ဟွာကောရေတံခွန်လုပ်ငန်းစုရဲ့ စံပြသမက်ဖြစ်ချင်တယ်
Vol. 78 Ch. 1166
ထိုအချိန်တွင် ကောင်းထျန်းမင်သည် မြူခိုးတောင်ထိပ်တွင် ရပ်နေခဲ့သည်။
သူ၏ပတ်ပတ်လည်တွင် အရင်းအမြစ်များကို စုဆောင်းရန်တာ၀န်ယူထားသော အရုပ်ဆယ့်နှစ်ရုပ်သည် သူ့ဆန္ဒအတိုင်း လှုပ်ရှားနေခဲ့ကြသည်။
သူက အရင်းအမြစ်များ စုဆောင်းရန်အပြင် အဝေးမှအခြေအနေများအား စောင့်ကြည့်ရန်နှင့် တောင်ခြေရှိ လှပသော ရှုခင်းများကို ခံစားရန်အတွက် ထိုအရုပ်များကို အသုံးပြုနိုင်၏။
တောင်ထိပ်ကနေ အောက်သို့ ငေးကြည့်ရင်း ကောင်းထျန်းမင်သည် အဆုံးမဲ့အင်အားကို ရရှိပြီးနောက်တွင် မြင့်မားသောနေရာ၌ ရပ်တည်နိုင်သည့် စိတ်လှုပ်ရှားမှုကို ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။
ထိုအင်အား၏ ခံစားချက်သည် နှိုင်းယှဥ်၍ မရလောက်အောင် ခမ်းနားထည်၀ါ၏။
ကောင်းထျန်းမင်အတွက် အရိပ်တာအိုစွမ်းအားသည် အချိန်အတော်ကြာ သကြားကို တောင့်တပြီးနောက်တွင် ချောကလက်ကို ရရှိခြင်းနှင့် ဆင်တူသည်။
ဆိုရလျှင် အရိပ်တာအိုသည် သူ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကို အပြင်းအထန်ပင် လှုံ့ဆော်ပေးခဲ့သည်။
ကမ္ဘာပေါ်တွင် ဤကဲ့သို့ဆန်းကြယ်သော စွမ်းအားမျိုးရှိကြောင်း ကောင်းထျန်းမင် မသိခဲ့ပေ။
ယခုအခါ သူ့တွင် ဤအထူးစွမ်းရည် ရှိနေပြီဖြစ်ရာ ပြိုင်ပွဲတွင် ရှုံးနိမ့်စရာ အကြောင်းမရှိနိုင်တော့ချေ။
ဤအထူးစွမ်းရည်ကြောင့် သူသည် လူအများကို သူ၏ အရိပ်ရုပ်သွင်ကမ္ဘာထဲသို့ ခေါ်ဆောင်၍ အတင်းအဓမ္မ ရုပ်သေးအဖြစ် ပြောင်းလဲကာ အဆက်မပြတ် အလုပ်လုပ်ခိုင်းနိုင်မည် မဟုတ်ပါလော။
အချိန်ကြာလာသည်နှင့်အမျှ သူ၏ အရိပ်ရုပ်သွင်သည် အဆုံးမဲ့ ကြီးထွားလာမည်ဖြစ်ပြီး အရိပ်ရုပ်သေး များစွာကို ပိုမို သိုလှောင်နိုင်မည် ဖြစ်၏။
ဆိုရလျှင် အရုပ်အဖြစ်သို့ ပြောင်းလဲသွားသော ဤလူများသည် သူ၏ အောင်မြင်မှုအတွက် လှေကားထစ်များ ဖြစ်လာပေလိမ့်မည်။
