လူတိုင်း အံ့သြမှင်တက်ခြင်း
Vol. 78 Ch. 1157
"မီးတောင်ရဲ့ တောင်၀ိညာဥ်.."
ဘာတွေဖြစ်ပျက်နေမှန်း မည်သူမှ အတိအကျမသိခဲ့ပေ။
မန္တန်ရွတ်ဆိုသူအနေဖြင့် ရှားမင်သည် အံ့သြတုန်လှုပ်နေခဲ့သည်။
မီးတောင်ထွတ်၏ တောင်၀ိညာဥ်သည် စူပါ အဆင့် ၁ သဘာ၀သားရဲဖြစ်ပြီး ၀ိညာဥ်သားရဲအများစုထက်ပင် ပိုမို၍အားကောင်း၏။
ရှားမင်သည် အခြေခံအကျဆုံ ၀ိညာဥ်ဆင့်ခေါ်နည်းဖြင့် တောင်၀ိညာဥ်ကိုအမှန်တကယ် ဆင့်ခေါ်နိုင်လိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
ထိုအချိန်တွင် တောင်ခြေမှာရှိနေသည့် လူတိုင်းသည် ဧရာမ ချော်ရည်လက်ကြီးကို အံ့အားသင့်သော မျက်နှာ ထားများနှင့် စိုက်ကြည့်နေခဲ့ကြသည်။
ဆိုရလျှင် သူတို့သည် အလွန်တုန်လှုပ်နေခဲ့ကြ၏။
"ဒါက ဘာကြီးလဲ.. တောင်၀ိညာဥ်လား"
"အခြေခံတည်ထောင်ခြင်းအဆင့် ကျောင်းသားတစ်ယောက်က တောင်၀ိညာဥ်ကို ဘယ်လိုလုပ်ပြီး ဆင့်ခေါ်နိုင်မှာလဲ.. ဒါကအတော်လေးများသွားပြီ.. အားလုံးပဲ သတိထားပြီး ခပ်ဝေးဝေးကို ဆုတ်ကြ.."
အာရုံခံမှော်စွမ်းရည်ဖြင့် တောင်ထိပ်ကို စောင့်ကြည့်နေသော နန်ယန်ရှို့က အလျင်စလို ပြောလိုက်သည်။
သူက တောင်၀ိညာဥ်ထွက်ပေါ်လာသည်အထိ တောင်ထိပ်မှလှုပ်ရှားမှုများကို စောင့်ကြည့်နေခဲ့၍ တောင်၀ိညာဥ် ထွက်ပေါ်လာသောအခါတွင် သူ၏စိတ်အာရုံများသည် တစစီဖြစ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ကွပ်ကဲရေးဌာန၏ ဖန်သားပြင်ပေါ်မှာ မြင်ကွင်းကိုကြည့်ကာ ကျောင်းအုပ်များသည် တစ်ယောက်ပြီးတစ်ယောက် အလန့်တကြား ထရပ်လိုက်ကြသည်။
"ဒါက တောင်၀ိညာဥ်လား..၀ိညာဥ်ဆင့်ခေါ်တဲ့ နည်းစနစ်က တောင်၀ိညာဥ်ကို ဆင့်ခေါ်နိုင်လို့လား"
"သီအိုရီအရတော့ ဖြစ်နိုင်ပါတယ်.. ဒါပေမဲ့ ဖြစ်နိုင်ချေ အတော်နည်းတယ်.. အခြေခံတည်ထောင်ခြင်းအဆင့် ကျောင်းသားတစ်ယောက် ဆင့်ခေါ်နိုင်တယ် ဆိုတာကတော့ ဆန်းကြယ်တဲ့ တိုက်ဆိုင်မှုပဲ ဖြစ်လိမ့်မယ်.. အခု အဲ့ဒါက အရေးမကြီးတော့ဘူး.. လက်ရှိအချိန်မှာ ငါတို့ရဲ့ ဦးစားပေးက ကျောင်းသားတွေကို ကယ်တင်ဖို့ပဲ ငါတို့ ဘာဆက်လုပ်ကြမလဲဆိုတာပဲ"
