← Chapters

အသုံးအဖြုန်းကြီးသောသူများနှင့် လောထျန်း ၏ လောင်းကြေးများ

Vol. 8 Ch. 103

အသုံးအဖြုန်းကြီးသောသူများနှင့် လောထျန်း ၏ လောင်းကြေးများ

Vol. 8 Ch. 103

" အင် .. "

လောထျန်း အံ့အားသင့်သွားသည်။

ထျန်းရှန့်နိုင်ငံ၏ ဓလေ့ထုံးတမ်းများက မည်သို့ပါနည်း ။

လမ်းပေါ်မှ လူများကို အတင်းတားကာ ဓားသိုင်းကပြသည်ကို ကြည့်ခိုင်းသည်လား ...

စျေးမှာ မဆိုးသော်လည်း အရွယ်ရောက်ပြီးသား လူတစ်ယောက်က ဓားတစ်လက်ဖြင့် ကပြမည်ကို သူ စိတ်မဝင်စားလှပါ ။

" မကြည့်ချင်ဘူးကွ ၊ သွားတော့ "

လောထျန်းက မရွှင်မပျ ပြောလိုက်သည် ။

" ဟုတ်ကဲ့ပါ "

ပိုင်ထျန်းယွိ မည်သို့မှ ထပ်မပြောဘဲ ချက်ချင်း နောက်လှည့်ကာ ပြေးသွားလိုက်သည်။

သူ ထွက်မပြေးဘဲ ကျန်နေခဲ့ပါက တစ်ဖက်လူ ဒေါထွက်သွားပြီး သူ့ကို လက်ဖြင့် ရိုက်လိုက်နိုင်သည် မဟုတ်ပါလား ။ ထိုလက်ဝါးချက်ကို သူ ခံနိုင်မည် မဟုတ်ပေ ။

" ကျွတ် .. ဘာတွေလဲ မသိပါဘူးကွာ ။ အရင်ဆုံး နေစရာ ရှာပြီးမှ ရေမိုးချိုးပြီး အဝတ်အစား သွားဝယ်ရမယ် "

လောထျန်းက စိတ်ရှုပ်နေသည့် မျက်နှာဖြင့် ရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။

ထိုစဥ် ပိုင်ထျန်းယွိမှာ စားသောက်ဆိုင်ပေါ်သို့ ပြေးတက်လာပြီး တွေ့သမျှ ရေနွေးကြမ်းခွက်များကို ကောက်မော့လိုက်သည်။ ရေနွေးခွက်များစွာ သောက်ပြီးမှသာ သူ အမောပြေသွား၏။

" အကိုပိုင် .. အဆင်ပြေရဲ့လား "

သူ့ဘေးမှ လူများက စိုးရိမ်တကြီး မေးလိုက်ကြသည်။

ပိုင်ထျန်းယွိ သက်ပြင်းချကာ ပြောလိုက်သည်။

" အနည်းဆုံးတော့ အသက်ရှင်နေသေးတာပဲ ကျေးဇူးတင်ရမှာပေါ့ ။ အကိုဟန် ၊ ဒီလူက အန္တရာယ်ကြီးမှန်း အစောက ဘာလို့ မပြောတာလဲဗျာ "

သူ့ဘေးမှ ဟန်ဝမ်ကျိုးက မကျေမနပ် ပြန်ကြည့်၏။

" ညီလေးပိုင်ကို အစောတည်းက ပြောသားပဲ ။ မင်းက ယုံမှ မယုံတာ "

ဟန်ဝမ်ကျိုးပြောသည်မှာ မှန်​ပါသည် ။

သို့သော် ပိုင်ထျန်းယွိက မကျေနပ်သေးဟန်ဖြင့် ပြောသည်။

" မယုံတဲ့အတွက်တော့ ကျုပ်ကို အပြစ်မတင်နဲ့လေဗျာ ။ စိတ်စွမ်းအင်စုဆောင်းခြင်းအဆင့်က သူတစ်ယောက်က တုကျဲ့အဆင့် ကျင့်ကြံသူတစ်ယောက်ကို တစ်ချက်တည်းနဲ့ သတ်နိုင်တယ်လို့ပြောရင် တခြားဘယ်သူကရော ယုံမှာလဲ ။ ကျုပ်ကိုယ်တိုင် မျက်စိနဲ့ မြင်ခဲ့ရတာမှ မဟုတ်တာပဲ "

