သန်းချီသော ဓားအရိပ်များ
Vol. 8 Ch. 106
လင်ကျိုးရန်က လောထျန်းဘက်သို့ လှည့်ကြည့်လိုက်သည် ။
သူ့မျက်လုံးထဲတွင် အံ့သြမှုအပြည့် ရှိနေ၏။
လောထျန်း၏ အစွမ်းက ကြောက်စရာ ကောင်းလွန်းလှပေသည် ။
သူ လက်ဖျောက်တစ်ချက် တီးလိုက်ရုံဖြင့် အန်မြောင်ရုံ၏ ဗျတ်စောင်းကြိုးများ ပြတ်သွားခဲ့ရုံမက ပြိုင်ပွဲဝင် များစွာကလည်း ဒဏ်ရာပြင်းထန်စွာ ရသွားခဲ့ကြသေးသည် ။
၎င်းက မည်သို့သော အစွမ်းမျိုးပါနည်း ။
ထို့အပြင် အစောက လောထျန်း တီးလိုက်သည့် လက်ဖျောက်မှာ ထိုသို့ ကြီးကြီးကျယ်ကျယ် ဖြစ်သွားရန် မရည်ရွယ်ဘဲ သာမာန်သာ ပေါ့ပေါ့ပါးပါး လုပ်လိုက်ခြင်းဖြစ်၏။
သူ့အစွမ်း အစစ်မှန်က ထို့ထက် များစွာသာသည်မှာ သံသယဖြစ်စရာ မရှိပါချေ ။
" အကိုဟန် ၊ စောနက ကိစ္စကို ဘယ်လိုထင်လဲ "
ပိုင်ထျန်းယွိက သူ့ဘေးမှ ဟန်ဝမ်းကျိုးနားကပ်ကာ တီးတိုးမေးလိုက်သည်။
ဟန်ဝမ်ကျိုးက ခေတ္တမျှ စဥ်းစားကာ ပြန်ဖြေ၏။
" အင်း ..ငါထင်တာတော့ အစောပိုင်းမှာ အန်းမြောင်ရုံရဲ့ ဓားစွမ်းအင် ငါတို့နားကို မကပ်နိုင်ရတဲ့ အကြောင်းရင်းက သခင်လေး လောထျန်း ဓားစိတ်ဆန္ဒကို ကျင့်ကြံပြီးထားလို့နဲ့ တူတယ်ကွ "
" ဓားစိတ်ဆန္ဒ ..ဟုတ်လား "
ပိုင်ထျန်းယွိ အံ့သြတုန်လှုပ်သွားသည် ။
ဓားစိတ်ဆန္ဒကို အလွန်အစွမ်းထက်သော ဓားသမားများသာ ကျင့်ကြံနိုင်ကြောင်း သူ သိထားပြီး ဖြစ်ပါသည် ။
လူတစ်ယောက်သည် ဓားစိတ်ဆန္ဒကို ကျင့်ကြံပြီးသွားပါက ထိုလူ အသုံးပြုသည့် ဓားသိုင်းကွက်များ၏ အစွမ်းကလည်း အလွန်အစွမ်းထက်သွားတတ်၏။
သို့သော် ထိုဓားစိတ်ဆန္ဒကို ကျင့်ကြံရန်မှာ အလွန်ခက်ခဲလှသည်ဟု နာမည်ကျော်ပေသည် ။
ထျန်းရှန့် တစ်နိုင်ငံလုံးတွင်ပင် ဓားစိတ်ဆန္ဒကို အမှန်တကယ် ကျင့်ကြံနိုင်သည့် ဓားသမား ငါးယောက်ထက် မပိုပါချေ ။
ဓားစိတ်ဆန္ဒထက် သာလွန်သည့် ဓားအဆင့် နှင့် ဓား ကမ္ဘာတို့ ဆိုလျှင် ....