ကောင်းထျန်းမင် အတွက်မူ ဤအရုပ်များသည် စျေး၀ယ်စင်တာရှိ စက်ရုပ်လက်ဖြင့် ကောက်ယူ၍ ရရှိသည့် ဆုလာဘ်များနှင့် ဆင်တူသည်။
သူ၏ အရုပ်လောက ထဲသို့ ခေါ်ဆောင်ခံရသော လူသားများသည် သူ၏ရုပ်သေး အလုပ်သမားများအဖြစ် ပြောင်းလဲသွားမည် ဖြစ်၏။
ယင်းမှာ သူ၏ ထူးခြားသော စုဆောင်းမှု တစ်စိတ်တစ်ပိုင်းလည်း ဖြစ်လာပေလိမ့်မည်။
"ခေါင်းဆောင် တောင်ခြေမှာ တစ်ယောက်ယောက် ရှိနေပုံရတယ်"
ထိုအချိန်တွင် ကောင်းထျန်းမင်၏ နားထဲသို့ အသံတစ်သံ ၀င်ရောက်လာသည်။
အသံပိုင်ရှင်မှာ အမှတ်၁ မိစ္ဆာနှိမ်နင်းရေးအထက်တန်း ကျောင်း၏ ဒုခေါင်းဆောင်ရှဲ့မင် ဖြစ်သည်။
၎င်းက ကောက်ကွေးနေသော အ၀ါရောင်ဆံပင်ရှိသူ ဖြစ်သည်။
ဆိုရလျှင် ရှဲ့မင်သည်လည်း ကောင်းထျန်းမင်၏ အရုပ်တစ်ရုပ် ဖြစ်လာခဲ့သည်။
သို့သော်လည်း ကောင်းထျန်းမင်သည် သူ့အတန်းဖော်များကိုမူ သူ၏အရုပ်ရုပ်သွင်လောကထဲတွင် မထားခဲ့ပေ။
သူက ပြိုင်ပွဲပြီးဆုံးလျှင် အမှတ်၁ မိစ္ဆာနှိမ်နင်းရေး အထက် တန်းကျောင်းမှ ကျောင်းသားအားလုံးကို လွှတ်ပေးမည် ဖြစ်သည်။
၎င်းတို့ကို ပြိုင်ပွဲအတွင်း တစ်ယောက်ချင်း လိုက်လံ စောင့်ကြည့် အမိန့်ပေးနေလျှင် ခရီးတွင်မည်ဟု သူ မထင်ပေ။
ထို့ကြောင့် ၎င်းတို့ကို သူ့အရုပ်များ ဖြစ်လာစေခဲ့သည်။
ပြိုင်ပွဲကို ချောမွေ့စွာ အနိုင်ရရှိစေရန် အတွက် ၎င်းတို့အားလုံးကို တစ်ပြိုင်နက်တည်း ထိန်းချုပ်ခွင့် ပေးထားခြင်းသည် ပို၍ ကောင်းမွန်သည် မဟုတ်ပါလော။
နဂါးကိုးကောင်တောင်၏ ခြုံနွယ်ပိတ်ပေါင်း များစွာကြောင့် တခြားသော ကျောင်းအဖွဲ့များသည် သူတို့ကို အလစ်တိုက် ခိုက်မည်အား စိုးရိမ်၍ ရှဲ့မင်ကဲ့သို့ အားကိုးရသော သူများကို တောင်ခြေတွင် တိတ်တဆိတ် စေလွှတ်ထားခဲ့သည်။
၎င်းတို့က ရန်သူကိုတွေ့ရှိသည်နှင့် တစ်ပြိုင်နက် တောင်ထိပ်ရှိ ကောင်းထျန်းမင်ကို ချက်ချင်း အစီအရင်ခံမည် ဖြစ်၏။
ကောင်းထျန်းမင်က ရှဲ့မင်၏ အစီအရင်ခံမှုကို ကြားပြီးနောက်တွင် အံ့အားသင့်သွားခဲ့သည်။
