ဝိညာဥ်ဆင့်ခေါ်ခြင်း တိုက်ပွဲ
Vol. 78 Ch. 1156
အကြီးမားဆုံးသော ဆန်းပြားမှုသည် အရိုးရှင်းဆုံး ဟူသော စကားရှိသည်။
အခြေခံတည်ထောင်ခြင်းအဆင့် အထက်တန်းကျောင်း၏ ပထမဆုံးအတန်းချိန်တွင် မဖြစ်မနေဘာသာရပ် တစ်ခုအနေဖြင့် ၀ိညာဥ်ဆင့်ခေါ်နည်းကို ထည့်သွင်းထား၍ မည်မျှအရေးကြီးမှန်း ပြောစရာပင် မလိုပေ။
၀မ်လင်းသည် ထိုအချိန်က ထွင်ထျန်းဟာကို မတော်တဆ ဆင့်ခေါ်မိခဲ့ပုံအား ပြန်အမှတ်ရမိခဲ့သည်။
ယခု ထိုနည်းစနစ်ကို ထပ်မံမြင်လိုက်ရလျှင် လူတိုင်းသည် ရင်းနှီးသောခံစားချက်ကို ချက်ချင်းဆိုသလို ခံစားလိုက်ရသည်။
ယခုအခါတွင် သူတို့သည် အထက်တန်းကျောင်းလေးကျောင်း၏ ၀န်းရံခြင်းကို ခံနေရ၏။
ကျူးဟန်ယွင် ရှုံးနိမ့်ပြီးနောက်တွင် နန်ယန်ရှို့သည် အမှတ် ၆၀ အထက်တန်းကျောင်းကို တိုက်ခိုက်ရန်အတွက် ၀ိညာဥ်ဆင့်ခေါ်နည်းကို အသုံးပြုရန် ချက်ချင်း စဥ်းစားမိလိုက်သည်။
အထက်တန်းကျောင်း လေးကျောင်းတွင် စုစုပေါင်းလူ ၄၀ ရှိသည်။
သူတို့သာ ပူးပေါင်း၍ ဆင့်ခေါ်လိုက်လျှင် ၀ိညာဥ် အရေ အတွက်သည် ရာချီရှိလာနိုင်ပေသည်။
ထို၀ိညာဥ်များကို ရှေ့တန်းတပ်ဖွဲ့အဖြစ် အသုံးပြုခြင်းသည် အမှတ် ၆၀ အထက်တန်းကျောင်းမှ ကျောင်းသားများကို ထိခိုက်ဒဏ်ရာရစေမည် မဟုတ်သော်လည်း အကဲစမ်းရန်အတွက်မူ လုံလောက်မည် ဖြစ်၏။
ထို့အပြင် ၀ိညာဥ်ဆင့်ခေါ်ခြင်းသည် အခြေခံမှော်နည်းစနစ်သာ ဖြစ်၍ ၀ိညာဥ်စွမ်းအင်ကို အများအပြား အသုံးပြုစရာလည်း မလိုပေ။
သူတို့အနေဖြင့် ထပ်ခါတလဲလဲ ဆင့်ခေါ်ခြင်းဖြင့် ၀ိညာဥ်တပ်စုကြီးကိုပင် ဖွဲ့စည်းနိုင်သည် မဟုတ်ပါလော။
အရောင်အသွေး စုံလင်သည့် ၀ိညာဥ်များက တောင်ခြေကို ၀ိုင်းရံလိုက်ကြသည့်အခါ သိပ္ပံရုပ်ရှင်ကားကြီးထဲကလို ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်လာခဲ့သည်။
နဂါးကိုးကောင်တောင်သည် စိတ်၀ိညာဥ်အပင်များနှင့် စိတ်၀ိညာဥ်တိရစ္ဆာန်များ အတွက် အမျိုးသားအဆင့် ခေတ်မီသဘာ၀ ထိန်းသိမ်းရေးနေရာတစ်ခု ဖြစ်သည်။
ထို့ကြောင့် ဤနေရာရှိ ၀ိညာဥ်များတွင် အားအနည်းဆုံးပင် အဆင့်၆ ၀ိညာဥ်သားရဲ အဆင့် ရှိကြသည်။
ကျူးဟန်ယွင်က လက်မောင်းကျိုးသွားသော်လည်း သူ၏ အခြားလက်တစ်ဖက်ဖြင့် ၀ိညာဥ်များကို ဆင့်ခေါ်နိုင်ခဲ့သည်။
သူက အဆင့် ၄ ခေါင်းသုံးလုံး မီးခြင်္သေ့ကို ဆင့်ခေါ်နိုင်ခဲ့၏။
