← Chapters

ရွဲ့ပြီး ပြုံးရမလား

Vol. 8 Ch. 111

ရွဲ့ပြီး ပြုံးရမလား

Vol. 8 Ch. 111

ဂူရှေ့တွင် ရှိနေသော မိုရှ၏ တစ်ကိုယ်လုံး သွေးများဖြင့် ရွှဲနေသည်။

သူ့ရှေ့မှ ကျားနက်ကြီး၏ ကိုယ်ပေါ်တွင်လည်း ဒဏ်ရာအချို့ ရှိထား၏။

" တော်တော်အစွမ်းထက်တာပဲ ။ အင်း .. ငါ မလုပ်နိုင်သေးဘူးနဲ့တူတယ် "

မိုရှက စိတ်လှုပ်ရှားနေသည့် အပြုံးဖြင့် ပြောလိုက်သည်။

ကျားနက်ကြီးက သူ့ကို ကြည့်ကာ ပြန်ပြောသည်။

" မင်း ခုနကအထိ တောင့်ခံထားနိုင်ခဲ့တာ ပေါ့သေးသေးတော့ မဟုတ်ဘူးကွ ။ ငါက ကောင်းကင်ထိန်းချုပ်အဆင့် ၉ မှာဆိုတော့ မင်းထက် ကျင့်ကြံခြင်းအဆင့် ၁ ခု ပိုမြင့်တယ်လေ ၊ ဒါတောင် မင်းတောင့်ခံထားနိုင်ခဲ့တာပဲ "

တစ်ဖက်မှ ချီးကျူးစကားကြောင့် မိုရှ ရယ်လိုက်သည်။ ထို့နောက် သူက ပြော၏။

" မင်းက ထျန်းရှန့်သိုင်းပြိုင်ပွဲတွေ အများကြီးနဲ့ ကြုံဖူးမှာပေါ့ "

ကျားနက်ကြီး ဟိုင်ဟူ ခေါင်းညိတ်ပြလိုက်သည်။

မိုရှက ဆက်မေး၏။

" ဒါဆို မင်း ကြုံဖူးသမျှ ထျန့်ရှန့်သိုင်းပြိုင်ပွဲဝင်တွေထဲမှာ ငါက အစွမ်းအထက်ဆုံးလို့ ပြောလို့ရလား "

" အစွမ်းအထက်ဆုံး ဟုတ်လား .. "

ဟိုင်ဟူ ခေတ္တမျှ အံ့သြမှင်သက်နေပြီးနောက် လှောင်ပြုံးဖြင့် ပြန်ပြော၏။

" မင်းက ဟိုးအနောက်မှာကွ "

ထိုစကားကြောင့် မိုရှ၏ မျက်နှာ ရုတ်တရက် ကြက်သေ သေသွားသည်။ ထို့နောက် သူ ဒေါသတကြီး ပြန်အော်၏။

" ဒါဆို ငါ့ထက် ပိုအစွမ်းထက်တဲ့သူက ဘယ်သူလဲ "

ဟိုင်ဟူ၏ ခေါင်းထဲတွင် လောထျန်းပုံရိပ် ဖျတ်ခနဲ ပေါ်လာပြီး ပြောလိုက်သည်။

" အခုလောလောဆယ် မဟူရာလေပြင်းတောင်ထဲမှာ မင်းထက် အများကြီးပိုပြီး အစွမ်းထက်တဲ့ သူတစ်ယောက် ရှိနေတယ် "

မိုရှ အံ့သြမှင်သက်သွားပြီး ထပ်မေးသည်။

" အခု ..ဟုတ်လား ..အဲ့လူက ယောကျ်ားလေးလား မိန်းကလေးလား "

" ယောကျ်ားလေးပေါ့ကွ "

ဟိုင်ဟူက ပြန်ဖြေသည်။

" ဖုန့်ဖေးရန် ၊ မင်းက အစွမ်းထက်လှချည်လား "

မိုရှစိတ်ထဲမှ တွေးလိုက်သည်။ သူ့ရင်ထဲတွင်လည်း အနည်းငယ် နာကျင်ခံပြင်းဖြစ်သွား၏။

ထျန်းရှန့်သိုင်းပြိုင်ပွဲ တစ်ခုလုံးတွင် သူနှင့် ယှဥ်နိုင်သူဆို၍ ဖုန့်ဖေးရန်နှင့် ရွှယ်လင်းလုံတို့ နှစ်ယောက်တည်းသာ ရှိသည် မဟုတ်ပါလား ။

