ရှင်သန်ကျန်ရစ်သူအရေအတွက် ၄၂၁
Vol. 78 Ch. 1162
ပထမညသည် အတော်လေး အေးချမ်းသောညဟု ဆိုနိုင်သည်။
ပြိုင်ပွဲတွင်ပါ၀င်သည့် ကျောင်းများသည် မဟာမိတ်များကိုရှာဖွေတွေ့ရှိခဲ့ကြပြီး အရင်းအမြစ်များ အတွက် ယှဥ်ပြိုင်သော တိုက်ပွဲများသည် အနီးနားရှိ တောင်ထွတ်များတွင် ဖြစ်ပွားခဲ့သည်။
တစ်ရက်အကြာမှာပင် ရှင်သန်ကျန်ရစ်သူ ၄၂၁ ယောက်သာ ကျန်ရှိတော့၏။
၀မ်လင်း မှန်းဆထားသည့်အတိုင်းပင် ကျောင်းများအားလုံးသည် ပြိုင်ပွဲ၏ ပထမနေ့မှာပင် မဟာမိတ်များကို ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ကြသည်။
မဟာမိတ်အဖွဲ့ တစ်ဖွဲ့စီတွင် ကျောင်းလေးကျောင်း သို့မဟုတ် ငါးကျောင်း ပါ၀င်၏။
ယခုအခါတွင် မဟာမိတ်အဖွဲ့အသီးသီးသည် တောင်ထွတ်ကိုးခုလုံးကို သိမ်းပိုက်ထားခဲ့ပြီ ဖြစ်သည်။
မဟာမိတ်မဖွဲ့ရသေးသည့် ကျောင်းများကမူ ပထမနေ့ကို ကျော်ဖြတ်နိုင်ခဲ့လျှင်ပင် အဆုံးသတ်၌ ပြိုင်ပွဲအတွင်း ဖယ်ရှားခံရမည်သာ ဖြစ်၏။
သူတို့က ရှင်သန်ရန်အတွက် လုံလောက်သည့် အရင်းအမြစ်များ မရှိကြ၍ တခြားအဖွဲ့ သို့မဟုတ် မဟာမိတ်အဖွဲ့ တစ်ဖွဲ့နှင့် မတွေ့လျှင်ပင် ရှင်သန်နိုင်မည် မဟုတ်ပေ။
ဤသည်က ပထမနေ့သာ ရှိသေး၍ အရာအားလုံးသည် အဆင်ပြေ ချောမွေ့နေသည်ဟု ပြော၍မရပေ။
အမှတ်၆၀ အထက်တန်းကျောင်းနှင့် အခြားသော ကျောင်းများသည်လည်း အချိန်မရွေး ဖယ်ရှားခံရနိုင်ပေသည်။
အဆုံးသတ်တွင် ပြိုင်ပွဲ၌ အသက်ရှင်ကျန်ရစ်သူ အရေအ တွက် အပေါ်တွင်သာ အဆင့်သတ်မှတ်ခံရမည် ဖြစ်၍ အသက်ရှင်ကျန်ရစ်သူ အများဆုံးကျောင်းကသာ အနိုင်ရရှိမည် ဖြစ်၏။
ထို့ကြောင့် ထိုအခြေအနေ မတိုင်ခင်အထိ ဘာမဆို ဖြစ်လာနိုင်ပေသည်။
မဟာမိတ်ဖွဲ့ခဲ့ကြလျှင်ပင် အခြေအနေအရ ဖွဲ့ခဲ့ရသော မဟာမိတ်များသာ ဖြစ်၍ အစစ်အမှန် မဟာမိတ်များ လုံး၀မရှိဟု ဆိုရမည်။
အနည်းဆုံးတော့ ဤသည်မှာ ၀မ်လင်း၏ ပရိသတ်အဖွဲ့ မတည်ထောင်ခင် အထိ ၀မ်လင်း၏အတွေး ဖြစ်သည်။
အမှတ်၆၀ အထက်တန်းကျောင်း၏ အခြေစိုက်စခန်းတွင် လက်ရှိတွင် ကျောင်းငါးကျောင်း ရှိနေခဲ့သည်။
