ကြားဝင်ခံသူကြီး ကျိုးရီ
Vol. 78 Ch. 1159
၀မ်လင်း၏ ကိုင်တွယ်ရခက်သော ၀ါဂွမ်းအင်္ကျီကဲ့သို့ပင် ကျိုးရီသည် သူလုပ်ဆောင်ရမည့်အလုပ်က မည်မျှ အရေးကြီးမှန်း ကောင်းစွာသိသည်။
သို့သော် ဤတစ်ကြိမ်တွင်မူ ၀မ်လင်းကိုယ်စား ကြား၀င်ခံပေးရန်အတွက် ခက်ခဲလိမ့်မည်ဟု သူခံစားခဲ့ရ၏။
ပထမအချက်အနေဖြင့် သူသည် ကွပ်ကဲရေးဌာနကနေ ပြင်ပသို့ ခြေလှမ်းတစ်လှမ်းမျှပင် မထွက်ခွာခဲ့ပေ။
ဒုတိယအချက်အနေဖြင့် သူနှင့် လူသားမိစ္ဆာ ရှားလီရှင်း တိုက်ခိုက်ခဲ့သည် ဆိုလျှင်ပင် နှစ်ယောက်သား၏ တိုက်ခိုက်ရေးအင်အားသည် ကွာဟချက် အလွန်ကြီးမားနေခြင်း ဖြစ်သည်။
လူသားမိစ္ဆာ ရှားလီရှင်းက အလွန်တစ်ရာသန်မာ၍ ကျိုးရီသည် သူ၏ ကိုယ်ပိုင်အင်အားနှင့် ဖယ်ရှားရန် လုံး၀မဖြစ်နိုင်ပေ။
သို့သော် သူဘာမှမလုပ်လျှင်ပင် အဆုံးသတ်တွင် ဤကိစ္စသည် သူ့ခေါင်းပေါ်သို့ ရောက်လာနိုင်သည်ကို ကောင်းစွာသိထားခဲ့သည်။
အဖိုးအို ဟွမ်ဖုန်းနှင့် ဥက္ကဌချီ၏ အကြည့်အောက်တွင် ကျိုးရီသည် တည်ငြိမ်သောအမူအရာကို ထိန်းသိမ်းရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့ရသည်။
မိနစ်အနည်းငယ် ကြာပြီးနောက်တွင် မာကျောက်တပ်ဖွဲ့ဆီမှ သတင်းအသစ်တစ်ခု ရလာခဲ့သည်။
ဖန်သားပြင်ပေါ်ရှိ ပုံရိပ်တွင် ရုတ်တရက် အစိမ်းရောင်ဆံပင်နှင့် ပုံရိပ်တစ်ခုကို ကျိုးရီက မြင်လိုက်ရသည်။
"ဒါကဘယ်သူလဲ"
ကျောင်းအုပ်ကြီးချန်းက ထိုလူကို အနည်းငယ် ရင်းနှီးသလို ခံစားရသော်လည်း မည်သူမှန်း မပြောနိုင်ခဲ့ပေ။
ဟုတ်ပါသည်၊ဤသည်မှာ ထွင်ထျန်းဟာ၏ လူသားအသွင်နှင့် ပထမဆုံး လူသိရှင်ကြား ထွက်ပေါ်လာခြင်းပင် ဖြစ်၏။
အစိမ်းရောင် ရောကျော်ခွေးကလေးသည် လအနည်းငယ်အတွင်း လူသားအသွင်ကို ကျင့်ကြံနိုင်လိမ့်မည်ဟု မည်သူမှ ထင်မှတ်ထားလိမ့်မည် မဟုတ်ပေ။
ထွင်ထျန်းဟာနှင့် ငွေရောင်လေးက အတူတူ အလုပ်လုပ် ဆောင်နေကြသော်လည်း ထွင်ထျန်းဟာ တစ်ယောက်သာ ဖန်သားပြင်ပေါ်တွင် ပေါ်လာသည်ကို ကျိုးရီ သတိပြုမိလိုက်သည်။
ယင်းမှာ ငွေရောင်လေး၏ သူတော်စင်သားရဲ ဟူသော ၀ိသေသလက္ခဏာကို ကာကွယ်ပေးရန် ဖြစ်နိုင်ပေသည်။
"သူက ဘယ်သူလဲ"
အဖိုးအိုဟွမ်ဖုန်း၏ မျက်လုံးများတွင် သတိထားသော အရိပ်အယောင်များ ရှိနေခဲ့သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က ဥက္ကဌချီကို ချက်ခြင်း ဆက်သွယ်ကာ ပြောလိုက်၏။
"ဒါက မဟာဗျူဟာလှည့်ဖျားမှု အထွေထွေရုံးရဲ့ ကြေးစားလူမိုက်အဖွဲ့၀င် မစ္စတာ ချုံးအားဟာပါ"
"မစ္စတာချုံး ဟုတ်လား.."
