ခန္ဓာကိုယ်အပြည့်အရိပ်တာအို
Vol. 78 Ch. 1168
တကယ်တမ်းတွင် ကျိုးရီသည် ဖက်တီးလောနှင့် ဓမ္မရာဂျာထံ၌ သရုပ်ဆောင်စွမ်းရည် ရှိသည်ဟု ခံစားခဲ့ရသည်။
သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် အမှန်တကယ်မထိဘဲ ဟန်ဆောင် တိုက်ခိုက်နေသော်လည်း အခြေခံတည်ထောင်ခြင်းအဆင့် တိုက်ခိုက်မှုကနေ ထွက်ပေါ်လာနိုင်သည့် ချီပေါက်ကွဲမှု အသံများကိုပါ လက်တွေ့ကျကျ ပြုလုပ်နေခဲ့သည်။
တစ်ခုတည်းသော ချို့ယွင်းချက်မှာ ဖက်တီးလော၏ နောက်ကွယ်ရှိ မသင့်တော်သော ဆက်စီအရုပ်ကြီးပင်။
'ဖက်တီးလော'က ကောင်းထျန်းမင်အတွက် ဤကဲ့သို့
ဆိုးရွားသောအမြင် ဖြစ်အောင် ဖန်တီးရသည့် အကြောင်းရင်းမှာ လင်းကျန်းရန်၏ စရိုက်လက္ခဏာကြောင့် ဖြစ်သည်။
ထိုသို့ ကွာခြားမှုမျိုးသည် ၀မ်လင်းကို သာမန်အခြေခံ တည်ထောင်ခြင်းအဆင့် ကျောင်းသားတစ်ယောက်လို အမှန်တကယ် ဖြစ်စေပေလိမ့်မည်။
ထို့အပြင် ဖက်တီးလောသည် သူ၏ ထိုးနှက်ချက်များကို ရည်ရွယ်ချက်ရှိရှိ လျှော့ချထားသောကြောင့် ၀မ်လင်း အဖြစ် သရုပ်ဆောင်နေသည့် ဓမ္မရာဂျာသည် ပေါ့ပါးသွက်လက်စွာ ပြန်လည် တိုက်ခိုက်နိုင်ခဲ့သည်။
ဓမ္မရာဂျာ၏ သရုပ်ဆောင်မှုက ပီပြင်လှသဖြင့် လူတိုင်းကို အသက်ရှုမှားလောက်အောင်ပင် ဖြစ်စေခဲ့သည်။
တခဏအတွင်းမှာပင် လူတိုင်းသည် ဓမ္မရာဂျာ သရုပ်ဆောင်နေသည့် ၀မ်လင်းကို နက်နက်ရှိုင်းရှိုင်းပင် စွဲလန်းသွားခဲ့ကြသည်။
ကွပ်ကဲရေးဌာနတွင် ရောက်ရှိနေသော ကျောင်းအုပ်များကလဲ တစ်ယောက်ပြီး တစ်ယောက် ချီးကျူးလိုက်ကြသည်။
"အမှတ်၆၀ အထက်တန်းကျောင်းရဲ့ ကျောင်းသားလေးက သိမ်မွေ့တဲ့စရိုက်ရှိပြီး အတော်လေး ဆွဲဆောင်မှုရှိတယ်လို့ ခံစားရတယ်.. သူက သူ့ရဲ့သွက်လက်တဲ့ လှုပ်ရှားမှုနဲ့ အရှိန် အဟုန်ကို အချိုးညီညီ ပေါင်းစပ်ပြီး အဆက်မပြတ် တိုက်ခိုက်နေပေမဲ့ သူ့ရဲ့ အသက်ရှုမှုကတော့ အတော်လေး တည်ငြိမ်မှုရှိနေတယ်.. အခြေခံတည်ထောင်ခြင်း အဆင့် အထက်က ကျင့်ကြံသူတောင် ဒီလိုမျိုး တည်ငြိမ်မှုရှိဖို့ မလွယ်ဘူး"
"ဟုတ်တယ်.. အဲဒီအဆိုကို ငါလည်း သဘောတူတယ်.. ဒါပေမဲ့ ကျောင်းသား၀မ်လင်းက ကောင်းထျန်းမင်နဲ့ တိုက်ခိုက်နေတဲ့ အချိန်မှာ ဆံပင်ထောင်နေတာကို မင်းတို့တွေ သတိထားမိကြရဲ့လား"