သူတို့က ခုခံရန်အတွက် ခံတပ်တစ်ခုကို တည်ဆောက်ထားသော်လည်း မလုံလောက်သေးပေ။
အဘယ်ကြောင့်ဆိုသော အရင်းအမြစ်နှင့် သတင်းအချက်အလက်များ ထောက်လှမ်းရန်အတွက် ပြင်ပသို့ လူတချို့ စေလွှတ်ရန် လိုအပ်နေသေး၍ ဖြစ်သည်။
ထိုကြောင့် စွန်းရုံသည် ကျောင်းတစ်ကျောင်းစီကနေ အဖွဲ့၀င်နှစ်ဦးစီ ရွေးချယ်ပြီး လူဆယ်ယောက် ပါ၀င်သည့် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းကာ ပြင်ပသို့ စေလွှတ်၍ အရင်းအမြစ်များ စုဆောင်းရန်နှင့် သတင်းအချက်အလက်များ ထောက်လှမ်းရန် အကြံပြုခဲ့သည်။
ဤကိစ္စနှင့် ပတ်သက်ပြီး အမှတ်၆၀ အထက်တန်းကျောင်းတွင် အားသာချက်တစ်ခု ရှိနေခဲ့သည်။
သူတို့က ဆန်းကြယ်ပင်လယ်၏ 3Dရေမျက်နှာပြင် မြေပုံကြောင့် နဂါးကိုးကောင် တောင်တစ်ခုလုံး၏ မြင်ကွင်းကို ရရှိထားခဲ့သည်။
ထို့အပြင် သူတို့၌ နန်ယန်ရှို့၏ အာရုံခံမှော်စွမ်းရည်လည်း ရှိနေခဲ့သည်။
ယင်းက အချင်းလီသုံးဆယ်အတွင်းရှိ လူသားလှုပ်ရှားမှု မှန်သမျှကို မြေပုံပေါ်တွင် ပြသပေးမည် ဖြစ်၏။
စွန်းရုံက သယံဇာတများ ရှာဖွေရန် ပြင်ပသို့ ထွက်နေချိန်တွင် မည်သူမှ လမ်းမပျောက်စေရန် အတွက် ယာယီ အဆောင်လက်ဖွဲ့ မြေပုံများကိုပင် ဖန်တီးပေးခဲ့သည်။
လိုအပ်သည့်အခါတွင် ဤအဆောင်လက်ဖွဲ့သည် တည်နေရာကို စက္ကန့် ၃၀ကြာ ပြသရန် အသုံးပြုနိုင်၏။
စွန်းရုံက မြေပုံအဆောင်လက်ဖွဲ့ အပြင် အခြားသော အဆောင်လက်ဖွဲ့များကိုလည်း စီစဥ်ခဲ့သည်။
သို့သော် အဆောင်လက်ဖွဲ့ အများအပြားကို သူတစ်ယောက်တည်း ဆွဲရန်မှာ အချိန် အလွန်အမင်း ကုန်မည်ဖြစ်သောကြောင့် အမှတ်၆၀ အထက်တန်းကျောင်း၏ မဟာမိတ်စခန်းတွင် အဆောင်လက်ဖွဲ့ကို ဆွဲရန်အတွက် ယာယီအဆောင်လက်ဖွဲ့ ရေးဆွဲရေးအဖွဲ့ကိုပင် တည်ထောင်ခဲ့သည်။
၀မ်လင်းသည်လည်း ထိုအဖွဲ့၏အဖွဲ့၀င်တစ်ဦး ဖြစ်၏။
"အတန်းဖော် ဝမ်လင်း.. အပြင်မှာ အရမ်းအန္တရာယ်များတယ်.. ဒီနေရာမှာနေပြီး အဆောင်လက်ဖွဲ့တွေကိုသာ အေးအေးဆေးဆေး ဆွဲပါ"
စခန်းရှိ စားပွဲတစ်ခုရှေ့တွင် ရပ်နေသည့် ကျူးဟန်ယွင်သည် ၀မ်လင်းကို ရိုသေလေးစားစွာ ကြည့်နေရင်း ပြောလိုက်သည်။
၀မ်လင်း"???"