အခြေခံတည်ထောင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်အတွက် အဆင့် ၄ ၀ိညာဥ်ကို ဆင့်ခေါ်နိုင်ခြင်းသည် အလွန်ပင် ထူးခြားသည်။
တိုင်တန်အထက်တန်းကျောင်းမှ အဖွဲ့ခေါင်းဆောင် ကျူးဟန်ယွင်သည် ထင်ထားသည့်အတိုင်းဟုသာ ပြောနိုင်တော့သည်။
သူက ရှေ့တန်းစစ်ဆင်ရေးတွင် အောင်မြင်မှု မရခဲ့သော် လည်း သူ၏ထူးချွန်မှုကမူ မီးခဲပြာဖုံး မဖြစ်ခဲ့ပေ။
"ငါတို့မျှော်လင့်ထားတဲ့အတိုင်းပဲ ခေါင်းဆောင်ကျူး.. ဒီအဆင့် ၄ ခေါင်းသုံးလုံး မီးခြင်္သေ့ကိုသာ ၀ိညာဥ်တပ်တော်ရဲ့ ရှေ့တန်းမှာ အသုံးပြုလိုက်ရင် အမှတ် ၆၀ အထက်တန်း ကျောင်းက တပ်ဖွဲ့ကို အပြတ်အသတ် ချေမှုန်းနိုင်မှာ အသေအချာပဲ"
နန်ယန်ရှို့က ဆင့်ခေါ်မှု၏ ရလဒ်များကိုမြင်လျှင် အောင်ပွဲက သူတို့ လက်ထဲတွင် ခိုင်ခိုင်မာမာ ရှိနေသည်ဟု ခံစားလိုက်ရသည်။
ဆင့်ခေါ်ထားသည့် ၀ိညာဥ်များသည် အစစ်အမှန်လောက် အားမကောင်းကြပေ။
၎င်းတို့ထံတွင် မူလ တိုက်ခိုက်နိုင်စွမ်းအင်အား၏၂၀ ရာခိုင်နှုန်းသာ ရှိသော်လည်း ဤ၀ိညာဥ်များသည် တောင်ပေါ်တွင် ရှိနေသည့် အမှတ် ၆၀အထက်တန်းကျောင်း အဖွဲ့ကို ရင်ဆိုင်ရန် လုံလောက်၏။
သို့သော်လည်း အမှတ် ၆၀ အထက်တန်းကျောင်း မည်မျှ ထူးဆန်းသည်ကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် ကျူးဟန်ယွင်သည် နန်ယန်ရှို့၏ ချဲ့ကားပြောဆိုသောစကားကို ကြားလျှင် တစ်စုံတစ်ရာသော အကြောင်းကြောင့် မပျော်မရွှင် ဖြစ်သွားခဲ့သည်။
ဤတစ်ခေါက်တွင် အမှတ် ၆၀ အထက်တန်းကျောင်းသည် အရည်အချင်းရှိသူ အများအပြားကို ဖုံးကွယ်ထားပြီး သိုသိပ်စွာ နေထိုင်နေသည်ဟု သူခံစားခဲ့ရသည်။
ဤပြိုင်ပွဲသို့မလာခင် သူတို့၏ ကျောင်းအုပ်ကြီး လျှိုထန်းသည် အမှတ် ၆၀ အထက်တန်းကျောင်းအား အထင်မသေးဖို့ ပြောဆိုခဲ့သည်ကို ကျူးဟန်ယွင်သည် အမှတ်ရမိလိုက်သည်။
ကျောင်းအုပ်ကြီး၏ အကြံပေးစကားကို ပြန်အမှတ်ရမိသောအခါတွင် ထိုစကားလုံးများက သွေးထွက်အောင် မှန်ကန်သည်ဟု ချက်ချင်း ခံစားလိုက်ရသည်။
ထိုအချိန်တွင် အထက်တန်းကျောင်း လေးကျောင်းသည် အမှတ် ၆၀ အထက်တန်းကျောင်းကို ၀န်းရံတိုက်ခိုက်ရန် ပူးပေါင်း ဆောင်ရွက်နေခဲ့ကြသည်။
သူတို့က လူအင်အားအသာစီး ရနေ၍ အထက်စီးရနေပုံ ပေါ်၏။
အမှတ် ၆၀ အထက်တန်းကျောင်းသည် တောင်ပေါ်တွင် သူတို့၏ အခြေစိုက်စခန်းကို အခိုင်အမာ တည်ဆောက်ထားခဲ့သည်။
ထို့ကြောင့် အထက်တန်းကျောင်း လေးကျောင်းသည် မူလတိုက်ပွဲ အစီအစဥ်အတိုင်း တပ်ဖွဲ့များကို စေလွှတ်ခဲ့မည်ဆိုလျှင် ရလဒ်ကို ခန့်မှန်းရ ခက်ခဲမည် ဖြစ်သည်။
