← Chapters

သားရဲတွေက ဆေးပင်တွေ ရှာပြီး သတ္ထုရိုင်းတွေ တူးနေတာ တဲ့လား

Vol. 8 Ch. 109

သားရဲတွေက ဆေးပင်တွေ ရှာပြီး သတ္ထုရိုင်းတွေ တူးနေတာ တဲ့လား

Vol. 8 Ch. 109

" သခင်ကြီး ကျိုး ရောက်လာပြီ "

ထျန်းရှန့်သိုင်းပြိုင်ပွဲကို တာဝန်ယူထားရသည့် အကြီးအကဲမှာ ရုတ်တရက် ရောက်လာသည့် အဘိုးအိုကို မြင်မှ စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချနိုင်တော့သည်။

ထို အဘိုးအို ကျိုး မှာ ထျန်းရှန့်နိုင်ငံ၊ တော်ဝင်မိသားစု၏ ဘိုးဘေးတစ်ယောက်ဖြစ်ပြီး တုကျဲ့အဆင့်ရှိ ကျင့်ကြံသူတစ်ဦးဖြစ်သည်။

အစောပိုင်းက တောနက်ထဲမှ ကြောက်မက်ဖွယ် အရောင်အဝါတစ်ခု ပေါ်လာချိန်တွင် တောင်ရှေ့၌ ရှိနေသူများအားလုံး ကြောက်ရွံ့တုန်လှုပ်သွားခဲ့ကြရ၏။

ထိုအရောင်အဝါ၏ ပိုင်ရှင်က မည်မျှအစွမ်းထက်သည်ကို သူတို့ ခံစားမိပေသည်။

၎င်းက သူတို့ကိုယ်တိုင် ကိုင်တွယ်၍ ရနိုင်သည့် ကိစ္စတစ်ခု မဟုတ်ပေ ။

သို့ဖြစ်ရာ ယခု သခင်ကြီး ကျိုး ရောက်လာပြီဖြစ်သည့်အတွက် သူတို့  အနည်းငယ် စိတ်သက်သာရာ ရသွားကြ၏။

သခင်ကြီးကျိုးက ခေါင်းညိတ်၍ ပြောလိုက်သည်။

" အဲ့ကောင်ကြီးဆီကနေ နောက်ထပ် ဘာလှုပ်ရှားမှု တွေ့ရသေးလ "

သူ့အနီးတွင် ရှိနေသူက ခပ်မြန်မြန် ရှင်းပြ၏။

" မတွေ့တော့ဘူးဗျ ၊ စောနက အရောင်အဝါ ထုတ်လွှတ်လိုက်ပြီးတာနဲ့ ဘာမှ ထပ်မဖြစ်တော့ဘူး ။ ပြီးတော့ အဲ့အရောင်အဝါကလဲ ခုနလေးကတင် လုံးဝ ပျောက်ကွယ်သွားတယ် "

" အစကတော့ ကျုပ်တို့တွေ ပြိုင်ပွဲကို ချက်ချင်းအဆုံးသတ်ပြီး အထဲမှာ ရှိနေတဲ့သူအားလုံးကို အပြင်ထုတ်ဖို့ စဥ်းစားလိုက်သေးတယ်ဗျ ။ ဒါပေမယ့် အထဲက အကောင်ကြီးကို ဒေါသဆွပေးသလို ဖြစွသွားမှာစိုးလို့ လောလောဆယ် ဘယ်သူ့ကိုမှ နေရာမရွှေ့သေးဘဲ နေလိုက်တာ "

ထျန်းရှန့်သိုင်းပြိုင်ပွဲ တာဝန်ခံက ပြောပြသည်။

သခင်ကြီးကျိုး ခေါင်းညိတ်လိုက်သည်။

" မင်း လုပ်လိုက်တာ မှန်တယ် ။ ငါမလာခင် အလောတကြီး ပြုမူလိုက်ရင် အဲ့မျိုးမစစ်ကောင်ကို ပိုဒေါသထွက်အာင် လုပ်လိုက်သလို ဖြစ်သွားနိုင်တယ် "