အရင်းအမြစ်နဲ့သတင်းအချက်အလက် ထောက်လှမ်းခြင်း၏ အန္တရာယ်အမျိုးမျိုးနှင့် နှိုင်းယှဥ်လျှင် အဆောင်လက်ဖွဲ့ဆွဲခြင်းသည် ၀မ်လင်းအတွက် သေချာပေါက် အကောင်းဆုံး အလုပ် ဖြစ်သည်။
ယင်းက သူ့ကို အဖွဲ့အတွက် ကူညီပေးနိုင်သလို အခြေစိုက်စခန်းတွင် သိုသိုသိပ်သိပ် ဘာမှမဟုတ်သည့် သူတစ်ယောက်အဖြစ် နေနိုင်၍ အလွန်ကောင်းမွန်၏။
သူတို့၏ အဆောင်လက်ဖွဲ့ ရေးဆွဲရေးအဖွဲ့သည် မြေပုံအဆောင်လက်ဖွဲ့ အပြင် အခြားသော အဆောင်လက်ဖွဲ့ အမျိုးအစား အများအပြားကို ရေးဆွဲခဲ့သည်။
ဥပမာအားဖြင့် မြှင့်တင်ရေး အဆောင်လက်ဖွဲ့သည် လက်နက်များကို အဆင့်မြှင့်တင်ရာ၌ အသုံးပြုနိုင်သည်။
ယင်းက လက်နက်၏ အနှစ်သာရကို ယာယီ ပြောင်းလဲပေးနိုင်သည့် အဆောင်လက်ဖွဲ့တစ်ခု ဖြစ်သည်။
တစ်နည်းအားဖြင့် လက်နက်မရှိသောအချိန်တွင် သစ်ကိုင်းခတ် သို့မဟုတ် ၀ါးချောင်းကို မြှင့်တင်ရေး အဆောင်လက်ဖွဲ့ အသုံးပြုရုံဖြင့် သံချောင်းအဖြစ် ပြောင်းလဲနိုင်ပေသည်။
အဆောင်လက်ဖွဲ့သည် လူတစ်ယောက်၏ တိုက်ခိုက်နိုင်စွမ်းကို တိုးမြှင့်ပေးနိုင်၏။
အဆောင်လက်ဖွဲ့ကို စိတ်၀ိညာဥ်ဓား သို့မဟုတ် မှော်ရတနာ တစ်ခုခုတွင် အသုံးပြုခဲ့လျှင် နှစ်ဆပို၍ အန္တရာယ်များသွားပေလိမ့်မည်။
ထို့အပြင် မီးဘောလုံးအဆောင်လက်ဖွဲ့၊ မြူခိုးအဆောင်လက်ဖွဲ့၊ ကိုယ်ဖျောက် အဆောင်လက်ဖွဲ့နှင့် အော်ရာဖုံးကွယ်ခြင်း အဆောင်လက်ဖွဲ့ ကဲ့သို့ အကာအကွယ်နှင့် ထောက်လှမ်းရေးအတွက် အသုံး၀င်သည့် အဆောင်လက်ဖွဲ့အမျိုးမျိုးလည်း ရှိပါသေးသည်။
၀မ်လင်းအတွက် အဆောင်လက်ဖွဲ့ ရေးဆွဲသည်မှာ သေချာပေါက် မခက်ခဲပေ။
သို့သော် ပြဿနာမှာ သူက စွမ်းအားကို မည်မျှပင် ထိန်းချုပ်ဖို့ ကြိုးစားပါစေ သူရေးဆွဲသည့် အဆောင်လက်ဖွဲ့များသည် အခြေခံတည်ထောင်ခြင်းအဆင့် ကျောင်းသားများ ရေးဆွဲသည့် အဆောင်လက်ဖွဲ့များထက် သိသိသာသာပို၍ အစွမ်းထက်နေခြင်း ဖြစ်သည်။