သူတို့က လူအင်အား အသာစီးရနေသော်လည်း လူအင်အားများလွန်းသည်ကပင် အားနည်းချက်တစ်ခု ဖြစ်နေခဲ့သည်။
သူတို့က အားသာသည့်နေရာကို မသိမ်းပိုက်ရသေးသောကြောင့် အရင်းအမြစ်များ ကောင်းမွန်စွာ မရရှိသေးပေ။
အကယ်၍ တိုက်ပွဲသာ ကြာရှည်ခဲ့လျှင် အရင်းအမြစ်များ ကုန်ခန်းသွားမည် ဖြစ်သောကြောင့် တိုက်ပွဲအခြေအနေသည် ပြောင်းပြန် ဖြစ်သွားနိုင်ပေသည်။
တောင်ပေါ်ရှိ အမှတ် ၆၀ အထက်တန်းကျောင်းသည်
တောင်ခြေကို တဖြည်းဖြည်း ၀ိုင်းရံလာသည့် ၀ိညာဥ်များကို ရင်ဆိုင်ရန် မဟာဗျူဟာကို အလျင်အမြန် ချမှတ်ခဲ့သည်။
သူတို့က လူအင်အားနည်းပါးသဖြင့် သူတို့၏ အခြေစိုက်စခန်းကိုသာ အခိုင်အမာ ထိန်းသိမ်းထားရန် ဆုံးဖြတ်ခဲ့၏။
စွန်းရုံတွင် ဆန်းကြယ်ပင်လယ်ရှိ၍ တောင်ခြေမှာရှိသော လူများသည် ရေအရင်းအမြစ်ကို ဖြတ်တောက်သည့် ညစ်ပတ်သော နည်းဗျူဟာမျိုးအား အသုံးပြုလာမည်ကို လုံး၀ စိုးရိမ်ပူပန်စရာ မလိုအပ်ပေ။
ဆန်းကြယ်ပင်လယ်သည် အလွန် အားကောင်းသော
ဓား၀ိညာဥ် ဖြစ်သည်။
လိုအပ်လာလျှင် စွန်းရုံသည် အနီးအနားရှိ မြစ်တစ်ခုကနေ သူတို့၏ နေရာအထိ ရေလမ်းကြောင်းတစ်ခုကို ဖန်တီးနိုင်ပေသည်။
တကယ်တမ်းတွင် ၀ိညာဥ်များ ထွက်ပေါ်လာသည်နှင့် ကူရွှင်းကျစ်သည် ၀ိညာဥ်များကို ဖယ်ရှားရန်အတွက် နည်းလမ်းပေါင်း ၁၆၈၂၀ကို စဥ်းစားမိခဲ့သည်။
သို့သော်လည်း ထိုနည်းလမ်းများကို ထုတ်သုံးမိလျှင် သူ ၏ အစစ်အမှန်အစွမ်းအစကို ဖော်ထုတ်မိလျက်သား ဖြစ်သွားမည်ကို စိုးရိမ်နေခဲ့သည်။
အဆုံးသတ်တွင် သူတို့လူစုသည် ၀မ်လင်းဆီကနေ သိုသိုသိပ်သိပ် နေထိုင်သည့်နည်းလမ်းကို သင်ကြားရန် အမှတ် ၆၀ အထက်တန်းကျောင်းကို ရောက်လာခဲ့ကြသည် မဟုတ်ပါလော။
"သူတို့က ၀ိညာဥ်ဆင့်ခေါ်နည်းကို အသုံးပြုနေမှတော့ ငါတို့လည်း သူတို့လိုပဲ ၀ိညာဥ်ဆင့်ခေါ်နည်းကို အသုံးပြုသင့်တယ်"
ထိုအချိန်တွင် ချန်းချောင်က အကြံပြုလိုက်သည်။
၀ိညာဥ်ဆင့်ခေါ်နည်းသည် ကံတရားအပေါ်တွင်လည်း မူတည်သည်။
ကျူးဟန်ယွင်သည် အဆင့် ၄ ခေါင်းသုံးလုံး မီးခြင်္သေ့ကို ဆင့်ခေါ်နိုင်ခဲ့၏။
ကျူးဟန်ယွင်နှင့် ၀ိညာဥ်စွမ်းအား အဆင့်ချင်းတန်းတူ ရှိသည့် ချန်းချောင်ကလည်း အလားတူအဆင့်ရှိ ၀ိညာဥ်တစ်ခုခုကို ခေါ်ယူနိုင်သင့်သည်ဟု ခံစားခဲ့ရသည်။
ကူရွှင်းကျစ်"၀ိညာဥ်ဆင့်ခေါ်နည်းကို အသုံးပြုတာက.."
