ညစ်နွမ်းသောစိတ်ပိုင်ရှင် ကောင်းထျန်းမင်
Vol. 78 Ch. 1167
အရိပ်တာအိုသည် မကောင်းသောလူများကို အလွယ်တကူ လှုံ့ဆော်နိုင်သည့် ချို့ယွင်းချက်ရှိနေသော နှစ်ဖက်လှ တာအိုဖြစ်သည်။
သို့သော်လည်း ၀မ်လင်းသည် ထိုချို့ယွင်းချက်ကို ပြင်ဆင်နိုင် သည်ဟု ခံစားခဲ့ရ၏။
အဆုံးသတ်တွင် အားနွမ်သည် မွေးဖွားလာခြင်း မရှိသေးပေ။
သူမက ကမ္ဘာ သို့မဟုတ် စကြာ၀ဠာတွင်ပင် အစွမ်းထက်ဆုံး သန္ဓေသား ဖြစ်နိုင်၏။
ထို့ကြောင့် သူမသည် အရိပ်တာအိုကို အကန့်အသတ်ဖြင့်သာ ထိန်းချုပ်နိုင်သေးသည်။
အားနွမ် ကြီးပြင်းလာ၍ ဆိုးယုတ်မှုကို ဖြစ်ပေါ်စေသော အရိပ်တာအို၏ ချို့ယွင်းချက်ကို ဖယ်ရှားနိုင်လျှင် လူသားအားလုံး အတွက် အကျိုးရှိစေမည့် တာအိုတစ်ခု ဖြစ်လာပေမည်။
အားနွမ်သည် သူကဲ့သို့ပင် စွမ်းရည်များကို ထိန်းချုပ်နိုင်စွမ်း မရှိဘဲ ပျက်စီးမှုများကို ဖြစ်ပေါ်စေလိမ့်မည်ဟု ၀မ်လင်း အတိအကျ မပြောနိုင်ပေ။
သို့သော် သူသေချာပြောနိုင်သည်မှာ ဖေဖေ၀မ် နှင့် မေမေ၀မ်တို့၏ လမ်းညွှန်ပြသချက်များသည် မပြောင်းလဲခြင်း ဖြစ်သည်။
သူက ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့ခြင်း၏ နာကျင်မှုကို ကြုံတွေ့ဖူးသူ ဖြစ်၍ သူလုပ်ဆောင်ပေးနိုင်သည်မှာ အားနွမ်ကို မှန်ကန်သော လမ်းကြောင်းပေါ်သို့ လမ်းညွှန်ပေးရန် ကူညီပေးခြင်း ဖြစ်သည်။
"တောင်ထိပ်ကိုတက်ဖို့ အဆောင်လက်ဖွဲ့တွေကို အသုံးပြုနေတာတဲ့လား.. အမှတ်၆၀ အထက်တန်းကျောင်းမှာ တကယ်ကို အရည်အချင်းရှိတဲ့သူတွေ အများကြီး ရှိနေတာပဲ"
ကွပ်ကဲရေးဌာနရှိ လူအားလုံးသည် ၎င်းတို့ရှေ့ရှိ မြင်ကွင်းကို ကြည့်ရှုနေခဲ့ကြသည်။
သူတို့အားလုံးသည် မြူခိုးတောင်ထွတ်ရှိ လှုပ်ရှားမှုများကို သတိပြုမိခဲ့သည်။
သို့သော်လည်း ကောင်းထျန်းမင်သည် ၀မ်ကျန်းကို မျက်ကွယ် တစ်နေရာတွင် ၀ါးမျိုခဲ့သောကြောင့် ထိုမြင်ကွင်းကို မှတ်တမ်းတင်နိုင်ခြင်းတော့ မရှိခဲ့ပေ။
ထို့ကြောင့် ကွပ်ကဲရေးဌာနရှိ မည်သူကမှ ကောင်းထျန်းမင် နတ်ဆိုးအခြေအနေသို့ ကျရောက်သွားကြောင်း ယခုအချိန်ထိ မသိရှိကြသေးပေ။
ထို့ကြောင့် ၀မ်လင်းက ၀မ်ကျန်းကို ကယ်တင်ရန် တောင်ထိပ်သို့ တက်လာသည်ကို မြင်လျှင် ကွပ်ကဲရေးဌာနရှိ ကျောင်းအုပ်များသည် ပုံမှန်အခြေခံ တည်ဆောက်ခြင်း အဆင့် ကျောင်းသားနှစ်ဦးအကြားရှိ တိုက်ပွဲတစ်ခု အဖြစ်သာ သဘောထားခဲ့သည်။