သူ၏ ပြိုင်ဘက်ဖြစ်သည့် ငကြောက် နန်ယန်ရှို့သည်ထောက်လှမ်းရေးအဖွဲ့များနှင့် အတူ အစောပိုင်းက ထွက်ပြေးသွားသည်ကို သူသတိပြုမိခဲ့သည်။
သို့ဖြစ်၍ သူတို့ဆီသို့ ရောက်လာသူမှာ မည်သူ ဖြစ်နိုင်ပါသနည်း။
တိုင်တန် အထက်တန်းကျောင်းမှ ကျူးဟန်ယွင်လော သို့မဟုတ် အမှတ်၆၀ အထက်တန်းကျောင်းမှ စွန်းရုံလော။
ကောင်းထျန်းမင်က သူ၏ ပြိုင်ဘက်ကို စိတ်ထဲတွင် ပုံဖော်ကြည့်လိုက်သည်။
ပထမအကြော့ ဖယ်ရှားရေးအဆင့်ကို ကြည့်ခြင်းအားဖြင့် ဤလူနှစ်ဦး၏ တိုက်ခိုက်ရေးအင်အားသည် သူနှင့် နီးစပ်သည်ဟု ကောင်းထျန်းမင် ခံစားခဲ့ရသည်။
ယခုရောက်လာသူမှာ ကျူးဟန်ယွင်သာ ဆိုလျှင် သူက နှိမ်နင်းပြီးသည်နှင့် အသားလုံး တင့်ကားဗျူဟာ အတွက် ရုပ်သေးအဖြစ် ပြောင်းလဲနိုင်ပေသည်။
စွန်းရုံသာ ဖြစ်ခဲ့လျှင် ကောင်းထျန်းမင်သည် စွန်းရုံကို သူ ၏ကိုယ်ပိုင် အရုပ်အဖြစ်သို့ ပြောင်းလဲပစ်လိုက်မည်ဟု တွေးမိခဲ့သည်။
သူ့တွင် ဟွာကောရေတံခွန် လုပ်ငန်းစု၏ စံပြသမက် ဖြစ်ရန်အစီအစဥ်များ ရှိနေခဲ့၏။
ယခုလို သူကြိုးစားအားထုတ်နေရသည့် အကြောင်းရင်းမှာ တနေ့နေ့ တချိန်ချိန်တွင် စွန်းရုံနှင့် တန်းတူအဆင့်အတန်း၌ ရပ်တည်နိုင်ရန်ဖြစ်သည်။
လူတစ်ယောက်၏ မွေးဖွားမှုက သူ၏ စမှတ်ကို သတ်မှတ်ပေးနိုင်သည့် အချိန်များ ရှိခဲ့သည်။
သို့သော်လည်း သူ၏ စမှတ်က အတော်လေး နောက်ကောက်ကျနေကြောင်း ကောင်းထျန်းမင် ၀န်ခံရပေမည်။
သို့သော် သူသာအနည်းငယ်ပိုကြိုးစားလျှင် လိုက်မှီနိုင်ပေလိမ့်မည်။
ယခုသူရရှိထားသော လျှို့၀ှက်ဆန်းကြယ်သည့်စွမ်းရည်သည် သူ၏ကြိုးပမ်းမှုများကို သက်သေပြရန်အတွက် အကောင်းဆုံးအရာပင် ဖြစ်သည်မဟုတ်ပါလော။
ထို့နောက်သူက တောင်ခြေရှိလူကို စစ်ဆေးရန် အရုပ်များကို စေလွှတ်လိုက်သောအခါ သူ၏အမူအရာသည် ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။
သူက မှားယွင်းစွာ ခန့်မှန်းမိခဲ့၏။
ထိုလူက ကျူးဟန်ယွင်မဟုတ်သလို စွန်းရုံလည်းမဟုတ်ပေ။
သူလုံး၀မမျှော်လင့်ထားသည်အမှတ်၆၀အထက်တန်း ကျောင်းမှ လူတစ်ယောက်ဖြစ်သည်။
"ဒီလူက .."