တကယ်တမ်းတွင် ၀ိညာဥ်ဆင့်ခေါ်နည်းကို အသုံးပြုသည်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
သို့သော်လည်း ကူရွှင်းကျစ်၊ ၀မ်ကျန်းနှင့် တခြားသူများသည် ဤနည်းဗျူဟာကို သုံးလျှင် အန္တရာယ်များ ရှိလာနိုင်မှန်း ကောင်းစွာ သိထားကြသည်။
သူတို့က သူတို့၏စွမ်းအားများကို ထိန်းချုပ်နိုင်သောကြောင့် ဆင့်ခေါ်မှုကို အတိအကျ လုပ်ဆောင်နိုင်၍ လုံး၀ ပြဿနာမရှိပေ။
သို့သော်လည်း သူတို့၏ လင်းကျန်းယွမ်က မည်သို့သောကြောက်စရာကောင်းသည့် အရာကို ဆင့်ခေါ်လာမလဲ ဆိုသည်မှာ ဘုရားသခင်သာ သိပေလိမ့်မည်။
"အတန်းဖော်ကူ.. အဲဒီအတိုင်းပဲ လုပ်ကြတာပေါ့.. ငါအရင်ဆုံး ဆင့်ခေါ်လိုက်မယ်"
အဖွဲ့ခေါင်းဆောင်အနေဖြင့် စွန်းရုံသည် ၀ိညာဥ်ဆင့်ခေါ်ရန်အတွက် လက်ဟန်များကို လျင်မြန်စွာ လုပ်ဆောင်လိုက်သည်။
သူမ၏ လက်ဖ၀ါးထဲတွင် ၀ိညာဥ်စွမ်းအင်များ စုဝေးလာပြီးနောက်တွင် သူမ၏ လက်ကို မြေပြင်ပေါ်သို့ ရိုက်ချလိုက်သည်။
၀ိညာဥ်ဆင့်ခေါ်ခြင်း အစီအရင်တစ်ခုက မြေပြင်ပေါ်
တွင် လျင်မြန်စွာ ထွက်ပေါ်လာပြီး ကြီးမားဖြူစင်သော ကြာပန်းတစ်ပွင့်သည် သူတို့်မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။
"ဒါက ဘာကြီးလဲ"
"ဒါက နဂါးကိုးကောင်တောင်ရဲ့ ရေခဲတောင်ထိပ်မှာရှိတဲ့ နှင်းတောင်ကြာပန်းပဲ.. ဒီပန်းက အဆင့် ၄ စိတ်၀ိညာဥ်အပင် ဖြစ်ပြီး ၀ိညာဥ်ဥာဏ်ရည်ဥာဏ်သွေး အချို့လည်းရှိတယ်.. အဖွဲ့ခေါင်းဆောင်စွန်းရုံကတော့ ထင်ထားတဲ့ အတိုင်းပါပဲလား"
ချန်းချောင်နှင့် တခြားသူများက အံ့သြမှင်သက်နေခဲ့ကြသည်။
ထို့နောက်တွင် သူတို့အားလုံးသည် ၀ိညာဥ်များကို ဆင့်ခေါ်ရန် စတင်ခဲ့ကြသည်။
ကော်ဟောက် ဆင့်ခေါ်လိုက်သည့် ၀ိညာဥ်သည် ဧရာမကောင်းကင်ဖမ်း ၀ိညာဥ်ဆင်ကြီး ဖြစ်သည်။
ကောင်းကင်ဖမ်း၀ိညာဥ်ဆင်၏ အရွယ်အစားက ပြဿနာမဟုတ်သော်လည်း အလွန်လေးလံသောကြောင့် လျင်မြန်စွာရွေ့လျားနိုင်မည်တော့ မဟုတ်ပေ။
ထို့အပြင် အဆင့် ၆ ၀ိညာဥ်သားရဲသာ ဖြစ်၍ ယေဘုယျအားဖြင့် အင်အားကြီးမားသည့် တိုက်ခိုက်နိုင်စွမ်းမျိုး မရှိချေ။
"အား.. ကံမကောင်းလိုက်တာ"
ကော်ဟောက်က သက်ပြင်းချ၍ ရေရွတ်လိုက်သည်။