" ဒါနဲ့ သခင်ကြီး ၊ အဲ့ကောင်က ဘယ်သူလဲ "

လူတစ်ယောက်က နားမလည်နိုင်ဟန်ဖြင့် မေးသည်။

" ဒီကောင်က သူ့ကိုယ်သူ နဂါးဘုရင်ကြီး ပိုပါ့ထန် လို့ ခေါ်တာကွ "

သခင်ကြီးကျိုး ပြန်ဖြေ၏။

" ဟင် .. သူလား "

တစ်ယောက်က တအံ့တသြ ရေရွတ်သည်။

သို့သော် အချို့လူများကမူ ထိုကောင်က မည်သူမှန်း မသိကြသေးပါချေ ။

" အကိုကြီး ၊ ဒီ နဂါးဘုရင်ကြီး ပိုပါ့ထန် ဆိုတာက ဒဏ္ဍာရီထဲက ဇာတ်ကောင် မဟုတ်ဘူးလား "

သခင်ကြီးကျိုးက အားလုံးကို တစ်ချက်ဝေ့ကြည့်ကာ တည်တည်ငြိမ်ငြိမ် ရှင်းပြသည်။

" ဟိုး အရင်တုန်းက ပိုပါ့ထန်ဆိုတဲ့ နေရာမှာ နဂါးဘုရင်ကြီးတစ်ကောင် ရှိတယ်ကွ ။ ဒါပေမယ့် သူက လူတွေကို လုံးဝ မသတ်တဲ့အပြင် အဲ့နားက နယ်မြေတစ်ခုလုံးကိုပါ ကာကွယ်ပေးထားလို့ ကမ္ဘာကြီးက လေးစားတာကို ခံခဲ့ရတဲ့သူပဲ ။ ဒါပေမယ့် နောက်တော့ နဂါးဘုရင်က  ပိုပါ့ထန်ကနေ ထွက်သွားပြီး အဲ့နေရာကို နတ်ဆိုးမျိုးနွယ်စုအတွက် ထားရစ်ခဲ့တယ် "

" ပြီးခဲ့တဲ့ နှစ်တော်တော်ကြာကတော့ ပိုပါ့ထန်မှာ မြွေနတ်ဆိုးတစ်ကောင် ပေါ်လာခဲ့တယ် ။ ဒါပေမယ့် သူက အင်မတန် ရက်စက်ပြီး သွေးဆာတဲ့ ကောင်ပဲ ။ ပြီးတော့ သူက နဂါးတစ်ကောင်ပုံ အသွင်ပြောင်းချင်တာမို့လို့ သူ့ကိုယ်သူ နဂါးဘုရင်ကြီး ပိုပါ့ထန်လို့ နာမည်ပေးခဲ့တာ "

" ဒီသားရဲက ပေါ်လာတဲ့အချိန်က စလို့  လူသတ်မှုတွေ အများကြီးကို ထပ်ခါတလဲလဲ ကျူးလွန်ခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်တွေမှာ ငါ ဒီကောင်ကြီးကို သတ်ဖို့ ဆယ်ကြိမ်ထက်မနည်း ကြိုးစားခဲ့သေးတယ်ကွ။ ဒါပေမယ့် သူက ထွက်ပြေးတဲ့နေရာမှာတော့ ဆရာတစ်ဆူပဲ ။ ငါ သတ်ဖို့ ကြိုးစားတိုင်း သူက တစ်နည်းမဟုတ် တစ်နည်းနဲ့ ထွက်ပြေးသွားခဲ့တာ "

" ဒီတစ်ခေါက် မြင်ရတဲ့ အရောင်အဝါကို ကြည့်ရတာတော့ ဒီကောင်ကြီးက ကောင်းကင်ဘုံပျက်စီးခြင်း အဆင့်တစ်ခုကို ကျော်ဖြတ်ပြီး နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းလိုက်နိုင်ပြီနဲ့ တူတယ် "

