← Chapters

အရိပ်ရုပ်သွင်ကမ္ဘာ၏ အထူးလုပ်ဆောင်နိုင်စွမ်း

Vol. 78 Ch. 1165

အရိပ်ရုပ်သွင်ကမ္ဘာ၏ အထူးလုပ်ဆောင်နိုင်စွမ်း

Vol. 78 Ch. 1165

ထူးချွန်အဆင့် အသားဒိုင်းတစ်ယောက်အနေဖြင့် သူ့ကို တုန်လှုပ် သွားစေလောက်သည့် တိုက်ခိုက်မှု အမျိုးအစား အများအပြား ရှိမည်ဟု ၀မ်ကျန်း မယုံကြည်ခဲ့ပေ။

ထို့အပြင် ဤသည်မှာ အခြေခံတည်ထောင်ခြင်းအဆင့် ကျင့်ကြံသူများ၏ ပြိုင်ပွဲ ဖြစ်သည်။

ယင်းအတွက်ကြောင့် ၀မ်ကျန်းသည် အစကတည်းကပင် သိပ်အလေးအနက် မထားခဲ့ပေ။

သူက အိပ်မက်ထဲမှာပင် အခြေခံတည်ထောင်ခြင်းအဆင့်ကျောင်းသား တစ်ယောက်က ဤမျှ ကြောက်မက်ဖွယ်ကောင်းသည့် အစွမ်းကို ထုတ်ဖော်နိုင်လိမ့်မည်ဟု မမက်ခဲ့ဖူးပေ။

ဆိုရလျှင် ဤစွမ်းအားသည် အခြေခံ တည်ထောင်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက် ထုတ်ဖော်နိုင်သည့် စွမ်းအားမျိုး မဟုတ်ချေ။

၀မ်ကျန်းသည် ရုပ်သေးတစ်ရုပ်က သူ့ဆီသို့ ရုတ်တရက် အရှိန်ဖြင့် ပြေး၀င်လာသည်ကို တွေ့လိုက်ရသည်။

ထိုအရုပ်က အရပ်နှစ်မီတာလောက်အထိ မြင့်မားပြီး သံမဏိအကောင်းစားဖြင့် ပြုလုပ်ထားသည်။

ဂီယာဘီးများ လည်ပတ်နေသော အသံနှင့်အတူ အရှေ့ကိုပြေး၀င်လာသော အချိန်တွင် အရုပ်၏ နောက်ကျောဘက်မှ သံမဏိအတောင်ပံများသည် ကြောင်တစ်ကောင်က ခြေသည်းများဖြင့် သင်ပုန်းပေါ်တွင် ပွတ်ဆွဲသကဲ့သို့ အသံမျိုး ထွက်ပေါ်နေခဲ့သည်။

ရုပ်သေး ဆရာသခင်တိုင်းတွင် သူတို့၏ ကိုယ်ပိုင် ရုပ်သေးများ ရှိကြသည်။

ကောင်းထျန်းမင်၏ ရုပ်သေးကို ရစ်ပါဟု ခေါ်သည်။

ထိုအရုပ်က ထိတ်လန့်စရာ ရုပ်ရှင်ဇာတ်ကားထဲမှ အရုပ်ကဲ့သို့အပြုံးမျိုးဖြင့် သူ၏ သံမဏိသွားများကို မြင်သာအောင် ပြုံးလိုက်ပြီး ၀မ်းကျန်းကို မျိုချရန် ပြေး၀င်လာခဲ့သည်။

၀မ်ကျန်းက အရုပ်၏ တိုက်ခိုက်မှုကို လုံး၀ မကြောက်ရွံ့ခဲ့ပေ။

သူက အထက်ဘုံဖြစ်သည့် နတ်ဘုရားနယ်မြေ၏ အထူးချွန်ဆုံးကျင့်ကြံသူတစ်ယောက် ဖြစ်၍ ထိပ်တိုက်ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။

ထိုအခိုက်တွင် သူသည် လျှို့၀ှက်နက်နဲသော အစွမ်းဖြင့် အဆင့်မြှင့်တင်ထားသည့် ရုပ်သေး၏ လျှို့၀ှက်ချက်ကို ဖော်ထုတ်ချင်နေခဲ့သည်။

သို့သော် ၀မ်ကျန်း၏ လက်သီးက ရစ်ပါ၏ သွားနှင့် ထိပ်တိုက်ဆုံမိသောအခါ ရုတ်တရက် အနက်ရောင် အရိပ်တစ်ခု ပေါ်ထွက်လာခဲ့ပြီး ၀မ်ကျန်းသည် အားကောင်းသော စုပ်ယူမှုတစ်ခုကို ခံစားလိုက်ရသည်။