အားလုံးကလည်း သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။

" ဒီနှစ် ထျန်းရှန့်သိုင်းပြိုင်ပွဲမှာ ဝင်ပြိုင်ကြမယ့် တခြား ပါရမီရှင်တွေအတွက်တော့ စိတ်မကောင်းဘူးဗျာ။ ဒီလို လူတစ်ယောက်နဲ့ ရင်ဆိုင်ကြရမှာ "

ထို့နောက်တွင်မူ စားပွဲဝိုင်းမှ လူများ လူစုခွဲကာ အသီးသီး ထွက်ခွာသွားကြသည် ။

ထိုစဥ် လမ်းမတစ်ဖက်၌ တပ်သားများစွာ ခြံရံထားသည့် အဘိုးအိုနှစ်ယောက် အလောတကြီး လမ်းလျှောက်လာ၏။

" မင်းတို့တွေ ဒီလောက်လေးတောင် အသုံးမကျဘူးလားကွာ။ ဒီသားရဲတစ်ကောင်ကို နေရာရွှေ့တာလေးကို ခုလိုကြီး အရှုပ်တွေ ဖြစ်သွားအောင် လုပ်လိုက်ကြတာ "

အဘိုးအိုက လမ်းလျှောက်လာရင်း ဆူလိုက်သည်။

သူ့နောက်မှ တပ်သားအုပ်စူမှာ စကားပြန်မပြောရဲကြဘဲ ခေါင်းများ ငုံ့သွား၏။

မကြာမီပင် သူတို့အားလုံး သံနက် မြေနဂါးကြီး ရှိရာဆီသို့ ရောက်လာကြသည် ။

" ဟင်...ဒါ .. သူ အသက်ရှင်နေသေးလား "

အဘိုးအိုက မေးလိုက်သည်။

ကျန်အဘိုးအိုတစ်ယောက်က သားရဲကြီးနံဘေးသို့ လျှောက်သွားကာ စမ်းကြည့်လိုက်သည်။

" သူ သတိမေ့နေတာ ။ သူ့ကို တိုက်ခိုက်ခဲ့တဲ့သူက သနားညှာတာပေးလိုက်တယ်ကွ ..ဒါပေမယ့် .. "

" ဒါပေမယ့် ဘာဖြစ်လို့လဲ .. "

ပထမအဘိုးအိုက အလောတကြီး မေးလိုက်သည်။

ကျန်အဘိုးအိုက မှုတ်ဆိတ်ကို ကိုင်ကာ ပြန်ပြော၏။

" သူ့ကို တိုက်ခိုက်ခဲ့တဲ့သူက အင်မတန် မြန်တယ် ။ ပြီးတော့ သူ့အစွမ်းကလဲ တိကျလွန်းတော့ ကြောက်စရာတောင်ကောင်းတယ် ။ကျုပ် သိသလောက် ပြောရရင်တော့ ဒီကောင်ကြီးကို တစ်ချက်တည်းနဲ့ မေ့လဲသွားအောင် လုပ်နိုင်တဲ့သူက ထျန်းရှန့်နိုင်ငံမှာ အများကြီး ရှိတဲ့အပြင် တခြား အိမ်နီးချင်း နိုင်ငံတွေမှာလဲ ဆယ်ယောက်ကျော်လောက် ရှိကြတယ် ။ ဒါပေမယ့် ဒီလို တိကျမှုမျိုးနဲ့ လုပ်နိုင်တဲ့သူတော့ တစ်ယောက်မှ ရှိမယ်မထင်ဘူး "

ပထမအဘိုးအို တအံ့တသြ ဖြစ်သွားသည်။

" ဘယ်လို .. ဒါဆို သူ့ကို တိုက်ခိုက်ခဲ့တဲ့သူက ဘယ်သူလဲ "