စကားပြောနေစဥ် တလျှောက်လုံး သခင်ကြီးကျိုး၏ မျက်နှာက သုန်မှုန်နေ၏။

" ဟင် .. အဲ့လိုဆိုရင် .. သူက .. "

လူအချို့ ကြောက်လန့်တကြား ဖြစ်သွားကြသည်။

သခင်ကြီး ကျိုးက ခေါင်းယမ်းကာ ဆက်ပြောသည်။

" အဲ့ဒါက အရေးမကြီးဘူး ။ တကယ်လို့ သူ တုကျဲ့အဆင့်ကို ရောက်သွားရင်တောင် ကြာဦးမှာမဟုတ်ဘူး ။ နတ်ဘုရား သားရဲတစ်ကောင် ဖြစ်သွားရင်တောင်မှ ငါ သူ့ကို ရှင်းနိုင်တယ်။ ဒါပေမယ့် ငါ သိချင်တာ တစ်ခုတော့ ရှိတယ်ကွ ။ သူက ငါ့ကို ဒီနေရာရောက်အောင် တမင် မျှားခေါ်ခဲ့ပြီးတော့ အခု ဘာဖြစ်လို့ ဘာမှ ဆက်မလုပ်တာလဲ မသိဘူး "

သခင်ကြီးကျိုးက စကားဆုံးသည်နှင့် ကျန်လူများဘက် လှည့်ကြည့်ကာ ဆက်ပြော၏။

" လုပ်စရာရှိတာကိုသာ ဆက်လုပ်ကြ။ ဒီလို ဘာမဟုတ်တဲ့ ကောင်အတွက်နဲ့ ထျန်းရှန့်သိုင်းပြိုင်ပွဲကို ရပ်ပစ်လိုက်ဖို့ မထိုက်တန်ဘူး "

" ဟုတ်ကဲ့ပါ "

လူများအားလုံး အမိန့်နာခံလိုက်ကြသည်။

ထျန်းရှန့်နိုင်ငံမှ အစွမ်းထက်ဆုံး လူတစ်ယောက် ရောက်နေပြီဖြစ်ရာ သူတို့ ​ဘာကို ကြောက်နေရဦးမည်နည်း။

ထိုအချိန်တွင် ...

" သခင်ကြီးကျိုးနဲ့ အကြီးအကဲတွေကို သတင်းပို့ပါတယ် ။ လက်ရှိ မဟူရာလေပြင်းတောင်ထဲမှာ ပုံမှန်မဟုတ်တဲ့ သားရဲလှုပ်ရှားမှုတွေကို တွေ့ရပါတယ် "

သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက် ရှေ့တိုးလာကာ ဒူးတစ်ဖက်ထောက်၍ ပြောလိုက်သည်။

" ပုံမှန် မဟုတ်တဲ့ လှုပ်ရှားမှု ... ဟုတ်လား ။ ဟိုကောင်ကြီး ထွက်လာတာလား ။ ဘယ်လိုလှုပ်ရှားမှုလဲဆိုတာကို အသေးစိတ် ပြောပြစမ်း "

သခင်ကြီးကျိုးက ​မေးလိုက်သည်။

သက်လတ်ပိုင်းအရွယ် လူကြီးက ပြန်ဖြေ၏။

" ဟို .. တောင်ထဲမှာ သိန်းဂဏန်းလောက်ရှိတဲ့ သားရဲတွေက ဆေးပင်တွေရှာပြီး သတ္ထုရိုင်းတွေ တူးနေကြပါတယ် "

" ဟေ .. "

ထိုစကားတစ်ခွန်းတည်းဖြင့် ထိုနေရာတွင် ရှိနေသူများအားလုံး အံ့သြမှင်သက်သွားကြသည်။

" ဘာတွေ ဖြစ်နေတာလဲ .. သားရဲတွေက ဆေးပင်ရှာပြီး သတ္ထုရိုင်းတွေ တူးနေကြတယ် ..ဟုတ်လား "

