← Chapters

အသိစိတ်ကို မဆုံးရှူံးအောင် ဘယ်လိုလုပ်မလဲ

Vol. 78 Ch. 1170

အသိစိတ်ကို မဆုံးရှူံးအောင် ဘယ်လိုလုပ်မလဲ

Vol. 78 Ch. 1170

ကောင်းထျန်းမင်၏ အရပ်လောက်မြင့်မားသည့် အရိပ်ရုပ်သွင်လူရွှင်တော်သည် လူတစ်ယောက်ကို အလွန် ကြောက်မက်ဖွယ်ရာ ခံစားချက်များ ချက်ခြင်းဆိုသလို ပြည့်နှက်စေနိုင်သော ရွံရှာဖွယ် အော်ရာများကို ထုတ်လွှတ်နေခဲ့သည်။

၎င်းတွင် သွေးထွက်နေသော နှာခေါင်းနှင့် ကွဲအက်နေသောနှုတ်ခမ်းများရှိပြီး မျက်လုံးထောင့်ရှိ မှဲ့များသည်ပင် နှလုံးသားကို ခွဲထုတ်နိုင်သော ချွန်ထက်သည့် ဓားသွားများနှင့်ပင် ဆင်တူနေသည်။

ထိုရုပ်သေး လူရွှင်တော်၏ ဦးခေါင်းကနေ ကြိုးလေးချောင်းက တွဲလောင်းကျနေခဲ့သည်။

စင်စစ် ထိုကြိုးများမှာ ကြိုးစစ်စစ် မဟုတ်ဘဲ မြွေများသာဖြစ်သည်။

၎င်းက အနည်းငယ် ရွံရှာဖွယ်ကောင်းပုံရသော်လည်း တကယ်တမ်းတွင် အရိပ်ရုပ်သွင်သည် စိတ်၏ အကျိုးသက်ရောက်မှုသာ ဖြစ်သည်။

ယင်းက ကောင်းထျန်းမင် တစ်ယောက် အမှောင်ထုထဲသို့ မည်မျှ သက်ဆင်းသွားသည်ကို သက်သေပြနေခဲ့သည်။

ကောင်းထျန်းမင်သည် သူ၏ နှလုံးသားနတ်ဆိုးကို လှုံ့ ဆော်မိပြီးနောက်တွင် အရိပ်ရုပ်သွင်သည် သူ၏ နှလုံးသားထဲမှ အမှောင်ထုကို တိုက်ရိုက် ထင်ဟပ်စေခဲ့သည်။

အရိပ်တာအို၏ စွမ်းအားကို တိုက်ရိုက်အသုံးပြုခြင်းသည် ပုံမှန်အားဖြင့် မှော်လက်နက်များ၏ လက်နက်၀ိညာဥ်နှင့် ဆင်တူသော ပုံရိပ်မျိုးကို ဖြစ်ပေါ်စေသင့်သည်။

၎င်းတို့က ကျင့်ခယ် သို့မဟုတ် ဆန်းကြယ်ပင်လယ် ကဲ့သို့ မလှပခဲ့လျှင်ပင် အနည်းဆုံး ပုံမှန် လူသားပုံစံတော့ ရှိနေသင့်၏။

၀မ်လင်းက သူ့ရှေ့မှ ကြောက်မက်ဖွယ်ပုံရိပ်ကို ငေးကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

သူက အသက်ဆယ့်ခြောက်နှစ်အရွယ် ကောင်လေးသာ ဖြစ်၍ သူ့ရှေ့မှ မြင်ကွင်းကိုမြင်လျှင် အနည်းငယ် အော့အန်ချင်လာခဲ့သည်။

ထို့ကြောင့် ၀မ်လင်းက သူ့ဗိုက်ထဲတွင် လှုပ်ခတ်နေသည့် အက်စစ်များကို အန်မထွက်အောင် အတတ်နိုင်ဆုံး ကြိုးစားနေခဲ့၏။

သူ့အစာအိမ်ထဲမှ အက်စစ်တစ်စက်သာ မြေပေါ်ကျသွားခဲ့လျှင် ကမ္ဘာမြေကြီးသည် အပေါက် ဖြစ်သွားနိုင်ပေသည်။

၀မ်လင်းက သူ၏ဗိုက်ကို လက်ဖြင့် ဖိထားသည်ကို မြင်လျှင် ကောင်းထျန်းမင်သည် သူ၏ခြိမ်းခြောက်မှု အောင်မြင်သွားပြီဟု အထင်ရောက်သွားခဲ့သည်။