ဘေးမှ တပ်သားက ခေါင်းကုတ်၍ ပြော၏။

" ကျုပ်တို့လဲ ​အသဲအသန် ပြေးနေရတာနဲ့ တိုက်ခိုက်တဲ့သူကို သေချာ မမြင်လိုက်ရဘူး "

" မင်းတို့ကောင်တွေ .. "

အဘိုးအို အလွန်ဒေါသထွက်သွားသည်။

" ထားလိုက်ပါတော့ဗျာ ၊ ဘယ်သူမှန်း သိရင်တောင် ဘာမှ လုပ်လို့မှ မရတာ ။ ဒါပေမယ့် အဲ့လူက မကောင်းတဲ့ ရည်ရွယ်ချက်တော့ ရှိမယ်မထင်ဘူး ။ သူက လူလုံးထွက်မပြချင်မှတော့လဲ ကျုပ်တို့ ဘာမှ မဖြစ်ခဲ့သလိုပဲ နေလိုက်ကြတာပေါ့ "

လူကြီးက ပြောလိုက်သည်။

အဘိုးအို သက်ပြင်းချလိုက်သည်။

" အင်းလေ ၊ အဲ့လိုလုပ်ရုံပဲ ရှိတော့တာပေါ့ ။ ဟေ့ကောင်တွေ လာကြ၊ ဒီကောင်ကြီးကို ခေါ်သွားတော့ "

" ဟုတ်ကဲ့ပါ "

ထို့နောက်တွင်မူ တပ်သားများက သံနက်မြေနဂါးကြီးကို မကာ သူတို့အားလုံး ထွက်ခွာသွားလိုက်ကြသည်။

.....

သုံးရက် ကြာသွားပြီးနောက် ....

ထိုနေ့ မနက်စောစောကတည်းကပင် ထျန်းရှန့်နိုင်ငံ၏ မြို့တော်အတွင်း လူအုပ်ဖြင့် စည်စည်ကားကား ရှိနေ၏။

ထျန်းရှန့်သိုင်းပြိုင်ပွဲမှာ ထျန်းရှန့်နိုင်ငံအတွက်သာမက ၊ အိမ်နီးချင်းနိုင်ငံ ၁၀ ကျော်အတွက်ပါ အ​ရေးကြီးသည့် ပွဲတစ်ခု မဟုတ်ပါလား ..

သို့ဖြစ်ရာ နှစ်စဥ်နှစ်တိုင်း ပြိုင်ပွဲဝင်များအပြင် ပြိုင်ကွဲကို ကြည့်ရန် လာကြသည့် လူများဖြင့် စည်ကားနေကျဖြစ်သည်။

" ကဲ .. အားလုံး မြန်မြန်လေးဗျာ .. ထျန်းရှန့်သိုင်းပြိုင်ပွဲအတွက် လောင်းကြေးတွေကို ဝမ်ပေ မျှော်စင်မှာ ထည့်လို့ရပါပြီ ။ အဆင့် ၁ ကနေ ၁၀ အတွင်း ဝင်မယ့် သူတွေရယ် ၊ ထိပ်ဆုံး ချန်ပီယံနေရာ ရမယ့်သူရယ်ကို လောင်းကြေးထပ်လို့ ရတယ်ဗျာ "

" ချန်ပီယံနေရာအတွက် လောင်းကြေး ဆလေးတွေ ပြောပေးပါမယ်။ ဖုန့်ဖေးရန်အတွက်က 1ဆ ၊ မိုရှ အတွက်က 1.1 ဆ ၊ ရွှယ်လင်းလုံအတွက်က 1.2 ဆ ဗျာ "

လောင်းကြေးထပ်သည့် နေရာမှ တာဝန်ခံက ကျယ်လောင်စွာ အော်လိုက်သည်။

အနားမှ လူတစ်ယောက်က မျက်မှောင်ကြုံ့၍ မေး၏။

" ဆ တွေက ဘာလို့ အဲ့လောက် နည်းနေတာလဲ "