သို့သော်လည်း ၀မ်လင်း၏ တပည့်ရင်းအနေဖြင့် ကျိုးရီကမူ အခြေအနေကို ချက်ခြင်းပင် နားလည်လိုက်သည်။
သူက ၀မ်လင်း၏ စိတ်နေစိတ်ထားကို ကောင်းစွာသိ၏။
သူ့ဆရာသည် အရေးတကြီး ဆောင်ရွက်ရန် မရှိမချင်း ရှေ့တန်းတွင် အလွယ်တကူ ပေါ်လာမည်မဟုတ်ပေ။
သူ့ဆရာ ကိုယ်တိုင် ရောက်လာသည်ကို ထောက်လျှင် မြူခိုးတောင်ထွတ်၌ ပြဿနာအချို့ ဖြစ်နေသည်မှာ သေချာသလောက်ပင်။
ဆရာလေးလင်း အနေဖြင့် တောင်ထိပ်သို့ တက်လာစဥ် အဆောင်လက်ဖွဲ့များကို အသုံးပြုနေသည်မှာ အကာအကွယ် တစ်ခုမျှသာ ဖြစ်နိုင်သည်။
ကျိုးရီသည် ၀မ်လင်းနှင့်အတူ မရှိလျှင်ပင် သို့မဟုတ် ဤတစ်ကြိမ် စစ်ဆင်ရေး၏ ခေါင်းဆောင် မဟုတ်လျှင်ပင် သူ၏အလုပ်သည် အခြားသူများ၏ အာရုံကို ၀မ်လင်းဆီကနေ လွှဲပြောင်းပေးရန် ဖြစ်ကြောင်း ကောင်းစွာ နားလည်ထားခဲ့သည်။
သူက ဖန်သားပြင်ကို ထိန်းချုပ်နေသော ၀န်ထမ်းများအား ချက်ခြင်းပင် မျက်ရိပ်ပြ၍ မြင်ကွင်းကို ဖြတ်တောက်ပစ်ရန် အချက်ပေးလိုက်သည်။
မတော်တဆ အခြေအနေကို ကာကွယ်ရန်အတွက် ကျိုးရီနှင့် ဗုံးပစ်စီနီယာအင်မော်တယ်တို့သည် ထို၀န်ထမ်းနေရာတွင် သူတို့၏လူဖြင့် အစားထိုးထားခဲ့သည်။
ထို့ကြောင့် ထို၀န်ထမ်းသည် အမှန်တကယ်တွင် မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံးမှ စေလွှတ်ထားသူ ဖြစ်၏။
မျက်နှာပြင်ပေါ်ရှိ ပုံရိပ်ကို ဖြတ်တောက်လိုက်သည်ကို မြင်လျှင် ကျိုးရီသည် စိတ်သက်သာရာရသွားခဲ့သည်။
သို့သော်လည်း အဘိုးအိုဟွမ်ဖုံး၏ နောက်ထပ် စကားကြောင့် ကျိုးရီသည် တဖန် စိတ်မောသွားခဲ့ပြန်သည်။
"ဘာလို့ ဖြတ်တောက်လိုက်ရတာလဲ.. ကောင်းထျန်းမင်က အမှတ်၁ မိစ္ဆာနှိမ်နင်းရေး အထက်တန်းကျောင်းရဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ကျောင်းသားသစ်တွေမှာလည်း အစွမ်းအထက်ဆုံး ဆိုတာ ငါမှတ်မိတယ်.. သူ့ရဲ့ပြိုင်ဘက်က အမှတ်၆၀ အထက်တန်းကျောင်းရဲ့ လာဘ်ကောင်ကျောင်း သားလေး ၀မ်လင်းပဲ.. သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲက ငါတို့တွေ ကြည့်ရှုဖို့ ထိုက်တန်မှုရှိတယ်"
ကျိုးရီ "........"