အကြီးအကဲတစ်ဦးက မယုံနိုင်ဟန်ဖြင့် မေး၏။

သက်လတ်ပိုင်းအရွယ် လူကြီးက ခေါင်းညိတ်ပြလိုက်သည်။

" ဟုတ်ပါတယ် ၊ ကျုပ်လဲ ထူးဆန်းတယ်လို့ ထင်ပေမယ့် တကယ်ကြီး ဖြစ်နေတာဗျ "

အားလုံး တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်ကြသည်။

သခင်ကြီး ကျိုး လည်း မျက်မှောင်ကြုံ့သွား၏။

" ဒီ နဂါးဘုရင်ကြီး ပိုပါ့ထန်က ဘာတွေ လုပ်နေတာလဲ "

သူ နားမလည်နိုင် ဖြစ်သွားရသည်။

" ဒီသားရဲတွေက ပြိုင်ပွဲဝင် လူငယ်လေးတွေကို တိုက်ခိုက်ကြသေးလား "

အကြီးအကဲတစ်ယောက်က မေးလိုက်သည်။

" ဟုတ်ကဲ့ .. တချို့ကတော့ တိုက်ခိုက်ကြတယ် "

သတ်လက်ပိုင်းအရွယ် လူကြီးက ပြန်ဖြေသည်။

" ဟင် .. ဒီသားရဲတွေက စပြီးလှုပ်ရှားနေကြပြီပဲ ။ သခင်ကြီးကျိုး ၊ ကျုပ်တို့တွေအားလုံး အတူတူ သွားကြမယ်ဗျာ ။ မဟုတ်ရင် ပြိုင်ပွဲဝင်တွေအတွက် အန္တရာယ်ရှိနိုင်တယ် "

အကြီးအကဲက ပြောသည်။

သို့သော် သခင်ကြီးကျိုး ဘာမှ ပြန်မပြောနိုင်ခင်မှာပင် သက်လတ်ပိုင်းအရွယ် လူကြီးက စကားဆက်၏။

" ဒါပေမယ့် ဒီသားရဲတွေက ပြိုင်ပွဲဝင်တွေကို တိုက်ခိုက်ပြီးတော့ ဆေးပင်တွေနဲ့ သတ္ထုရိုင်းတွေကိုပဲ လူယူသွားကြတာဗျ ။ အသက်ကို ရန်မရှာကြဘူး "

" ဟင် .. "

ဤတစ်ကြိမ်တွင်လည်း အားလုံး နားမလည်နိုင် ဖြစ်သွားကြပြန်သည်။

ထိုသားရဲများက ဘာတွေ ဖြစ်နေကြပါသနည်း ။

၎င်းတို့က မည်သည့်အတွက်ကြောင့် ဆေးပင်များနှင့် သတ္ထုရိုင်းများကို ရှာဖွေနေကြမှန်း သူတို့ နားမလည်နိုင်တော့ပါ ။

သခင်ကြီးကျိုး၏ ခေါင်းထဲတွင်လည်း မေးခွန်းများစွာ ပေါ်လာ၏။

" ငါ အထဲဝင်ပြီး သွားကြည့်လိုက်မယ် "

သူက ထိုသို့ပြောပြီးသည်နှင့် ချက်ချင်း လှုပ်ရှားသွားကာ တောအုပ်ထဲသို့ လှစ်ခနဲ တိုးဝင်ပျောက်ကွယ်သွားသည်။

" သူခိုးတွေ ၊ သူခိုး အစုတ်ပလုပ်တွေ "

တောင်ပေါ်ရှိ တောအုပ်တစ်ခုထဲတွင် မိန်းမငယ်လေးတစ်ယောက်သည် မြေကြီးပေါ် ထိုင်ချ၍ ကူကယ်ရာမဲ့စွာ အော်နေ၏။

သူမရှေ့တွင် ရှိနေသော သားရဲ ဆယ်ကောင်ကျော်က စိတ်စွမ်းအင် ဆေးပင်များနှင့် စိတ်စွမ်းအင် သတ္ထုရိုင်းများ တပုံတပင်ကို ပွေ့ချီလျက် တောင်တန်းဘက်သို့ သွားနေကြသည်။