အချိန်အနည်းငယ်အတွင်း သူ၏ မြင်ကွင်းမှန်သမျှသည် မည်းမှောင်သွားခဲ့၏။

သူအသိစိတ် ပြန်၀င်လာသောအခါတွင် သူ့ရှေ့မှ မြင်ကွင်းများသည် နဂါးကိုးကောင်တောင်၏ မြင်ကွင်းများ မဟုတ်တော့ဘဲ သဲကန္တရ နယ်မြေတစ်ခု ဖြစ်နေခဲ့သည်။

ဤနေရာတွင် မည်သည့်အသံမှမကြားရဘဲ စက်ဆုပ်ဖွယ်ခံစားမှုတစ်ခုသာ ရှိနေခဲ့သည်။

သွေးညှီနံ့များက သူ၏အာရုံငါးပါးကို အတော်လေး အနှောင့်အယှက် ပေးနေခဲ့သည်။

သူ၏ခန္ဓာကိုယ်က သွေးထဲတွင် ချည်နှောင်ခံထားရကာ နစ်မြုပ်နေသကဲ့သို့ ခံစားရသည်။

ဤနေရာက ထင်သလောက် မရိုးရှင်းလှဟု ၀မ်ကျန်းထင်ခဲ့သည်။

သူက သူ့ကိုယ်သူ ကမ္ဘာငယ်လေးနှင့် ဆင်တူသည့် အခြားကမ္ဘာတစ်ခု ထဲတွင် ရှိနေသည်ဟု ယုံကြည်ခဲ့သည်။

စင်စစ် အခြေခံတည်ထောင်ခြင်းအဆင့် ကျင့်ကြံသူတစ် ယောက်တွင် ဤကဲ့သို့ အစွမ်းမျိုးပိုင်ဆိုင်ရန်မှာ လုံး၀မဖြစ်နိုင်ပေ။

ထို့အပြင် ဤကမ္ဘာသည် အလွန်ပင် မှောင်မည်းသည်။

ကျင့်ကြံသူများ တည်ဆောက်ထားသည့် ကမ္ဘာငယ်လေး အများစုသည် ကောင်းကင်တာအို၏ နိယာမများပေါ်တွင် အခြေခံကြသည်။

၀မ်ကျန်း ကိုယ်တိုင်တွင်လည်း အစွမ်းများ ကန့်သတ်မခံရခင် ကမ္ဘာငယ်လေး တစ်ခုရှိခဲ့သည်။

ကမ္ဘာငယ်လေး တစ်ခုတွင် တောင်များနှင့် မြစ်များ၊ သစ်တောများနှင့် သဲကန္တာရများ အပြင် သက်ရှိသတ္တ၀ါများပင် ပါ၀င်နိုင်သည်။

အနီးစပ်ဆုံး နှိုင်းယှဥ်၍ပြောရလျှင် စစ်မှန်သည့်ကမ္ဘာငယ်လေး တစ်ခုသည် အိမ်ဆောက်သည့်ဂိမ်းများနှင့် ဆင်တူသည်ဟု ၀မ်ကျန်း ခံစားခဲ့ရသည်။

သင်၏ ကမ္ဘာငယ်လေးတွင် ကမ္ဘာ့နိယာမများကို တည်ဆောက်ပြီးသည့် အခါတွင် စိတ်ကြိုက်အလှဆင်နိုင်သလို ပန်းအချို့လည်း စိုက်ပျိုးနိုင်သည့်အပြင် အိမ်မွေးတိရ စ္ဆာန်များလည်း မွေးမြူနိုင်ပေသည်။

သို့ရာတွင် သူ့ရှေ့မှ ကမ္ဘာကမူ မယုံနိုင်လောက်အောင် မည်းမှောင်နေခဲ့သည်။

ရုတ်တရက် ၀မ်ကျန်းက ၀မ်လင်း ယခင်ကပြောခဲ့ဖူးသည့် အရာတစ်ခုကို အမှတ်ရလိုက်သည်။

"ဒါက အရိပ်ရုပ်သွင်နေရာလား"

ဤသည်က လင်းကျန်းရန် ညီမ၏ လွှမ်းမိုးမှုဖြင့် ဖန်တီးထားသည့် အရိပ်ရုပ်သွင်ကမ္ဘာ ဖြစ်နိုင်ပါသလော။

