ဝမ်လင်း၏ ဖန်အဖွဲ့
Vol. 78 Ch. 1161
တကယ်တမ်းတွင် ထိုအကြံအစည်ကို ရှားမင်က ပေးခဲ့ခြင်းဖြစ်သည်။
သူ၏အဆိုကို အမှတ် ၆၀ အထက်တန်းကျောင်း၏ အဖွဲ့၀င်အများစုက စိတ်အားထက်သန်စွာ ထောက်ခံခဲ့ကြသည်။
သူ၏ အဆိုကို ဆန့်ကျင်သူများလည်း ရှိခဲ့သည်။
ဥပမာ ချန်းချောင် ဖြစ်၏။
ဖန်ကလပ် ဖွဲ့တာမျိုးက သိပ်ကို ထင်ပေါ်လွန်းသည်ဟု သူက ထင်မြင်ခဲ့သည်။
နောက်တစ်ချက်မှာ ၀မ်လင်းသည် ဤကဲ့သို့ ထင်ပေါ်သည့် အာရုံစိုက်ခံရမှုမျိုးကို မကြိုက်မှန်း သူသိ၍ ဖြစ်သည်။
ဆိုရလျှင် အမှန်တရားဘုရင်ဟု တင်စားခေါ်ဝေါ်ကြသည့် ချန်းချောင်သည် ၀မ်လင်းအတွက် တကယ်ကို ရှားပါးသည့် ညီနောင်ကောင်း တစ်ယောက် ဖြစ်သည်။
သို့သော် ပြဿနာမှာ အမှတ် ၆၀ အထက်တန်းကျောင်းမှ အဖွဲ့၀င်အများစုသည် ၀မ်လင်း၏ ပရိသတ်များ ဖြစ်နေခြင်းပင်။
ချန်းချောင်က အနည်းစု ဖြစ်သည့်အတွက် သူ့အမြင်ကို အများက လက်မခံခဲ့ကြပေ။
"၀မ်လင်းရဲ့ ဖန်ကလပ်ဟုတ်လား.. အဲဒါက ဘာလဲ.. ၀မ်လင်းဆိုတာ ဘယ်သူလဲ"
နန်ယန်ရှို့က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
သူ၏မှတ်ဥာဏ်ထဲတွင် ၀မ်လင်းနှင့် ပတ်သက်သည့် မည်သည့်အချက်အလက်မှ မရှိပေ။
"၀မ်လင်းဆိုတာက ခံစားချက်မဲ့ ငါးမသာမျက်လုံးနဲ့ ကံအရမ်းကောင်းတဲ့ ကျောင်းသားလေးကို ပြောတာ"
ထိုအချိန်တွင် ကျူးဟန်ယွင်က ၀င်ပြောလိုက်သည်။
သူ့အနေဖြင့် ၀မ်လင်း၏ ပုံပန်းသဏ္ဍာန်ကို ဘယ်တော့မှ မေ့မည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် သူက ၀မ်လင်းကြောင့် လက်တစ်ဖက်ကျိုးသွား၍ ဖြစ်သည်။
သူ၏စကားကို ကြားပြီးနောက်တွင် လူတော်တော်များများသည် ၀မ်လင်းက မည်သူမှန်း သတိရလာခဲ့ကြသည်။
"အိုး.. ဒီကောင်လား ငါသူ့ကိုသိပြီ.. သူက အမှတ် ၆၀ အထက်တန်းကျောင်းရဲ့ လာဘ်ကောင်လေးပဲ"
ထို့နောက်တွင် သူတို့သည် စက္ကူလေယာဥ်ထဲတွင်ရေး သားထားသည့် ၀မ်လင်း၏ ဖန်အဖွဲ့ထဲကို ၀င်လျှင် လိုက်နာရမည့် စည်းကမ်းများကို ကြည့်ရှုခဲ့ကြသည်။
"စည်းမျဥ်းတွေက တော်တော် ကြောင်တောင်တောင် နိုင်လွန်းတာပဲ ဘယ်လိုလုပ်မလဲ ငါတို့တွေ ဖန်အဖွဲ့ထဲ ၀င်ကြမလား"