ကျောင်းအုပ်တစ်ယောက်က အော်ဟစ်လိုက်ရာ သူ၏ စကားလုံးများသည် လူတိုင်းကို အတွေးထဲကနေ နိုးထစေခဲ့သည်။
တောင်၀ိညာဥ်၏ ဤလက်တစ်ဖက်တည်းတွင် ပါ၀င်သောစွမ်းအားသည် သဘာ၀၏ အမျက်ဒေါသနှင့် ဆင်တူသည်။
ယင်းက အခြေခံတည်ထောင်ခြင်း အဆင့် ကျင့်ကြံသူများ ရင်ဆိုင်နိုင်သည့်အရာနှင့် အလွန်ပင် အလှမ်းကွာဝေးလွန်းနေ၏။
"ဒီသဘာ၀သတ္တ၀ါတွေက သူတို့ရဲ့ အစစ်အမှန်ပုံစံကို
ဘယ်တော့မှ ထုတ်ဖော်လေ့မရှိဘူး တကယ်တော့ ငလျင်၊ဆူနာမီနဲ့ မြေပြိုမှုတွေလို သဘာ၀ဘေးအန္တရာယ်တွေ ဖြစ်ပွားတာက အများအားဖြင့် တောင်၀ိညာဥ် (၀ါ) သဘာ၀သတ္တ၀ါတွေ လှုပ်ခတ်နေတဲ့ လက္ခဏာပဲဖြစ်တယ်.. သူတို့က ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာ ပြောနေစရာတောင်မလိုဘူး.. သူတို့ရဲ့ အမှတ်တမဲ့ သမ်းဝေလိုက်ခြင်းကတောင် တစ်ခါတစ်ရံမှာ ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုကို ဖြစ်ပေါ်စေနိုင်တယ်.. တောင်၀ိညာဥ်တွေက ရှက်တတ်တဲ့သတ္တ၀ါတွေ ဖြစ်တဲ့အတွက် လူသားကျင့်ကြံသူတွေကို သူတို့ရဲ့ အစစ်အမှန်ပုံစံကို ဖော်ပြလေ့မရှိဘူး.. သူတို့တွေက နှစ်ရာပေါင်းများစွာ ဒါမှမဟုတ် အနှစ်တစ်ထောင်ကျော် အထိ အိပ်စက်နေတတ်ကြပြီး အမှောင်ထဲမှာ ငြိမ်ငြိမ်သက်သက် ပုန်းကွယ်ပြီး နေရတာကို အသားကျနေခဲ့ကြတယ်.. ဒါကြောင့် မီးတောင်ထွတ်ရဲ့တောင်၀ိညာဥ်က ဒီအချိန်ကြီးမှာ နိုးထလာပြီး လက်တစ်ဖက် ဆန့်ထုတ်လိုက်တာက ပုံမှန်ဖြစ်ရပ် မဟုတ်ဘူးလို့ ပြောရင်လည်း မမှားဘူး"
ဤတောင်၀ိညာဥ်၏ ရုတ်တရက် ထွက်ပေါ်လာမှုသည် သူတို့ကို ရှားပါးသည့် ဖြစ်နိုင်ချေတစ်ခုအား ရုတ်တရက် သတိရစေသည်။
"ဆရာ.. ဒါက ဆိုးယုတ်တဲ့အင်အားတစ်ခုရဲ့ လက်ချက်လို့ သံသယရှိနေတာလား"
ဥက္ကဌချီက ချက်ချင်း သဘောပေါက်လိုက်သည်။