၀မ်ကျန်းက ၀မ်လင်းတစ်ယောက် သူ့ညီမစွမ်းရည်များ ကိန်းအောင်းနေသည့် အေးခဲထားသော ဖက်ထုပ်များကို ဖယ်ရှားရန်အတွက် အလွန်အမင်း ကြိုးစားခဲ့ရကြောင်း သိထားခဲ့သည်။

ထိုကိစ္စကို ဖြေရှင်းပြီးပြီဟု ၀မ်ကျန်း ထင်ထားခဲ့သော်လည်း ဤနေရာတွင် ပြဿနာနှင့် တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ယခုအခါတွင် ၀မ်ကျန်းသည် အရိပ်ရုပ်သွင်ကမ္ဘာထဲသို့ စုပ်ယူခံလိုက်ရသည်ကို သေချာသွားခဲ့သည်။

ထိုနေရာမှ လွတ်မြောက်ရန်မှာ နှလုံးသားနတ်ဆိုးကို ရှာဖွေကာ အနိုင်ယူရပေမည်။

သို့မှသာ အတွင်းထဲရှိ ကမ္ဘာက ပြိုလဲသွားမည် ဖြစ်၏။

သူက လုပ်ဆောင်မှု မစတင်ရသေးခင်မှာပင် ရုတ်တရက်နာကျင်မှုကို ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် သစ်သားအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲကာ သစ်သားရုပ် တစ်ခု ဖြစ်သွားခဲ့သည်။

ထို့နောက်တွင် ရှည်လျားပါးလွှာသော ပိုးချည်မျှင်ကြိုးများသည် ကောင်းကင်ကနေ ကျဆင်းလာပြီး သူ၏ ခန္ဓာကိုယ်ကို ချိတ်တွယ်သွားခဲ့သည်။

သူ၏ခန္ဓာကိုယ်က သူ၏ထိန်းချုပ်မှုအောက်တွင် မရှိတော့ဘဲ အရုပ်တစ်ရုပ်လို ဖြစ်သွားသည်ကို ၀မ်ကျန်း တွေ့ရှိလိုက်ရ၏။

ဤလျှို့၀ှက်ဆန်းကြယ်သည့် အစွမ်း၏ ထိန်းချုပ်မှုကြောင့် ၀မ်ကျန်းသည် နန်းတော်တစ်ခုဆီသို့ ခြေလှမ်းတစ်လှမ်းချင်း လှမ်းကာ ရွေ့လျားလာခဲ့သည်။

ဤနန်းတော်သည် အရိပ်ရုပ်သွင်ကမ္ဘာ၏ တစ်ခုတည်းသောနန်းတော် ဖြစ်သည်။

၀မ်ကျန်းသည် သူကဲ့သို့ ရုပ်သေးအဖြစ် ပြောင်းလဲသွားသည့် အခြားသူများလည်း ဤနေရာတွင် ရှိနေသည်ကို တွေ့ရ၍ အံ့သြသွားခဲ့သည်။

သူတို့ထဲမှ အများစုသည် ဤတစ်ခေါက်ပြိုင်ပွဲတွင် ပါ၀င်ခဲ့ကြသည့် ကျောင်းသားများ ဖြစ်ကြပြီး သူကဲ့သို့ပင် ကြိုးများနှင့် ချိတ်ဆွဲခံရကာ ဤကမ္ဘာကြီး၏ ဆန္ဒအတိုင်း ရွေ့လျားနေကြရသည်။

လျှို့၀ှက်ဆန်းကြယ်သော အင်အားက ၀မ်ကျန်းကို အရင်းအမြစ်များ ရှိရာ နေရာတစ်ခုဆီသို့ ဆွဲခေါ်သွားခဲ့၏။

သူက သူ့ကိုယ်သူ လုံး၀ထိန်းချုပ်မှုမရှိတော့ဘဲ မြေပြင်ပေါ်ရှိအုတ်တုံးများကို ကောက်ယူကာ မတည်ဆောက်ရသေးသည့်ံရံတစ်ခုဆီသို့ ရွေ့လျားလာခဲ့သည်။

ထိုအခိုက်တွင် ၀မ်ကျန်းရှေ့ရှိ အရုပ်တစ်ရုပ်သည် လဲကျသွားပြီး လက်ထဲတွင် ကိုင်ထားသည့် အုတ်တုံးများသည် မြေပြင်ပေါ်တွင် အက်ကွဲသွားခဲ့သည်။

