ပြိုင်ပွဲ ပထမအဆင့် ၊ အန်းမြောင်ရုံ
Vol. 8 Ch. 104
ဟန်ဝမ်ကျိုးနှင့် အခြားသူများလည်း လှည့်ကြည့်လိုက်ရာ သူတို့ခြေထောက်များ ပျော့ခွေသွားပြီး မြေကြီးပေါ်၌ ထိုင်ချမိမလိုပင် ဖြစ်သွားကြသည် ။
အဘယ့်ကြောင့်ဆိုသော် ပိုင်ထျန်းယွိဘေးနားတွင် ရပ်နေသည့် လောထျန်းကို တွေ့လိုက်ရသောကြောင့်ပင် ။
ထိုအချိန်တွင် လောထျန်းမှာ အဝတ်စားအသစ်များနှင့် ဖြစ်နေ၏။ သူက ပိုင်ထျန်းယွိကိုကြည့်ကာ အံ့အားသင့်သွားသည် ။
လောထျန်းသည် ပိုင်ထျန်းယွိအား ခေါင်းစခြေဆုံး ကြည့်ပြီးနောက်မှသာ မှတ်မိသွားဟန်ဖြင့် ပြော၏။
" အမ် .. မင်းက ဓားသိုင်းကတဲ့သူ မလား "
ဓားသိုင်းအက အကြောင်း ပြန်တွေးမိကာ ပိုင်ထျန်းယွိ ရှက်သွားသည် ။
၎င်းက သူ မမှတ်မိချင်သည့် အပိုင်း မဟုတ်ပါလား ။
" ဟီးဟီး ..ဝါသနာအရပါဗျာ ။ အကိုကြီး ရှေ့က အရင်သွားပါ "
ပိုင်ထျန်းယွိက ပြောကာ လောထျန်းအား လမ်းဖယ်ပေးလိုက်သည်။
လက်ရှိတွင် သူတို့ ထိုလူနှင့် ဝေးရာတွင်သာ နေချင်၏။
သို့သော် ..
" ခဏလေး နေပါဦး "
လောထျန်းက လူများစွာ၏ နောက်ကျောကိုကြည့်ကာ ရုတ်တရက် ပြောလိုက်သည်။
ထိုစကားတစ်ခွန်းတည်းဖြင့်ပင် ပိုင်ထျန်းယွိနှင့် သူ့ သူငယ်ချင်းများ မျက်လုံးပြူးသွားကြသည်။
" ဟုတ်ကဲ့ အကိုကြီး ၊ ကျုပ်တို့တွေ ဘာကူညီပေးရမလဲ "
ပိုင်ထျန်းယွိက မပြုံးချင်ပြုံးချင်ဖြင့် အားတင်းပြုံးကာ မေးလိုက်သည်။
လောထျန်းက ဟန်ဝမ်ကျိုးဘက်သို့ လှမ်းကြည့်ကာ ပြော၏။
" မင်း မျက်နှာက ဘာလို့ ရင်းနှီးနေတာလဲ "
ဟန်ဝမ်ကျိုး၏ နဖူးတွင် ဇောချွေးများ ချက်ချင်းပြန်သွားကာ ပြောလိုက်သည်။
" ကျုပ်က ယွိလုံနိုင်ငံ ၊ ထျန်းဟယ်ဂိုဏ်းက ဟန်ဝမ်ကျိုးပါ သခင်လေး ၊ သခင်လေး လောထျန်းကို အရိုအသေ ပြုပါတယ် "
လောထျန်းက ခေတ္တမျှ စဥ်းစားကာ ပြောသည်။
" အော် .. မှတ်မိပြီ ။ မင်းက ကျီဝေ့လျှို့ဝှက်ဒေသမှာ တွေ့တဲ့တစ်ယောက်ပဲ "
ဟန်ဝမ်ကျိုး ခြောက်ကပ်ကပ် ရယ်လိုက်သည်။
" သခင်လေးက မှတ်ဥာဏ်တကယ်ကောင်းတာပဲ "
" သူတို့တွေက မင်းရဲ့ မိတ်ဆွေတွေလား "
လောထျန်းက မေး၏။
" ဟုတ်ပါတယ် ၊ ဒီနှစ်ယောက်က ပိုင်ထျန်းယွိ နဲ့ လင်ကျိုးရန် လို့ခေါ်တယ် ။ သူတို့က ဒီ ထျန်းရှန့်နိုင်ငံသားတွေ "
ဟန်ဝမ်ကျိုးက မိတ်ဆက်ပေးလိုက်သည်။