ဆရာမဖန်၏ အတန်းချိန်တွင် ၀ိညာဥ်ဆင့်ခေါ်စဥ်က ကောင်းစွာ အလုပ်မဖြစ်ခဲ့သောကြောင့် ကော်ဟောက်သည် ၀ိညာဥ်ဆင့်ခေါ်နည်းကို အချိန်အတော်ကြာ လျှို့၀ှက်စွာ လေ့ကျင့်ခဲ့သည်။
သို့သော်လည်း တကယ့်ပြိုင်ပွဲ အစစ်အမှန်တွင်မူ လုံလုံလောက်လောက် အစွမ်းအစ ထုတ်မပြနိုင်ခဲ့ပေ။
"ပြိုင်ပွဲဆိုတာက တစ်ခါတစ်လေ ကံတရားနဲ့လည်း သက်ဆိုင်တယ်.. မင်းက အဓိကပြိုင်ပွဲတွေကို ပြိုင်ဆိုင်ဖို့အတွက် မွေးဖွားလာတဲ့သူ မဟုတ်ဘူးထင်တယ်"
ရှားမင်က သူ့အလှည့်သို့ရောက်လျှင် ပြုံးရွှင်စွာ ပြောလိုက်သည်။
သူက သူ၏ ၀ိညာဥ်ဆင့်ခေါ်မှုကို အလွန် ယုံကြည်မှုရှိသည်။
လျှို့၀ှက်ဆန်းကြယ်သည့် ဆံဖြူလူငယ်ဆီမှ ထူးခြားသည့် စွမ်းအားကို ရရှိထား၍ သူဆင့်ခေါ်လိုက်သမျှ အရာတိုင်းသည် တုနှိုင်းမဲ့ ဖြစ်မည်မှာ သေချာ၏။
သူက စွန်းရုံ၏ရှေ့တွင် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ကြောင်း ပြသရပေမည်။
ထိုသို့ စိတ်ထဲတွင် မှတ်ယူလိုက်ပြီးနောက်တွင် ရှားမင်သည် လက်ဟန် အမူအရာများကို ချောမွေ့စွာ စတင်လုပ်ဆောင်လိုက်သည်။
သို့ရာတွင် ရှားမင်က မြေပြင်ပေါ်သို့ သူ့လက်ကို ရိုက်ချလိုက်သောအချိန်တွင် ဖြစ်ပေါ်လာသည့် ၀ိညာဥ်ဆင့်ခေါ်ခြင်း အစီအရင်သည် အလွန်ပင် ကြီးမားနေသောကြောင့် လူတိုင်းက အံ့အားသင့်သွားခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ"
တောင်ခြေမှာ ရှိနေသည့်လူများကလည်း အံ့အားသင့်သွားကြ၏။
အကြောင်းရင်းမှာ ၀ိညာဥ်ဆင့်ခေါ်ခြင်း အစီအရင်၏ ဧရိယာက အလွန်တရာ ကြီးမား ကျယ်ပြန့်လွန်းနေခြင်းကြောင့်ပင်။
၎င်းက မီးတောင်၏ တောင်တစ်၀က်လောက်ကို ဖုံးအုပ်သွားခဲ့သည်။
ရှားမင် ကိုယ်တိုင်လည်း ဤမြင်ကွင်းကြောင့် ထိတ်လန့်တကြား ဖြစ်သွားခဲ့သည်။
သူက သူသဘောကျသည့် မိန်းကလေးရှေ့တွင် ကောင်းမွန်စွာ လုပ်ဆောင်ပြချင်ရုံသာ ဖြစ်သည်။
သို့သော်လည်း ယခုအခြေအနေသည် သူမျှော်လင့်ထားသည်ထက် အတော်လေး ကြီးကျယ်လွန်းနေခဲ့၏။
"၀ုန်းးးး"
ကျယ်လောင်သောအသံနှင့်အတူ မီးတောင်ချော်ရည်
များဖြင့် ဖွဲ့စည်းထားသည့် တောင်တစ်လုံးလောက် ကြီးမားသော ဧရာမလက်တစ်ဖက်သည် ကြီးမားသည့် ၀ိညာဥ်ဆင့်ခေါ်ခြင်း အစီအရင် ဧရိယာထဲကနေ ထွက်ပေါ်လာခဲ့သည်။
ဝမ်လင်းက ထိုလက်ကြီးကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။
အပိုင်း(၁၁၅၆) ပြီး၏