"ငါ့ရဲ့ဆန္ဒကို အာခံတာလား"

ကောင်းထျန်းမင်း၏ ဒေါသတကြီး ကြုံး၀ါးလိုက်သော အသံသည် အရိပ်ရုပ်သွင်ကမ္ဘာတွင် ပဲ့တင်ထပ်သွားခဲ့သည်။

မမြင်နိုင်သော ကြာပွတ်တစ်ခုသည် လဲကျသွားသည့် ရုပ်သေးကို ရိုက်နှက်လိုက်ရာ သွေးညှီနံ့များ ပြင်းထန်သည့် သစ်သားအပိုင်းအစများသည် ရုပ်သေး၏ ခန္ဓာကိုယ်ကနေ ကွဲထွက်သွားခဲ့သည်။

ထိုမြင်ကွင်းကိုကြည့်ကာ ၀မ်ကျန်းသည် သဘောပေါက်သွားခဲ့သည်။

ဤနန်းတော်သည် အတင်းအဓမ္မရုပ်သေးအဖြစ် ပြောင်းလဲခံရသူများ အတွက် ချွေးတပ်စခန်းတစ်ခု ဖြစ်၏။

"ဒါက အရိပ်တာအိုရဲ့စွမ်းအားလား"

၀မ်ကျန်း အံ့သြနေခဲ့သည်။

သူက ထောင်ချောက်ထဲတွင် ပိတ်မိနေပြီမှန်း ကောင်းစွာသိလိုက်၏။

ထို့ကြောင့် သူပိတ်မိနေသည်ကို တခြားလူများ သိအောင်လုပ်ရန် နည်းလမ်းတစ်ခုခုကို စဥ်းစားရပေမည်။

၀မ်ကျန်းနှင့် ဆွေးနွေးထားသည့် အစီအစဥ်အတိုင်း နန်ယန်ရှို့သည် ကောင်းထျန်းမင်၏ အရင်းအမြစ် ရှာဖွေမှုကို ရပ်တန့်ရန်အတွက် စွန်ရုပ်သေး၏ ကြိုးများကို ဖြတ်တောက်ဖို့ ပြင်ဆင်နေခဲ့သည်။

သို့သော် ထိုအချိန်မှာပင် နန်ယန်ရှို့သည် ရုတ်တရက်မျက်မှောင်ကြုတ်သွားခဲ့သည်။

"တစ်ခုခုတော့မှားနေပြီ.. အတန်းဖော်၀မ်ကျန်းရဲ့ အော်ရာက ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီ"

နန်ယန်ရှို့၏ ဆံပင်များအားလုံးက ထောင်ထသွားခဲ့သည်။

လူတစ်ယောက်၏​ အော်ရာ မြေပုံပေါ်ကနေ ရုတ်တရက် ပျောက်ကွယ်သွားရသည့် အကြောင်းအရင်း သုံးခုသာ ရှိသည်။

တစ်အချက်မှာ ၀မ်ကျန်းသည် သူ၏အော်ရာကို တမင်တကာ ဖျောက်ထားခြင်း ဖြစ်၏။

ယင်းမှာ ဖြစ်နိုင်ဖွယ်ရာ မရှိပေ။

သူတို့သဘောတူထားသည့် အစီအစဥ်အရ ၀မ်ကျန်းသည် တစ်ဖက်လူကို မျှားထုတ်ရန်အတွက် အသားဒိုင်းအဖြစ် ထွက်သွားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ၀မ်ကျန်းအနေဖြင့် အော်ရာကို ဖျောက်ကွယ်ထားစရာ အကြောင်း လုံး၀မရှိပေ။

နှစ်အချက်မှာ ၀မ်ကျန်းသည် လျှို့၀ှက်ဆန်းကြယ်သည့်နေရာတစ်ခုသို့ ကျရောက်သွားခြင်း ဖြစ်သည်။

ထိုနေရာက နေရာလွတ်တစ်ခုခု သို့မဟုတ် ကမ္ဘာငယ်လေးနှင့် ဆင်တူသည့်နေရာတစ်ခု ဖြစ်နိုင်၏။

သို့ရာတွင် ကမ္ဘာငယ်လေးကို ဖွင့်လှစ်နိုင်သည့် အလွန်အစွမ်းထက်သူ တစ်ယောက်သည် အခြေခံတည်ထောင်ခြင်းအဆင့်ပြိုင်ပွဲတွင် မည်ကဲ့သို့ ပေါ်လာနိုင်ပါမည်နည်း။