ထိုပစ္စည်းများမှာ မိန်းမငယ်လေး ခက်ခက်ခဲခဲ ရှာဖွေထားရသည့် ပစ္စည်းများပင် .. ။

သို့သော် ထိုသားရဲများက အစောကလေးတင် သူမရှာဖွေထားသည့် ပစ္စည်းများအားလုံးကို လုယူသွားခဲ့ကြ၏။

ထို့အပြင် ထိုသားရဲ တစ်ကောင်စီတိုင်းက စိတ်ဝိဥာဥ်အသွင်ပြောင်းအဆင့်သို့ ရောက်ထားကြပြီး ဖြစ်သဖြင့် .. တစ်ယောက်တည်း ဖြစ်နေသော သူမမှာ သေရတော့မည်ဟုသာ တွေးထင်ခဲ့မိသည် ။

သို့သော် ထိုသားရဲများက သူမကို ရိုက်ပုတ်ပြီး ဆေးပင်များနှင့် သတ္ထုရိုင်းများကိုသာ လုယူသွားကြမည်ဟု မည်သူ ထင်ထားပါမည်နည်း ။

သူမ၏ အသက်ကို ရန်မရှာသော်ငြား သူမ ခက်ခက်ခဲခဲ ရှာဖွေထားရသည့် ပစ္စည်းများကို ယူသွားသဖြင့် မိန်းမငယ် မှာအလွန်ဒေါသထွက်နေသည်။

သို့သော် သူမ မည်သို့မှလည်း မတတ်နိုင်ပါချေ ။

သူမ စိတ်ပျက်လက်ပျက် ဖြစ်နေသည့် အချိန်တွင် ..

လေအေးတစ်ချက် တိုက်ခတ်လာပြီး ဘေးပတ်ဝန်းကျင်းမှ အပူချိန် ရုတ်တရက် လျော့သွားသည် ။

ထို့နောက် ...

အဝေးသို့ မရောက်ကြသေးသည့် ထို သားရဲများအားလုံး နေရာ၌ပင် အေးခဲသွားကြတော့သည် ။

" ဟင် .. "

မိန်းမငယ်က အံ့သြတကြီး ခေါင်းမော့ကြည့်လိုက်ရာ ..

သူမ အနီးရှိ သစ်ပင်အိုကြီး တစ်ပင်ပေါ်မှ တဖြည်းဖြည်း ကျလာသည့် အလွန်ချောမောလှပသော မိန်းမပျိုလေး တစ်ယောက်ကို မြင်လိုက်ရသည် ။

" ရှင်က .. ကျီရွှယ်နန်းတော်က မိန်းကလေး ရွှယ်လင်းလုံလား .. "

မိန်းမငယ်မှာ အလွန်အံ့သြသွားရ၏။

သူမရှေ့တွင် ရှိနေသူသည် ထျန်းရှန့်သိုင်းပြိုင်ပွဲတွင် ထိပ်ဆုံးနေရာအတွက် နာမည်ကျော်နေသော ရွှယ်လင်းလုံပင် ။

ရွှယ်လင်းလုံက သူမကို တစ်ချက်ကြည့်လိုက်ပြီး သားရဲများထံမှ ဆေးပင်များနှင့် သတ္ထုရိုင်းများကို ပြန်ယူ၍ သူမထံ ပစ်ပေးလိုက်သည်။

" အခု ပြန်ထွက်သွားတော့ ။ တောင်ထဲမှာ ထူးထူးဆန်းဆန်းတွေ ဖြစ်နေတယ် ။ ပြီးတော့ မင်းရဲ့အစွမ်းက မလုံလောက်သေးဘူး ။ ဒီ ဆေးပင်တွေ ၊ သတ္ထုရိုင်းတွေနဲ့ဆို ပြိုင်ပွဲ နောက်တဆင့်ကို တက်နိုင်မှာပါ "