တာဝန်ခံက ထိုလူကို မျက်စောင်းဖြင့်ကြည့်ကာ ပြောလိုက်သည်။

" ဒါကို နည်းတယ်လို့ ထင်တာလား ။ ဒါဆို ဒီဟာကို လောင်းဗျာ။ ထိပ်ဆုံးဆယ်ယောက်အတွက် ယဲ့ဖုန်းနိုင်ငံက လောထျန်း ..  နိုင်သွားရင် လောင်းကြေး တစ်ခုစီတိုင်းအတွက် အဆ တစ်သိန်း ပြန်ပေးမယ် "

လူကြီးက မျက်မှောင်ကြုံ့သွားပြီး ဘုတ်ပေါ်မှ အချက်အလက်များကို ဖတ်ကြည့်လိုက်သည် ။ ထို့နောက် သူက ပြော၏။

" ယဲ့ဖုန်းနိုင်ငံက စိတ်စွမ်းအင်စုဆောင်းခြင်း အဆင့်  ၊ ဒါကို ထိပ်ဆုံး ဆယ်ယောက်စာရင်းထဲ ထည့်ထားတာလား ။ ကျုပ်ကို ငတုံးများ ထင်နေလားဗျ ။ ခင်ဗျားက ဒီလူကို အသုံးချပြီးတော့ မက်လုံးပေးပြီး လူတွေဆီကနေ လောင်းကြေးများများရအောင် လုပ်နေတာပဲ "

တာဝန်ခံက လက်နှစ်ဖက်ကို ဖြန့်၍ ပုခုံးတွန့်ပြကာ ပြောလိုက်သည်။

" ဒါတော့ ကျုပ်လဲ ဘာမှ မတတ်နိုင်ဘူးလေ "

လူကြီးက အော်ရယ်ကာ ပြောလိုက်သည်။

" ဟား ဟား .. ကြည့်ကြပါဦးကွာ ၊ သူက လူတွေဆီက ပိုက်ဆံရအောင် တမင်လှည့်ကွက်တွေ သုံးနေတယ် ။ ဒီလောထျန်းဆိုတဲ့သူကို ဘယ်သူက လောင်းမလဲ ကြည့်ကြသေးတာပေါ့ "

သို့သော် .. ထိုအချိန်တွင် ..

" လောထျန်း ၁ ကနေ တစ်ဆယ်အတွင်း ဝင်ရင် အဆတစ်သိန်း ပြန်ပေးမယ် .. ဟုတ်လား ၊ ကျုပ် အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး တစ်သိန်း လောင်းမယ်ဗျာ "

လူတစ်ယောက်က အော်ပြောလိုက်သည်။

" ဟင် .. "

ထိုအသံကို ကြားသောအခါ အားလုံး အံ့သြမှင်သက်သွားကြသည်။

ထို လောင်းကြေးထပ်လိုက်သည့် အရူးက မည်သူပါနည်း ။

ထိုစဥ် လူအုပ်ထဲမှ လူငယ်အချို့ ထွက်လာကြ၏။

ထိုလူများမှာ ပိုင်ထျန်းယွိနှင့် လင်ကျိုးရန် တို့ လူစုပင် ။

" လူငယ်လေး .. မင်း ဒီလူကို လောင်းကြေးထပ်ချင်တာ သေချာရဲ့လား။ ငါကတော့ မင်းတို့ကို တခြားသူကို ရွေးဖို့ပဲ အကြံပေးချင်တယ်ကွာ ။ လောထျန်းဆိုတဲ့ကောင်က ပိုက်ဆံများများရအောင် တမင်ထည့်ထားတာကွ။ အဲ့ကောင်က ပထမအဆင့်ကိုတောင် ကျော်နိုင်မှာ မဟုတ်ဘူး ။ မင်းတို့ရဲ့ အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး တစ်သိန်း ဒီတိုင်းဆုံးသွားမှာ မစိုးရိမ်ဘူးလား "

တာဝန်ခံက အပြုံးဖြင့် ပြောလိုက်သည်။

ပိုက်ဆံများများ ရအောင် ဒီတိုင်း ထည့်ထားသည်တဲ့လား ..