အဘိုးအိုဟွမ်ဖုန်း၏ အဆင့်အတန်းနှင့် နိုင်ငံတည်ထောင်သူဗိုလ်ချုပ်တစ်ဦးဖြစ်သည့် ဥက္ကဌချီ၏ဆရာ ဖြစ်သော အထောက်အထားကို ထည့်သွင်းစဥ်းစားလျှင် အဘိုးအိုဟွမ်ဖုန်းသည် ယခင်က ကျင့်ကြံခြင်းကမ္ဘာတွင် မည်မျှ လေးစားမှုခံရခဲ့ရကြောင်းကို မသိနိုင်စရာမရှိပေ။
အဘိုးအိုဟွမ်ဖုန်းက ထိုသို့ ပြောလိုက်သောအခါတွင် ကျိုးရီသည် မြင်ကွင်းကို ပြန်ပြောင်းရမည်ကို ချက်ချင်း သိလိုက်သည်။
ကံကောင်းစွာဖြင့် ကျိုးရီတွင် ကြိုတင်ပြင်ဆင်ထားသည့် နောက်ထပ် အစီအစဥ်တစ်ခု ရှိနေခဲ့သည်။
ဤသည်မှာ သူ့ဆရာ၀မ်လင်း အတွက် ကျိုးရီ ပြင်ဆင်ထားသည့် အစီအစဥ်ဖြစ်ပြီး မြင်ကွင်းကို ပြန်ပြောင်းခိုင်းခဲ့လျှင် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေအတွက် ဖြစ်သည်။
ဆိုရလျှင် သူပြန်ပြောင်းမည့် မြင်ကွင်းသည် တကယ့်တိုက်ပွဲ၏ အစစ်အမှန် မြင်ကွင်း မဟုတ်ပေ။
-------------------
ထိုအချိန်တွင် စုန့်ဟုန်မြို့ရှိ ရုပ်ရှင်စတူဒီယို တစ်ခုတွင် ဓမ္မရာဂျာနှင့် ဖက်တီးလော တို့သည် တိုက်ပွဲ၀င်မည့် ကျင့်ကြံသူနှစ်ဦးအဖြစ် အပြည့်အ၀ ပြင်ဆင်ထားခဲ့ကြသည်။
ကွပ်ကဲရေးဌာနက မြင်ကွင်းကို ဖြတ်တောက်လိုက်သည်နှင့် သူတို့က ဟန်ရေးပြရန်အတွက် အသင့်အနေအထားဖြင့် ရှိနေခဲ့ကြသည်။
မည်သို့ပင်ဆိုစေကာမူ သူတို့သည် စိတ်၀ိညာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
ထို့ကြောင့် အခြေခံတည်ထောင်ခြင်းအဆင့် ကျင့်ကြံသူနှစ်ဦးကြားရှိ တိုက်ခိုက်မှုကို အတုခိုးရန်မှာ လုံးဝ မခက်ခဲပေ။
ဤစတူဒီယိုတွင် တိုက်ရိုက် စိတ်အာရုံမြင်ကွင်း အကျိုးသက်ရောက်မှုရှိ၍ မြူခိုးတောင်ထိပ်၏ ရှုခင်းတစ်ခုလုံးကို အလွန်ပင် လက်တွေ့ကျစွာ ပြသနိုင်သောကြောင့် အတုဖြစ်မှန်း မည်သူမှမသိနိုင်ပေ။
ဓမ္မရာဂျာနှင့် ဖက်တီးလောတို့သည် အသွင်ပြောင်းမန္တန်ကို အသုံးပြု၍ ကောင်းထျန်းမင်နှင့် ၀မ်လင်းအဖြစ် ပြောင်းလဲမည်ဖြစ်၏။
ထို့နောက်တွင် သူတို့သည် ကြိုတင်ပြင်ဆင်ထားသော အ ထောက်အပံ့ ပစ္စည်းများကိုအသုံးပြု၍ တိုက်ရိုက် တင်ဆက်မှုတစ်ခုကို ပြုလုပ်သွားပေမည်။
