← Chapters

ရွှယ်လင်းလုံ အံ့အားသင့်သွားရခြင်း ၊ သခင်ကြီးက ဘယ်သူလဲ

Vol. 8 Ch. 110

ရွှယ်လင်းလုံ အံ့အားသင့်သွားရခြင်း ၊ သခင်ကြီးက ဘယ်သူလဲ

Vol. 8 Ch. 110

" ဟင် "

ရွှယ်လင်းလုံ ခေါင်းလှည့်ကြည့်လိုက်ရာ သူမ၏ အနောက်ဘက် မလှမ်းမကမ်း၌ ဆယ်ပေကျော်ခန့် ရှည်လျားသည့် မြွေဖြူတစ်ကောင် ရှိနေသည်ကို မြင်လိုက်ရသည်။

၎င်းက အေးစက်သော မျက်လုံးများဖြင့် သူမကို ကြည့်နေ၏။

ရွှယ်လင်းလုံ ခေတ္တမျှ အံ့သြမှင်သက်သွားသည်။ ထို့နောက် သူမ ချက်ချင်းအသိပြန်ဝင်လာပြီး မေးလိုက်သည်။

" ကောင်းကင်ထိန်းချုပ်အဆင့် ကလား "

မြွေဖြူက အေးစက်စက်ပြန်ပြော၏။

" ဟုတ်တယ် ။ မင်း သိတယ်ဆိုလဲ ဒီကနေ ထွက်သွားလိုက်တော့ ။ ငါ မင်းကို အရှက်ရအောင် မလုပ်ချင်ဘူး "

ရွှယ်လင်းလုံက အသာအယာ ပြုံးလိုက်သည်။

" ထွက်သွားရမယ် ဟုတ်လား ၊ ဘာလို့ ထွက်သွားရမှာလဲရှင့် ။ ကျွန်မက ရှင့်ကိုတောင် ရှာနေတာ "

" ဘယ်လို .."

ဤတစ်ကြိမ် အံ့အားသင့်သွားရသူမှာ မြွေဖြူပင် ။

ထိုစဥ် ရွှယ်လင်းလုံက လက်တစ်ဖက် ဝေ့ယမ်းလိုက်ရာ ရေခဲတုံး ဆယ်ခုကျော်က မြွေဖြူဆီသို့ တဟုန်ထိုး တိုးဝင်သွား၏။

" ဟားဟား .. ကလေးမလေး ၊ မင်းက တော်တော်တော့ သတ္တိရှိတာပဲ "

မြွေဖြူက အမြီးယမ်းလိုက်ရာ ရေခဲတုံးများ ချက်ချင်း အစိတ်စိတ်အမွှာမွှာ ကွဲသွားကြသည်။

သို့သော် ရွှယ်လင်းလုံ၏ သိုင်းကွက်နောက်တစ်ခု ရောက်လာပြန်၏။

" ကောင်းကင်တစ်ခုလုံး ရေခဲ နဲ့ နှင်းများ ပြည့်စေ "

ရွှယ်လင်းလုံက လက်ကို ဝေ့ယမ်းလိုက်ရာ လေပြင်းများ အဆင်မပြတ် တိုက်ခတ်လာပြီး သူမလက်ကြားထဲမှ နှင်းပွင့်များ ထွက်လာကြသည် ။

မြွေဖြူကလည်း ၎င်းကို မြင်သည်နှင့် ပါးစပ်ဟ၍ အမည်းရောင် မြူလုံးကြီးတစ်ခု ထွေးထုတ်လိုက်သည်။ ၎င်းက နှင်းပွင့်များနှင့် တိုက်မိသွား၏။

ဝုန်း ...

