အနောက်ဘက်တွင် ဖြတ်သွားသော ဧရာမ ရထားလုံးတစ်စင်းက ရုတ်တရက် တိမ်းမှောက်သွား၏။
ထိုရထားလုံးပေါ်မှ အဝတ်မည်းများဖြင့် အုပ်ထားသည့် သံသေတ္တာကြီး တစ်ခု ကျလာသည်။ ထိုသံသေတ္တာပေါ်မှ ချုပ်နှောင်ထားသည့် အဆောင်ကဒ်ပြားများ ကျိုးပဲ့ကုန်ကြ၏။
" ဝေါင်း .."
သံသေတ္တာထဲမှ သားရဲတစ်ကောင် ၏အော်သံ ရုတ်တရက် ထွက်လာသည် ။
" ဟာ .. မဖြစ်ဘူး ၊ ဒီကောင်ကြီး နိုးလာပြီ "
သံသေတ္တာ၏ အစောင့်အကြပ်အဖြစ် လိုက်ပါလာသော တပ်သား၏ မျက်နှာ ရုတ်ချည်း ပြောင်းသွားသည် ။
" ဟေ့ကောင် ၊ သခင်ကြီးထျန်းဆီ မြန်မြန်သွားပြီး ပြန်လာခဲ့ဖို့ သွားပြောလိုက် ။ ဒီကောင်ကြီးက ရူးနေတာကွ ။ သခင်ကြီးထျန်းသာ မရှိရင် သူ့ကို ဘယ်သူမှ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး "
အခြားတပ်သားတစ်ယောက်က ထိတ်လန့်တကြား အော်လိုက်သည်။
သို့သော် .. ထိုအချိန်မှာပင် .
ဘုန်း ..
ကျယ်လောင်သော အသံတစ်သံနှင့်အတူ သံသေတ္တာကြီး ပွင့်သွား၏။
၎င်းသေတ္တာထဲမှ ဧရာမ အရိပ်မည်းကြီးတစ်ခု ခုန်ထွက်လာသည်။
" ဒါ .. သံနက် မြေနဂါးလား ၊ ထုံရွှယ်အဆင့် နတ်ဆိုးသားရဲတစ်ကောင်က ဘယ်လိုဖြစ်ပြီး ဒီမှာ ပေါ်လာရတာလဲ "
" ပြေးကြဟေ့ ပြေးကြ ၊ ဒီကောင်ကြီးက အင်မတန်ယုတ်မာပြီး ရက်စက်တယ် ။ သူ ပစ်မှတ်ထားတာ ခံရလို့ကတော့ သေပြီပဲ "
ထိုတခဏတွင် လမ်းပေါ်ရှိ လူများအားလုံး ဝရုန်းသုန်းကား ဖြစ်သွားကာ အရပ်မျက်နှာစုံသို့ ထွက်ပြေးလိုက်ကြသည် ။
ပိုင်ထျန်းယွိမှာလည်း ထိုမြင်ကွင်းကိုကြည့်ကာ ထွက်ပြေးရန် ပြင်လိုက်သည်။
သို့သော် .. ထိုအချိန်တွင် ..
ဝှစ် ..
သံသေတ္တာကြီးထဲမှ ထွက်လာသည့် သံနက်မြေနဂါးက သူ့အား စူးရှစွာ ကြည့်လာ၏။
ထိုအချိန်တွင် လမ်းမပေါ်၌ လက်နက်ကိုင်ထားသူဆို၍ ပိုင်ထျန်းယွိ တစ်ယောက်တည်း ရှိနေသည့်အတွက် မြေနဂါးကြီးက ဒေါသထွက်သွားခြင်းဖြစ်သည်။
ဘုန်း .. ဘုန်း .. ဘုန်း ..
သံနက်မြေနဂါးကြီးက ပိုင်ထျန်းယွိထံမှ အကြည့်မခွာဘဲ သူ့ဆီသို့ တစ်လှမ်းချင်း လျှောက်လာ၏။
စိတ်ဝိဥာဥ်အသွင်ပြောင်းအဆင့်တွင်သာ ရှိသေးသည့် ပိုင်ထျန်းယွိမှာ ထုံရွှယ်အဆင့် သားရဲတစ်ကောင်၏ စိုက်ကြည့်ခြင်းကို ခံနေရသဖြင့် အလွန်ကြောက်ရွံ့ကာ နေရာပင် မရွှေ့ရဲတော့ချေ ။
" သေစမ်းပါကွာ ၊ ငါ ဘာလို့ ဒီလောက် ကံဆိုးရတာလဲ ။ ခုနလေးမှ လမ်းပေါ်ဆင်းလာတာကို ထုံရွှယ်အဆင့် သားရဲတစ်ကောင်နဲ့ လာတွေ့နေတယ် ။ ငါ ဒီမှာပဲ သေရတော့မှာလား မသိဘူး ။ မဟုတ်ဘူး .. လက်မခံနိုင်ဘူး "
ပိုင်ထျန်းယွိ ထိုသို့တွေးကာ ငိုချလုမတတ်ပင် ဖြစ်နေသည် ။
" ဟေ့ ..ဘာဖြစ်လို့လဲ ၊ ခုနက ဘာလို့ ငါ့ကို တားလိုက်တာလဲ ။ စကားပြန်ပြောဦးလေ "
ထိုစဥ် လောထျန်းက ပိုင်ထျန်းယွိကို ကြည့်ကာ မေးလာ၏။
ပိုင်ထျန်းယွိက လောထျန်းအား မျက်စောင်းဖြင့်ကြည့်ကာ စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။
" ဒီကောင်က ရူးနေတာလား ။ ခုချိန် ဒီမေးခွန်းတွေ မေးလို့ရော ဘာထူးမှာလဲ ။ သူ့အနောက်က အန္တရာယ်ကို အာရုံမခံမိဘူးလား မသိဘူး "
သို့သော် သားရဲက သူ့ကိုသာ ကြည့်နေသဖြင့် သူ့စိတ်ထဲတွင် တွေးနေသော စကားများကို ပိုင်ထျန်းယွိ ထုတ်မပြောဝံ့ပေ ။
သူ့နဖူးတွင် ဇောချွေးများ ပြန်လာ၏။
" ဂီး .. "
ထိုအချိန်တွင် သံနက် မြေနဂါးကြီးက လောထျန်းအနောက်သို့ ရောက်လာသည် ။
သို့သော် ၎င်းက လောထျန်းအား ရှိသည်ဟုပင် သဘောမထားဘဲ ပိုင်ထျန်းယွိတစ်ယောက်တည်းကိုသာ ကြည့်နေ၏။
သူသည် သံသေတ္တာထဲတွင် ချုပ်နှောင်ခံထားရသည်မှာ လဝက်ခန့် ကြာသွားခဲ့ပြီ ဖြစ်သဖြင့် အလွန်ဆာလောင်နေလေပြီ ။
သံနက်မြေနဂါးကြီး၏ ပါးစပ်မှ တံတွေးများပင် ကျလာသည် ။
ပလောက် ...