သူ၏ အရိပ်ရုပ်သွင်ကို ရုပ်သေးလူရွှင်တော်ဟု ခေါ်ပြီးကြောက်ရွံ့မှုကို ဖန်တီးနိုင်သည့် စွမ်းရည် ရှိ၏။

လူတစ်ယောက်သည် ထိုအထဲတွင် ပိတ်မိသွားသောအခါတွင် ကြည့်လေကြောက်လေ ဖြစ်သွားပေလိမ့်မည်။

၀မ်လင်းက ချက်ချင်း မေ့မလဲသွားသည်ကပင် အတော်လေးစွမ်းနေပြီ ဖြစ်သည်။

"ရုန်းကန်နေလို့ ဘာမှအဓိပ္ပါယ်မရှိဘူး.. အတန်းဖော်၀မ်လင်း မင်းကို ငါ့စုဆောင်းမှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် သေချာပေါက် ပြောင်းလဲပစ်မယ်"

ကောင်းထျန်းမင်က ကောက်ကျစ်စွာပြုံး၍ ပြောလိုက်သည်။

တစ်ခဏအတွင်းမှာပင် ရုပ်သေးလူရွှင်တော်၏ ဗိုက်ထဲကနေ အူအများအပြား ပျံသန်း၍ ထွက်လာခဲ့ပြီး ၀မ်လင်း၏ ခန္ဓာကိုယ်ကို ရစ်ပတ်ကာ ကောင်းထျန်းမင်၏ အရိပ်ရုပ်သွင်ကမ္ဘာထဲကို ဆွဲခေါ်သွားခဲ့သည်။

၀မ်လင်းက သူ၏ ဘုရင်မျက်လုံးကို ဖွင့်ကာ သူ့ဆီသို့ ပျံသန်းလာသည့်အူများကို အာရုံစူးစိုက်၍ ကြည့်လိုက်သည်။

သူ၏အကြည့်အောက်တွင် ထိုအူများသည် အမှန်တကယ်ပင် နှေးကွေးသွားခဲ့သည်။

ဤသည်မှာ ဘုရင်မျက်လုံး၏ အထူးစွမ်းရည်ဖြစ်သည့် "မဟာပုဂ္ဂိုလ်ကို လုံး၀မထိနှင့်" ဟူသော အကျိုးသက်ရောက်မှုဖြစ်သည်။

ထိုအထူးစွမ်းရည်အရ ၀မ်လင်းကို ချဥ်းကပ်မိသည်နှင့် တိုက်ရိုက် ပျက်စီးသွားပေလိမ့်မည်။

ထို့ကြောင့် အူအများအပြားသည် လေထဲမှာပင် ချက်ခြင်းဆိုသလို နှေးကွေးကာ ရပ်တန့်သွားခဲ့၏။

၀မ်လင်း၏ ဘုရင်မျက်လုံးအောက်တွင် သူတို့သည် အတင့်မရဲ၀ံ့ကြပေ။

အရိပ်ရုပ်သွင် တစ်ခုအနေဖြင့် ရုပ်သေးလူရွှင်တော်ကို ကောင်းထျန်းမင်၏ စိတ်ဆန္ဒသည် ထိန်းချုပ်ထားခဲ့သည်။

သို့သော်လည်း ရုပ်သေးလူရွှင်တော်တွင် ၀ိညာဥ်ရေးဆိုင်ရာ ဥာဏ်ရည်အနည်းငယ် ရှိ၍ သူ့ကိုယ်သူ ထိခိုက်စေမည့် ဘယ်အရာကိုမှ လုပ်မည်မဟုတ်ပေ။

အရိပ်ရုပ်သွင် ပေါ်လာသည်နှင့်အမျှ အရိပ်ရုပ်သွင်နှင့် ပိုင်ရှင်သည် ခန္ဓာကိုယ်ချင်း ချိတ်ဆက်ထား၍ အရိပ်ရုပ်သွင် ရရှိသည့် ထိခိုက်ဒဏ်ရာမှန်သမျှသည် ပိုင်ရှင်ကိုပါ ရရှိစေမည် ဖြစ်သည်။

ကောင်းထျန်းမင်က ရုပ်သေးလူရွှင်တော်၏ တွန့်ဆုတ်နေမှုကိုမြင်လျှင် အတော်လေး အံ့အားသင့်သွားခဲ့သည်။