"ဆံပင်ထောင်နေတယ် ဟုတ်လား.. လေတိုက်တာကြောင့် မဟုတ်ဘူးလား"
"မင်းတို့တွေ သေသေချာချာကြည့်ရင် ကျောင်းသား၀မ်လင်းက သူ့ရဲ့စွမ်းအားကိုတိုးမြှင့်ဖို့အတွက် လျှပ်စီး အဆောင်လက် ဖွဲ့ကို အသုံးပြုနေတာကို ရှင်းရှင်းလင်းလင်း မြင်ရလိမ့်မယ်.. လျှပ်စီးကြောင်းတွေက သူ့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ အကြောတွေကို လှုံ့ဆော်နိုင်ပြီး တိုက်ခိုက်နေစဥ် အတွင်း သူ့ရဲ့ ခွန်အားကို အဆက်မပြတ် တိုးလာစေနိုင်တယ်.. အမှတ်၆၀ အထက်တန်းကျောင်းရဲ့ သာမန် ကျောင်းသားလေး တစ်ယောက်က တိုက်ပွဲအတွင်းမှာ ဒီလောက်အထိ စွမ်းဆောင်နိုင်လိမ့်မယ်လို့ ဘယ်သူထင်ထားမိမှာလဲ.. ကျောင်းသား၀မ်လင်းက ရုပ်ရည်အားဖြင့်လည်း တကယ်ကို ချောမောတယ်.. သူ့ရဲ့ ဆံပင်လေးထောင် နေပုံက စူပါဆိုင်ယန်နဲ့တောင် တူတယ်.. ကောင်းထျန်းမင်နဲ့ ကျောင်းသား၀မ်လင်းရဲ့ ခြားနားမှုက ဆီနဲ့ရေလိုပဲ"
ကျောင်းအုပ်များက ၀မ်လင်းနှင့် ကောင်းထျန်းမင်ကို ယှဥ်၍ ဆွေးနွေးနေချိန်တွင် အထိခိုက်အခံရဆုံးသူမှာ အမှတ်၁မိစ္ဆာနှိမ်နင်းရေး အထက်တန်းကျောင်း၏ ကျောင်းအုပ်ကြီး လီချင်းရှီ ဖြစ်သည်။
"........"
ကျောင်းအုပ်လီချင်းရှီသည် သူတို့ကျောင်း၏ အသန်မာဆုံးလူ ဖြစ်သည့် ကောင်းထျန်းမင်က ပြိုင်ပွဲအတွင်း ရုတ်တရက်ကြီး ဆက်စီအရုပ်ကို ထုတ်သုံးလိမ့်မည်ဟု မထင်ထားခဲ့ပေ။
အထက်တန်း အရွယ်ရောက်နေသည့် ရည်းစားမရှိသော ယောကျ်ားလေးများ အတွက် ဆက်စီအရုပ်ကို အသုံးပြုသည်မှာ ပုံမှန်သာ ဖြစ်သည်။
သို့သော် ပြိုင်ပွဲတွင်တော့ ဆက်စီအရုပ်များကို ထုတ်မသုံးသင့်ပေ။
လီချင်းရှီက ရှက်ရွံ့လွန်း၍ မျက်နှာကို လက်၀ါးဖြင့်ပင် အုပ်လိုက်သည်။
ဆန့်ကျင်ဘက်အနေဖြင့် ကျောင်းအုပ်ချန်းသည် အတော်လေး ပျော်ရွှင်နေခဲ့၏။
အမှတ်၁ မိစ္ဆာနှိမ်နင်းရေး အထက်တန်းကျောင်း၏ ကောင်းထျန်းမင်က ဤပြိုင်ပွဲတွင် ကိုင်တွယ်ရ အခက်အခဲဆုံးသူ ဖြစ်လိမ့်မည်ဟု သူကြို တင်မှန်းဆထားခဲ့သည်။
၎င်းက သူ၏ အမှတ်၆၀ အထက်တန်း ကျောင်းသားများအား အနိုင်ယူကာ အားလုံး၏ အာရုံကို ခိုးယူသွားမည့် အပေါ် စိုးရိမ်နေခဲ့သည်။