"ဆိုးယုတ်တဲ့အင်အားကသာ တောင်၀ိညာဥ်လို သဘာ၀၀ိညာဥ်ရဲ့ အိပ်စက်မှုကို အနှောင့်အယှက်ပေးနိုင်တယ်.. အခြေခံတည်ထောင်ခြင်းအဆင့် ကျောင်းသားတစ်ယောက်က ၀ိညာဥ်ဆင့်ခေါ်နည်းနဲ့ တောင်၀ိညာဥ်ကို နိုးထစေနိုင်ဖို့က လုံး၀ မဖြစ်နိုင်ဘူး.. အနီးနားမှာ အင်အားကြီးမားတဲ့ မိစ္ဆာတစ်ကောင်ကောင်ရှိနေရမယ်.. ကျောင်းသားရှားက ၀ိညာဥ်ကိုဆင့်ခေါ်လိုက်တဲ့ အခိုက်အတန့်မှာ ဆိုးယုတ်တဲ့အင်အားက ၀ိညာဥ်ဆင့်ခေါ်တဲ့ လမ်းကြောင်းထဲကို စီး၀င်သွားပြီး ၀ိညာဥ်ကို နိုးထလာစေခဲ့တာပဲ.. ရှင်းရှင်းလင်းလင်း ဖော်ပြရမယ်ဆိုရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့အချိန်မှာ မျက်နှာကို ပြင်းပြင်းထန်ထန် ရိုက်နှက်ခံလိုက်ရသလိုမျိုးပဲ"
အဝေးတစ်နေရာရှိ စခန်းကနေ အနီရောင်၀တ်စုံ ၀တ်ထားသည့် အထူးတပ်ဖွဲ့၀င်များက အလျင်အမြန် ပြေးလာနေသည်ကို ၀မ်လင်း မြင်လိုက်ရသည်။
သူတို့တစ်ယောက်ချင်းစီသည် သံစဥ်နှုတ်များ ရေးမှတ်ထားသည့် စာအုပ်တစ်အုပ်ဆီကို ကိုင်ဆောင်ထားကြသည်။
ဤသည်ကိုကြည့်လျှင် ပြိုင်ပွဲကျင်းပရေး ကော်မတီသည် ဤကဲ့သို့ အကျပ်အတည်းမျိုးအတွက် အသင့်ပြင်ထားမှန်း သိသာ ထင်ရှားနေ၏။
တောင်၀ိညာဥ် နိုးထလာနိုင်ခြေသည် အလွန်နည်းပါးသော်လည်း ဖြစ်မလာနိုင်ဟု ယတိပြတ် ပြောဆို၍မရပေ။
ကျင့်ကြံသူများ ကိုင်ဆောင်ထားသော စာအုပ်သည်အစွမ်းထက် သန့်စင်နိုင်စွမ်းရှိသည့် တေးဂီတ ကျမ်းစာအုပ်တစ်အုပ် ဖြစ်သည်။
ထိုစာအုပ်မှ တိကျသော အသံလှိုင်းမန္တန်များကို တစ်ပြိုင်နက် ရွတ်ဆိုလိုက်လျှင် သဘာ၀၀ိညာဥ်များကို ငြိမ်သက်စေနိုင်၏။
သို့သော် လက်ရှိအခြေအနေမှာ ထင်မှတ်ထားသည်ထက်တင် အတော်လေး ပိုမို ဆိုးရွားနေခဲ့သည်။
ဆံဖြူလူငယ်က ရှားမင်ကို ထည့်သွင်းပေးထားသည့် မကောင်းဆိုး၀ါး စွမ်းအားသည် ရှားမင်၏ခွန်အားကို မြှင့်တင်ပေးခဲ့သည်။
ထို့ကြောင့် အဆင့် ၁ သို့မဟုတ် အဆင့် ၂ ၀ိညာဥ်သားရဲများကို ရှားမင်က ဆင့်ခေါ်နိုင်လျှင်ပင် မထူးဆန်းပေ။
သို့သော်လည်း တောင်၀ိညာဥ်ကို ဆင့်ခေါ်နိုင်သည်ကမူ ကြီးမားသည့် ပြဿနာတစ်ရပ် ဖြစ်သည်။
တကယ်တမ်း တောင်၀ိညာဥ် နိုးထလာခဲ့သည့် အကြောင်းရင်းမှာ တစ်ချိန်လုံး အရိပ်ထဲကနေ ၀မ်လင်းတို့ကို နောက်ယောင်ခံကာ စောင့်ကြည့်နေခဲ့သည့် လူသားမိစ္ဆာကြောင့် ဖြစ်သည်။