လေရော နှင်းပါ ချက်ချင်း ပျောက်ကွယ်သွားကြပြန်သည်။

မြွေဖြူက ခေါင်းနှင့် အမြီးကို ယမ်းကာ ရွှယ်လင်းလုံဆီသို့ တဟုန်ထိုး တိုးဝင်သွား၏။

" ကောင်းကင်ထိန်းချုပ်အဆင့်က နတ်ဆိုးသားရဲတစ်ကောင်လို့ မပြောရဘူး ၊ တော်တော်အစွမ်းထက်တာပဲ "

ရွှယ်လင်းလုံက သူမလက်ဖြင့် အချုပ်အနှောင် အစီအမံများ ချက်ချင်း ဖော်ဆောင်လိုက်ရာ သူမဘေးတွင် ရေခဲဓား ဆယ့်နှစ်ချောင်း စုစည်းလာသည်။

" ရေခဲ နဲ့ နှင်း ဓားလှည့်ကွက် "

ခပ်တိုးတိုး အော်သံနှင့်အတူ ဓားဆယ့်နှစ်ချောင်းက မြွေဖြူအား တိုက်ခိုက်လိုက်ကြသည်။

သို့သော် သူတို့နှစ်ယောက်ကြားတွင် ကျင့်ကြံခြင်းအဆင့် ကွာဟလွန်းနေသဖြင့် ဓားဆယ့်နှစ်ချောင်းက မြွေဖြူအား ထိပြီးသည်နှင့် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားကုန်၏။

မြွေဖြူမှာ မပြောပလောက်သော ဒဏ်ရာအနည်းငယ်သာ ရသွားခဲ့သည်။

၎င်းက ရွှယ်လင်းလုံ တိုက်ခိုက်နေသည့်ကြားမှ ရှေ့သို့ ပိုပို တိုးလာ၏။

" မိန်းကလေး ၊ မင်းက တော်တော်လေးတော့ အစွမ်းထက်တာပဲ ။ ဒါပေမယ့် မင်းက ငါ့ပြိုင်ဘက် မဟုတ်သေးဘူးကွ "

မြွေဖြူက လှောင်ပြုံးဖြင့် ပြောလိုက်သည်။

မြွေဖြူကို ကြည့်ကာ ရွှယ်လင်းလုံ မျက်နှာတည်သွားသည်။

" ကြည့်ရတာ ကောင်းကင်ထိန်းချုပ်အဆင့် သားရဲတစ်ကောင်ကို သာမာန် သိုင်းကွက်တွေနဲ့ အနိုင်ယူဖို့ မဖြစ်နိုင်ဘူးနဲ့တူတယ် ။ ဒီလိုဆိုမှတော့လဲ .. "

သုမက လက်ခုပ်တစ်ချက် တီးလိုက်ရာ သူမ၏ စိတ်စွမ်းအင်ပင်လယ်အတွင်း စွမ်းအင်များ စီးဆင်းလာ၏။

သူမ၏ အနောက်ဘက်တွင် ရေခဲနှင့် နှင်းများဖြင့် ပြည့်နေသော ပင်လယ်ကြီးတစ်ခု ပေါ်လာသည်။

" ရေခဲမြစ် .. မိုင် သုံးထောင် "

သူမ၏ ဆံပင်များက လေထဲတွင် လွင့်နေပြီး သူမကိုယ်မှ ကြောက်မက်ဖွယ် အေးစက်သောစွမ်းအင်တစ်ခု ရုတ်ချည်း ထွက်လာ၏။

သူမ ဘေးပတ်လည်ရှိ အရာအားလုံး အေးခဲသွားတော့သည် ။

၎င်းကို မြင်လိုက်ရသော မြွေဖြူမှာ ရုတ်တရက် လန့်သွားကာ ပြောလိုက်သည်။

" ဒါ .. ထူးခြားတဲ့ စိတ်စွမ်းအင်ပင်လယ် လား "

ထိုအချိန်မှသာ တစ်စုံတစ်ခု မှားယွင်းနေသည်ကို သူ သိသွား၏။ သို့သော် ရှောင်တိမ်းရန် နောက်ကျလွန်းသွားခဲ့လေပြီ။