လောထျန်း၏ မျက်လုံးများ အရောင်လက်သွားကာ ပြော၏။
" ဒီနိုင်ငံကလား .. ကောင်းတာပေါ့ ။ ငါက ဒီကလူတွေကို မေးချင်တာ ရှိနေတာနဲ့ အတော်ပဲ "
ပိုင်ထျန်းယွိနှင့် လင်ကျိုးရန်တို့ နှစ်ယောက်မှာ လျှာရှည်ကာ မိတ်ဆက်ပေးလိုက်သော ဟန်ဝမ်ကျိုးအား အမြင်ကတ်သွားကြသည် ။ သို့သော် ပါးစပ်မှ ထုတ်မပြောဝံ့ဘဲ လောထျန်းဆီသို့သာ အပြုံးဖြင့် သွားလိုက်ကြသည်။
" အကိုကြီး မေးချင်တာရှိရင် ဘာမဆို မေးလို့ရပါတယ် ။ ကျုပ် သူငယ်ချင်း လင်ကျိုးရန်က ထျန်းရှန့်နိုင်ငံမှာ ဖြစ်သမျှ ဘာမဆို အကုန်သိတယ်။ သူ မသိတာ ဘာမှ မရှိဘူးဗျ "
ပိုင်ထျန်းယွိက ပြောကာ လင်ကျိုးရန်အား သူ့ရှေ့သို့ ဆွဲပို့လိုက်သည်။
" မင်း .. "
လင်ကျိုးရန်က ပိုင်ထျန်းယွိအား မကျေမနပ် လှမ်းကြည့်လိုက်သည် ။
ထိုလူက သူ့ကို အလွယ်တူ ရောင်းစားသွားခဲ့ခြင်းပင် ။
ထို့နောက် လင်ကျိုးရန်က လောထျန်းနှင့် မျက်နှာချင်းဆိုင်လိုက်သည်။ သူ့နဖူးတစ်ခုလုံးလည်း ဇောချွေးများဖြင့် ရွှဲနေ၏။
သူ့ရှေ့မှ လူက သံနက်မြေနဂါးကြီးအား တစ်ချက်တည်းဖြင့် မေ့မျောသွားအောင် အလဲထိုးနိုင်ခဲ့သူဖြစ်ရာ သူ မကြောက်ဘဲ မည်သို့ နေနိုင်ပါမည်နည်း ။
ထိုအခိုက်အတန့်တွင် အလွန်ကြောက်စရာကောင်းသော သားရဲတစ်ကောင်ရှေ့၌ ရပ်နေရသကဲ့သို့ သူ ခံစားလိုက်ရသည်။
ထိုခံစားချက်မှာ အလွန်ဆိုးရွားလှပေသည်။
" ငါ ကြားထားတာ ဒီ ထျန်းရှန့်သိုင်းပြိုင်ပွဲမှာ အနိုင်ရတဲ့သူတွေကို ပေးမယ့် ဆုတွေထဲမှာ သွေးနီစိတ်စွမ်းအင်ပုလဲလုံး ပါတယ်ဆို "
လောထျန်းက မေးလိုက်သည်။
" ဟုတ်တယ်ဗျ ၊ သွေးနီစိတ်စွမ်းအင်ပုလဲလုံးက ပေးမယ့်ဆုတွေထဲမှာပါတယ် ။ ဒါပေမယ့် အဆင့် ၁ ကနေ ၁၀ အတွင်း ဝင်တဲ့သူတွေကပဲ ဒါကို ရဖို့ အခွင့်အရေး ရှိမှာဗျ "
လင်ကျိုးရန် ပြောပြလိုက်သည်။
သို့သော် စကားဆုံးသည်နှင့် သူ မလိုအပ်ပဲ စကားများမိသွားသည်ကို သတိထားမိသွား၏။
လောထျန်း၏ အစွမ်းဖြင့် ဆိုပါက အဆင့် ၁၀ အတွင်း မဝင်စရာ အကြောင်းမရှိပါချေ ။
" အင်း .. ကောင်းတယ် ။ ဒါနဲ့ ထျန်းရှန့်သိုင်းပြိုင်ပွဲမှာက ဘာတွေ လုပ်ရမှာလဲ "
လောထျန်း မေးလိုက်သည်။
ထိုမေးခွန်းကြောင့် လင်ကျိုးရန် လန့်သွား၏။
သူ့ရှေ့မှ လူက ထျန်းရှန့်သိုင်းပြိုင်ပွဲအကြောင်း နကန်းတစ်လုံးမှ မသိပါဘဲ ပြိုင်ပွဲသို့ လာရောက်ယှဥ်ပြိုင်သည်တဲ့လား .. ။