ဖက်တီးလောသည် သရုပ်ဆောင်ရန် အတွက် လိုအပ်သော အထောက်အပံ့ ပစ္စည်းများကို အစောပိုင်းကတည်းကပင် ပြုလုပ်ခဲ့သည်။
ဗုံးပစ်စီနီယာအင်မော်တယ်သည် စုံစမ်းစစ်ဆေးမှု အချို့ပြုလုပ်ပြီးနောက်တွင် ကျောင်းအသီးသီးမှ ကျောင်းသားများ ပြိုင်ပွဲသို့ ခိုးသွင်းလာခဲ့သည့် မှော်ရတနာစာရင်း အပြည့်အစုံကို ရရှိခဲ့ပြီး အမှတ်၁ မိစ္ဆာနှိမ်နင်းရေးအထက်တန်း ကျောင်း၏ ရုပ်သေးသည်လည်း ထိုစာရင်းတွင် ပါ၀င်ခဲ့သည်။
ယခု သူတို့က ၀မ်လင်းနှင့် ကောင်းထျန်းမင်တို့ အဖြစ် သရုပ်ဆောင်ကာ တိုက်ခိုက်ရတော့မည် ဖြစ်၏။
ဖက်တီးလောသည် အသွင်ပြောင်းမန္တန်ဖြင့် ချက်ခြင်းဆိုသလိုကောင်းထျန်းမင်အဖြစ်သို့ ပြောင်းလဲသွားပြီးနောက် သူကြိုတင် ပြင်ဆင်ထားသော အ၀တ်အစားများကို ၀တ်ကာ သူကိုယ်တိုင် ပြုလုပ်ထားသည့် ရုပ်သေးကို ထုတ်ယူလိုက်သည်။
ဖက်တီးလောသည် ဆိုင်ဖွင့်လာသည့် သက်တမ်းတစ်လျောက်တွင် မှော်ရတနာများအတွက် ထူးထူးဆန်းဆန်း အော်ဒါမှာယူမှုများစွာကို လက်ခံရရှိခဲ့သည်။
ထိုအထဲတွင် ဤကဲ့သို့သော အရုပ်များလည်း ပါ၀င်၏။
ထို့ကြောင့် ဖက်တီးလော အတွက် အရုပ်များပြုလုပ်ရန်
မှာ မခက်ခဲပေ။
"ဖက်တီးလော မင်းရဲ့အရုပ်က အတော်လေး အသေးစိတ်လွန်းနေတယ်"
'ဖက်တီးလော'က ကိုယ်တိုင်ပြုလုပ်ထားသည့် အရုပ်ကိုထုတ်ယူလိုက်လျှင် ဓမ္မရာဂျာက အံ့အားသင့်သွားခဲ့သည်။
ဖက်တီးလောက ထိုအရုပ်ကို သေသေသပ်သပ် ဆေးခြယ်ထားပြီး အသေးစိတ် ပြုလုပ်ထားခဲ့သည်။
အရေးကြီးဆုံးအချက်မှာ ထိုအရုပ်သည် အ၀တ်အစားများ ၀တ်ဆင်ထားသောအချိန်မှာပင် လက်ချောင်းအစစ်များလို လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်လောက်သည်အထိ အသေးစိတ်သည်။
ဖက်တီးလော"ဓမ္မရာဂျာ မင်းနားမလည်ပါဘူး.. အရုပ်တွေဆိုတာ ကြည့်ကောင်းဖို့လည်း လိုသေးတယ်.. ဘယ်လိုပဲဖြစ်ဖြစ်ငါက မှော်ရတနာဒီဇိုင်နာ တစ်ယောက်ပဲလေ.. ကောင်းထျန်းမင်လို အခြေခံတည်ထောင်ခြင်း အဆင့်က ဂျူနီယာတွေ အသုံးပြုတဲ့ ရုပ်ဆိုးဆိုး အရုပ်တွေကို ငါလုံး၀မလုပ်ဘူး"