ကျင့်ကြံရန် မဆိုထားဘိ ဒဏ္ဍာရီအဖြစ်သာ သူတို့ ကြားဖူးကြသည်။
သို့ဆိုလျှင် ဖုန့်ဖေးရန်အား လူငယ်မျိုးဆက်ထဲမှ ထိပ်ဆုံးအဆင့် ဓားသမားအဖြစ် အဘယ့်ကြောင့် သတ်မှတ်ထားရပါသနည်း ။
အဘယ့်ေကြာင့်ဆိုသော် ..သူသည် ကျင့်ကြံခြင်းအဆင့် မြင့်သည့်အပြင် လူငယ်မျိုးဆက်ထဲ၌ ဓားစိတ်ဆန္ဒကို ကျင့်ကြံနိုင်မည့် အနီးစပ်ဆုံးသူ ဖြစ်နေသောကြောင့်ပင် .. ။
သို့သော် ဖုန့်ဖေးရန်အတွင်ပင် ဓားစိတ်ဆန္ဒကို နားလည်ရန် အနည်းဆုံး ဆယ်နှစ်၊ သို့မဟုတ် နှစ် ၂၀ ခန့်မျှ အချိန်ယူရလိမ့်မည်ဟု အားလုံး လက်ခံယုံကြည်ထားကြ၏။
သို့သော် .. ယခု သူ့ရှေ့မှ လောထျန်းက ဓားစိတ်ဆန္ဒကို ကျင့်ကြံပြီးသွားပြီတဲ့လား ...
မယုံကြည်နိုင် ဖြစ်နေသော ပိုင်ထျန်းယွိ၏ မျက်နှာကို ကြည့်ကာ ယန်ဝမ်ကျိုးက မေးလိုက်သည်။
" ဒါဆို ၊ ခုလို ဖြစ်ရတဲ့ တခြားအကြောင်းအရင်းကို မင်း ရှင်းပြနိုင်မလား ပြော .. "
ပိုင်ထျန်းယွိ စဥ်းစားလိုက်သေးသော်လည်း အခြား မည်သည့် အကြောင်းပြချက်ကိုမှ သူ စဥ်းစား၍ မရပါချေ ။
" မင်းတို့တွေ ဘာတွေ ပြောနေကြတာလဲ "
ထိုစဥ် လောထျန်းက သူတို့နှစ်ယောက်ကို မေးလိုက်သည်။
ပိုင်ထျန်းယွိ၏ မျက်လုံးများ အရောင်လက်သွားကာ ချကိချင်း ပြောလိုက်သည်။
" အကိုကြီးကို ကျုပ် တစ်ခုလောက် မေးချင်လို့။ အကိုကြီး ဓားစိတ်ဆန္ဒကို ကျင့်ကြံပြီးသွားပြီလား "
" ဓားစိတ်ဆန္ဒ .. ဟုတ်လား ၊ အဲ့ဒါ ဘာလဲ "
လောထျန်းက ပြန်မေးလာ၏။
ပိုင်ထျန်းယွိက ရှင်းပြသည်။
" အဲ့ဒါက ဓားသိုင်းကျင့်စဥ်ရဲ့ အဆင့်တစ်ခုပဲဗျ ။ ကျုပ်လဲ သေချာတော့ မသိဘူး ။ အဖေပြောတာ ကြားဖူးတော့ ဓားစိတ်ဆန္ဒကို ကျင့်ကြံပြီးသွားတဲ့သူက ကျင့်ကြံတဲ့အခါကျရင် မျက်လုံးမှိတ်လိုက်တာနဲ့ သူတို့ကိုယ်ထဲမှာ ဓားအရိပ်တစ်ခုကို မြင်ရတတ်တယ်တဲ့ "
" ဓားအရိပ် ဟုတ်လား "
လောထျန်း မေးလိုက်သည် ။
ပိုင်ထျန်းယွိက ပြန်ပြော၏။
" ဟုတ်တယ်ဗျ ၊ အကိုကြိးရော ကြိုးစားကြည့်ပါလား "
လောထျန်း ခေါင်းညိတ်လိုက်သည်။
" ကောင်းပြီလေ ၊ စမ်းကြည့်ရတာပေါ့ "
သူက ထိုသို့ ပြောပြီးသည်နှင့် မျက်လုံးမှိတ်၍ ကောင်းကင်ဘုံ ဓားသိုင်းကို တိတ်တဆိတ် ကျင့်ကြံလိုက်သည် ။
တစ်ဖက်မှ ဟန်ဝမ်ကျိုးကလည်း အနား ရောက်လာ၏။
သူသည်လည်း လောထျန်းက ဓားစိတ်ဆန္ဒအား ကျင့်ကြံ၍ ပြီး မပြီးကို သိချင်နေသည် ။
ထိုစဥ် မျက်လုံးများ မှိတ်ထားသည့် လောထျန်းမှာ မရေမတွက်နိုင်သော ဓားအရိပ်များ ကောင်းကင်ယံ၌ အုပ်မိုးလာပြီး အရာအလုံး တိတ်ဆိတ်သွားသည်ကို ခံစားလိုက်ရ၏။
အချိန်အတန်ငယ် ကြာပြီးနောက်တွင်မူ သူ့ မျက်လုံးများ ပြန်ပွင့်လာသည် ။
" အကိုကြီး .. ဘယ်လိုလဲဟင် ၊ ဓားအရိပ်တစ်ခု ရှိနေလား "
ပိုင်ထျန်းယွိက အလောတကြီး မေးလိုက်သည်။
လောထျန်းက ခေါင်းယမ်း၍ ပြော၏။
" ဓားအရိပ် တစ်ခုတည်းတော့ မဟုတ်ဘူး "
ထိုစကားကို ကြားသောအခါ ပိုင်ထျန်းယွိ၏ မျက်လုံးထဲတွင် စိတ်ပျက်သည့် အရိပ်အယောင် အနည်းငယ် ပေါ်လာသည် ။
သူသည် ဓားသမားတစ်ယောက်မဟုတ်သည့်တိုင် ဓားကို အသုံးပြုတစ်ဦး ဖြစ်သည့်အတွက် ..