ထိုစကားကို ကြားသောအခါ ပိုင်ထျန်းယွိ ပါးစပ်အဟောင်းသား ဖြစ်သွား၏ ။

လောထျန်းကိုသာ ထိုသို့ သဘောထားပါက သူဆိုလျှင် မည်သို့ ဖြစ်သွားပါမည်နည်း ။

" စိတ်မပူပါနဲ့ ၊ ကျုပ် သူ့ကိုပဲ လောင်းချင်လို့ပါ ။ တာဝန်ခံကြီး လက်ခံပေးနိုင်မလား "

လင်ကျိုးရန်က ပြောလိုက်သည်။

တာဝန်ခံက အပြုံးဖြင့် ပြန်ပြော၏။

" လက်ခံတာပေါ့ဗျာ ။ ပိုက်ဆံအလကားရမယ့်ကိစ္စကို ဘာလို့ လက်မခံရမှာလဲ ။ လောထျန်း အဆင့် တစ်ကနေတစ်ဆယ် ဝင်မယ်ဆိုတဲ့ လောင်းကြေးအတွက် အဆင့်နိမ့်စိတ်စွမ်းအင်ကျောက်တုံး တစ်သိန်းကို ဝမ်ပေမျှော်စင်က လက်ခံပါတယ် "

" နေဦးဗျ ၊ ကျုပ်လဲ လောထျန်းအတွက် တစ်သိန်း လောင်းမယ် "

" ကျုပ်ရောပဲ "

အနားမှ လူငယ်လေးများကလည်း လောင်းကြေးများ အသီးသီး တင်လိုက်ကြသည်။

ဝမ်ပေမျှော်စင်၏ တာဝန်ခံမှာ ခေတ္တမျှ အံ့အားသင့်နေပြီးနောက် လောင်းကြေးများအား တစ်ယောက်ချင်းစီ လက်ခံပေးလိုက်သည်။

" ဒါနဲ့ လောထျန်းကို ချန်ပီယံ နေရာအတွက် လောင်းကြေး ဆ ကရော ဘယ်လောက်ရှိလဲ "

လင်ကျိုးရန်က မေးလိုက်သည်။

ထိုစကားကို ကြားသောအခါ တာဝန်ခံ အံ့သြတကြီး ပြုံး၍ပြော၏။

" သခင်လေးတို့ရယ် ၊ လောထျန်းကို ထိပ်ဆုံးဆယ်ယောက် စာရင်းထဲ ထည့်တာတောင် ကျုပ်တို့ ဝမ်ပေမျှော်စင်က အများရဲ့အပြောကို ခံနေရပြီဗျ ။ သူ့ကိုသာ ချန်ပီယံ ဖြစ်နိုင်ချေ စာရင်းထဲ ထည့်လိုက်ရင် ကျုပ်တို့ နာမည်ကို ထိခိုက်သွားမှာပေါ့ဗျာ "

လင်ကျိုးရန်နှင့် အခြားလူငယ်များက တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။

လောထျန်းကို ချန်ပီယံစာရင်းထဲ ထည့်လျှင် နာမည်ပျက်သွားမည်တဲ့လား ..

ဒေါင် ...

ထိုအချိန်တွင် ပြိုင်ပွဲဝင်များအား ကွင်းထဲသို့ ဝင်ရန် အချက်ပေးခေါင်းလောင်း မြည်လာ၏။ လင်ကျိုးရန်နှင့် အခြားသူများ ပြိုင်ပွဲအခမ်းအနား ဝင်ပေါက်သို့ ခပ်သုတ်သုတ် ထွက်သွားလိုက်ကြသည်။

ထိုလူငယ်များ ထွက်သွားပြီးနောက် တာဝန်ခံက သူတို့ပေးသွားခဲ့သည့် စိတ်စွမ်းအင် ကျောက်တုံးများကို ကြည့်ကာ ခေါင်းယမ်း၍ ပြောလိုက်သည်။

" ဒီ အသုံးအဖြုန်းကြီးတဲ့ လူငယ်လေးတွေက တူရာတူရာ စုနေကြတာပဲ "

ထိုစဥ် အခမ်းအနား ဝင်ပေါက်၌ ...