အဖိုးအိုဟွမ်ဖုန်းက စဥ်းစားလိုက်သည်။
သူက ထိုနာမည်ကို စာရင်းထဲတွင် မတွေ့မိပေ။
ဥက္ကဌချီက သူ့ဆရာဟွမ်ဖုန်းကို စိတ်ချင်းဆက်သွယ်၍ လျှို့ဝှက်စွာ ရှင်းပြလိုက်သည်။
"ဒီလိုပါ ဆရာ..ဒီတစ်ခေါက် မစ်ရှင်အတွက် ကျွန်တော်တို့ရဲ့အဖွဲ့ထဲကို လျှို့၀ှက်နာမည်နဲ့ လူအချို့ ရောနှောပြီး ထည့်ထားပါတယ်.. ဒီလူတွေက နိုင်ငံခေါင်းဆောင် ကိုယ်တိုင် ခန့်အပ်ထားတဲ့လူတွေပါ.. ကျွန်တော်တို့တောင် သူတို့ရဲ့ နာမည် အရင်းကို မသိကြဘူး.. နိုင်ငံ့ခေါင်းဆောင် တစ်ယောက်ပဲ သိတယ်.. ဒါက နာမည်စာရင်း အစစ်အမှန်ကို ခိုးယူမခံရအောင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လှည့်ကွက် လုပ်ထားတာပဲ"
ဟွမ်ဖုန်းက ချက်ချင်းပင် နားလည် သဘောပေါက်သွားခဲ့သည်။
ထို့နောက် သူက ခေါင်းတဆတ်ဆတ်ညိမ့်ကာ ပြောလိုက်၏။
"နိုင်ငံခေါင်းဆောင်က ဒီလောက်ထိတောင် ကြိုတင်စီစဥ်ထားနိုင်တာ အရမ်းကောင်းတဲ့ လုပ်ရပ်တစ်ခုပဲ"
တကယ်တမ်းတွင် ဤကိစ္စအတွက် မည်သူက တာ၀န်ယူထားသလဲ ဆိုသည်ကို စစ်ဆေးရန် သူစီစဥ်ထားခဲ့သည်။
သို့သော် ဤလျှို့၀ှက်အဖွဲ့၀င်များကို နိုင်ငံခေါင်းဆောင်ကိုယ်တိုင် ခန့်အပ်ထားခြင်းဖြစ်၍ သူ့အနေဖြင့် ဘာမှမတတ်နိုင်ခဲ့ပေ။
"ဒီမစ္စတာ ချုံးအားဟာရဲ့ နောက်ခံအကြောင်းက ဘယ်လိုလဲ"
"သူက မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံးရဲ့ ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ဗုံးပစ်စီနီယာ အင်မော်တယ်ထက်တောင် ပိုပြီးအစွမ်းထက်တယ်.. ဒါ့အပြင် သူ့ရဲ့နည်းစနစ်တွေက မိစ္ဆာတွေကို ဖယ်ရှားရာမှာ အလွန်ပဲ ထိရောက်တာကြောင့် လူသားမိစ္ဆာကို အလစ်အငိုက်ဖမ်းပြီး ဖျက်ဆီးနိုင်ခဲ့တာပဲ"
"အိုး..ငါသိပြီ"
အဖိုးအိုဟွမ်က အကြောင်းစုံကို နားလည်သွားပြီးနောက်တွင် ဖန်သားပြင်ပေါ်ရှိ ထွင်ထျန်းဟာကို ကျေးဇူးတင်စကား ပြောလိုက်သည်။
"ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မစ္စတာချုံးအားဟာ.. မင်းသာမရှိရင် လူသားမိစ္ဆာက လျှို့ဝှက်စွာ ဆက်လက်လုပ်ဆောင်နေပြီး နဂါးကိုးကောင်တောင်ရဲ့ ပတ်၀န်းကျင်ကို အဖက်ဆယ်လို့မရနိုင်တဲ့ ပျက်စီးမှုတွေ လုပ်ဆောင်လာနိုင်တယ်"