စစ်မှန်သော အစွမ်းထက်သူများက မည်သို့မှကြိုတင်ပြင်ဆင်စရာ မလိုဘဲ စာမေးပွဲ အစစ်ခံနိုင်ကြသည်မှာ အမှန် ဖြစ်နေပေသည်။
" ထျန်းရှန့်သိုင်းပြိုင်ပွဲကို နှစ်တိုင်း အဆင့် သုံး၊ လေးဆင့်လောက် ခွဲထားတယ်ဗျ ။ အဆင့်တစ်ခုစီတိုင်းမှာလဲ မတူညီတဲ့ နည်းတွေနဲ့ ယှဥ်ပြိုင်ရတယ် ။ ဒါပေမယ့် ခြုံပြီးပြောရရင်တော့ အစပိုင်းအဆင့်တွေမှာက လျှို့ဝှက်ဒေသပုံစံမျိုး နမူနာလုပ်ထားတဲ့ နေရာတွေမှာ ယှဥ်ပြိုင်ရတယ် ။ ပြီးတော့ သားရဲတွေရဲ့ ဖိနှိပ်စွမ်းအင်ကနေ လွတ်အောင် လုပ်ရတာမျိုး ရှိတယ် ။ နောက်ဆုံးအဆင့်ကျမှ ပြိုင်ပွဲဝင်တွေ တစ်ယောက်ချင်းစီ ယှဥ်ပြီး တိုက်ခိုက်ရတာဗျ "
လင်ကျိုးရန်က ပြောပြလိုက်သည်။
" အဆင့်တွေ အများကြီးပါလား "
လောထျန်း မျက်မှောင်ကြုံ့သွား၏။
ထိုအချိန်မှာပင် .. ခပ်လှမ်းလှမ်းရှိ လူအုပ်ကြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည် ။
" ဟင် .. ဘာတွေ ဖြစ်နေတာလဲ "
လောထျန်း အသံလာရာဘက် လှည့်ကြည့်လိုက်သည်။
လင်ကျိုးရန်မှာလည်း လူအုပ်ဘက်သို့ လှမ်းကြည့်ကာ ချက်ချင်း စိတ်လှုပ်ရှားသွားသည်။
" ရွှယ်လင်းလုံ ပဲ .. သခင်လေးလောထျန်း ၊ ဟိုကို ကြည့်လိုက် ။ အဲ့မိန်းကလေးက ကျီရွှယ်နန်းတော်က ရွှယ်လင်းလုံပဲဗျ ။ သူက ဒီ ထျန်းရှန့်ပြိုင်ပွဲတစ်ခုလုံးမှာ အချောလှဆုံး မိန်းကလေးပေါ့ဗျာ "
လင်ကျိုးရန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
လောထျန်းက သူပြသည့်ဘက်သို့ ကြည့်လိုက်ရာ အဖြူရောင်ဝတ်စုံ ဝတ်ထားသည့် မှင်သက်စရာ အလှနှင့် မိန်းမပျိုလေးတစ်ယောက်ကို တွေ့သွား၏။
သူမသည် လူအုပ်ထဲတွင် တည်ငြိမ်စွာ လျှောက်လာပြီး အားလုံးက အကြည့်က သူမအပေါ်တွင်သာ ကျရောက်နေကြသည် ။
သို့သော် သူမ၏ ခန္ဓာကိုယ်ဘေးပတ်လည်တွင် ရှိနေသည့် အရောင်အဝါတစ်ခုက လူများ အနားမကပ်နိုင်ရန် လုပ်ထားဟန်တူ၏။
" အားလုံးပဲ ဒီကနေ ဝင်ကြပါ "
ထိုအချိန်တွင် လူတစ်ယောက်က အားလုံးကို အထဲ ဝင်ကြရန် ဆော်သြလိုက်သည်။
" ငါတို့လဲ သွားကြတာပေါ့ကွာ "
လောထျန်းက ပြောလိုက်သည်။
" ဟုတ်ကဲ့ "
လင်ကျိုးရန်နှင့် အခြားသူများမှာ သူတို့ကိုယ်တိုင်ပင် သတိမထားမိလိုက်ဘဲ လောထျန်းနောက်မှ တကောက်ကောက် လိုက်သွားကြသည် ။