ဟိုင်ဟူက ယောကျ်ားတစ်ယောက်ဟု ဆိုရာ ထိုသူက ဖုန့်ဖေးရန်သာ ဖြစ်ရပေမည်။

ထိုစဥ် ချောက်နက်ကြီး၏ အပေါ်ဘက်တွင် ရှိနေသည့် ဖုန့်ဖေးရန်မှာ ဓားပေါ်တွင် ခက်ခက်ခဲခဲ ရပ်နေပြီး သူ့ရှေ့မှ ဟောင်မင်အား မယုံနိုင်စွာ ကြည့်နေသည်။

" ဒါဆို ..ဒီမှာ ငါ့ ထက် ပိုပြီး အစွမ်းထက်တဲ့ လူငယ်တစ်ယောက် ရှိနေတယ်ပေါ့  .. "

ဖုန့်ဖေးရန်သည်လည်း မိုရှနှင့် အလားတူ မေးခွန်းမျိုး မေးခဲ့သည်မှာ သိသာပေသည်။

" အမှန်ပဲ .. မင်းထက်အများကြီး ပိုပြီး အစွမ်းထက်တယ် "

ဟောင်မင် ပြန်ဖြေလိုက်သည်။

ထိုစကားကြောင့် ဖုန့်ဖေးရန် အံကြိတ်လိုက်၏။ သူ့မျက်လုံးထဲတွင်လည်း ဒေါသအရိပ်အငွေ့များဖြင့် ပြည့်သွားသည်။

" မိုရှ ... "

" ထားလိုက်ပါတော့ကွာ ၊ မင်းကို သတ်လိုက်ရင် ပြဿနာတွေက ပိုရှုပ်သွားဖို့ပဲ ရှိတယ်။ အခု ဒီကနေ ထွက်သွားတော့ ။ စိတ်စွမ်းအင် သစ်သီးတွေ ယူဖို့တော့ စိတ်တောင်မကူးနဲ့ ။ သွား .. သွား .. "

ဟောင်မင်က ဖုန့်ဖေးရန်အား ထွက်သွားခိုင်းလိုက်သည်။

ဖုန့်ဖေးရန်မှာ လက်ချည်းဗလာ ထွက်သွားရန် တွန့်ဆုတ်နေသေးသော်လည်း မည်သို့မှ မတတ်နိုင်ဘဲ နောက်လှည့်၍သာ ထွက်သွားရ၏။

ကောင်းကင်ထိန်းချုပ်အဆင့်ရှိ သားရဲတစ်ကောင်နှင့် ရင်ဆိုင်တိုက်ခိုက်ရန် သူ့အတွက် စောလွန်းနေသေးပေရာ မည်သိူ့မှ မတတ်နိုင်ပါချေ ။

တစ်ဖက်မှ မိုရှမှာလည်း အလားတူပင် .. ကျားနက်ကြီးကို မနိုင်မှန်း သိလိုက်သည့်အတွက် နောက်လှည့်၍ ထွက်သွားရန်သာ ရွေးလိုက်ရသည်။

ထို့အပြင် ဤနေရာ၌ သူ့အစွမ်းအများစုကို ဖြုန်းလိုက်ပါက သိုင်းပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် အခြေအနေ ဆိုးသွားနိုင်သည် မဟုတ်ပါလား ။

" သခင်ကြီးကျိုး .. ဘယ်လိုထင်လဲဗျ "

သခင်ကြီးကျိုး ဘေးတွင် ရပ်နေသည့် အကြီးအကဲက မေးလိုက်သည်။

သခင်ကြီးကျိုးက ပြန်ပြော၏။

" အင်း .. မဆိုးပါဘူး။ ဒီ တိုက်ပွဲသုံးခု ပြီးရင်တော့ တခြားဘာမှ ဂရုတစိုက် ကြည့်စရာ မရှိတော့ဘူး။ မင်းတို့တွေကတော့ ဒီမှာနေပြီး စောင့်ကြည့်လိုက်ကြဦး ။ ငါ နဂါးဘုရင်ကြီး ပိုပါ့ထန်ကို ဆက်ရှာလိုက်ဦးမယ်။ ဒီကောင်က ဘာအစီအစဥ်မှမရှိဘဲ ငါ့ကို ဒီနေရာ မျှားခေါ်မှာတော့ မဟုတ်ဘူး "

" ဟုတ်ကဲ့ပါ "

အခြားသူများ တစ်ပြိုင်တည်း ပြန်ပြောလိုက်ကြသည်။

ထို့နောက် သခင်ကြီးကျိုးက တောအုပ်ထဲသို့ ဆက်ဝင်သွားလိုက်သည်။

ထိုစဥ် အပြာရောင်ကျောက်တုံးကြီး အနီးရှိ တောအုပ်ထဲတွင် လူငယ်လေးယောက်က ဂရုတစိုက်ဖြင့် သတိထား သွားလာနေကြ၏။