လောထျန်းထံမှ ဓားစိတ်ဆန္ဒကို အသုံးပြုနည်းနှင့် ပတ်သက်၍ အကြံအချို့ တောင်းမည်ဟု စဥ်းစားထားခဲ့၏။
သို့သော် ကြည့်ရသည်မှာ မျှော်လင့်ချက် ရှိဟန် မတူပေ ။
လောထျန်းကိုယ်တိုင်က ဓားစိတ်ဆန္ဒကို မကျင့်ကြံရသေးသူတစ်ဦး မဟုတ်ပါလား .. ။
၎င်းကို မြင်သောအခါ ပိုင်ထျန်းယွိဘေးတွင် ရှိနေသည့် ဟန်ဝမ်ကျိုးက ချက်ချင်းပြုံး၍ နှစ်သိမ့်လိုက်သည်။
" သခင်လေးလောထျန်းက ဓားစိတ်ဆန္ဒကို ကျင့်ကြံပြီးတာပဲ ဖြစ်ဖြစ် ၊ မကျင့်ကြံရသေးတာဖြစ်ဖြစ် အရေးမကြီးပါဘူးဗျာ ။ သခင်လေးနဲ့ အစွမ်းနဲ့သာဆိုရင် ဓားစိတ်ဆန္ဒကို ကျင့်ကြံပြီးတဲ့ ဓားသမားတစ်ယောက်တောင် သခင်လေးနဲ့ ယှဥ်နိုင်မှာ မဟုတ်ဘူး "
လောထျန်း၏ အစွမ်းကို ဟန်ဝမ်ကျိုး သေချာနားလည်ထားရာ ..
ဓားစိတ်ဆန္ဒနှင့် ဓားသိုင်းများက လောထျန်းအတွက် အရေးမကြီးလှကြောင်း သူ သိထားပေသည် ။
သို့သော် ထိုအချိန်တွင် လောထျန်းက တီးတိုးပြောလာ၏။
" ငါ မျက်လုံးမှိတ်ပြီး ကြည့်လိုက်တော့ ဓားအရိပ်က တစ်ခုတည်း မဟုတ်ဘဲ .. အများကြီးရှိနေတာ "
ထိုစကားကို ကြားသောအခါ ပြုံးနေသော ဟန်ဝမ်ကျိုးနှင့် စိတ်ပျက်လက်ပျက် ဖြစ်နေသည့် ပိုင်ထျန်းယွိတို့ နှစ်ယောက်လုံး ကြက်သေ သေသွားသည်။
အချိန်အတန်ငယ် ကြာသွားပြီးမှသာ သူတို့နှစ်ယောက် အသိပြန်ဝင်လာကြ၏။
" အကိုကြီး .. ဘာပြောလိုက်တာလဲဟင် "
ပိုင်ထျန်းယွိက မေးလိုက်သည် ။
" ဓားအရိပ်တွေ အများကြီး တွေ့တယ်လို့ ပြောတာကွ ။ အရေအတွက် အတိအကျတော့ ငါ မရေလိုက်နိုင်ဘူး ။ သန်းချီတော့ ရှိမယ်ကွ "
လောထျန်း ပြန်ပြောလိုက်သည်။
ပိုင်ထျန်းယွိတစ်ယောက် သွေးအန်လုမတတ်ပင် ဖြစ်သွား၏။
ဓားအရိပ် သန်းချီ ရှိတယ်တဲ့လား ..