စကားအနည်းငယ် ပြောပြီးရုံဖြင့် သူတို့မှာ လောထျန်း၏ နောက်လိုက်များ ဖြစ်မှန်းမသိ ဖြစ်သွားကြ၏။
ထို့နောက် သူတို့အားလုံး စာရင်းပေးသွင်းကာ ပြိုင်ပွဲအခမ်းနားအတွင်းသို့ ဝင်ရန် ပြင်လိုက်ကြသည် ။
ထိုအချိန်တွင် ..
" ဟေ့ ..ဟိုမှာ ပိုင်ထျန်းယွိ မဟုတ်လား ။ မင်းက ထျန်းရှန့်သိုင်းပြိုင်ပွဲကို တကယ်ကြီး လာပြိုင်ရဲတယ်ပေါ့လေ ။ သတိကောင်းကောင်းထားနော် ၊ ပထမအဆင့်မှာတင် သေမသွားစေနဲ့ ။ ငါက နောက်ဆုံးအဆင့်မှာ မင်းကို ခွေးတစ်ကောင်လို အော်အောင် ရိုက်ချင်သေးတာကွ "
လူအုပ်နောက်ပိုင်းမှ အသံတစ်သံ ထွက်လာသည် ။
" ဟင် .. "
ပိုင်ထျန်းယွိက အသံလာရာဘက် လှည့်ကြည့်လိုက်ရာ အညိုရောင်ဝတ်စုံနှင့် လူငယ်တစ်ဦးကို နောက်လိုက်အချို့နှင့်အတူ မြင်လိုက်ရသည် ။ ထိုလူငယ်က လက်ထဲတွင် ယပ်တောင်တစ်ချောင်းကိုင်ထားကာ သူ့ကို ကောက်ကျစ်သောအပြုံးဖြင့် ကြည့်နေ၏။
" လုဝမ်ထောင် ပါလား "
ပိုင်ထျန်းယွိက မျက်မှောင်ကြုံ့၍ ပြောလိုက်သည်။
ထိုအခြင်းအရာကို မြင်သော လင်ကျိုးရန်က လောထျန်းနားသို့ ကပ်ကာ တီးတိုးပြောပြ၏။
" သခင်လေး ၊ အဲ့တစ်ယောက်က ပိုင်ထျန်းယွိတို့ မိသားစုရဲ့ ပြိုင်ဘက် ၊ လုဝမ်ထောင်ပဲ ။ သူက ပိုင်ထျန်းယွိထက် အသက်နည်းနည်းကြီးတယ် ။ ပြီးတော့ ပိုင်ထျန်းယွိကို ငယ်ငယ်လေးတည်းက အနိုင်ကျင့်လာတာ "
ထိုစကားများကို လုဝမ်ထောင်ကလည်း ကြားသွား၏။
" လင်ကျိုးရန် ၊ မင်း ဒီပြိုင်ပွဲကို တိတ်တိတ်လေး ခိုးဝင်လာမယ်လို့ ငါ ထင်မထားဘူးကွ ။ ခဏလေးပဲ စောင့်ကွာ ၊ မင်းနဲ့လဲ စာရင်းရှင်းရဦးမယ် "
ထို့နောက် လုဝမ်ထောင်က လောထျန်းအား ခြေဆုံးခေါင်းဆုံး ကြည့်ကာ ပြောလိုက်ပြန်သည် ။
" မျက်နှာသစ်လေးပါလားကွ ။ မင်းက ပိုင်ထျန်းယွိရဲ့ ညီငယ် အသစ်လေးလား ။ အင်း ..မင်းကိုငါ အခွင့်အရေး တစ်ခု ပေးလိုက်မယ် ။ ငါ့ရဲ့ နောက်လိုက်လုပ်ပြီး ငါ့ကို အကိုကြီးအဖြစ် အသိအမှတ် ပြုလိုက် ။ အဲ့ကျရင် မင်းလိုတာ ဘာမဆို ရစေရမယ် "
လောထျန်းက သူ့ကို ကြည့်ကာ အေးစက်စက် ပြန်ပြောလိုက်သည်။
" ငါနဲ့ ဝေးဝေးမှာနေစမ်း "
" မင်း ..ဘာပြောလိုက်တယ်ကွ "
လုဝမ်ထောင်၏ မျက်လုံးများ ဒေါသကြောင့် အရောင်လက်သွား၏။
သို့သော် .. ထိုအချိန်တွင် ..