ချုံးအားဟာ ဟူသောအမည်သည် ထွင်ထျန်းဟာ၏ လူသား အမည်ပြောင် ဖြစ်ပြီး ထွင်ထျန်းဟာ၏ နာမည်ထဲမှ အဓိပ္ပါယ်နက်နဲသော စကားလုံးများကို ပေါင်းစပ်၍ ပေးထားခြင်း ဖြစ်သည်။
သူ၏ လူသားအသွင်ကို လူအနည်းငယ်သာ သိမှန်း ထွင်ထျန်းဟာ ကောင်းစွာသိ၏။
ထို့အပြင် ဤအမည်ပြောင်ကလည်း အထောက်အထားကို ဖုံးကွယ်ရန် ကူညီပေးခဲ့သည်။
ဆိုရလျှင် ဗုံးပစ်စီနီယာအင်မော်တယ်သည် သူ့အတွက် အရာအားလုံးကို စီစဥ်ပေးထားခဲ့သည်။
ဥပမာအားဖြင့် အိုင်ဒီကတ်နှင့် အခြားအရာများ ဖြစ်သည်။
သူက ယခုအခါတွင် မှတ်ပုံတင်ရှိသည့် ခွေးတစ်ကောင်ပင် ဖြစ်နေခဲ့ချေပြီ။
မှတ်ပုံတင်အထောက်အထား လက်၀ယ်ရှိခြင်းကြောင့် ထွင်ထျန်းဟာသည် စုန့်ဟိုင်မြို့တွင် တရား၀င် နေထိုင်ခွင့် ရခဲ့သည်။
ယနေ့ခေတ်တွင် နေထိုင်ခွင့် ပြဿနာများကြောင့် လူပေါင်းများစွာသည် ပြဿနာများစွာနှင့် ရင်ဆိုင်နေခဲ့ရသည်။
သို့သော်လည်း ခွေးတစ်ကောင်ကမူ နေထိုင်ခွင့် ပါမစ်ကို ရရှိထားခဲ့၏။
တကယ်တမ်းတွင် ယင်းမှာ ခွေးတစ်ကောင်အနေဖြင့် နောက်ကွယ်ကနေ လူသားများကို တိတ်တဆိတ်ကူညီခဲ့၍ ထိုက်တန်သည့် ဆုလဒ်ဟုပင် ဆိုရပေမည်။
ဤတစ်ခေါက်သည် ထွင်ထျန်းဟာ၏ ပထမဆုံးအကြိမ် ရှေ့ထွက်လာခြင်းဟုပင် သတ်မှတ်နိုင်သည်။
ထို့ကြောင့် သူက အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။
"အဖိုးဟွမ်က ကျွန်တော့်ကို တအားမြှောက်ပင့်နေပါပြီ .. တကယ်တော့ ဒါက ကျွန်တော်တစ်ယောက်တည်းရဲ့ လုပ်ဆောင်မှုသက်သက် မဟုတ်ပါဘူး"
ထွင်ထျန်းဟာ၏ စကားကိုကြားလျှင် ကွပ်ကဲရေးဌာန၏ လေထုသည် ချက်ခြင်းပင် အေးခဲသွားခဲ့သည်။
အားလုံးသည် အံ့အားသင့်သော အမူအရာများဖြင့် ကျိုးရီဆီသို့ လှမ်းကြည့်လိုက်ကြသည်။
ထိုအချိန်မှာပင် ကျိုးရီသည် ထွင်ထျန်းဟာ၏ စကားလုံးများထဲတွင် မူမမှန်သော စကားလုံးများကို ရုတ်တရက် သတိထားမိလိုက်သည်။
"တကယ်တော့ အရာအားလုံးကို ဒါရိုက်တာကျိုးရီက စီစဥ်ပေးခဲ့တာပါ"
ထင်ထားသည့်အတိုင်းပင် ထွင်ထျန်းဟာသည် ပြသနာအလုံးစုံကို ကျိုးရီ၏ ခေါင်းပေါ်သို့ လွှဲချပစ်လိုက်သည်။
ယင်းက မျှော်လင့်မထားသော အဖြေတစ်ခု ဖြစ်သော်လည်း အဓိပ္ပါယ်မရှိသည်တော့ မဟုတ်ပေ။
လူတိုင်း၏ မျက်နှာအမူအရာများသည် ပြောင်းလဲသွားကြသည်။