သို့သော်လည်း ကောင်းထျန်းမင်သည် ရုတ်တရက်ကြီး ဂုဏ်သိက္ခာ ကျဆင်းသွား၍ ကျောင်းအုပ်ကြီးချန်း သာမက ကွပ်ကဲရေးဌာနရှိ ကျောင်းအုပ်တိုင်းသည် ၀မ်းသာသွားခဲ့သည်။
သို့သော်လည်း ကျောင်းအုပ်ကြီးများသည် လီချင်းရှီကို မလှောင်ပြောင်ခဲ့ကြပေ။
တိတ်ဆိတ်မှုသည် စကားလုံးပေါင်း ထောင်သောင်းမက အစွမ်းထက်သည်။
တစ်ခါတစ်ရံတွင် တိတ်ဆိတ်စွာ နေလိုက်ခြင်းသည် တိုက်ရိုက် လှောင်ပြောင်ခြင်းထက်ပင် ပို၍ နာကျင်စေ၏။
တစ်ဖက်တွင်လည်း ၀မ်လင်းအစစ်နှင့် ကောင်းထျန်းမင်အစစ်တို့သည် အမှန်အကန် ရင်ဆိုင်နေခဲ့ကြသည်။
၀မ်လင်း၏ တည်ငြိမ်သော အမူအရာကြောင့် ကောင်းထျန်းမင်သည် အံ့အားသင့်နေခဲ့၏။
သူက အရိပ်တာအို၏ စွမ်းအားကို ရရှိပြီးနောက်တွင် အရိပ်ရုပ်သွင်၏ စွမ်းအားသည် သူ၏အရုပ်များနှင့် ပေါင်းစပ်သွားခဲ့သည်။
ထို့နောက် သူသည် အရုပ်ကို အခြေခံထားသည့် အရိပ်စွမ်းအားကို ရရှိခဲ့သည်။
ဤအရုပ်များသည် ကောင်းကင်တာအို၏ ကန့်သတ်ချက်အောက်ရှိ ၀မ်ကျန်းကိုပင် ဆံပင်များ ထောင်ထသွားစေသည် အထိ ကြောက်မက်ဖွယ်ကောင်း၏။
သို့သော် သူ့ရှေ့မှ လူငယ်လေးကမူ ဆံပင်အနည်းငယ်သာ လေထဲလွင့်နေခဲ့သည်။
"မင်းက အမှတ်၆၀ အထက်တန်းကျောင်းရဲ့ အဓိက၀ှက်ဖဲပေါ့ .. ဟုတ်လား"
၀မ်လင်းကို စိုက်ကြည့်နေသည့် ကောင်းထျန်းမင်၏ မျက်လုံးများသည် တဖြည်းဖြည်း လေးနက်လာခဲ့သည်။
သူ့တွင် ၀မ်လင်းက မရိုးရှင်းဟု သံသယဖြစ်ရသည့် အကြောင်းပြချက် ရှိသည်။
ထိုခဏတွင် ကောင်းထျန်းမင်သည် ဆံဖြူလူငယ်က သူ့ကိုအေးခဲဖက်ထုပ် ပေးစဥ်၌ ပြောခဲ့သည့်စကားကို ပြန်အမှတ်ရလိုက်သည်။
ဆံဖြူလူငယ် ပြောခဲ့သည်မှာ ခံစားချက်မဲ့ ငါးမသာမျက်လုံးနှင့် လူငယ်တစ်ယောက်ကို တွေ့လျှင် တတ်နိုင်သလောက် ရှောင်ရှားရန် ဖြစ်၏။
ယခုတော့ ခံစားချက်မဲ့ ငါးမသာမျက်လုံးဖြင့် လူငယ်လေးသည် သူ့ရှေ့တွင် ပေါ်လာခဲ့ချေပြီ။
ကောင်းထျန်းမင်သည် အချိန်အတော်ကြာ မှင်တက်နေပြီးနောက်တွင် ရုတ်တရက် အင်အားများကို စုစည်းလိုက်သည်။
၀မ်လင်းက မြူခိုးတောင်ထိပ်ကို တက်လာစဥ်ကတည်းကပင် ကောင်းထျန်းမင်၏ ရည်ရွယ်ချက်ကို သိရှိပြီးသား ဖြစ်သည်။