"ငါတို့မှာ နည်းလမ်းမှ မရှိတော့တာ.. ညီနောင်ကျိုးရဲ့ လက်ဒဏ်ရာကိုလည်း လျစ်လျူရှုထားလို့ မဖြစ်ဘူးလေ.. ဖန်အဖွဲ့ထဲ အရင်ဆုံး ၀င်လိုက်ကြတာပေါ့.. အမှတ် ၆၀ အထက်တန်းကျောင်းရဲ့ အဖွဲ့ခေါင်းဆောင် စွန်းရုံက ဟွာကောရေ တံခွန်လုပ်ငန်းစုရဲ့ မမလေးဆိုတော့ ကုသရေး နည်းစနစ်တွေကို ကျွမ်းကျင်တယ်.. သူ့ရဲ့ကုသမှုကို ခံယူရရင် ညီနောင်ကျူးရဲ့ လက်ဒဏ်ရာက အလျင်အမြန် သက်သာလာလိမ့်မယ်"
နန်ယန်ရှို့က ပြောလိုက်သည်။
အချို့လူများက ၀မ်လင်း ဖန်အဖွဲ့ထဲကို ၀င်ရန် မလိုလားသော်လည်း ကျောင်းတစ်ကျောင်းစီ၏ အဖွဲ့ခေါင်းဆောင်များကသာ နောက်ဆုံးသော ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့ကြသည်။
အဖွဲ့သားတိုင်းသည် အဖွဲ့ခေါင်းဆောင်၏ ဦးဆောင်မှုကိုလိုက်နာကြရမည် ဖြစ်၏။
ဤအတွက်ကြောင့် နောက်ပိုင်းတွင် ပြသနာတစ်ခုခု ဖြစ်လာခဲ့လျှင် အဖွဲ့ခေါင်းဆောင်ကသာ တာ၀န်ယူရပေမည်။
လက်ရှိအချိန်က ရှင်သန်ရေးတိုက်ပွဲ၏ ပထမဆုံးနေ့ ဖြစ်၍ လူတော်တော်များများသည် ပြိုင်ပွဲကနေ အလျင်အမြန် ဖယ်ရှားခံလိုက်ရသည်။
ထို့ကြောင့် ကျောင်းလေးကျောင်းမှ အဖွဲ့ခေါင်းဆောင်
များသည် မိနစ်အနည်းငယ်အကြာတွင် လက်နက်ချရန် တောင်ပေါ်သို့ အချက်ပြလိုက်ကြသည်။
ထို့နောက်တွင် သူတို့အဖွဲ့သည် တောင်ပေါ်သို့တက်ရန် ချက်ချင်းပင် စတင်လိုက်ကြ၏။
သူတို့အဖွဲ့မှ လူ၄၀ ကျော်သည် ၀မ်လင်း ဖန်အဖွဲ့၏ စည်းမျဥ်းများကို သိပ်အလေးမထားခဲ့ကြပေ။
အထူးသဖြင့် နန်ယန်ရှို့သည် ထိုစည်းမျဥ်းများကို ကြောင် တောင်တောင် နိုင်လွန်းသည်ဟု ထင်မြင်နေခဲ့သည်။
သူတို့အနေဖြင့် အနားယူပြီး အင်အားများကို ပြန်လည်စုစည်းပြီးသည်နှင့် တစ်ပြိုင်နက် အမှတ်၆၀ အထက်တန်းကျောင်းကို ချက်ချင်းဆိုသလို တိုက်ခိုက်ရန် စဥ်းစားထားခဲ့သည်။
သို့သော်လည်း နန်ယန်ရှို့သည် ၀မ်လင်း ဖန်အဖွဲ့၏ စည်းမျဥ်းများက မည်မျှ လေးနက်မှန်း မသိထားခဲ့ပေ။
စင်စစ် ဖန်အဖွဲ့၏ စည်းမျဥ်းများသည် ကူရွှင်းကျစ် ကိုယ်တိုင် ရေးဆွဲခဲ့ခြင်း ဖြစ်သည်။
စကြာ၀ဠာ၏ အုပ်ထိန်းသူအနေဖြင့် သူသည် စည်းမျဥ်းများကို အလေးထားခဲ့သည်။
ယင်းက နောက်ပြောင်သည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် ဤစည်းမျဥ်းများသည် ပေါ့သေးသေးမဟုတ်ပေ။
တနည်းအားဖြင့် ဖန်အဖွဲ့ကို သစ္စာဖောက်ခဲ့လျှင် ဆိုးရွားသည့်အကျိုးဆက်များကို ခံစားရလိမ့်မည် ဖြစ်၏။