"ငါနားလည်ပါတယ်.. ဒါပေမဲ့ မင်းရဲ့အရုပ်က ဘာလို့ သခင်ကျင့်ခယ်နဲ့ တူနေရတာလဲ"
ဖက်တီးလော"ဒါက ဘယ်လိုအဓိပ္ပါယ် မရှိတဲ့မေးခွန်းလဲ.. ဒီအရုပ်က သခင်ကျင့်ခယ်နဲ့ ငါနဲ့ကြားက လေးနက်တဲ့ ဆက်ဆံရေးကို ဖော်ကြူးထားတာပဲ.. မင်းငါ့ကို တိုက်တဲ့အခါကျရင် ဂရုစိုက်ပြီးတိုက်နော်.. ငါ့ရဲ့အရုပ်ကို လုံး၀မဖျက်ဆီးမိစေနဲ့.. ငါတို့က ဟန်ပြသက်သက်ပဲ တိုက်ခိုက်ရမယ် ဆိုတာလည်း မမေ့နဲ့ဦး"
ဓမ္မရာဂျာ"ဒါဆို မင်းမှာ တခြားအရုပ်တွေ ရှိသေးလား တခြားတစ်ခုနဲ့ လဲလိုက်ပါလား"
ဖက်တီးလော"ငါ့မှာ တခြားအရုပ်ရှိပါတယ်.. ငါအရုပ်လဲလိုက်မှ မင်းနောင်တမရသွားနဲ့နော်"
"........"
ထိုစကားကိုကြားလျှင် ဓမ္မရာဂျာသည် ရုတ်တရက် ခံစားချက်မကောင်း ဖြစ်သွားခဲ့သည်။
ထိုအချိန်တွင် ကျိုးရီသည် ကွပ်ကဲရေးဌာနကနေ အချက်ပြမှုအား ပေးပို့လိုက်သည်။
မြင်ကွင်းကို မကြာမီ ပြောင်းလဲတော့မည် ဖြစ်၏။
ထို့ကြောင့် ဓမ္မရာဂျာနှင့် ဖက်တီးလောတို့က အသင့်ပြင်ဆင်ထားပြီး အော်စကာဆုရ မင်းသားများကဲ့သို့ မုဒ်များ ထည့်လိုက်ကြသည်။
သူတို့နှစ်ယောက်၏ ပုံသဏ္ဍာန်က အကောင်းဆုံး သရုပ် ဆောင်ဆုအတွက် အကြိတ်အနယ် ပြိုင်ပွဲ၀င်ကြတော့မည့် ပုံစံပေါက်နေသည်။
၀မ်လင်းအဖြစ် သရုပ်ဆောင်သော ဓမ္မရာဂျာသည် ကောင်းထျန်းမင်အဖြစ် သရုပ်ဆောင်သော ဖက်တီးလောကို ခံစားချက် ကင်းမဲ့သောအမူအရာဖြင့် ကြည့်လိုက်သည်။
လင်းကျန်းရန်က စကားအပြောအဆို နည်းသောသူ ဖြစ် ကြောင်း ဓမ္မရာဂျာ သိထားသောကြောင့် စကားမပြောဆိုခဲ့ပေ။
အကယ်၍ ပြောပါများပြီး အမှားပါသွားခဲ့လျှင် အလွယ်တကူ ဖော်ထုတ်မိသွားနိုင်သည် မဟုတ်ပါလား။
ကောင်းထျန်းမင် နေရာတွင် သရုပ်ဆောင်နေသည့် ဖက်တီးလောကမူ ကောင်းထျန်းမင် အကြောင်းကို သိပ်မသိပေ။
ထို့ကြောင့် သရုပ်ဆောင်မှုအတွက် သူ့ကိုယ်သူသာ အားကိုးခဲ့ရ၏။
ထိုအချိန်တွင် အဘိုးအို ဟွမ်ဖုန်းနှင့် ကွပ်ကဲရေးဌာနရှိ ကျောင်းအုပ်အားလုံးသည် စတူဒီယိုရှိ မြင်ကွင်းကို မြင်လိုက်ရသည်။