တစ်ဖက်လူသည် လုံး၀ဆုတ်ခွာဖို့အစီအစဥ်ရှိသည့် လက္ခဏာမျိုး မပြသခဲ့ပေ။
စင်စစ် ကောင်းထျန်းမင်သည် ၀မ်လင်းလိုပင် အသက်ဆယ့်ခြောက်နှစ်သာ ရှိပါသေးသည်။
ဆယ့်ခြောက်နှစ်သာ ရှိသေးသော်လည်း အရိပ်တာအို၏ စွမ်းအားနှင့် ပေါင်းစပ်ပြီးနောက်တွင် သူ၏ ကျင့်ကြံမှုသည် ဆယ့်ခြောက်နှစ်ထက် အများကြီး ကျော်လွန်သွားခဲ့ပြီး နှစ်ပေါင်း ၃၀၀၀နီးပါးလောက် ရှိလာခဲ့သည်။
သူက ခြေသလုံးအိမ်တိုင် အင်မော်တယ် နှောင်းပိုင်းအဆင့် ထက် ပို၍ အားကောင်းပြီး အစစ်အမှန်အင်မော်တယ် ဖြစ်လာရန် အလွှာပါးလေးသာ လိုတော့၏။
ကွပ်ကဲရေးဌာနတွင် ရှိသည့် ကျောင်းအုပ်များ၏ ပျမ်းမျှ အင်အားသည် စိတ်၀ိညာဥ်ဖွဲ့စည်းခြင်းအဆင့်ထက် အနည်းငယ်သာ မြင့်မားသည်ကို သိထားရပေမည်။
ထိုအထဲမှ ကျောင်းအုပ် အနည်းငယ်သာလျှင် ခြေသလုံးအိမ်တိုင် အင်မော်တယ်အဆင့်တွင် ရှိခဲ့ကြသည်။
၀မ်နွမ်၏ အရိပ်တာအိုသည် ကြောက်မက်ဖွယ်ကောင်းသော တာအိုတစ်ခု ဖြစ်သည်။
အခြေခံတည်ထောင်ခြင်းအဆင့် ကျင်ကြံသူ တစ်ယောက်ကိုပင် ချက်ချင်းဆိုသလို ဤမျှ ကြောက်စရာကောင်းသည့် အတိုင်းအတာထိ အဆင့်မြှင့်တင်ပေးနိုင်၏။
၀မ်လင်းသည် တစ်ချိန်က ဤသည်မှာ သူ၏ မမွေးရသေးသော ညီမလေးက နောက်ပြောင်နေသည်ဟု ထင်ခဲ့ဖူးသည်။
ဤကဲ့သို့ ကျင့်ကြံခြင်းအဆင့် ခုန်တက်သွားသည်မှာ တကယ်ကို အံ့သြဘနန်း ဖြစ်ရပ်ပင်။
၀မ်လင်းသည် ဤတစ်ခေါက်ကိစ္စကို ဆောင်ရွက်ရာတွင် အလွန် ပျော်ရွှင်နေခဲ့သည်။
သူက ကောင်းထျန်းမင် ဆီကနေ အရိပ်တာအိုနှင့် ပတ်သက်၍ ဂရုတစိုက် လေ့လာချင်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ကောင်းထျန်းမင်က အရိပ်တာအို၏ စွမ်းအားကိုရရှိပြီးနောက်တွင် အရိပ်တာအိုကို အပြည့်အ၀ ထိန်းချုပ်နိုင်သောကြောင့် ဖြစ်သည်။
ယခင်က အေးခဲဖက်ထုပ်များကို စားသုံးခဲ့သူများသည် အရိပ်တာအို၏စွမ်းအားကို အပြည့်အ၀ မထုတ်ဖော်နိုင်ခဲ့ကြပေ။
အဘယ်ကြောင့်ဆိုသော် အရိပ်တာအို၏ အင်အားက အလွန်တရာ အားကောင်းလွန်း၍ အဆုံးသတ်တွင် သူတို့၏ ၀ိညာဥ်က ဖျက်ဆီးခံရပြီး ထာ၀ရငရဲသို့ ရောက်ရှိမည်ကိို ကြောက်ရွံ့ခဲ့သောကြောင့်ပင်။