တံတွေးတစ်စက်က လောထျန်း၏ ပုခုံးပေါ်သို့ ကျသွား၏။
" ဟင် "
လောထျန်းက ထိုအချိန်မှသာ သူ့နောက်မှ သံနက်မြေနဂါးကြီးအား လှည့်ကြည့်လိုက်သည်။
တစ်ချိန်တည်းမှာပင် သံနက်မြေနဂါးကြီးကလည်း လောထျန်း၏ အကြည့်ကို ခံစားမိကာ ငုံ့ကြည့်လိုက်သည်။
လူတစ်ယောက်နှင့် သားရဲတစ်ကောင်တို့ စိုက်ကြည့်နေကြသည့် မြင်ကွင်းကို ကြည့်ကာ ပိုင်ထျန်းယွိ စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။
" ဒီအရူးက အခုမှ ကြောက်ပြီပေါ့လေ ။ နောက်ကျသွားပြီကွ '
သူနှင့် လောထျန်းတို့ နှစ်ယောက်လုံး သေရတော့မည်ဟုသာ သူ့စိတ်ထဲတွင် ထင်နေ၏။
သို့သော် .. ထိုအချိန်တွင် လောထျန်းက လက်တစ်ဖက် ဆန့်ထုတ်လိုက်သည်။
ထို့နောက် ...
ဘုန်း ...
သံနက်မြေနဂါးကြီး၏ ခန္ဓာကိုယ် အပေါ်ပိုင်းမှာ မြေပြင်တွင် လဲကျသွားပြီး ခြေထောက်နှစ်ချောင်း မိုးပေါ်ထောင်သွား၏။
" မျိုးမစစ်ကောင် ၊ ငါ့ပေါ်ကို တံတွေး ထွေးချတယ်ပေါ့လေ ။ ငါ အဝတ်အစား အပို ပါမလာတာ မင်း မသိဘူးလားကွ "
လောထျန်းက ဒေါသတကြီး ပြောလိုက်သည်။
ပိုင်ထျန်းယွိနှင့် အနီးတဝိုက်မှ ထွက်ပြေးနေကြသူများအားလုံး အံ့သြမှင်သက်သွားကြသည်။
ထုံရွှယ်အဆင့် နတ်ဆိုးသားရဲတစ်ကောင်က တစ်ချက်တည်းဖြင့် အလဲထိုးခံလိုက်ရသည်လား ။
ထိုစဥ် လောထျန်းက လက်နှစ်ဖက်ကို ခါကာ ပိုင်ထျန်းယွိဘက်သို့ လှည့်ကြည့်ပြီး ထပ်မေးလိုက်သည်။
" မင်းက ငါ့ကို ဘာလို့ ရပ်ခိုင်းလိုက်တာလဲ "
ပိုင်ထျန်းယွိမှာ အသက်ချမ်းသာရာ ရသွားပြီဖြစ်၍ ပျော်နေချိန်မှာပင် ..
လောထျန်း၏ အမေးကြောင့် ရေခဲဂူတစ်ခုအတွင်းသို့ ကျသွားသည့်အလား ခံစားလိုက်ရပြန်၏။
သူ မည်သို့ ပြန်ဖြေရပါမည်နည်း ။
သူက လောထျန်းအား စိန်ခေါ်လိုသည့်အတွက် တားလိုက်ခြင်းဖြစ်ကြောင်း အမှန်အတိုင်း ပြောရပါမည်လား ..
သို့သော် .. သူ ထိုသို့လည်း မပြောဝံ့တော့ပါချေ ။
မြေပေါ်တွင် ကိုယ်တစ်ပိုင်းလဲကျနေသည့် သံနက်မြေနဂါးကြီးကို ကြည့်ကာ ပိုင်ထျန်းယွိမှာ မည်သို့ ပြောရမည်မသိ ဖြစ်နေ၏ ။
ထို့နောက် သူက လောထျန်းဘက်သို့ ချက်ချင်း လှည့်ကြည့်ကာ ပြောလိုက်သည်။
" အကိုကြီး ဓားသိုင်းကပြတာ ကြည့်ချင်လား ။ တစ်ခါမှ အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး ဆယ်ခုပဲ ပေးရမှာ "