ကောင်းထျန်းမင်က မြူခိုးတောင်ခြေကနေ တစ်လှမ်းချင်းလှမ်းကာ တောင်ပေါ်သို့တတ်လာသည့်ခံစားချက်မဲ့ငါးမသာမျက်လုံးနှင့်လူငယ်လေးကို အဝေးကနေကြည့်ရှုနေခဲ့သည်။
လူငယ်လေး၏ ချောင်ချိနေသောယူနီဖောင်းသည် တောင်ထိပ်မှ လေတိုက်ခတ်မှုကြားတွင် တဖျပ်ဖျပ် လူးလွင့်နေခဲ့သည်။
ဤကြီးမားသော လေဖိအားအောက်တွင် လူငယ်လေးသည် တည်ငြိမ်ပေါ့ပါးသော အရှိန်ဖြင့်ရှေ့သို့ ဆက်လက်ရွေ့လျားနေခဲ့၏။
မြူခိုးတောင်ကို အဆင့်လေးဆင့်ဖြင့် ခွဲခြားနိုင်သည်။
တောင်ခြေရှိပထမအဆင့်သည် ချောမွေ့သောအဆင့် ဖြစ်၏။
ဤအဆင့်ရှိ လေဖိအားသည် ပုံမှန်သာ ဖြစ်သည်။
ဒုတိယအဆင့်သည် ကြားဖြတ်အဆင့် ဖြစ်သည်။
ဤအဆင့်အတွင်း လေဖိအားသည် ယခင်ကထက် ပိုမို ပြင်းထန်၍ တောင်ထိပ်သို့ တက်လိုသော ကျင့်ကြံသူများသည် မြေပြင်ပေါ်တွင် မြဲမြံစွာ မတ်တပ်ရပ်နိုင်ရန် အတွက် စိတ်စွမ်းအားများကို ခြေဖ၀ါးထဲသို့ ထည့်သွင်းထားရန် လိုအပ်၏။
ဤအဆင့်တွင် ကျင့်ကြံသူသည် စိတ်စွမ်းအင် လုံလောက်မှု မရှိခဲ့လျှင် တောင်တစ်၀က်အထိ ရောက်လာပြီးမှ ပြန်လည် ပြုတ်ကျသွားနိုင်ပေသည်။
တတိယအဆင့်ကိုမူ သရဲလေမြူဟု ခေါ်သည်။
ဤနေရာတွင် လေဖိအားသည် တန်ချိန်ပေါင်း များစွာအလေးချိန်ရှိသည်။
၎င်းက တောင်ထိပ်မှ ပြုတ်ကျလာသော ထရပ်ကားတစ်စီးနှင့်ဆင်တူပြီး ကျင့်ကြံသူ၏ ပုခုံးပေါ်သို့ အဆက်မပြတ် ဖိအား သက်ရောက်စေမည် ဖြစ်၏။
အချိန်မီ အကူအညီမရခဲ့လျှင် အသက်ကိုပင် ဆုံးရှုံးသွားနိုင်ပေသည်။
စတုတ္ထအဆင့်ကမူ လုံခြုံသောအဆင့် ဖြစ်သည်။
မြူခိုးတောင်၏ ထူးခြားသော ပထ၀ီ၀င်အနေအထားကြောင့် တောင်ထိပ်တွင် လေဖိအားများ မရှိပေ။
၀မ်လင်းက ဒုတိယအဆင့်ကို ဥယျာဥ်ထဲတွင် လမ်းလျှောက် နေသော အဖိုးအိုကဲ့သို့ သက်သောင့်သက်သာ ဖြတ်လျှောက်သွားပြီး တတိယအဆင့်ဖြစ်သည့် သရဲလေမြူ အဆင့်ကိုလည်း ပေါ့ပေါ့ပါးပါးပင် ဖြတ်ကျော်သွားသည်ကို မြင်လျှင် ကောင်းထျန်းမင်သည် လုံး၀ မယုံကြည်နိုင် ဖြစ်သွားခဲ့သည်။
"ဒီလောက် ပြင်းထန်တဲ့လေဖိအားကို သူဘာလို့ နည်းနည်းလေးတောင် မခံစားရတာလဲ"
သို့သော် မကြာမီမှာပင် ကောင်းထျန်းမင်သည် ၀မ်လင်းနှင့် ပတ်သက်၍ တစ်စုံတစ်ခုကို သတိပြုမိလိုက်သည်။
သူက ၀မ်လင်း၏ ညာဘက်လက်တွင် အဆက်မပြတ်လောင်ကျွမ်းနေသော အဆောင်လက်ဖွဲ့ များစွာကို တွေ့မြင်လိုက်ရ၏။