ထို့နောက်တွင်မူ မြွေဖြူ၏ တစ်ကိုယ်လုံး အေးခဲသွားတော့သည်။

ထိုစဥ် တစ်ဖက်မှ ရွှယ်လင်းလုံမှာ မြေကြီးပေါ်သို့ ကျလာသည်။ သူမ မျက်နှာတပြင်လုံး ဖြူဖျော့နေပြီး အသက်ဝအောင် ကြိုးစားရှူနေရ၏။

" ဒီသိုင်းကွက်က စွမ်းအင်တွေ အများကြီးကို သုံးတာပဲ ။ ကြည့်ရတာ ငါ လုံလောက်အောင် အစွမ်းမထက်သေးဘူးနဲ့တူတယ် "

သူမက အနည်းငယ် စိတ်ပျက်သွားဟန်ဖြင့် ရေရွတ်လိုက်သည်။

ထို့နောက် သူမက ရှေ့မှ အေးခဲနေသော မြွေဖြူကိုကြည့်ကာ ခေါင်းညိတ်လိုက်သည်။

" ဒီကောင်ကြီး ခနလောက် အေးခဲသွားတာ ကံကာင်းတာပဲ ။ စိတ်စွမ်းအင် သစ်သီးတွေ ငါ့အပိုင် ဖြစ်သွားပြီ "

ရွှယ်လင်းလုံ က ထိုသို့ပြောကာ နောက်လှည့်၍ သစ်ပင်အိုကြီးဆီသို့ ပြန်သွားပြီး သစ်သီးများ ခူးနေလိုက်သည်။

သို့သော် .. ထိုအချိန်တွင် သူမအနောက်ဘက်မှ ကြောက်မက်ဖွယ် စိတ်စွမ်းအင်တစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။

" ဟင် .. "

ရွှယ်လင်းလုံ နောက်လှည့်ကြည့်လိုက်ရာ အေးခဲနေသော မြွေဖြူ၏ ကိုယ်က နီရဲနေပြီး သူ့ကိုယ်ထဲမှ ချော်ရည်များ စီးကျနေသည်ကို မြင်လိုက်ရသည်။

မြွေဖြူ၏ ကိုယ်အရောင်အဝါကလည်း တဖြည်းဖြည်း တိုးထွက်လာကာ သူ့ကိုယ်ကို ဖုံးအုပ်ထားသည့် ရေခဲနှင့် နှင်းများ စတင်ပြိုကွဲလာသည်။

နောက်ဆုံးတွင် ..

ဘုန်း ...

ရေခဲနှင့် နှင်းများအားလုံး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပြီး မြွေဖြူ ပြန်လွတ်လပ်သွား၏။

၎င်းကို မြင်သောအခါ ရွှယ်လင်းလုံ သက်ပြင်းချ၍ ပြောလိုက်သည်။

" ရှင်က ရှင့်ကိုယ်ထဲက အတွင်းအား ဆေးရည်ကို လောင်ကျွမ်းလိုက်တာမဟုတ်လား ။ ဒီလိုလုပ်ရင် ရှင့်ရဲ့ ကျင့်ကြံခြင်းအဆင့်ကိုရော ရှင့်ရဲ့သက်တမ်းကိုရော ထိခိုက်လိမ့်မယ် ။ စိတ်စွမ်းအင် သစ်သီးလေးအတွက်နဲ့ ဘာလို့ အခုလို လုပ်နေတာလဲ "

စိတ်စွမ်းအင် သစ်သီးသည် အဖိုးတန်သော အရာတစ်ခု ဖြစ်သော်ငြား နတ်ဆိုးသားရဲတစ်ကောင်အနေဖြင့် အသက်ကို စတေးရန် မထိုက်တန်လှပါ။

ရွှယ်လင်းလုံမှာ အခြေအနေကို နားမလည်နိုင်တော့ပေ ။

သို့သော် ..မြွေဖြူက ခေါင်းယမ်း၍ ပြောလာ၏။

" မတတ်နိုင်ဘူးကွ ၊ ဟို သခင်ကြီးက အမိန့်ပေးထားတာ ။ ဒီ စိတ်စွမ်းအင်သစ်သီးက အဲ့သခင်ကြီးရဲ့ အပိုင်ပဲ "