" ထျန်းရှန့် သိုင်းပြိုင်ပွဲမှာ ပါဝင်ယှဥ်ပြိုင်မယ့် လူငယ်တွေအားလုံး အဝမှာ နာမည်စာရင်းပေးပြီး အထဲကို ဝင်ကြပါ ။ နောက် ဆယ့်ငါးမိနစ်နေရင် ထျန်းရှန့်သိုင်းပြိုင်ပွဲကြီး တရားဝင် စတင်ပါမယ် "

အဝင်ဝတွင် စောင့်ကြပ်နေသော ထျန်းရှန့်နိုင်ငံမှ အဘိုးအိုတစ်ဦးက ကျယ်လောင်စွာ အော်လိုက်သည်။

လူများ တန်းစီကာ အစဥ်လိုက် ဝင်သွားကြ၏။

လင်ကျိုးရန်က လူအုပ်အား ဝေ့ဝဲကြည့်လိုက်သည်။

" ဟေ့ .. လင်ကျိုးရန် ၊ ဘယ်သူ့ကို ရှာနေတာလဲကွ "

ပိုင်ထျန်းယွိက မေးလိုက်သည်။

လင်ကျိုးရန်က ပြန်ဖြေ၏။

" မေးနေစရာ လိုသေးလို့လားကွာ ။ ရွှယ်လင်းလုံပေါ့ဟ ။ သူက ငါ့ကို ဒီပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ အကြီးဆုံး စိတ်ခွန်အားပေးတဲ့အရာပဲ "

ပိုင်ထျန်းယွိက စိတ်ညစ်သွားဟန်ဖြင့် ပြောလိုက်သည်။

" မင်းက ခုချိန်ထိ ဒါမျိုးတွေ တွေးနေနိုင်တုန်းနော် ။ အဲ့အစား ဆုမီတောင်ကို ဝင်ခွင့်ရဖို့ ကောင်းကောင်းကြိုးစားပြီး အဆင့် တစ်ရာအတွင်းဝင်အောင်သာ လုပ်ပါတော့လားကွာ "

လင်ကျိုးရန်က ပြုံးလိုက်သည်။

" ကြိုးစားနေစရာ မလိုပါဘူးကွာ ။ ငါ့အစွမ်းကို ငါ သိပါတယ်ကွ ။ မင်းနဲ့ အကိုဟန်က အဆင့် ၁၀၀ အတွင်းကို ဝင်နိုင်ပေမယ့် ငါ့အတွက်တော့ မဖြစ်နိုင်ဘူး ။ အဲ့တော့ ကြိုးစားနေမယ့်အစား အခွင့်အရေး ရတုန်းလေးမှာ ရွှယ်လင်းလုံလေးကို ကြည့်နေတာက ပိုစိတ်ချမ်းသာစရာ မကောင်းဘူးလား "

အားလုံး မည်သို့မှ ပြန်မပြောနိုင်ဘဲ တိတ်သွားကြ၏။

ပိုင်ထျန်းယွိမှာ သေချာမကြိုးစားဘဲ ကပျက်ကချော် လုပ်နေသည့် သူ့ သူငယ်ချင်းကို ကြည့်ကာ ရင်လေးသွားသည် ။ပိုင်ထျန်းယွိက ခေါင်းယမ်း၍ ရှေ့ဆက်သွားရန် တစ်ဖက်လှည့်လိုက်စဥ်မှာပင် .. လူတစ်ယောက်နှင့် တိုက်မိတော့မလို ဖြစ်သွား၏။

ပိုင်ထျန်းယွိ ဒေါသထွက်လုဆဲဆဲမှာပင် သူနှင့် တိုက်မိမလို ဖြစ်သွားသည့် လူကို တွေ့သွားကာ ခပ်မြန်မြန်ပြုံး၍ ပြောလိုက်သည်။

" အကိုကြီးပါလား .."

All Chapters