သုံးအချက်ဖြစ်သည့် နောက်ဆုံးဖြစ်နိုင်ချေသည် နန်ယန်ရှို့ မယုံကြည်ချင်သည့်အရာ ဖြစ်သော သေခြင်းတရား ဖြစ်သည်။

တစ်ဖက်တွင်လည်း အမှတ်၆၀ အထက်တန်းကျောင်း၏ စခန်းတွင် လျူချင်းရီသည် ၀မ်ကျန်း၏ အော်ရာက နဂါးကိုးကောင်တောင်၏ မြေပုံပေါ်ကနေ ပျောက်ကွယ်သွားသည်ကို ခံစားမိကာ အနည်းငယ်စိတ်မသက်မသာ ဖြစ်နေခဲ့သည်။

သို့သော် ၀မ်ကျန်းက အော်ရာကို မစ်ရှင်အတွက် ဖျောက်ထားခြင်း ဖြစ်နိုင်သည်ဟူသော အယူအဆကိုလည်း မဖယ်ထုတ်ထားပေ။

"ဒီအရူးကောင် အခြေခံတည်ထောင်ခြင်းအဆင့်ပြိုင်ပွဲမှာတောင် ဘယ်လိုတွေ လုပ်နေတာလဲ"

လျူချင်းရီက အနည်းငယ် စိတ်ပူနေခဲ့သည်။

သူမက ၀မ်ကျန်းကို သဘောမကျသဖြင့် ၀မ်ကျန်း သေဆုံးသွားရန်အတွက် အကြိမ်ပေါင်းများစွာ ဆုတောင်းခဲ့ဖူးသည်။

သို့သော် သူတို့နှစ်ယောက်လုံး၏ စွမ်းအား တစ်စိတ်တစ်ပိုင်းကို ကောင်းကင်တာအိုက ချိတ်ပိတ်လိုက်ပြီးနောက်တွင် သူတို့သည် အခြားတစ်ယောက်၏ နေအိမ်တွင် အတူတကွ နေထိုင်ခဲ့ကြရသည်။

ထိုသို့ နေထိုင်ရင်းဖြင့် လျူချင်းရီသည် ၀မ်ကျန်းက သူမ ထင်ထားသလောက် ဆိုးရွားသော လူတစ်ယောက် မဟုတ်မှန်း သဘောပေါက်လိုက်သည်။

တစ်ချိန်တည်းမှာပင် ၀မ်လင်း၏ မျက်နှာသည် တဖြည်းဖြည်း တင်းမာလာခဲ့သည်။

သူ့အထင်မမှားလျှင် ယခုလေးတင် သူအာရုံခံစားမိသည့် အရှိန်အ၀ါသည် အရိပ်တာအို၏ အရှိန်အ၀ါ ဖြစ်သည်။

သူက သူညီမလေး၀မ်နွမ်၏ စွမ်းအားများ ကိန်းအောင်းနေသည့် အေးခဲဖက်ထုပ် အားလုံးကို လုံး၀ဖျက်ဆီးပြီးပြီ ဖြစ်၏။

သို့ဆိုလျှင် ဖက်ထုပ် အကြွင်းအကျန်များက အမှန်တကယ်ကျန်ရှိနေပါသလော။

၀မ်လင်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

၀မ်ကျန်း၏ အော်ရာပျောက်ကွယ်သွားသည်က အရိပ်တာအို၏ စွမ်းအား နှင့် ပတ်သက်နေလောက်သည်ဟု သူ့တွင် ယုံကြည်လောက်စရာ အကြောင်းပြချက်များ ရှိနေသည်။

"ငါကိုယ်တိုင်သွားကြည့်မှ ဖြစ်တော့မယ်"

၀မ်လင်းက စိတ်ထဲကနေ သက်ပြင်းချကာ ရေရွတ်လိုက်သည်။

သူက အမြဲတစေ အရှုပ်အထွေးများတွင် မပါချင်သောသူ တစ်ယောက် ဖြစ်သည်။

သို့သော်လည်း အဆုံးသတ်တွင် ထိုပြဿနာကို ဖြစ်ပေါ်စေခဲ့သည်မှာ သူ၏ညီမလေး ဖြစ်၏။

အစ်ကိုတစ်ယောက်၏ တာ၀န်သည် ညီမလေး ရှုပ်ပွထားသောအရာများကို လိုက်လံရှင်းလင်းရန်ပင် မဟုတ်ပါလော။

အပိုင်း(၁၁၆၅) ပြီး၏

All Chapters