၎င်းက မည်သို့ပါနည်း ...
ဓားစိတ်ဆန္ဒထက် မြင့်သည့် အဆင့်လား ..
ပိုင်ထျန်းယွိမှာ အတိအကျကို သေချာမသိသော်လည်း လောထျန်း၏ အဆင့်က ဓားစိတ်ဆန္ဒထက် ပိုမြင့်နေသည်ကိုမူ သေချာသိလိုက်သည် ။
" ဘုရားရေ .. အကိုကြီး .. ဒါ .. "
ထိုတခဏတွင် ပိုင်ထျန်းယွိတစ်ယောက် ပြောစရာ စကားလုံး ရှာမရ ဖြစ်နေတော့၏။
သူတို့ အံ့အားသင့်နေကြစဥ်မှာပင် လုဝမ်ထောင်က နောက်လိုက်အချို့နှင့်အတူ သူတို့အနီး ရောက်လာသည် ။
ထိုအချိန်တွင် လုဝမ်ထောင်၏ နှုတ်ခမ်းထောင့်စွန်း၌ သွေးစများ ရှိနေပြီး သူ့ကိုယ်တွင်လည်း အစောကလေးတင် ပတ်တီးစီးထားဟန်တူသည့် ဒဏ်ရာအချို့ ရှိနေ၏။ သူ့ခန္ဓာကိုယ်ကလည်း အနည်းငယ် တုန်ယင်နေသည် ။
သူ့နောက်မှ ပါလာသည့် နောက်လိုက်များ အားလုံးမှာလည်း ဒဏ်ရာအသီးသီး ရထားကြ၏။
အချို့ဆိုလျှင် လမ်းပင် ကောင်းကောင်း မလျှောက်နိုင်ကြချေ ။
" ဘာမှ သုံးစားမရတဲ့ မင်းတို့အုပ်စုက ဒီလောက်အစွမ်းထက်တဲ့ ဓားစွမ်းအင်အောက်မှာတောင် အထုတ်မခံလိုက်ရဘူးပေါ့ ။ တော်တော်အံ့သြစရာ ကောင်းတာပဲ "
လုဝမ်ထောင်က ပိုင်ထျန်းယွိနှင့် အခြားသူများကို လှောင်ပြုံးဖြင့် ကြည့်ကာ ပြောလိုက်သည် ။
" လုဝမ်ထောင် ၊ မင်း စကားပြောတာ ကြည့်ပြောနော် "
ပိုင်ထျန်းယွိက အေးစက်စက် ပြန်ပြောသည် ။
လုဝမ်ထောင်က လှောင်ပြုံး မပျက်ဘဲ လောထျန်းဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်၏။
" ကောင်လေး .. မင်း ပြိုင်ပွဲအခမ်းအနားထဲကို ဝင်သွားတုန်းက မင်းရဲ့ အချက်အလက်တွေကို ငါ တွေ့လိုက်တယ် ။ မင်းက ယဲ့ဖုန်းနိုင်ငံကနော် ၊ ဟုတ်တယ်မလား "
လုဝမ်ထောင်က မေးလိုက်သည် ။
လောထျန်း ခေါင်းညိတ်ပြလိုက်၏။
လုဝမ်ထောင်က ဆက်ပြောသည် ။
" မင်းလို အမှိုက်နိုင်ငံတစ်ခုက လာတဲ့သူက ဒုတိယအဆင့် ရောက်သွားတာ ငါ ယုံတောင် မယုံနိုင်ဘူး ။ ဒါပေမယ့် မင်း အလွန်ဆုံး အဲ့လောက်ပဲ လုပ်နိုင်မှာပါကွာ။ စောနက ဓားစွမ်းကို မင်းလဲ တွေ့လိုက်မှာပေါ့ ။ ဒီလို အစွမ်းမျိုးက ငါတို့လို နိုင်ငံကြီးက ကျင့်ကြံသူတွေမှာပဲ ရှိတဲ့အစွမ်းကွ ။ မင်းလို အမှိုက်ကောင်မျိုးက ဝင်ရှုပ်လို့ မရဘူး ။ မင်းအသက်မသေချင်ရင် ခုတည်းက လက်လျှော့ပြီး ထွက်သွားတာ ပိုကောင်းလိမ့်မယ် "
ထိုသို့ ပြောပြီးသည်နှင့် သူနှင့် သူ့နောက်လိုက်များ တဟားဟား အော်ရယ်လိုက်ကြသည်။
သို့သော် တစ်ဖက်မှ ပိုင်ထျန်းယွိတို့ လူစုကမူ သူတို့အား အရူးများသဖွယ် ကြည့်နေကြ၏။
လောထျန်းက အမှိုက် တဲ့လား ..