ဤဖန်အဖွဲ့ ထောင်သည်က ကူရွှင်းကျစ်၏ အကြံအစည်မှန်း ၀မ်လင်း ကောင်းစွာသိသည်။
ဆိုရလျှင် သူတို့အဖွဲ့ထဲရှိ နတ်ဘုရား ကဲ့သို့ တည်ရှိမှုရှိသောသူများသည် စည်းမျဥ်းများကို ချိုးဖောက်လျှင် ကံဆိုးစေမည့် အကျိုးဆက်များကို ဖန်တီးခဲ့ကြသည်။
ဤအကျိုးဆက်ကို စည်းမျဥ်းမလိုက်နာသော လူများအား ဖယ်ရှားရာတွင် အသုံးပြုနိုင်၏။
ထို့အပြင် မည်သူမှလည်း သတိထားမိမည် မဟုတ်သလို သီးသန့်ကာကွယ်ရေးများလည်း ထားရှိဖို့လိုအပ်မည် မဟုတ်ပေ။
ပထမဆုံးညမှာပင် ကျောင်းလေးကျောင်း မဟာမိတ်အဖွဲ့သည် အမှတ် ၆၀ အထက်တန်းကျောင်း၏ တောင်ထိပ်သို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့သည်။
သို့သော် ထိုညက သိပ်ပြီး အေးချမ်းသည့်ညတော့ မဟုတ်ခဲ့ပေ။
စွန်းရုံက ကျူးဟန်ယွင်၏ လက်ကို သူမ၏ အလိုအလျောက် ဆေး၀ါးထုတ်လုပ်သည့်စက်မှ ထုတ်လုပ်ထားသည့် ဆေး၀ါးများကို အသုံးပြုကာ ပတ်တီးစည်းပေးခဲ့သည်။
သူမက အလိုအလျောက်စက်ကနေ ဆေး၀ါးကို ကနဦး ထုတ်လုပ်ခဲ့ပြီး ကြေညက်အောင် ထောင်းကာ ရေနှင့်ရော၍ ဆေးဖက်၀င်သည့် အနှစ်ဖြစ်အောင် ပြုလုပ်လိုက်သည်။
"ဒါက အရိုးပြန်ဆက်ဆေးပဲ.. ၆ နာရီအတွင်း နင့်ဒဏ်ရာက လုံး၀ ပျောက်ကင်းသွားလိမ့်မယ်"
စွန်းရုံက စိတ်ရှည်စွာဖြင့် ကျူးဟန်ယွင်ကို ပတ်တီး စည်းပေးခဲ့သည်။
ဤမြင်ကွင်းသည် ပတ်၀န်းကျင်မှ ယောကျ်ားလေးများကို အားကျစေခဲ့သည်။
ဟွာကောရေတံခွန်လုပ်ငန်းစု၏ မမလေးတစ်ဦး အနေဖြင့် စွန်းရုံသည် အပြင်လူများ ရှေ့တွင် သူမ၏ ပုံရိပ်ကို အလွန်ပင်ဂရုစိုက်သူ ဖြစ်သည်။
သို့သော်လည်း ယခုအခါတွင် ပူးပေါင်းဖို့ ဆုံးဖြတ်ထားသည့်အတွက် သူမအနေဖြင့် တစ်ယောက်ကို တစ်ယောက် အကူအညီ ပေးသင့်ပေသည်။
အစက ကျူးဟန်ယွင်သည် စွန်းရုံကို မာနကြီးသည့် သူဌေးသမီးဟု ထင်ခဲ့သည်။
သို့သော် ယခု တွေ့ဆုံမှုအပြီးတွင် စွန်းရုံသည် သူထင်ထားသည်ထက် ပို၍ နွေးထွေးမှုရှိမှန်း သိလိုက်ရသည်။
"ချန်းချောင်..နောက်ထပ် ဖန်အဖွဲ့ တစ်ခုထဲ ထပ်၀င်လို့သေးလား.. ငါစွန်းရုံရဲ့ ဖန်အဖွဲ့ထဲ ၀င်ချင်တယ်"
"ညီနောင် အဲလောက်ထိ မတွေးပါနဲ့.. ငါတို့အဖွဲ့ခေါင်းဆောင်က လူတိုင်းအပေါ်မှာ တပြေးညီပဲ ဆက်ဆံတာပါ"
ချန်းချောင်က ကျူးဟန်ယွင်၏ ပုခုံးကို ခပ်ဖွဖွပုတ်ကာ ပြောလိုက်သည်။