" အကို ကျောက် ၊ ဟိုကောင်လေးကို ကြည့်လိုက်ဦး "

ရုတ်တရက် လူငယ်လေးတစ်ယောက်က ဧရာမ အပြာရောင် ကျောက်တုံးဘက်သို့ လက်ညိုးညွှန်ကာ ပြောလိုက်သည်။

" ဟင် "

သူ့ဘေးမှ လူက လှည့်ကြည့်လိုက်ရာ ကျောက်တုံးပေါ်တွင် အိပ်နေသည့် လောထျန်းအား တွေ့သွား၏။

" ဒါ . ဟိုကောင်လေး မဟုတ်လား ။ ဟားဟား ..ဘာမှတောင် အားစိုက်မရှာလိုက်ရဘဲနဲ့ အဆင်သင့် တွေ့သွားတာပေါ့ကွာ ။ လာ .. သွားကြစို့ "

သူတို့က ပြောပြောဆိုဆိုပင် ကျောက်တုံးကြီးနံဘေးသို့ ရောက်လာကြသည်။

" ကောင်လေး .. မင်းက ဒီရောက်နေတာကိုး ၊ ထစမ်း "

လူငယ်လေးယောက်ထဲမှ ခေါင်းဆောင်က အေးစက်စက်အသံဖြင့် ပြောလိုက်သည်။

" အမ် .."

ထိုအသံကြောင့် နိုးသွားသည့် လောထျန်းမှာ အိပ်ချင်မူးတူးဖြင့် ထိုလူငယ်များအား လှည့်ကြည့်လိုက်သည်။

" ဟား ဟား .. ကောင်လေး ၊ ငါ့ကို မှတ်မိလား "

ထိုလူငယ်က လှောင်ပြုံးဖြင့် မေး၏။

" မင်းက ဘယ်သူလဲ ၊ ငါ့နားက ဖယ်စမ်းပါကွာ "

လောထျန်းက သူ့ကို ကြည့်ကာ စိတ်ရှုပ်နေဟန်ဖြင့် ပြောလိုက်သည်။

တစ်ဖက်မှ လူငယ်မှာ အံ့အားသင့်နေပြီးနောက် ဒေါသတကြီး ပြော၏။

" ကောင်လေး ..မင်းက အသက်ဆက်မရှင်ချင်တော့ဘူးနဲ့တူတယ် ။ ငါက လုဝမ်ထောင်ရဲ့ညီပဲကွ ။ မင်းက ယဲ့ဖုန်းနိုင်ငံက အမှိုက်ကောင် မဟုတ်လား ၊ အသက်ရှင်ဖို့ ဘယ်လို နေထိုင်ရမယ်ဆိုတာတောင် မသိတဲ့ကောင်ပဲကွာ ။ မင်းလိုကောင်ကများ ငါ့အကို လုဝမ်ထောင်ကို သွားပြီး ရန်စရဲနေတယ် "

" ပိုင်ထျန်းယွိ ဘေးမှာ ရှိနေတုန်းကတော့ မင်းက မောက်မာနေတာပဲ ။ အခုရော အဲ့လိုမောက်မာနိုင်သေးလား ပြောစမ်းပါဦး။ မင်းက ငါတို့လက်ကနေ လွတ်နိုင်မယ် လို့ ထင်နေတာကိုးကွ "

လူငယ်က လှောင်ပြုံး ပြုံးလိုက်သည်။

" အကိုကျောက် ၊ ဒီလိုကောင်ကို ဘာဖြစ်လို့ စကားပြောပြီး အချိန်ဖြုန်းနေဦးမှာလဲဗျာ ။ ဒီကောင့် ခေါင်းကို မြန်မြန်ဖြတ်ပြီး အကို လုဝမ်ထောင်ကို ပေးလိုက်ကြတာပေါ့ "

သူ့ဘေးမှ လူငယ်တစ်ယောက်ကလည်း ဒေါသတကြီး ပြောသည်။

အကိုကျောက် ဆိုသည့် လူငယ်က ခေါင်းယမ်း၍ ပြန်ပြော၏။

" မဟုတ်သေးဘူးကွ ။ ဒီကောင့်ကို ချက်ချင်းသတ်လိုက်ရင် သူ့အတွက် လွယ်သွားမှာပေါ့ ။ ငါက သူ့ကို ဖြည်းဖြည်းချင်း နှိပ်စက်ပြီးမှ အကို လုဝမ်ထောင်အတွက် လက်တုန့်ပြန်ပေးချင်တာ "