ယင်းမှာ လေတည်ငြိမ်ရေး အဆောင်လက်ဖွဲ့များ ဖြစ်သည်။
ထိုအဆောင် လက်ဖွဲ့များ ရှိနေသ၍ ဆိုင်ကလုန်းမုန်တိုင်း၏ အလယ်တွင်ပင် မြဲမြံစွာ ရပ်တည်နိုင်မည် မဟုတ်ပါလော။
"သူ့ရဲ့ ခွန်အားကြောင့်မဟုတ်ဘဲ အဆောင်လက်ဖွဲ့ကြောင့်ကိုး"
ကောင်းထျန်းမင်၏ အမူအရာက ပေါ့ပါးသွားခဲ့သည်။
သူက လေတည်ငြိမ်ရေး အဆောင်လက်ဖွဲ့များကို ကိုင်ကာ တောင်ထိပ်သို့ တက်လာသည့် ၀မ်လင်းကို ကြည့်ရင်း မဲ့ပြုံး ပြုံးလိုက်သည်။
သူ့အမြင်တွင် ဤနေရာသို့ လာရောက်ခြင်းသည် သေခြင်းတရားကို လာရောက် ရှာဖွေသော ထူးဆန်းသည့်သူ တစ်ဦးထက် မပိုပေ။
တကယ်တမ်းတွင် ၀မ်လင်းသည် လေတည်ငြိမ်ရေး အဆောင်လက်ဖွဲ့များကို အသုံးပြုရန် မလိုအပ်ခဲ့ပေ။
မြူခိုးတောင်ထိပ်၏ အသေးအဖွဲ လေဖိအားလောက်သည် သူ့ကို ချေမှုန်းနိုင်မည် မဟုတ်ချေ။
သို့သော်လည်း သူ၏လှုပ်ရှားမှုများက မည်သူ့ကိုမဆို အချိန်မရွေး သတိပြုမိစေနိုင်သည့် အချက်ကို ထည့်သွင်းစဥ်းစားကာ သူ၏ အစစ်အမှန်ခွန်အားကို ဖုံးကွယ်ရန်အတွက် အဆောင်လက်ဖွဲ့များအား အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ပြုလုပ်ခြင်းဖြင့် သူက အဆောင်လက်ဖွဲ့၏ စွမ်းအားများကို အသုံးပြုခဲ့သည်ဟု အထင်ရောက်သွားစေမည် မဟုတ်ပါလော။
တောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက်လာပြီးနောက်တွင် လေက တည်ငြိမ်သွားပြီ ဖြစ်သောကြောင့် ၀မ်လင်းသည် အဆောင်လက်ဖွဲ့များကို ဆက်လက် လောင်ကျွမ်းရန် မလိုအပ်တော့ပေ။
သူက လက်တစ်ဖက်ကို ကျောင်း၀တ်စုံ၏ အိတ်ကပ်ထဲသို့ ထည့်ကာ ကောင်းထျန်းမင် ဆီသို့ လျှောက်လာခဲ့သည်။
ကောင်းထျန်းမင်နှင့် နီးကပ်လာသည်နှင့်အမျှ ၀မ်လင်းသည် ကောင်းထျန်းမင်ထံမှ ထွက်ပေါ်လာသည့် ဆိုးယုတ်သော စွမ်းအားကို ခံစားမိခဲ့၏။
ယင်းမှာ အရိပ်တာအို၏ စွမ်းအားက ဆိုးယုတ်သောကြောင့် မဟုတ်ပေ။
အရိပ်တာအိုသည် လူတစ်ယောက်၏ နှလုံးသားထဲရှိ ဆိုးယုတ်မှုများကို လှုံ့ဆော်ပေးနိုင်ပြီး အတွင်းစိတ်နတ်ဆိုးများကို နိုးကြွစေနိုင်သည်။
သင်က ကိုယ်ကျင့်တရား ကောင်းမွန်သော လူတစ်ယောက် ဖြစ်လျှင် အရိပ်တာအို၏ စွမ်းအားကို ရရှိလျှင်ပင် ဆိုးယုတ်မှုကြောင့် ပျက်စီးမည်မဟုတ်ပေ။
အပိုင်း(၁၁၆၆) ပြီး၏