၀မ်လင်း ကြုံတွေ့ခဲ့ရသည့် အရိပ်တာအို၏ စွမ်းအား လက်ခံရရှိသူများနှင့် ယှဥ်လျှင် ကောင်းထျန်းမင်နှင့် အရိပ်တာအို၏ ပေါင်းစပ်မှုသည် အတော်လေး ပြီးပြည့်စုံသည်ဟု ဆိုရမည်။
ဤသည်က ကောင်းထျန်းမင်တွင် ရှိနေသည့် စိတ်ပိုင်းဆိုင်ရာချို့ယွင်းချက်ကြောင့် ဖြစ်နိုင်သည်ဟု ၀မ်လင်း ထင်မြင်ခဲ့သည်။
ထို့ကြောင့် ၀မ်လင်းသည် ကောင်းထျန်းမင်ကို အလွန်ပင် အံ့သြမိခဲ့သည်။
သူက ကောင်းထျန်းမင်ကို နက်နက်ရှိုင်းရှိုင်း သုတေသနပြုပြီး ခွဲခြမ်းစိတ်ဖြာချင်ခဲ့၏။
ထိုအချိန်မှာပင် လေထဲတွင်ပျံ၀ဲနေသော စွန်ရုပ်သေး ဆယ့်နှစ်ခုသည် ရုတ်တရက် လှုပ်ရှားလာခဲ့သည်။
ရုပ်သေးများက ကောင်းထျန်းမင်၏ အမိန့်ကို ရရှိသည်နှင့် နာရီလက်တံကဲ့သို့ အရှိန်ပြင်းစွာ လည်ပတ်လာပြီး ၎င်းတို့၏ ပါးစပ်များကို ဖွင့်လိုက်ကာ အလင်းများကို ထွေးထုတ်၍ အလင်း ကန့်လန့်ကာတစ်ခု ဖြစ်လာစေခဲ့သည်။
ဤသည်မှာ အရိပ်တာအို၏စွမ်းအားနှင့် ပေါင်းစပ်ထားသောမြင်ကွင်းတည်ဆောက်ခြင်း မှော်အစီအရင် ဖြစ်သည်။
၎င်းက အဆင့်မြင့် ပုံရိပ်ယောင်မှော်စွမ်းရည်နှင့် ဆင်တူပြီး ကြည့်ရှုသူသည် ကောင်းထျန်းမင်နှင့် ၀မ်လင်းတို့က ရပ်တန့်နေသော အနေအထားဖြင့် အေးခဲသွားသည်ကိုသာ မြင်ရမည်ဖြစ်သည်။
သို့သော် အမှန်တရားကမူ အပြင်လူများ မသိရှိနိုင်သည့်နေရာလွတ်တစ်ခု ဖြစ်ပေါ်လာခြင်းပင်။
ဆိုလိုသည်မှာ ဤနေရာတစ်ခုလုံးကို အတွင်းဘက်ကနေ လုံး၀ ပိတ်ဆို့ထားခြင်း ဖြစ်၏။
ထို့အပြင် အရိပ်တာအို၏ စွမ်းအားများ ရှိနေခြင်းကြောင့် ကောင်းကင်တာအို မှော်စွမ်းရည်များသည် အတွင်းဘက်ရှိ အခြေအနေများကို မှန်းဆနိုင်စွမ်း ရှိမည်မဟုတ်ပေ။
"မင်းငါ့လက်ထဲကို ကျရောက်သွားပြီ ကျောင်းသား၀မ်လင်း"
ကောင်းထျန်းမင်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်ပြီး ၀မ်လင်းကို စိုက်ကြည့်လိုက်သည်။
၀မ်လင်းက သူ့လက်ထဲသို့ ရောက်လာပြီး ၀မ်လင်းကို သူကြိုက်နှစ်သက်သလို လုပ်ဆောင်နိုင်မည်ဟု ကောင်းထျန်းမင်က ထင်ခဲ့သည်။
သို့သော် သူ မသိလိုက်သည်မှာ လိုချင်တာကို ဘာမဆိုလုပ်နိုင်သည့်သူက သူမဟုတ်ခြင်းပင်။
အပိုင်း(၁၁၆၈) ပြီး၏