ထိုသို့ပြောပြီးနောက် သူတို့လူစု တဟားဟား အော်ရယ်လိုက်ကြသည်။

" ကောင်လေး ၊ ဘယ်လိုလဲ .. ကြောက်နေပြီလား "

အကိုကျောက်ဆိုသည့် လူငယ်က လောထျန်းအား မေး၏။

လောထျန်းကမူ သူတို့လူစုအား အရူးများသဖွယ် ကြည့်နေသည်။

" မင်းတို့ နောက်ကို လှည့်ကြည့်ချင်သေးလား "

လောထျန်းက ပြောလိုက်သည်။

" ဟ ဟ .. ကောင်လေး ..မင်းက ငါတို့ကို နောက်လှည့်ခိုင်းပြီးမှ တိတ်တိတ်လေး အလစ်တိုက်ခိုက်ချင်လို့လား။ ဒါမှမဟုတ် ထွက်ပြေးချင်တာလား ။ ငါက ငတုံးတစ်ယောက် ဟုတ်မနေတာ မင်း ကံဆိုးတာပေါ့ကွာ ။ ဒီလို လှည့်ကွက်မျိုးကို ငါက ယုံမယ်ထင်နေတာလား "

လူငယ်က လောထျန်းကို ကြည့်ကာ ပြုံး၍ ပြန်ပြော၏။

ထိုအချိန်တွင် သူ့နောက်မှ လူတစ်ယောက်က သူ့အင်္ကျီကို ဆွဲလိုက်သည်။

" အကိုကျောက် ၊အနောက်ကို လှည့်ကြည့်လိုက်ဦးဗျ "

လူငယ်က ပြော၏။

အကိုကျောက်ဆိုသူက လက်ယမ်းပြကာ ပြန်ပြာသည်။

" မင်းတို့ကောင်တွေက ဘာကိစ္စ လှည့်ကြည့်နေကြတာလဲ။ စိတ်မနှံ့ဘူးလား "

" မဟုတ်ဘူးဗျ ၊ အကိုကျောက် .. လှည့်သာ ကြည့်လိုက်ပါဗျာ "

လူငယ်မှာ ကြောက်လွန်း၍ အသံများပင် တုန်နေသည်။

အကိုကျောက် ဆိုသူက ချက်ချင်း ဒေါသထွက်သွားကာ ပြောသည်။

" မင်းတို့တွေ ဘာဖြစ်နေကြတာလဲ ။ အခု ငါ နောက်လှည့်ကြည့်တော့ရော ဘာမြင် ... "

သူသည် သူ့လူများကို ဆဲရန် ပြင်လိုက်သော်လည်း နောက်လှည့်လိုက်သည်နှင့် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အံ့သြမှင်သက်ကာ စကားဆက်မပြောနိုင် ဖြစ်သွား၏။

ထိုအချိန်တွင် သူတို့နောက်၌ ဧရာမ မြွေဖြူကြီးတစ်ကောင်က သူ့ကို စိုက်ကြည့်နေသည်။

မြွေဖြူ၏ အနောက်တွင်လည်း မြွေသားရဲများနှင့် အခြားသားရဲများစွာ ရှိနေကြ၏။

အခြားတစ်ဖက်တွင်လည်း ကျားနက်ကြီးတစ်ကောင်က မရေမတွက်နိုင်သော သားရဲများစွာ ခြံရံလျက် သူတို့ဆီသို့ လျှောက်လာသည်။

ထိုစဥ် ခေါင်းတွင် မီးတောက်များ ရှိနေသည့် ထူးဆန်းသော ငှက်တစ်ကောင်ကလည်း မရေမတွက်နိုင်သော အခြား ငှက်သားရဲများနှင့်အတူ လေထဲမှ ဆင်းလာပြီး သူတို့အား ဝန်းရံထားလိုက်သည်။

" ဘာတွေ ဖြစ်နေတာလဲ ။ ဒီသားရဲတွေက ဘာလို့ ဒီနေရာမှာ ရှိနေရတာလဲ "

အားလုံး နားမလည်နိုင် ဖြစ်သွားကြသည်။

အကိုကျောက်ဆိုသည့် လူငယ်က ကြောက်လန့်တကြား တံတွေးမျိုချကာ သူ့ဘေးပတ်လည်မှ သားရဲများကို ကြည့်၍ ပြော၏။