ပြီးတော့ လောထျန်းက လက်လျှော့ရမယ်တဲ့လား ...
လောထျန်းက ပိုင်ထျန်းယွိဘက် လှည့်ကြည့်ကာ ပြောလိုက်သည်။
" ငါ သူ့ကို အခုချက်ချင်း သေအောင်သတ်လိုက်ရင် ပြိုင်ပွဲစည်းကမ်းကို ချိုးဖောက်ရာ ကျလား "
" အမ် ..ဟုတ်တယ်ဗျ "
ပိုင်ထျန်းယွိက ပြန်ဖြေသည်။
လောထျန်း မျက်မှောင်ကြုံ့သွား၏။
" တကယ်လား .. နှမျောစရာပဲကွာ "
" မင်း .."
၎င်းကို မြင်သောအခါ အခြားတစ်ဖက်မှ ဝမ်ထောင်လုံ ချက်ချင်း ဒေါသထွက်သွားသည် ။
" ကောင်လေး .. မင်းနာမည်က လောထျန်းမဟုတ်လား ။ ငါ မင်းကို မှတ်ထားမယ် ။ နောက်တစ်ဆင့်မှာ တွေ့လို့ကတော့ မင်း သေချင်စိတ်ပါ ပေါက်သွားစေရမယ် "
ဝမ်ထောင်လုံက စကားဆုံးသည်နှင့် ချက်ချင်း နောက်လှည့်၍ သူ့လူများနှင့်အတူ ထွက်သွားလိုက်သည်။
ထွက်ခွာသွားသော ဝမ်ထောင်လုံ၏နောက်ကျောကိုကြည့်ကာ ပိုင်ထျန်းယွိနှင့် အခြားသူများ ပါးစပ်အဟောင်းသား ဖြစ်သွားကြပြန်၏။
" ဒီအရူးက သေဖို့ လမ်းရှာနေပဲ "
ပိုင်ထျန်းယွိ စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
ထိုအချိန်တွင် အစီအမံ နေရာအတွင်းမှ ခေါင်းလောင်းသံတစ်သံကို ကြားလိုက်ရပြန်၏။
ထို့နောက် အဘိုးအိုတစ်ဦးက စင်မြင့်ထက်သို့ ဖြည်းညင်းစွာ လျှောက်လာသည်။
" ကဲ .. အခု ဆေးရည်တွေလဲ ဝေပေးပြီးသွားပြီဆိုတော့ အားလုံးရဲ့ ဒဏ်ရာတွေ သက်သာနေလောက်ပါပြီ ။ ဆိုတော့ ဒုတိယအဆင့်ကို စလိုက်ကြတာပေါ့ "
" အားလုံး နေရာမရွှေ့ဘဲ ရပ်နေကြပါ ။ တည်နေရာရွှေ့ပြောင်းခြင်း အစီအမံကို အသက်သွင်းလိုက်ကြစို့ "
သူ့စကားဆုံးသည်နှင့် လူ သုံး၊ လေးဆယ်က အစီအမံနေရာ ပတ်ပတ်လည်တွင် အကာအကွယ် အစီအမံများ တစ်ပြိုင်နက်တည်း ဖော်ဆောင်လိုက်ကြသည် ။
လူအုပ်ထဲမှ လူများအားလုံးမှာ သူတို့ဘေးမှ လေထုပြောင်းလဲသွားသည်ကို ခံစားလိုက်ကြရ၏။
ခဏတာ ကြာသွားပြီးနောက်တွင်မူ လေထုတစ်ခုလုံး ပြန်တည်ငြိမ်သွားပြီး လူအုပ်မှာ နေရာသစ်တစ်ခုရှေ့သို့ ရောက်သွားကြတော့သည်။
" အားလုံး .. ဒါက မဟူရာလေပြင်း တောင်တန်းပဲ ။ ဒုတိယအဆင့် စစ်ဆေးမယ့် နေရာပေါ့ကွာ ။ ဒီ ဒုတိယအဆင့်မှာ မင်းတို့ လုပ်ရမှာက တောင်တန်းဆီကို သွားပြီးတော့ ရတနာတွေ သွားရှာဖို့ပဲ "
အဘိုးအိုက ပြောလိုက်သည်။