" ဘယ် သခင်ကြီးလဲ .. သူက ဘယ်သူလဲ "

ရွှယ်လင်းလုံ ခေါင်းရှုပ်သွားကာ မေးလိုက်သည်။

" အဓိပ္ပါယ်မရှိတာတွေ ဆက်မေးမနေနဲ့ ။ စိတ်စွမ်းအင်သစ်သီးကိုသာ ချထားလိုက် "

မြွေဖြူက ဒေါသထွက်သွားဟန်ဖြင့် ရွှယ်လင်းလုံဆီသို့ တဟုန်ထိုး တိုးဝင်လာပြန်၏။

ဤတစ်ကြိမ်တွင် သူ သုံးလိုက်သည့်အစွမ်းနှင့် အမြန်နှုန်းက ယခင်ကထက် များစွာ ပိုအစွမ်းထက်နေသည်။

ရွှယ်လင်းလုံမှာ အခြေအနေ မဟန်တော့သည်ကို မြင်ကာ ချက်ချင်း နောက်လှည့်၍ ပြေးထွက်သွားလိုက်သည်။

အစောက တိုက်ပွဲတွင်ပင် မြွေဖြူက အသာစီးရထားခဲ့သည်ဖြစ်ရာ ..

ယခု ဆက်၍တိုက်ခိုက်ပါက သူမ ကိုယ့်သေတွင်းကိုယ် တူးနေသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

ရွှယ်လင်းလုံးသည် တစ်စက္ကန့်မျှ အချိန်အတွင်း မိုင်ဆယ်ချီ ပြေးလာပြီးမှသာ ရပ်လိုက်၏။

ထို့နောက် မြွေဖြူက သူမနောက်သို့ လိုက်မလာသည်ကို မြင်မှသာ သက်ပြင်းရှည်ကြီး ချလိုက်နိုင်တော့သည်။

" သူ ငါ့နောက်ကို ဆက်လိုက်မလာတာ တော်သေးတာပေါ့ ။ ကောင်းကင်ထိန်းချုပ်အဆင့် သားရဲတွေက တိုက်ခိုက်ဖို့ တော်တော်ခက်တာပဲ ။ ဒါနဲ့ .. သူပြောတဲ့ သခင်ကြီးဆိုတာ ဘယ်သူပါလိမ့် "

" စိတ်စွမ်းအင်သစ်သီးလေး အတွက်နဲ့ ကောင်းကင်ထိန်းချုပ်အဆင့် သားရဲက သူ့အသက်ကိုတောင် စတေးပြီး တိုက်ခိုက်တာဆိုတော့ ဒီသခင်ကြီးက ဘယ်လောက် ကြောက်စရာ ကောင်းလိုက်မလဲ "

" ရှေးဟောင်း သားရဲများ ဖြစ်နေမလား မသိဘူး "

" အင်း .. အဲ့လိုပဲနဲ့ တူပါတယ် ။ မဟုတ်ရင် မြွေဖြူက ဘာလို့ အဲ့လောက် ကြောက်နေမှာလဲ "

" ဒီသခင်ကြီးဆိုတဲ့သူရဲ့ ရည်ရွယ်ချက်က ဘာများဖြစ်နိုင်မလဲ .. "

" ထားလိုက်ပါလေ ၊ စဥ်းစားလို့လဲ မရဘူး။ ဒါပေမယ့် ငါ အပြင်ကို ပြန်ရောက်ရင်တော့ ဆရာကနေတဆင့် ထျန်းရှန့်နိုင်ငံကို သတိပေးခိုင်းမှ ရမယ် "

" ငါတို့တွေ အင်မတန် အစွမ်းထက်ပြီး ရက်စက်၊ သွေးဆာနေတဲ့ ကြောက်စရာ ရှေးဟောင်းသားရဲတစ်ကောင်နဲ့ ရင်ဆိုင်နေရတာ ဖြစ်နိုင်တယ် "