တက်ရောက်လာကြသော ကျောင်းအုပ်များသည် လူနှစ်ယောက်ကို လှည့်ကြည့်လိုက်ကြသည်။
တစ်ယောက်မှာ အမှတ် ၆၀ အထက်တန်းကျောင်း၏ ကျောင်းအုပ်ကြီး ချန်းထျန်းရှန်း ဖြစ်သည်။
နောက်တစ်ယောက်ကမူ ကျောင်းပေါင်း၁၀၀ အထွေထွေအုပ်ချုပ်ရေး ညွှန်ကြားရေးမှုးချုပ် ကျိုးရီ (၀ါ)ဒါရိုက်တာကျိုး ဖြစ်၏။
ကမ္ဘာပေါ်တွင် ၄င်းတို့ကဲ့သို့ ဂုဏ်ယူ၀င့်ကြွားနိုင်သည့်သူ ဘယ်နှစ်ယောက် ရှိနိုင်ပါမည်နည်း။
အခြေအနေတွေက ဤအဆင့်ကို ရောက်နေပြီ ဖြစ်သော်လည်း ကျောင်းအုပ်ကြီးချန်းသည် တည်ငြိမ်နေခဲ့သည်။
ကျိုးရီ၏ အသက်မွေး၀မ်းလမ်းကြောင်းသည် အဆုံးမရှိ ဖြစ်ထွန်းနိုင်သည်ဟု သူမှန်းဆခဲ့သည်။
၎င်းက အမှတ် ၆၀ အထက်တန်းကျောင်း၏ ဂုဏ်ယူစရာ ပြယုဒ်တစ်ခုလည်း ဖြစ်၏။
ထို့ကြောင့် အမှတ် ၆၀ အထက်တန်းကျောင်းကို ပြန်လည်မွမ်းမံပြင်ဆင်သည့်အခါတွင် ကျောင်းဂိတ်တံခါး၀မှာ ရှိသည့် ကျောက်ရုပ်တု အဟောင်းနေရာ၌ ကျိုးရီ၏ ရုပ်ထုကို ပြောင်းလဲသွားမည် ဖြစ်သည်။
ဤကဲ့သို့ ထူးချွန်သောကျောင်းသားကို မွေးထုတ်ပေးနိုင်သည်မှာ အမှတ် ၆၀ အထက်တန်းကျောင်းအတွက် ကြီး မားသောကောင်းချီးတစ်ခုပင် ဖြစ်သည် မဟုတ်ပါလား။
အမှတ် ၆၀ အထက်တန်းကျောင်း၏ လက်ရှိ ကျောင်းအုပ်ကြီးအနေဖြင့် ကျောင်းအုပ်ကြီးချန်းသည် ကျိုးရီနှင့် ပတ်သက်၍ ဂုဏ်ယူနေခဲ့သည်။
လူတိုင်း၏ အကြည့်အောက်မှာပင် သူသည် ပုခုံးကို တွန့်ပြလိုက်ပြီး ပေါ့ပါးစွာ ပြောလိုက်သည်။
"မိတ်ဆွေတို့.. မင်းတို့က ငါတို့ကျောင်းကို အရမ်းအထင်ကြီးနေပါပြီ.. တကယ်တော့ ငါ့ရဲ့ အမှတ် ၆၀အထက်တန်းကျောင်းက ကျောင်းသားတွေ အတွက် ဒီလိုမျိုး ထူးချွန်တယ်ဆိုတာ ပုံမှန်ပါပဲ"
ကျောင်းအုပ်ကြီးချန်း၏ စကားကိုကြားလျှင် တခြားကျောင်းအုပ်များသည် ထိုစကားများက အလွန်ပင် ရှက်စရာကောင်းသည်ဟု နှလုံးသားထဲတွင် ခံစားလိုက်ရသည်။
သို့သော်လည်း သူတို့သည် ကျောင်းအုပ်ကြီးချန်း စကားကို ငြင်းဆိုရန် အကြောင်းပြချက်ကို ရှာမတွေ့ခဲ့ပေ။
ကွပ်ကဲရေးဌာနရှိ လူအားလုံးသည် သူ့ကို အထင်ကြီးနေကြသော်လည်း ကျိုးရီသည် စိတ်ဆင်းရဲနေခဲ့သည်။
ဤကဲ့သို့ ဖြစ်လာမည်မှန်း သူကြိုတင်သိရှိထားသည် မဟုတ်ပါလော။