ဒါမျိုးယခင်က မဖြစ်ဖူးပေ။

သူ၏ အရိပ်ရုပ်သွင်က ကြောက်ရွံ့မှုကို ခံစားနိုင်လိမ့်မည်ဟု သူဘယ်တုန်းကမှ မထင်ခဲ့ချေ။

အရိပ်ရုပ်သွင်နှင့် ပိုင်ရှင်က နှစ်ကိုယ်တစ်စိတ်များ ဖြစ်၍ ထိုအချိန်တွင် ကောင်းထျန်းမင်သည် ရုပ်သေးလူရွှင်တော်၏ နှလုံးသားထဲမှ ကြောက်ရွံ့တုန်လှုပ်မှုကို ရှင်းရှင်းလင်းလင်းပင် တွေ့မြင်နိုင်ခဲ့သည်။

နောက်ထပ် တစ်ခဏအတွင်း ၀မ်လင်း၏ ဘုရင်မျက်လုံးမှ စွမ်းအားသည် ချွန်ထက်သောဓားအဖြစ် ပြောင်းလဲသွားပြီး ရုပ်သေးလူရွှင်တော်ကို တိုက်ရိုက် ထိုးဖောက်သွားခဲ့သည်။

ထို့နောက် ၀မ်လင်းသည် သူ၏စက္ခုစွမ်းအားကို အသုံးပြု၍ အရိပ်ရုပ်သွင်ကမ္ဘာကို ဆွဲဖွင့်လိုက်သည်။

ဤအရိပ်ရုပ်သွင် ကမ္ဘာထဲတွင် လူအများအပြား ပိတ်မိနေမှန်း ၀မ်လင်း​ ကောင်းစွာသိ၏။

သူက ရုပ်သေးလူရွှင်တော်ကို ဖျက်ဆီးလိုက်လျှင် ထိုလူများသည်လည်း တစ်ခါတည်း ပျက်စီးသွားပေလိမ့်မည်။

အခြေအနေက ဤအထိပင် ရောက်လာသောကြောင့် ကောင်းထျန်းမင်သည် အဆုံးသတ်တွင် ၀မ်လင်း၏ ခွန်အားက သူနားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီမှန်း သိလိုက်ရသည်။

သူ၏အရိပ်ရုပ်သွင်က လူအများကို ၀ါးမျိုနိုင်သည်အထိ အစွမ်းထက်သော်လည်း သူ့ရှေ့မှ လူကမူ ကြက်ကင်ကို ဖဲ့နေသလိုမျိုးပင် ဆွဲဖွင့်လိုက်ပြီး အတွင်းထဲကို ၀င်သွားခဲ့၏။

၀မ်လင်းက အရိပ်ရုပ်သွင်ကမ္ဘာ ထဲသို့ ရောက်ရှိသောအခါတွင် ကောင်းထျန်းမင်၏ စိတ်ပိုင်းဆိုင်ရာသည် ပြိုကွဲသွားခဲ့သည်။

စင်စစ် အရိပ်ရုပ်သွင်ကမ္ဘာသည် တကယ်တမ်းတွင် အသုံးပြုသူ၏ စိတ်စွမ်းအားနှင့် တည်ဆောက်ထားသည့် ကမ္ဘာငယ်လေး တစ်ခုသာ ဖြစ်၏။

၀မ်လင်းက ဤကမ္ဘာငယ်လေးထဲ ၀င်လာခြင်းသည် ကောင်းထျန်းမင်၏ အသိစိတ်ထဲကို အတင်းအဓမ္မ ကျူးကျော် ၀င်ရောက်လာခြင်းနှင့် အတူတူပင် ဖြစ်သည်။

သူကဲ့သို့ အတိုင်းအဆမဲ့ အင်အားကြီးသော မွန်းစတားက ကောင်းထျန်းမင်၏ အသိစိတ်ထဲကို ကျူးကျော်၀င်ရောက် လာသဖြင့် ကောင်းထျန်းမင်သည် ခေါင်းတစ်ခုလုံး ကိုက်ခဲလာပြီး မြေပြင်ပေါ် ဒူးထောက်ကျသွားခဲ့သည်။

သူက ခေါင်းကိုလက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ရင်း အသတ်ခံရတော့မည့် သိုးငယ်လေးတစ်ကောင် ကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံးမြေပြင်ပေါ်တွင် ခွေခေါက်ကာ နာကျင်စွာ ရုန်းကန်နေခဲ့ရသည်။