ရွှယ်လင်းလုံ တွေးကာ စိတ်ပူသွားသည်။

ထိုအချိန်တွင် .. ဧရာမအပြာရောင် ကျောက်တုံးတစ်ခုပေါ်၌ ရှိနေသည့် လောထျန်းမှာ ဆက်တိုက် နှာချေလာ၏။

" ဟင် .. ဘာတွေ ဖြစ်နေတာလဲ ။ ငါ အအေးမိတာများလား ..မဖြစ်နိုင်တာ ..။ ဒီလိုအခြေအနေမှာ ဘယ်လိုလုပ်ပြီး ဖျားမှာလဲ ။ ထားလိုက်ပါလေ၊ ဆက်အိပ်တာပဲ ကောင်းပါတယ် "

သူက ထိုသို့ ပြောပြီးသည်နှင့် ပြန်အိပ်ပျော်သွားပြန်သည်။

ထိုစဥ် ရွှယ်လင်းလုံမှာ သူမ ခူးလာသည့် စိတ်စွမ်းအင်သစ်သီးကို ကြည့်ကာ မျက်မှောင်ကြုံ့သွား၏။

" သေပါတော့ .. ငါ တစ်ခုပဲ ခူးလာမိတယ် ။ ဒီလောက်နဲ့တော့ မလုံလောက်သေးဘူး။ အင်း ..ဟိုနှစ်ယောက်က ဒီအချိန်လောက်ဆို စိတ်စွမ်းအင်ဆေးပင်တွေ အများကြီး ခူးပြီးလောက်ပြီနဲ့တူတယ် "

ရွှယ်လင်းလုံ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

ထိုအချိန် ..ဂူတစ်ခုရှေ့တွင် ရှိနေသည့် မိုရှသည် တောင်ပံများနှင့် ကျားနက်ကြီးတစ်ကောင်ကို ကြည့်ကာ စိတ်လှုပ်ရှားသွား၏။

" ကောင်းကင်ထိန်းချုပ်အဆင့်က သားရဲတစ်ကောင်ပါလား ။ ဟီး ဟီး .. ငါ တော်တော် ကံကောင်းတာပဲ။ ငါ ဒီကောင်ကြီးကို သတ်ပြီး သူ့ရဲ့ အတွင်းအား ဆေးရည်ကိုသာ ယူလိုက်ရင် ဒီအဆင့်မှာ ပထမ ရလောက်ပြီ "

မိုရှက ပြုံးကာ ကျားနက်ကြီးဆီသို့ တဟုန်ထိုး ပြေးသွားလိုက်သည်။

အခြားတစ်ဖက်၌ ... ချောက်နက်ကြီး တစ်ခုပေါ်တွင် ရှိနေသည့် ငှက်ကြီး ဟောင်မင်ကလည်း ဓားတစ်လက်ပေါ်တွင် ပျံသန်းလာသည့် ဖုန့်ဖေးရန်ကိုကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

" မင်းက စိတ်ဝိဥာဥ်အသွင်ပြောင်း အဆင့်နဲ့တောင် ဓားပေါ်ကနေ ပျံသန်းနိုင်ပြီပေါ့ ။ ကြည့်ရတာ မင်းက တော်တော်လေး အစွမ်းထက်တယ်နဲ့တူတယ် "

ဖုန့်ဖေးရန်က ဟောင်မင်အား အေးစက်စက်ကြည့်လိုက်ပြီး ဓားတစ်လက်ကို ဆွဲထုတ်၍ တိုက်ခိုက်ရန် အသင့်ရွယ်ထားလိုက်သည်။

ထို့နောက်တွင်မူ မတူသည့် နေရာနှစ်နေရာတွင် တိုက်ပွဲနှစ်ခု တစ်ချိန်တည်းနီးပါး ဖြစ်သွားကြ၏။