"နောက်ထပ် နှောင့်နှေးလို့ မဖြစ်တော့ဘူး"
၀မ်လင်းက စိတ်ထဲကနေ သက်ပြင်းချကာ ရေရွတ်လိုက်သည်။
သူက ငြိမ်းငြိမ်းချမ်းချမ်းသာ နေလိုပြီး တိတ်ဆိတ်မှုကို ကြိုက်နှစ်သက်သူ ဖြစ်သည်။
သူ အမုန်းဆုံးအရာမှာ လူအများက သူ့ကို နှောက်ယှက်မှုပေးသည်ကိုပင်။
စင်စစ် သူသည် ဤအမျိုးသားအဆင့်ပြိုင်ပွဲတွင် မပါ၀င်ချင်ခဲ့ပေ။
ပြဿနာကို အမြစ်ကနေ မဖျက်ဆီးသ၍ မန္တန်များကို ရွတ်ဆိုရုံဖြင့် တောင်၀ိညာဥ်ကို အိပ်ပျော်အောင် ပြန်လည် သိမ်းသွင်းရန်မှာ အလွန်ပင် ခက်ခဲပေလိမ့်မည်။
၀မ်လင်းက အမှောင်ရိပ်ထဲတွင် သူ့ကို အချိန်အတော်ကြာ နောက်ယောင်ခံ လိုက်နေသည့် အရိပ်ကို သူ့မျက်လုံးအစုံနှင့် စိုက်ကြည့်လိုက်သည်။
ထိုအချိန်တွင် ရှားလီရှင်းသည် တောင်၀ိညာဥ် ထွက်ပေါ်လာသည်ကို မြင်လျှင် ၀မ်းသာအားရ ဖြစ်နေခဲ့သည်။
သူ၏ သူတော်စင်မိစ္ဆာအကျဥ်းချနည်းစနစ်က သက်ရှိအားလုံးကို ၀ါးမျိုပစ်နိုင်၏။
တောင်၀ိညာဥ်ကိုသာ ၀ါးမျိုနိုင်လျှင် သူ၏ အထွတ်အထိပ်မှာ ရှိစဥ်က အင်အားထက် သုံးဆမျှ ပိုမို အားကောင်းသွားလိမ့်မည် ဖြစ်သည်။
သို့သော် ထိုအချိန်မှာပင် ရှားလီရှင်းသည် သူ့ကိုယ်ပေါ်သို့ အကြည့်တစ်စုံ သက်ရောက်လာသလို ခံစားလိုက်ရသည်။
နေ၀န်းကဲ့သို့ အင်အားကြီးသော မျက်၀န်းတစ်စုံက သူ၏ နောက်ကျောကို စိုက်ကြည့်နေသောကြောင့် ရှားလီရှင်းသည် သူ၏ တည်ရှိမှုကို ချက်ချင်းပင် သံသယ၀င်သွားခဲ့၏။
သူက သူ့ကိုယ်သူ ကြီးမားသည့် အင်အားတစ်ခု၏ အချိန်မရွေး ၀ါးမျိုခံရမည့် အရာတစ်ခုထက်မပိုဟု ရုတ်တရက် ခံစားလိုက်ရသည်။
"ဘာတွေဖြစ်နေတာလဲ"
"ဘယ်သူများလဲ"
ဤမေးခွန်းနှစ်ခုက ရှားလီရှင်း၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။
ထို့နောက်တွင် အမှောင်ရိပ်ထဲ၌ ခြေသံများကို သူကြားလိုက်ရသည်။
အမှတ် ၆၀အထက်တန်းကျောင်း၏ အခြေခံတည်ထောင်ခြင်းအဆင့် လူငယ်လေး တစ်ယောက်သည် သူ့ဆီသို့ လျှောက်လှမ်းလာခဲ့၏။
ရှားလီရှင်း"? ? ?"