နို၀င်ဘာလ ၁၆ရက် တနင်္ဂနွေနေ့သည် ရှင်သန်ရေးတိုက်ပွဲ၏ ဒုတိယနေ့ ဖြစ်သည်။
အဓိကတောင်ထွတ် အထက်ရှိ ရှင်သန်ကျန်ရစ်သူအရေ အတွက်သည် မပြောင်းလဲသေးပေ။
နောက်ထပ် တစ်ရက်နှစ်ရက်အတွင်း ကျောင်းတစ်ကျောင်းစီသည် သတင်းအချက်အလက်များကို လျှို့၀ှက်စွာထောက်လှမ်းရန် အာရုံစိုက်လာလိမ့်မည်ဟု ၀မ်လင်းက ခန့်မှန်းခဲ့သည်။
ဆိုရလျှင် ထိုရက်များ၌ တိုက်ပွဲကြီးကြီးမားမား ဖြစ်မည် မဟုတ်သလို ပြိုင်ပွဲတွင် ပါ၀င်သူ အရေအတွက်ကလည်း ပထမနေ့လောက် သိသိသာသာ လျော့ကျသွားမည် မဟုတ်ပေ။
ဒုတိယနေ့တွင် အရင်းအမြစ်နှင့် ထောက်လှမ်းရေး အတွက် ပြင်ပသို့ထွက်ရန် မဲနှိုက်ခဲ့ရာ အမှတ်၆၀ အထက်တန်းကျောင်း အတွက် ချန်းချောင်နှင့် ၀မ်ကျန်းတို့သည် ကိုယ်စားလှယ်အဖြစ် အရွေးခံခဲ့ရသည်။
အရင်းအမြစ်နှင့် ထောက်လှမ်းရေးအဖွဲ့၏ တာ၀န်ခံမှာ နန်ယန်ရှို့ ဖြစ်၏။
"ငါတို့ အဖွဲ့နှစ်ဖွဲ့ ခွဲကြမယ်.. တစ်ဖွဲ့က အရင်းအမြစ်တွေ စု ဆောင်းမယ်.. နောက်တစ်ဖွဲ့က သတင်းအချက်အလက်ကို ထောက်လှမ်းမယ်.. အရင်းအမြစ်စုဆောင်းတဲ့ အဖွဲ့ကတော့ အနီးအနား ပတ်၀န်းကျင်မှာပဲ လှုပ်ရှားရမှာ ဖြစ်တဲ့အတွက် ပိုပြီးတော့ ဘေးအန္တရာယ်ကင်းလိမ့်မယ်.. အဓိကအချက်က မင်းတို့ရဲ့ တည်နေရာကို ကာကွယ်ဖို့ အဆောင်လက်ဖွဲ့တွေကို သေသေချာချာ အသုံးပြုရမယ်.. ဒါဆိုရင် တစ်ဖက်ရန်သူအနေနဲ့ မင်းတို့ကို ရှာတွေ့ဖို့ ခက်ခဲသွားလိမ့်မယ်.. တစ်ဖက်မှာတော့ သတင်းအချက်အလက် ထောက်လှမ်းတာက အရမ်းကိုအန္တရာယ်များတဲ့ အလုပ်ပဲ.. ငါနဲ့အတူ လိုက်မဲ့သူရှိလား"
နန်ယန်ရှို့က သူရှေ့မှာရှိသော လူဆယ်ယောက်ကို ကြည့်ကာ မေးလိုက်သည်။
နန်ယန်ရှို့က ထောက်လှမ်းရေးအဖွဲ့တွင် ပါ၀င်ဖို့ဆုံးဖြတ်ထား၍ သူ၏ တောင်ပင်လယ်ကောင်းကင် အထက်တန်း ကျောင်းမှ ကျန်ကျောင်းသားတစ်ယောက်သည် သူနှင့်အတူလိုက်လာမည်မှာ သေချာသလောက် ရှိသည်။
ထိုကျောင်းသားက မျက်မှန်တပ်ထားပြီး ဆံပင်ကို ဖရဲသီးကေ ညှပ်ထားသည့် ကောင်လေးတစ်ယောက် ဖြစ်သည်။