ထိုစဥ် သခင်ကြီး ကျိုး က လေထဲမှနေ၍ အားလုံးကို ငုံ့ကြည့်နေသည် ။

" ကျီရွှယ်နန်းတော်က မိန်းကလေး ၊ နတ်ဆိုးငါးကောင် တောင်က ကောင်လေးနဲ့ ဖုန့်ဖေးရန်တို့က  ဒီနှစ်ပြိုင်ပွဲမှာ အတော်ဆုံး လူငယ်လေးသုံးယောက်အဖြစ် သတ်မှတ်ခံထားရတာဗျ။ သူတို့က တခြားသူတွေအားလုံးထက်လဲ ပိုပြီး အစွမ်းထက်ကြတယ် "

အကြီးအကဲတစ်ဦးက သခင်ကြီးကျိုး အား ရှင်းပြလိုက်သည်။

သခင်ကြီးကျိုး ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။

" တကယ် မဆိုးဘူးပဲ ။ ဒီသုံးယောက်သာ ပုံမှန်အတိုင်း ဆက်သွားရင် နောက်ကျ တုကျဲ့အဆင့်ကို ရောက်သွားနိုင်တယ် "

ထိုစကားကြောင့် သူ့နောက်မှ လူများအားလုံး အံ့သြတုန်လှုပ်သွားကြသည်။

သခင်ကြီးကျိုး သည် အစွမ်းထက်ရုံမက အ​မြှော်အမြင်လည်း ကြီးပြီး သူခန့်မှန်းချက်များက အမြဲလိုလို မှန်နေတတ်၏။

ယခု သခင်ကြီးကျိုး ကိုယ်တိုင်က ထိုသို့ ချီးကျူးနေပြီဖြစ်ရာ ထိုလူငယ်လေး သုံးယောက်၏ ပါရမီကို သံသယဖြစ်စရာ မလိုတော့ပါချေ ။

ထိုစဥ် သခင်ကြီးကျိုး၏ အကြည့်က ဧရာမ အပြာရောင် ကျောက်တုံးကြီးတစ်ခုပေါ်တွင် အိပ်နေသည့် လူငယ်လေးတစ်ယောက်ဆီသို့ ရုတ်တရက် ရောက်သွား၏။

" ဟင် .. အဲ့ကောင်လေးက ဘယ်သူလဲ "

သူက မေးလိုက်သည်။

အကြီးအကဲက ထိုနေရာဘက်သို့ ကြည့်ကာ မျက်မှောင်ကြုံ့၍ ပြော၏။

" ဒီကောင်လေးက ယဲ့ဖုန်းနိုင်ငံကပဲဗျ ။ ကျုပ်က သူ့ကို ကောင်းကောင်းကြိုးစားဖို့ အားပေးစကားပြောပြီး သေချာမှာထားတာတောင် သူက ခုလို အိပ်နေတယ် "

သခင်ကြီးကျိုး က ခေါင်းယမ်းကာ ပြောလိုက်သည်။

" ထားလိုက်ပါကွာ ၊ သူက ငါတို့ ထျန်းရှန့်နိုင်ငံကမှ မဟုတ်တာ။ သူ့ဟာသူ နေပါစေ "

" ဟုတ်ကဲ့ "

သခင်ကြီးကျိုးက ထိုနေရာမှ အကြည့်လွှဲကာ တိုက်ပွဲဖြစ်နေသည့် နေရာနှစ်ခုဆီသို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ သက်ပြင်းချ၍ ပြော၏။

" အင်း .. ဒီလူငယ်လေးတွေက အစွမ်းထက်တယ်ဆိုပေမယ့် ကောင်းကင်ထိန်းချုပ်အဆင့်က သားရဲကို အနိုင်ယူဖို့တော့ စောလွန်းနေသေးတယ် "

အားလုံးကလည်း လှမ်းကြည့်လိုက်ကြရာ တိုက်ပွဲအခြေအနေက ပြောင်းလဲနေသည်ကို မြင်လိုက်ရသည်။

။

All Chapters