တစ်ဖက်တွင်လည်း တောင်၀ိညာဥ် အိပ်ပျော်သွားပြီးနောက်တွင် မီးတောင်ထွတ်၌ တိုက်ခိုက်မှုများ ပြန်လည်စတင်လာခဲ့သည်။
ဤတစ်ခေါက်တွင်မူ မည်သူကမှ ၀ိညာဥ်ဆင့်ခေါ်ခြင်း နည်းလမ်းကို အသုံးပြုရန် မ၀ံ့ရဲတော့ပေ။
တောင်ခြေရှိ အထက်တန်းကျောင်း လေးကျောင်းသည် ၎င်းတို့၏ အင်အားများကို စုစည်း၍ တောင်ထိပ်တွင် ရှိသည့် အမှတ် ၆၀ အထက်တန်းကျောင်းကို အသေခံ တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။
သူတို့ဘက်မှ လူအရေအတွက် မည်မျှ ဆုံးရှုံးပါစေ၊ အမှတ် ၆၀ အထက်တန်းကျောင်းကို အပြတ် ရှင်းပစ်ရပေမည်။
အမှတ် ၆၀ အထက်တန်း ကျောင်းသားများသည် တည်နေရာ အားသာချက် ရှိခြင်းကြောင့် ခုခံရေးအတွက်ကိုသာ အာရုံစိုက်ထားကြသည်။
အထက်တန်းကျောင်း လေးကျောင်း၏ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရလျှင်ပင် သူတို့အားလုံးသည် ယုံကြည်မှု အပြည့် ရှိနေခဲ့ကြ၏။
သို့သော် လူတစ်ယောက်ကမူ တစ်စုံတစ်ရာ မှားယွင်းနေခဲ့သည်။
ထိုလူမှာ ရှားမင် ဖြစ်၏။
ရှားမင်သည် စွမ်းအားကြီးမားသော တန်ခိုးအာဏာ လက် ၀ယ်ရှိခြင်း၏ ခံစားချက်ကို ရှင်းရှင်းလင်းလင်း နားလည်သွားခဲ့ပြီ ဖြစ်သည်။
တန်ခိုးစွမ်းအားသည် ထိန်းချုပ်နိုင်လျှင် အကောင်းဆုံးဖြစ်သည်။
မထိန်းချုပ်နိုင်လျှင် အနားမှာရှိသည့် ချစ်ရသူကိုပင် နာကျဥ်စေပါလိမ့်မည်။
ဤကဲ့သို့ စွမ်းအားမျိုး မရှိသည်ကပင် ပိုကောင်းသည်ဟု ရှားမင် ခံစားခဲ့ရသည်။
တောင်၀ိညာဥ်၏ ဧရာမလက်တစ်ဖက် မြေပြင်ကနေ ဆန့်ထွက်လာသည်ကို မြင်လိုက်ရစဥ် အခါက သူ့တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့၏။
သူ့ရှေ့မှ မြင်ကွင်းကို သူ၏လက်ဖြင့် ကိုယ်တိုင် ဖန်တီးခဲ့သည်အား မယုံကြည်ခဲ့ပေ။
ယခုအခါတွင် တောင်၀ိညာဥ်က အိပ်ပျော်သွားပြီ ဖြစ်သော်လည်း ရှားမင်သည် သူ၏ တန်ခိုးစွမ်းအားကို ထပ်မံအသုံးပြုရန် သတ္တိမရှိတော့ပေ။
သူက ယခုကဲ့သို့ ထပ်မံ ဖြစ်ပျက်မည်ကို စိုးရိမ်နေခဲ့သည်။
ယင်းအချိန်မှာပင် နွေးထွေးသော လက်တစ်ဖက်သည် သူ့ပုခုံးပေါ်သို့ ရုတ်တရက် ကျရောက်လာသည်ကို သူခံစားလိုက်ရသည်။
သူက အနည်းငယ် ခေါင်းလှည့်၍ ကြည့်လိုက်ရာ ၀မ်လင်းက သူ့အနောက်တွင် ရပ်နေသည်ကို မြင်လိုက်ရ၍ အံ့သြသွားခဲ့သည်။
အပိုင်း(၁၁၅၉) ပြီး၏