ချန်းချောင်က ထိုကောင်လေးကို လေးလုံးဟု စိတ်ထဲကနေ အမည်ပေးထားလိုက်သည်။
"ငါတို့ပါ၀င်မယ်"
ချန်းချောင်က စေတနာ့၀န်ထမ်းအနေဖြင့် ၀င်ပြောလိုက်သည်။
ဤသည်က အမျိုးသားအဆင့် ပြိုင်ပွဲတစ်ခုဖြစ်ပြီး ပြိုင်ပွဲတွင်ပါ၀င်ရန်မှာ ရှားပါးသည့် အခွင့်အရေးတစ်ခု ဖြစ်သည်။
ချန်းချောင်အတွက်မူ အခြေစိုက်စခန်းတွင် ပုန်းအောင်းနေသည်က လုံး၀ အဓိပ္ပါယ်မရှိပေ။
ဤသည်က ချန်းချောင်၏ စိတ်အားထက်သန်သော စရိုက်နှင့် အလွန် လိုက်ဖက်သည်ဟု ၀မ်ကျန်း ခံစားခဲ့ရသည်။
ထို့ကြောင့် သူတို့ကံစမ်းမဲနှိုက်သည့်အခါတွင် ကူရွှင်းကျစ်သည် ရလဒ်ကို လှည့်စားခဲ့ခြင်း ဖြစ်သည်။
၀မ်ကျန်းက ချန်းချောင်နောက်ကို လိုက်နေသ၍ ချန်းချောင် တွင် မည်သို့သော အန္တရာယ်မျိုးမှ ရှိမည်မဟုတ်ပေ။
ထို့အပြင် ၀မ်ကျန်းသည် ကမ္ဘာဂြိုလ်ပေါ်ရှိ အခြေခံတည် ထောင်ခြင်းအဆင့် တိုက်ခိုက်နိုင်သူများ၏ အစွမ်းအစကို သိချင်နေခဲ့သည်။
ထို့ကြောင့် ၀မ်ကျန်းကလည်း တိုက်ရိုက် သဘောတူလိုက်သည်။
"ငါလည်း ဘာပြသနာမှမရှိဘူး"
ထောက်လှမ်းရေးအလုပ်က အလွန် အန္တရာယ်များသည့်အလုပ်ဖြစ်၍ လူစုဆောင်းရန် ခက်ခဲလိမ့်မည်ဟု နန်ယန်ရှို့က ထင်နေခဲ့သည်။
သို့သော်လည်း ချန်းချောင်နှင့်၀မ်ကျန်းတို့က စေတနာ့၀န်ထမ်းအဖြစ် ၀င်ပြောလိမ့်မည်ဟု သူ မထင်ခဲ့ပေ။
ထို့ကြောင့် သူက အလွန် ၀မ်းသာသွားခဲ့သည်။
လူများလျှင် ညှိုနှိုင်းရ ခက်ခဲနိုင်သောကြောင့် သူတို့သည် လူလေးယောက် ပါ၀င်သည့် ထောက်လှမ်းရေးအဖွဲ့ကိုသာ ဖွဲ့စည်းခဲ့သည်။
ပျော်ရွှင်စွာဖြင့် လုပ်ငန်းဆိုင်ရာများကို ခွဲဝေပြီးနောက်တွင် အဖွဲ့နှစ်ဖွဲ့သည် သီးခြားစီ လုပ်ဆောင်ခဲ့ကြသည်။
သူတို့၏ အခြေစိုက်စခန်းရှိရာ မီးတောင်ထွတ်နှင့် အနီးဆုံးတောင်ထိပ်သည် မြူခိုးတောင်ထိပ်ဖြစ်ပြီး နန်ယန်ရှို့သည် အစောကြီးကတည်းကပင် ထိုတောင်ထွတ်ကို မျက်စိကျခဲ့သည်။
"မြူခိုးတောင်ထွတ်မှာ အရမ်းရင်းနှီးတဲ့ အော်ရာတစ်ခု ရှိနေတယ်"