" ဟေ့ ..ဟိုနားက အုပ်စု ၊ ထျန်းရှန့်ပြိုင်ပွဲအတွင်းမှာ ပွဲက စီစဥ်တာမဟုတ်ဘဲ သီးသန့် ရန်ဖြစ်ဖို့ မစဥ်းစားနဲ့နော် ။ ဖြစ်လို့ကတော့ မင်းတို့အားလုံးကို ပြိုင်ပွဲက ချက်ချင်းထုတ်ပစ်မယ်။ ငါ ပြောတာ ကြားလား "
အဘိုးအိုတစ်ယောက်က လေသံမာမာဖြင့် အော်လိုက်သည်။
ထိုစကားကို ကြားသောအခါ လုဝမ်ထောင် မျက်မှောင်ကြုံ့သွားပြီး လောထျန်းအား ပြောလိုက်သည်။
" ကောင်လေး .. မင်း တော်တော်ကံကောင်းတာပဲ ။ ဒါပေမယ့် ဒီကိစ္စကို မမေ့လိုက်နဲ့နော် ။ ထျန်းရှန့်သိုင်းပြိုင်ပွဲပြီးလို့ အပြင်မှာတွေ့တာနဲ့ မင်းကို မြေမြှုပ်စရာ အလောင်းတောင် မကျန်အောင် လုပ်ပစ်မယ် "
ထို့နောက် သူက ပိုင်ထျန်းယွိဘက်လှည့်ကာ လှောင်ပြုံးဖြင့် ပြော၏။
" ပိုင်ထျန်းယွိ ၊ ငါ့အဖေက မင်းကို ဒုက္ခိတဖြစ်အောင်ပဲ လုပ် ၊ မသတ်နဲ့ လို့ မှာထားတယ်ကွ ။ ဒါပေမယ့် မင်းရဲ့ အပေါင်းသင်းတွေကတော့ အဲ့လောက် ကံမကောင်းဘူးပေါ့ကွာ ။ ဟိုကောင်လေးကိုလဲ မင်း ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး "
ထိုစကားကို ကြားသောအခါ ပိုင်ထျန်းယွိတစ်ယောက် ရယ်ချင်စိတ် ပေါက်သွားသည် ။
သူက လောထျန်းကို ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး တဲ့လား ...
လောထျန်းကို ကာကွယ်ပေးရန်လည်း လိုပါမည်လား ...