ရွှယ်လင်းလုံက ပြောလိုက်သည်။

သူမ၏ ရုပ်ရည်သွင်ပြင်က အလွန်ချောမော လှပသလို သူမ၏ အသံလေးကလည်း အလွန်ချိုသာလှ၏။

မိန်းမငယ်လေးသည် ရွှယ်လင်းလုံကို ကြည့်ကာ

သူမ၏ ပါးပြင်က ရှက်သွေးဖြင့် ရဲသွားသည်။ ထို့နောက် သူမက ခေါင်းအသာအယာ ညိတ်ပြလိုက်ပြီး တစ်ဖက်လှည့်၍ ထွက်သွားလိုက်သည်။ ခြေလှမ်း အနည်းငယ် လှမ်းပြီးတိုင်းလည်း နောက်သို့ ပြန်လှည့်ကြည့်လိုက်သေး၏။

အဝေးသို့ ရောက်သွားသည့်တိုင် သူမ နှလုံးသားက တဒုန်းဒုန်း ခုန်နေဆဲပင် ။

" ရွှယ်လင်းလုံက တကယ်ကို အံ့သြစရာ ကောင်းတာပဲ ။ ငါ့အကိုတွေအားလုံး သူ့ကို အရူးအမူး ဖြစ်နေကြတာ မဆန်းတော့ပါဘူး ။ မိန်းကလေးဖြစ်တဲ့ ငါတောင် သူ့ကို သဘောကျနေပြီ "

မိန်းမငယ်လေးက တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။

ထိုစဥ် အခြားတဖက်ရှိ ရွှယ်လင်းလုံမှာ မိန်းမငယ် ထွက်ခွာသွားပြီးနောက် မလှမ်းမကမ်းမှ တောင်ကြားတစ်ခုဆီသို့ အကြည့်ရောက်သွား၏။

" ဟိုမှာပဲ .. "

စကားဆုံးသည်နှင့် သူမ၏ ပုံရိပ် လှုပ်ရှားသွားသည်။ ထို့နောက် သူမ၏ ခြေဖဝါးအောက်တွင် နှင်းကြာပွင့်တစ်ခု ပေါ်လာပြီး အလွန်လျင်မြန်သော အရှိန်ဖြင့် တောင်ကြားရှိရာသို့ မျောလွင့်သွားတော့သည် ။

သူမသည် ကောင်းကင်ထိန်းချုပ်အဆင့်သို့ မရောက်သေးသည့်တိုင် ပျံသန်းနိုင်သည့် နည်းလမ်း ပိုင်ဆိုင်ထားပြီဖြစ်သည်။

မကြာမီတွင် သူမ တောင်ကြားဆီသို့ ရောက်သွား၏။

ထိုတောင်ကြားထဲတွင် ရှေးဟောင်း သစ်ပင်အိုကြီး တစ်ပင်ရှိပြီး ၎င်း၏ဘေးပတ်လည်တွင် စိတ်စွမ်းအင်များ ဝန်းရံနေကာ လေထဲ၌ ယိမ်းနေသည်ကို အဝေးကပင် မြင်နိုင်ပေသည်။

ထိုသစ်ပင်အိုပေါ်တွင် စိတ်စွမ်းအင် သစ်သီးများ ‌ေမြာက်များစွာ သီးနေ၏။ ထိုသစ်သီး တစ်ခုစီတိုင်းတွင် စိတ်စွမ်းအင်များလည်း ပေါကြွယ်ဝလှသည် ။

ထိုသစ်ပင်အိုကြီးကို ကြည့်ကာ ရွှယ်လင်းလုံ ပြုံးလိုက်သည်။

" ရွှေလင် သစ်သီး တွေပဲ .. ၊ ဒါနဲ့ဆို နောက်တဆင့်ကို အေးအေးဆေးဆေး တက်နိုင်ပြီ "

သူမက ပြောပြောဆိုဆိုပင် သစ်သီးများကို စခူးလိုက်သည်။

သို့သော် .. ထိုအချိန်တွင် ..

" အသက် မသေချင်ရင် အဲ့သစ်ပင်ကနေ ဝေးဝေးနေလိုက် "

သူမ အနောက်ဘက်မှ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာ၏။

All Chapters