၀မ်လင်းက အတင်းအဓမ္မ ကျူးကျော် ၀င်ရောက်လာခြင်းသည် ကောင်းထျန်းမင်၏စိတ်ကို ထိခိုက်စေမည်မှာ သေချာသည်။

သို့သော် ကောင်းထျန်းမင်သည် ဤအရာကို သူကိုယ်တိုင် ဖိတ်ခေါ်ခဲ့သည်ဟုသာ ဆိုရမည်။

သူက အကြောင်းပြချက်မရှိဘဲ လူအများကို ရုပ်သေးအဖြစ် ပြောင်းလဲကာ သူ၏ အရိပ်ရုပ်သွင်ကမ္ဘာထဲရှိ ချွေးတပ်စခန်း ထဲတွင် ထည့်ထားခဲ့သည်။

သူ၏ချွေးတပ်ထဲတွင် သူ့စုဆောင်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြောင်းလဲခံထားရသူများသည် စက်ယန္တရားများ ကဲ့သို့ အဆုံးမဲ့ အလုပ်လုပ်ကြရသည်။

ကောင်းကင်ကြိုးများဖြင့် ခန္ဓာကိုယ်ကို ချိတ်ဆွဲခံထားရသော ၎င်းတို့သည် အုတ်များကို တစ်နေရာမှ တစ်နေရာသို့ သယ်ပို့ခဲ့ကြရသည်။

၎င်းတို့က ကောင်းထျန်းမင် စုဆောင်းထားသော ပစ္စည်းများ ဖြစ်ရုံသာမက အခမဲ့နည်းပါး စျေးပေါသော အလုပ်သမားများလည်း ဖြစ်သည်။

၀မ်လင်းက အရိပ်ရုပ်သွင်ကမ္ဘာထဲသို့ ရောက်ရှိလာသောအခါမှပင် ကောင်းထျန်းမင်၏ နှလုံးသားထဲရှိ အမှောင်ထုသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း သဘောပေါက်ခဲ့သည်။

ဤရုပ်သေးကမ္ဘာကြီးတွင် လူတစ်ဦးကို သတိလစ်စေနိုင်သည့် အင်အားတစ်ခုကိုလည်း ၀မ်လင်း ခံစားနိုင်ခဲ့၏။

ဤနေရာတွင် ရုပ်သေးအဖြစ် ပြောင်းလဲခံထားရသူ အားလုံးသည် ၎င်းတို့၏ လူသားစိတ်ဓာတ်များကို ဖြည်းဖြည်းချင်းစီ ဖယ်ရှားခံခဲ့ရသည်။

ထို့ကြောင့် ၎င်းတို့က ရုန်းကန်ခြင်းနှင့် ခုခံခြင်းများကို စွန့်လွှတ်ခဲ့ကြသည်။

နောက်ပိုင်းတွင် ၎င်းတို့၏အမည်များနှင့် ပတ်၀န်းကျင်ရှိ လူများကို မေ့လျော့သွားကြမည် ဖြစ်ပြီး လူသားများဖြစ်ခဲ့ခြင်း၏ မှတ်ဥာဏ်များ အားလုံးကို ဖြည်းဖြည်းချင်း ဆုံးရှုံးသွားကြလိမ့်မည် ဖြစ်သည်။

ကောင်းထျန်းမင် ရုပ်သေးအဖြစ် ပြောင်းလဲခဲ့သော လူအများစုသည် အခြေခံတည်ထောင်ခြင်းအဆင့် ကျောင်းသားများ ဖြစ်ကြသည်။

အခြေခံတည်ထောင်ခြင်းအဆင့် ကျင့်ကြံသူများသည် စိတ်ပိုင်းဆိုင်ရာ အတော်လေးအားနည်း၍ အရိပ်ရုပ်သွင် ကမ္ဘာထဲသို့ ထည့်သွင်းရန် ပိုပို၍ လွယ်ကူ၏။

အဆိုးရွားဆုံးသောကိစ္စမှာ ဤနေရာသို့ ရောက်လာသည်နှင့် အသိစိတ်များကို ဆုံးရှုံးသွားကြခြင်း ဖြစ်၏။

အုတ်သယ်နေသော လူအများ၏ ရှေ့တွင် ၀မ်လင်းသည် ကြိမ်လုံးဖြင့် အရိုက်ခံနေရသော ရင်းနှီးသည့် ပုံရိပ်တစ်ခုကို သတိပြုမိလိုက်သည်။