"ဒီလူငယ်လား"
ရှားလီရှင်းက သူ၏အမြင်သုံးပါးလုံး ပြိုလဲသွားသလို ခံစားလိုက်ရသည်။
သူက သူ၏တည်ရှိမှုကို ရိပ်မိသွားပြီလားဟု အစောပိုင်းတွင် သံသယ၀င်နေခဲ့သည်။
ထိုကျောင်းသားလေး၏ လှုပ်ရှားမှုများသည် သူ၏မေးခွန်းကို အပြည့်အ၀ပင် အဖြေပေးလိုက်၏။
၀မ်လင်း၏ ပိန်သွယ်သောပုံရိပ်က ရှားလီရှင်းဆီသို့ တဖြည်းဖြည်း ချဥ်းကပ်လာသည်နှင့်အမျှ ရှားလီရှင်း၏ စိတ်အခြေအနေသည် ပြင်းထန်စွာ ပြောင်းလဲသွားခဲ့သည်။
သူက တအံ့တသြဖြစ်ကာ တုန်လှုပ်သွားပြီး အဆုံးသတ်တွင် အလွန်အမင်း ကြောက်ရွံ့သွားခဲ့သည်။
၀မ်လင်းက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး မဟာသန့်စင်ခြင်း တာအိုဖြင့် ရှားလီရှင်းကို ရိုးရှင်းစွာ ဖိနှိပ်လိုက်သည်။
ထို့နောက်တွင် ရှားလီရှင်း မကြာသေးမီက ၀ါးမျိုခဲ့သည့် သက်ရှိသတ္တ၀ါများ၏ ၀ိညာဥ်များသည် ရှားလီရှင်း၏ ခန္ဓာကိုယ်ထဲကနေ ချက်ချင်းဆိုသလို အပြင်ဘက်သို့ စိမ့်ထွက်လာခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် ဗိုလ်ချုပ်ပိုင်နှင့် မာကျောက်အဖွဲ့၀င်သုံးယောက် ရှိနေခဲ့သည့် တားမြစ်နယ်မြေမှ ညှိုးနွမ်းနေသော စိတ်၀ိညာဥ်အပင်များနှင့် သေဆုံးသွားသော စိတ်၀ိညာဥ်သားရဲများသည် အံ့ဖွယ်နည်းလမ်းဖြင့် ပြန်လည် ရှင်သန်လာခဲ့ကြသည်။
ဤကဲ့သို့ ၀ိညာဥ်များ ခန္ဓာကိုယ်ထဲမှ ပြန်လည် စိမ့်ထွက်သွားမှုသည် ရှားလီရှင်း၏ ခန္ဓာကိုယ်ကို အားနည်းသွားစေခဲ့သည်။
၀မ်လင်း၏ မဟာသန့်စင်ခြင်းတာအိုသည် ရှားလီရှင်း ထင်ထားသည်ထက်ပင် အလွန်တရာ အစွမ်းထွက်နေခဲ့သည်။
ယင်းက ညှိုးနွမ်းနေသည့်အရာကို မပြောနှင့်၊ ပုပ်သိုးနေသည့်အရာကိုပင် အံ့သြဘနန်း ပြောင်းလဲပေးနိုင်သည့် အစွမ်းထက် အကျိုးသက်ရောက်မှုလည်း ရှိသည်။
"မင်းဘယ်သူလဲ"
ရှားလီရှင်းက ကြောက်လန့်တုန်လှုပ်စွာဖြင့် မေးခွန်းထုတ်လိုက်သည်။
၀မ်လင်းက ရှားလီရှင်းကို မျက်နှာချင်း ဆိုင်လိုက်သော်လည်း စကားတစ်ခွန်းမှ မပြောခဲ့ပေ။
[ဒီကောင်က အရမ်းအားနည်းလွန်းတာပဲ]
စင်စစ် ရှားလီရှင်းသည် ကွာဖီတို့ သုံးယောက်ထဲမှ မည်သူ့ထက်မဆို ပို၍အားနည်းသည်။
သူက ၀ိညာဥ်အများအပြားကို မျိုချခဲ့သော်လည်း ကောင်းကောင်း မကြေညက်ခဲ့သောကြောင့် သူ၏ခွန်အားသည် မတိုးတက်လာခဲ့ပေ။
ယခုအခါတွင်မူ ၀မ်လင်း၏ မဟာသန့်စင်ခြင်း တာအိုအစွမ်းကြောင့် သူ၏စွမ်းအားများသည် တိုက်ရိုက် လျော့ကျသွားခဲ့ရသည်။
ထို့အပြင် ၀မ်လင်းသည် သူ၏ ဘုရင်မျက်လုံးနှင့် ကံကြမ္မာတာအို စွမ်းအားကို အတူတကွ အသုံးပြု၍ သူရှေ့မှ လူသားမိစ္ဆာသည် ယခင်ကတည်းက သေဆုံးပြီးသူ ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
ရှားလီရှင်းသည် ယခင်ကတည်းက သေဆုံးပြီးသူ ဖြစ်နေသောကြောင့် ၀မ်လင်းအနေဖြင့် အပိုစကားလုံးများ မလိုအပ်ခဲ့ပေ။
၀မ်လင်းက လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ရှားလီရှင်း၏ နဖူးပေါ်သို့ တင်လိုက်ပြီး မဟာကယ်မခြင်း တာအိုကို အသုံးပြုလိုက်သည်။
"ထာ၀ရအိပ်စက်စေ"
အပိုင်း(၁၁၅၇) ပြီး၏