လူတိုင်းက ဖက်တီးလော ကျောဘက်ရှိအရုပ်ကို မြင်လျှင် အံ့အားသင့်သွားခဲ့ကြသည်။
"မြင်ကွင်းက ခဏလေးပဲ ပျက်သွားပေမဲ့ ကျောင်းသားကောင်းရဲ့ အရုပ်က ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ပြောင်းလဲသွားရတာလဲ"
အဘိုးအိုဟွမ်ဖုန်းက အံ့အားသင့်နေခဲ့သည်။
ကောင်းထျန်းမင်၏ အရုပ်က ပုံဆိုးပန်းဆိုးဖြစ်ပြီး ဤအရုပ်ထက် အနည်းငယ် အဆင့်နိမ့်သည်ကို သူမှတ်မိသည်။
"လူငယ်တွေမှာ အရုပ်ကောင်းကောင်း တစ်ရုပ်နှစ်ရုပ်လောက် ရှိတာက ပုံမှန်ဖြစ်ရပ်ပါပဲ ဆရာ"
နံဘေးတွင်ရှိနေသည့် ဥက္ကဌချီကရယ်မော၍ ပြောလိုက်သည်။
"ဒါပေမဲ့ ကျောင်းသား ကောင်းထျန်းမင်က ဒီလိုစတိုင်ကို နှစ်သက်လိမ့်မယ်လို့ ငါတကယ် ထင်မထားမိဘူး သူက အကိတ်ကြိုက်သူ ဖြစ်ရမယ်"
"အကိတ်ကြိုက်သူ ဟုတ်လား"
အဘိုးအိုဟွမ်ဖုန်းက မျက်မှောင်ကြုတ်လိုက်ပြီး အမှတ်၁ မိစ္ဆာနှိမ်နင်းရေး အထက်တန်းကျောင်းအုပ်ကြီး လီချင်းရှီကို တစ်ချက်ကြည့်လိုက်သည်။
"ကျောင်းအုပ်လီ.. မင်းရဲ့နာမည်ကျော် ကျောင်းသားက အကိတ်ကြိုက်မယ်လို့ ငါတကယ် ထင်မထားမိဘူး"
"......."
အမှတ်၁ မိစ္ဆာနှိမ်နင်းရေးကျောင်းအုပ် အနေဖြင့် လီချင်းရှီသည် ဖက်တီးလော၏ နောက်ဘက်ရှိ ဆွဲဆောင်မှုရှိသည့် မိန်းမအရုပ်ကြီးကို ကြည့်ရင်း အံ့အားသင့်နေခဲ့သည်။
"မြင်ကွင်းတခဏ ပျောက်ကွယ်သွားတဲ့ အချိန်မှာ ဘာတွေဖြစ်ပျက်သွားတာများလဲ"
စင်စစ် ထိုအရုပ်ကြီးသည် မြင်ကွင်းကို မပြောင်းလဲမီ တစ်စက္ကန့်အလိုတွင် ဖက်တီးလော ပြောင်းလဲခဲ့သောအရုပ် ဖြစ်သည်။
၎င်းက လူသားအရပ်အတိုင်း ပြုလုပ်ထားသည့် ဆက်စီအရုပ် ဟူ၍ လူသိများသောအရုပ် ဖြစ်သည်။
ထို့အပြင် ဘာအ၀တ်အစားမှ မပါဘဲ လုံး၀ ကိုယ်လုံးတီးလည်း ဖြစ်နေခဲ့၏။
ထို့ကြောင့် ကွပ်ကဲရေးဌာနရှိ လူတိုင်းသည် အမှတ်၁ မိစ္ဆာနှိမ်နင်းရေး အထက်တန်းကျောင်းမှ ကျောင်းသား ကောင်းထျန်းမင် ထံ၌ မသန့်ရှင်းသောစိတ် ရှိကြောင်း သိရှိသွားခဲ့ကြသည်။
အပိုင်း(၁၁၆၇) ပြီး၏