ထိုစဥ် အခမ်းအနား ကျင်းပသည့် ခန်းမအတွင်း၌ ကြယ်များ နေရာရွှေ့သွားကာ လေထုတစ်ခုလုံး စတင်ပြောင်းလဲလာ၏။
သူတို့အားလုံး အသိပြန်ဝင်လာချိန်တွင် အစီအမံနေရာတစ်ခုရှေ့သို့ပင် ရောက်နေလေပြီ ။
" ဟင် .. ဘာတွေ ဖြစ်နေတာလဲ "
အားလုံး အံ့အားသင့်နေစဥ်မှာပင် တေးသံတစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ချည်း ငြိမ်ကျသွားသည် ။
အားလုံး အသံလာရာဘက် ကြည့်လိုက်ရာ အမြင့်တစ်နေရာ၌ ဗျတ်စောင်းတစ်လက် တီးနေသော အမျိုးသမီးတစ်ယောက်ကို မြင်လိုက်ရ၏ ။ ထိုအမျိုးသမီးက ပြောလိုက်သည်။
" ပြိုင်ပွဲဝင်တို့ .. ကျွန်မက ထျန်းရှန့်သိုင်းပြိုင်ပွဲရဲ့ ပထမအဆင့်ကို စစ်ဆေးပေးမယ့် သူပဲ။ ကျွန်မနာမည်က အန်းမြောင်ရုံ လို့ခေါ်တယ် ။ ဒီ ပထမအဆင့် ပြိုင်ပွဲမှာ ကျွန်မရဲ့ ဗျတ်စောင်းသီချင်းသံ ၃ ခုကို နားထောင်ရမယ် ။ အဆုံးထိ ဒီမှာနေပြီး နားထောင်နိုင်တဲ့သူက ပထမအဆင့်ကို အောင်လိမ့်မယ် "
သူမ၏ စကားဆုံးသည်နှင့် လူအုပ်ကြီးတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
လူငယ်တစ်ယောက်က အထင်သေးဟန်ဖြင့် ပြော၏။
" သေစမ်းးပါကွာ ၊ ငါက ထျန်းရှန့် သိုင်းပြိုင်ပွဲကို ခက်ခဲမယ် ထင်နေတာ ။ ခုတော့ လွယ်လွယ်လေးပါလား "
သူ့ဘေးမှ လူငယ်တစ်ယောက်က ထိုလူဘက် လှည့်ကြည့်ကာ ပြောသည် ။
" မင်းက ထျန်းရှန့်နိုင်ငံက မဟုတ်ဘူး မလား "
" ဟင် .. မင်းက ဘယ်လိုသိတာလဲ "
လူငယ်က သက်ပြင်းချကာ ပြောလိုက်သည်။
" မင်းသာထျန်းရှန့်နိုင်ငံက ဆိုရင် ၊ ဒီအမျိုးသမီးကို ဘယ်သူမှန်း မသိဘဲ နေမှာမဟုတ်ဘူး ။ ဒီ အန်းမြောင်ရုံဆိုတဲ့ အမျိုးသမီးရဲ့ နာမည်ပြောင်က ဗျတ်စောင်းဓားနတ်သမီး လို့ ခေါ်တယ်ကွ ။ သူက လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က ရန်သူ့စစ်အင်အား ရှစ် ထောင်လောက်ကို တိုက်ပွဲကွင်းပြင်မှာ ဗျတ်စောင်းသီချင်း တစ်ပုဒ်ထဲနဲ့ သတ်ပစ်ခဲ့တာ ။ အဲ့ဒီ တိုက်ပွဲ တစ်ပွဲတည်းနဲ့ သူ နာမည်ကျော်သွားခဲ့တာပဲ ။ ဘယ်လိုလဲ .. လွယ်လွယ်လေးလို့ ထင်တုန်းပဲလား "
ထိုစကားကို ကြားသောအခါ သူ့ဘေးမှ လူငယ်၏မျက်နှာ ချက်ချင်း ပြောင်းသွား၏။ ထို့နောက် သူက ပြောသည်။
" လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က ဟုတ်လား .. ဒါဆို သူက အသက်ကြီးနေပြီပေါ့ "
ထိုသို့ ပြောလိုက်စဥ်မှာပင် ..
ချွင် ... ချွင် ...
ဗျတ်စောင်းမှ ကြိုးသံ နှစ်သံ ထွက်ပေါ်လာပြီး လူနှစ်ယောက် သွေးအန်ကာ မေ့လဲကျသွားကြသည်။
" ဟေ့ .. ဟိုနားက စကားများနေတဲ့သူတွေ ၊ ဟိုနှစ်ယောက် ပြိုင်ပွဲက အထုတ်ခံလိုက်တာ မမြင်ဘူးလား ။ တစ်ယောက်ယောက် ..သူတို့ကို အပြင်ခေါ်ထုတ်သွားကြလေ "
အန်းမြောင်ရုံက အော်ပြောလိုက်သည်။