စွန်းရုံက ကျူးဟန်ယွင်၏ ဒဏ်ရာကို ပတ်တီးစည်းပေးပြီးနောက်တွင် ကျူးဟန်ယွင် အတွေးလွန်ကဲနေပုံကို သတိထားမိခဲ့သည်။
စင်စစ် ကျောင်း၏ အလှနတ်သမီးတစ်ပါး ဖြစ်သည့် စွန်းရုံသည် လူတိုင်းအပေါ်တွင် တပြေးညီ ဆက်ဆံတတ်သူ ဖြစ်သည်။
သူမအနေဖြင့် စိတ်၀င်စားသူ ရှိခဲ့မည်ဆိုလျှင် ထိုလူသည် ၀မ်လင်းသာ ဖြစ်ပေလိမ့်မည်။
ချန်းချောင်က စွန်းရုံနှင့် ၀မ်လင်းတို့၏ ဆက်ဆံရေးကို နားလည်သလို ခံစားခဲ့ရ၏။
အဆုံးသတ်တွင် သူတို့နှစ်ယောက်သည် ရှောင်မိသားစုခြံ၀န်းထဲတွင် လုပ်ကြံသတ်ဖြတ်မှုကို အတူတူ ကြုံတွေ့ခဲ့ရသူများ ဖြစ်သည်။
ထို့ကြောင့် ထိုနှစ်ယောက်သည် သေရေးရှင်ရေး အခြေအနေကို အတူတူ ဖြတ်ကျော်ခဲ့သည်ဟုပင် ဆိုနိုင်၏။
ဒုက္ခရောက်နေသည့်အချိန်တွင် ကူညီသော သူငယ်ချင်းသည် သူငယ်ချင်းစစ်စစ် ဖြစ်သည်ဟု အဆိုရှိကြသည်။
ထိုစကားကို တွေ့ကြုံဖူးသူများကသာ အမှန်တကယ် နားလည်နိုင်မည် ဖြစ်၏။
ကျူးဟန်ယွင်သည် တုံးအအ လူတစ်ယောက် မဟုတ်ပေ။
တစ်စုံတစ်ရာ တွေးတောနေပုံ ပေါက်သည့် ချန်းချောင်ကို ကြည့်ရင်း ချန်းချောင်တွင်လည်း ဇာတ်လမ်းတစ်ခုခု ရှိနေသည်ဟု သူခံစားခဲ့ရသည်။
"ချန်းချောင်..မင်းလည်း အတန်းဖော်စွန်းရုံကို လိုက်နေတာလား"
"အရင်ကတော့ ငါလိုက်ဖူးတယ်"
ချန်းချောင်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"ဒါပေမဲ့နောက်ပိုင်းမှာ အတန်းဖော်စွန်းရုံကို လိုက်နေတဲ့ သူတွေ အများကြီး ရှိနေတာကို သိလိုက်ရတဲ့ အတွက် ဆက်မလိုက်ဖြစ်တော့ဘူး.. ငါတို့ လူသားတွေက အချစ်နဲ့ပတ်သက်ရင် ပိုပြီး လက်တွေ့ကျသင့်တယ်.. ဒါ့အပြင် လူတွေက ရုတ်တရက် စိတ်လှုပ်ရှားမှုကို အချစ်လို့ ထင်တတ်ကြတယ်.. ငါအသေအချာ စဥ်းစားကြည့်လိုက်တော့ အတန်းဖော်စွန်းရုံက ငါနဲ့လိုက်ဖက်မညီဘူး ဆိုတာ ငါသိလိုက်ရတယ်"
"ချန်းချောင်..မင်းက တကယ့်ကို လက်တွေ့ကျတဲ့ကောင်ပါလား"
ကျူးဟန်ယွင်က ချန်းချောင်ကို ချီးကျူးသော အမူအရာဖြင့် ပြောလိုက်သည်။
"ဒါနဲ့.. အတန်းဖော်စွန်းရုံမှာ သဘောကျတဲ့သူရှိလား"
"မနေ့က ဗီဒီယိုကို မင်းကြည့်ပြီးပြီလား"
ချန်းချောင်က ကျူးဟန်ယွင်ကို ပြန်မေးလိုက်သည်။
သူဆိုလိုသည့် ဗီဒီယိုမှာ ရှားမင်နှင့် ၀မ်လင်းတို့၏ တိုက်ပွဲ ဗီဒီယို ဖြစ်သည်။