အစောပိုင်းတွင် ၀မ်လင်းသည် ၀မ်ကျန်း၏ အရှိန်အ၀ါ ပျောက်ကွယ်သွားသည်ကို ခံစားမိခဲ့၏။

သူထင်ထားသည့်အတိုင်းပင် ၀မ်ကျန်းသည် ကောင်းထျန်းမင်၏ ထောင်ချောက်ထဲသို့ ကျရောက်သွားပြီး အရိပ်ရုပ်သွင်ကမ္ဘာထဲသို့ ဆွဲသွင်းခံရကာ ရုပ်သေးတစ်ရုပ် ဖြစ်သွားခဲ့သည်။

ယခုအခါတွင် ကြိုးဆွဲရုပ်သေး အဖြစ် ပြောင်းလဲနေသော ၀မ်ကျန်းကို သူမြင်လိုက်ရသည်။

၀မ်ကျန်း၏ ခန္ဓာကိုယ်သည် သံမဏိကြိုးလေးကြိုးဖြင့်ချိတ်ဆွဲခံထားရပြီး ကောင်းထျန်းမင်၏ ထိန်းချုပ်မှုအောက်တွင် ဆက်တိုက်ဆိုသလို အနားမရဘဲ အလုပ်လုပ်နေခဲ့ရသည်။

၀မ်လင်းသည် ၀မ်ကျန်းကို အဝေးကနေ ရပ်ကြည့်နေခဲ့သည်။

၀မ်ကျန်းက အရိပ်ရုပ်သွင်ကမ္ဘာနှင့် ပေါင်းစည်းခံရခြင်း ရှိမရှိသို့မဟုတ် မှတ်ဥာဏ်မည်မျှ ကျန်ရှိနေမှန်း သူမသိပေ။

သို့သော်လည်း သူက ၀မ်ကျန်း၏အမူအရာကို ကြည့်လိုက်သောအခါ အခြားသော ရုပ်သေးများနှင့် ကွဲပြားနေသည်ကို တွေ့လိုက်ရသည်။

သူက ၀မ်ကျန်း၏ မျက်လုံးများတွင် ခိုင်မာပြတ်သားသော အရိပ်အယောင်များကို မြင်ခဲ့ရသည်။

ကြည့်ရသည်မှာ ၀မ်ကျန်းသည် ဤနေရာမှ ထွက်ခွာနိုင်ရန်အတွက် လက်မလျှော့သေးပုံရ၏။

ထိုခဏတွင် ၀မ်လင်းနှင့် ၀မ်ကျန်းတို့သည် မျက်လုံးချင်းဆုံမိသွားကြသည်။

၀မ်ကျန်းက ရုတ်တရက် တုန်လှုပ်သွားပြီး ချက်ချင်းဆိုသလို စိတ်လှုပ်ရှားလာခဲ့သည်။

"လင်းကျန်းရန်"

သူက ၀မ်လင်း သူ့အသံကို ကြားနိုင်သည်ဟု အခိုင်အမာယုံကြည်သဖြင့် စိတ်ထဲကနေ အော်ခေါ်လိုက်သည်။

၀မ်လင်းက ၀မ်ကျန်းတစ်ယောက် ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အရိပ်ရုပ်သွင်ကမ္ဘာတွင် သူ့ကိုယ်သူ ထိန်းသိမ်း နိုင်ခဲ့သောကြောင့် ချီးကျူးရန် ပြင်ဆင်လိုက်သော အချိန်တွင် ၀မ်ကျန်း ပြောလိုက်သောစကားကြောင့် မှင်တက်သွားခဲ့သည်။

"လင်းကျန်းရန် နောက်ဆုံးတော့ မင်းရောက်လာပြီပေါ့.. ဒီနေရာမှာ ငါ့ရဲ့အသိစိတ်ကို မဆုံးရှုံးရအောင် ဘယ်လိုလုပ်ရမလဲလို့ ငါအမြဲစဥ်းစားနေခဲ့တယ်.. ဒါကြောင့် ရိုက်နှက်ခံရဖို့အတွက် အမှားအယွင်းတွေကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့တယ်.. ဘာလို့လဲဆိုတော့ ကြိမ်လုံးနဲ့ အရိုက်ခံရတိုင်းမှာ ငါ့စိတ်က လန်းဆန်းသွားပြီး အရာအားလုံးကို မှတ်မိသွားတတ်လို့ပဲ"

[ဘာလို့ ဒီကောင်ကအရိုက်ခံရတာကို ဒီလောက်တောင် ပျော်နေရတာလဲ]

အပိုင်း(၁၁၇၀) ပြီး၏

All Chapters