" အားလုံး .. ကျုပ်က ဒီ ထျန့်ရှန့်နိုင်ငံသားတစ်ဟောက်ပဲ ။ ကျုပ်ကို တိုက်ခိုက်မယ်ဆိုရင် ကျုပ်လူတွေက မင်းတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး "

သူက ထိုသို့ ပြောပြီးသည်နှင့် လောထျန်းဘက် လက်ညိုးညွှန်ပြကာ ဆက်ပြောသည်။

" သူ .. သူက ယဲ့ဖုန်းနိုင်ငံကပဲ ။ သူ့ကိုသာ တိုက်ခိုက်မယ်ဆိုရင် မင်းတို့ကို ဘယ်သူမှ လာရန်ရှာမှာ မဟုတ်ဘူး။ ဒီတော့ ငါတို့ကို ပေးသွားလိုက်.. သူ့ကိုချန်ထားခဲ့ပေးမယ် ..ဘယ်လိုလဲ "

သို့သော် သားရဲများက သူ့စကားကို လျစ်လျူရှုထားကြ၏။

မြွေဖြူက အမြီးယမ်းလိုက်ပြီး လောထျန်းအား အရိုအသေပေးလိုက်သည်။ ကျန်သားရဲများကလည်း အလားတူ အရိုအသေ ပေးလိုက်ကြသည်။

" ပြန်ရောက်ပါပြီ သခင်လေး "

လောထျန်းသည် ဦးညွှတ်အရိုအသေပေးနေကြသည့် သားရဲများကို ကြည့်ကာ အနည်းငယ်ပင် မျက်စိနောက်သွား၏။

" ဒီကောင်တွေက နဂါးဘုရင်ကို အရိုအသေ ပေးနေကြသလို ငါ ဘာလို့ ခံစားမိနေတာလဲ မသိဘူး။ ငါ ခပ်ရွဲ့ရွဲ့ ပြုံးလိုက်ရင်ကောင်းမလား "

လောထျန်း တီးတိုး ရေရွတ်လိုက်သည်။

ထိုမြင်ကွင်းကို ကြည့်နေသည့် လူငယ်များမှာ အားလုံး မှင်သက်ဆွံ့အသွားကြသည်။

သူတို့လူစု၏ ခေါင်းဆောင်လူငယ်က လောထျန်းကို လက်ညိုးထိုးကာ တုန်တုန်ယင်ယင် ပြော၏။

" မင်းက နတ်ဆိုးသားရဲတွေနဲ့ ပေါင်းပြီး လျှို့ဝှက်ကြံစည်ထားတာလား "

လောထျန်းက သူ့ကို တစ်ချက်လှည့်ကြည့်ကာ စိတ်ပျက်လက်ပျက် ခေါင်းယမ်းလိုက်သည်။

" ဟေ့ .. ဒီကောင်တွေကို ရှင်းလိုက်တော့ကွာ။ သူတို့ကို ကြည့်ရတာ အာရုံနောက်တယ် "

လောထျန်း ပြောလိုက်သည်။

" ဟုတ်ကဲ့ "

ဟောင်မင်က အရင်ဆုံး ရှေ့တိုးသွား၏။ ထို့နောက် အသံတစ်သံနှင့်အတူ မီးလုံးကြီးတစ်ခု ပေါ်လာသည်။

လူငယ်များမှာ အော်ဟစ်ချိန်ပင် မရလိုက်ဘဲ ပြာမှုန်များအဖြစ်သို့ ပြောင်းသွားကြတော့၏။

" ကောင်းကောင်း အသက်ဆက်ရှင်နေရင် ပြီးတာပဲကို .. သေမယ့်လမ်းကို ရှာချင်ကြတယ် "

လောထျန်း ပွစိပွစိ ရေရွတ်လိုက်သည်။

" သခင်လေး ၊ သခင်လေး ရှာခိုင်းတဲ့ စိတ်စွမ်းအင် ဆေးတွေနဲ့ စိတ်စွမ်းအင် သတ္ထုရိုင်းတွေ ရခဲ့ပါပြီ ။ ဒါတွေနဲ့ လောက်မလားဗျ ။ မလောက်ဘူးဆိုရင် ကျုပ်တို့ကို အချိန်လေးနည်းနည်းပဲ ထပ်ပေးပါဗျာ။ ကျုပ်တို့ ဆက်သွားရှာပါ့မယ် "

ပြောနေစဥ်မှာပင် သားရဲများက သူတို့ရှာဖွေစုဆောင်းလာသည့် စိတ်စွမ်းအင် ဆေးများနှင့် စိတ်စွမ်းအင် သတ္ထုရိုင်းများကို လောထျန်းရှေ့၌ ပုံထားလိုက်ကြသည်

All Chapters