သို့သော်လည်း ထိုဗီဒီယိုကို နောက်ပိုင်းတွင် အွန်လိုင်းပေါ်ကပိတ်ထားလိုက်၍ ယခုဆို မရှိတော့ပေ။
"ဗီဒီယိုဟုတ်လား..ဘာဗီဒီယိုကို ပြောတာလဲ"
"ဘာမှမဟုတ်ပါဘူး..မကြည့်ဖူးလဲ ထားလိုက်တော့.. ငါ့အထင်တော့ အတန်းဖော်စွန်းရုံမှာ သဘောကျနေတဲ့သူ ရှိနေတယ်လို့ ထင်တယ်"
ထိုစကားကိုပြောရင်း ချန်းချောင်၏ မျက်လုံးများသည် ၀မ်လင်းဆီသို့ ရောက်ရှိသွားခဲ့သည်။
သူက တိုက်ရိုက် မပြောခဲ့သော်လည်း သူ၏အပြုအမူအရ အဓိပ္ပါယ်က ရှင်းလင်းနေ၏။
"ငါနားလည်ပါပြီ"
ကျူးဟန်ယွင်က စိတ်ပျက်စွာဖြင့် ထိုင်ရာမှ ထလိုက်သည်။
ထိုအပြုအမူကိုမြင်လျှင် ချန်းချောင်သည် အံ့အားသင့်သွားခဲ့သည်။
"မင်းက ၀မ်လင်းကို သွားတိုက်မလို့လား"
"မဟုတ်ပါဘူး"
ကျူးဟန်ယွင်က ခေါင်းခါရမ်းလိုက်သည်။
"ငါက ၀မ်လင်း ဖန်အဖွဲ့ထဲကို ၀င်ပြီးသွားပြီလေ.. ဒါကြောင့်အတန်းဖော်၀မ်လင်းကို မယဥ်မကျေး ပြုမူမှာ မဟုတ်ဘူး.. အတန်းဖော်စွန်းရုံက သူ့ကို ကြိုက်တယ်ဆိုမှတော့ အတန်းဖော်၀မ်လင်းက ထူးချွန်တဲ့သူ တစ်ယောက်ပဲ ဖြစ်ရမယ်.. ငါဆုံးဖြတ်လိုက်ပြီ.. ဒီနေ့ကစပြီး ငါ အတန်းဖော်၀မ်လင်းကို ဘယ်လိုနည်းနဲ့မဆို ကာကွယ်ပေးမယ်.. အနည်းဆုံးတော့ သူ့ကို ဒီပြိုင်ပွဲမှာ အသက်ရှင်အောင် လုပ်ဆောင်ပေးပြီး အဆုံးထိရောက်အောင် ကူညီပေးမယ်"
၀မ်လင်း"???"
ထိုအချိန်တွင် ၀မ်လင်းသည် ကျူးဟန်ယွင်က ကူရွှင်းကျစ်တို့ လူစု၏ လက်ချက်ဖြင့် လမ်းကြောင်းလွဲသွားခဲ့ပြီဟု ရုတ်တရက် ခံစားခဲ့ရသည်။
၀မ်လင်းဖန်အဖွဲ့၏ စည်းမျဥ်းများ..
(၁) ဖန်အဖွဲ့ထဲကို ၀င်ပြီးတာနဲ့ နတ်ဘုရားအဆင့် ကံကောင်းမှုကို လက်ခံရရှိမယ်.. ဒါကြောင့် မင်းရဲ့အမေကတောင် မင်းရဲ့ပညာရေးကို ဘာမှစိတ်ပူစရာ မလိုတော့ဘူး။
(၂) ဖန်အဖွဲ့ရဲ့အဓိက ပုဂ္ဂိုလ်ဖြစ်တဲ့ လာဘ်ကောင် ၀မ်လင်းကို တန်ဖိုးထားရမယ်။
(၃) လာဘ်ကောင်၀မ်လင်းကို တတ်တတ်ကြွကြွ ကာကွယ်ပေးရမယ်။
(၄) ကလပ်ကိုသစ္စာဖောက်ရင် ကျိန်စာသင့်ခြင်းကို ခံရပြီး သင်ပါ၀င်တဲ့ ဘယ်လိုပြိုင်ပွဲ ဒါမှမဟုတ် ဘယ်လို စာမေးပွဲမှာမှ အောင်မြင်နိုင်တော့မှာမဟုတ်ဘူး။
(၅) ကလပ်က အဖွဲ့၀င်တစ်ယောက်ချင်းဆီကနေ လစဥ် 2.5 HNY ကောက်ခံမယ်.. မပေးရင် စည်းမျဥ်း(၄)အရ အပြစ်ပေးခြင်းကို ခံရမယ်။
အပိုင်း(၁၁၆၁) ပြီး၏