နန်ယန်ရှို့က အာရုံခံစား၍ ပြောလိုက်သည်။
၀မ်ကျန်းက နန်ယန်ရှို့ ဆိုလိုချင်သည့် အဓိပ္ပါယ်ကို အနည်းနှင့်အများ ခန့်မှန်းနိုင်ခဲ့သည်။
"ငါသိသလောက် အမှတ်၁ မိစ္ဆာနှိမ်နှင်းရေးအထက်တန်း ကျောင်းအဖွဲ့ရဲ့ ခေါင်းဆောင် ကောင်းထျန်းမင်က လက်ရှိမှာ ကျောင်းလေးကျောင်းနဲ့ မဟာမိတ်ဖွဲ့ထားပြီး မြူခိုးတောင်ထိပ်ကို သိမ်းပိုက်ထားတယ်လို့ သိရတယ်"
နန်ယန်ရှို့က ပြောလိုက်သည်။
"မင်းတို့ကြားမှာ မကျေနပ်ချက်တွေ ရှိလား"
၀မ်ကျန်းက မေးခွန်းထုတ်လိုက်၏။
"မရှိပါဘူး.. ဒါပေမဲ့ ဒီကောင်ကနည်းနည်းတော့ကိုင် တွယ်ရခက်တယ်.. ဒါ့အပြင် သူရှိတဲ့တောင်ထွတ်က ငါတို့နဲ့ အရမ်းနီးကပ်နေတာကြောင့် အချိန်မရွေး ရုတ်တရက် တိုက်ခိုက်လာနိုင်တယ်.. ဒါ့အပြင် ကောင်းထျန်းမင်ရဲ့ စရိုက်အရ ငါ့ရဲ့ခန့်မှန်းချက်သာ မလွဲဘူးဆိုရင် အခြားကျောင်းတွေကို သူ့ရဲ့ မဟာမိတ်ဖြစ်လာအောင် အတင်းအကြပ် စေခိုင်းခဲ့တာ ဖြစ်ရမယ်"
နန်ယန်ရှို့က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
သူက အမှတ်၁ မိစ္ဆာနှိမ်နင်းရေး အထက်တန်းကျောင်း၏ ဗိုင်းရပ်ရုပ်သေး မှော်စွမ်းရည်ကို အလွန်ပင် စိုးရိမ်နေခဲ့သည်။
ဤသည်က အလွန် အားကောင်းသည့် ထိန်းချုပ်ခြင်းမန္တန်တစ်ခု ဖြစ်ပြီး အရေးကြီးသောအချက်မှာ ခုခံရန် အလွန်ခက်ခဲခြင်း ဖြစ်၏။
နန်ယန်ရှို့သည် ယခင်က ကောင်းထျန်းမင်နှင့် တိုက်ခိုက်ခဲ့ဖူး၏။
ထို့ကြောင့် ကောင်းထျန်းမင်၏ စရိုက်က မည်သို့ရှိမှန်း ကောင်းစွာသိသည်။
သူ့အမြင်တွင် ကောင်းထျန်းမင်သည် ရူးသွပ်နေသူ တစ်ယောက်နှင့် ဆင်တူ၏။
၎င်းတွင် အစစ်အမှန် မဟာမိတ် လုံး၀ရှိလာမည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ကောင်းထျန်းမင်သည် မည်သည့် မဟာမိတ်ကိုမှ သူထိန်းချုပ်နိုင်သည့် ရုပ်သေးအဖြစ် ပြောင်းလဲပစ်သည်ထက် ပို၍ ယုံကြည်စိတ်ချမည် မဟုတ်သောကြောင့်ပင်။
အပိုင်း(၁၁၆၂) ပြီး၏