မင်း နားထောင်နေရဲ့လား
Vol. 47 Ch. 693
ကျန်းထောင် သီဆိုပြီးနောက် ဟွမ်ရှင်း စင်ပေါ်တက်ရမည့် အလှည့်သို့ ရောက်လာသည်။ ပရိသတ်များက စိတ်လှုပ်ရှားမှုကြောင့် တစ်ဖန်ပြန်၍ ဆူညံလာပြန်သည်။
[အား … ဒါ သိပ်ကောင်းတာပဲ]
[အားပြင်းပြင်းလေးနဲ့ လက်ခုပ်တီးကြပါဟ]
[ဟွမ်ရှင်းပြီးရင် ငါ့ပင်းပင်းအလှည့်ပဲ]
[အကောင်းဆုံး ကြိုးစားပါ၊ နိုင်ရမယ်]
လက်ရှိတွင် ခံစားချက်များ ဆူပွက်နေသဖြင့် ငြိမ်ကျသွားခြင်း မရှိပေ။
ထိုအခိုက်တွင် လူတော်တော်များများ၏ မျက်နှာတွင် စိုးရိမ်သော အမူအရာ ရှိနေကြသည်။ စူပါမန်းက သည်အခြေအနေကို ဘယ်လို ရင်ဆိုင်မည်နည်း။ အခြားအဆိုတော်များသာ ဆိုပါက သူတို့၏ စိတ်အခြေအနေကို အနည်းနှင့်အများ ဆိုသလို သက်ရောက်မည် ဖြစ်ပြီး ထွက်ပင် ပြေးလောက်သည်။
ရဲ့လင်းချန်၏ နားနေခန်းထဲ၌။
ရိုက်ကူးရေး ဝန်ထမ်းတစ်ယောက်က သူ့အခန်းတံခါးကို လာခေါက်သည်။
“ဆရာ စူပါမန်း၊ ဆရာ ပင်းပင်းပြီးရင် ခင်ဗျားအလှည့်ပါ၊ ကျေးဇူးပြုပြီး အသင့်ပြင်ထားပေးပါ”
“အင်း … နားလည်ပြီ”
ရဲ့လင်းချန်က တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။ သူ့မျက်နှာဖုံးကို တပ်ထားသဖြင့် ဘယ်သူမှ သူ့မျက်နှာကို မမြင်ရချေ။
ဆုမိုက နှုတ်ခမ်းကိုက်နေပြီးနောက် စိုးရိမ်သော လေသံဖြင့် ပြောလိုက်သည်။
“မစ္စတာ စူပါမန်း၊ ကျေးဇူးပြုပြီး တစ်ခုခု ထပ်သောက်လိုက်ပါဦး၊ ကျွန်မ ရှင့်ကို နှစ်မိနစ်နေရင် ခေါ်သွားပါ့မယ်”
ရဲ့လင်းချန် ခေါင်းညိတ်၍ ပြိုင်ပွဲကို ကြည့်နေရာမှ ရပ်ကာ တီဗွီကို ပိတ်လိုက်သည်။ အခန်းထဲ၌ ပို၍ တိတ်ဆိတ် သွားလေသည်။
သို့သော် စင်ဘက်မှ လာသည့် အရူးအမူး ဖြစ်နေသော အော်သံများကို သူ ကြားနေရဆဲပင်။ ဤသို့သောအချိန်၌ သူသည် စိုးရိမ်မှု အရိပ်အယောင် ပြလာပြီး နှာခေါင်းပွတ်လိုက်မိသည်။
လက်ရှိတွင် ဘာနောက်ခံမှမရှိသည့် အမည်မဲ့ ပြိုင်ပွဲဝင်တစ်ဦးသာ ဖြစ်သည်။ ဤသို့ နာမည်ကြီးသော ငပျော့ကောင်နှင့် ယှဉ်လျင် သူ နိုင်နိုင်ပါမည်လော။
အနိုင်ရရန် အလို့ငှာ သူသည် ထိုငပျော့ကောင်များကို အနိုင်ပိုင်းနိုင်ရန် လိုအပ်ပြီး ထိုငပျော့ကောင်များ၏ ပရိသတ်များကိုပင် လက်ခံလာအောင် လုပ်ရန် လိုအပ်ပေသည်။
ဤသို့သော အခြေအနေအောက်၌ လူဘယ်လောက်များများက ထိုသို့လုပ်နိုင်မည်နည်း။ ဘယ်သူမှ မလုပ်နိုင် လောက်ပေ။
*ဒါပေမဲ့ … ငါ လုပ်နိုင်တယ်*
ဆုမို စကားစလာသည်။
“မစ္စတာ စူပါမန်း၊ သွားရအောင်”
“အင်း”
ရဲ့လင်းချန် မတ်တပ်ထရပ်ကာ အပြင်သို့ ထွက်လာလိုက်သည်။
တံခါးဖွင့်လိုက်ချိန်တွင် ယခင်ပွဲစဉ်မှ ထွက်ခွာခဲ့ရသည့် ယွီမောင် (Feather)၊ ဆရာလောနှင့် ဆရာထန့်တို့နှင့် တိုးလေသည်။ သူတို့၏ မျက်လုံးများတွင် မျှော်လင့်ချက်တို့နှင့် ပြည့်နေပြီး အားပေးချင်သော အမူအရာတို့ ရှိနေကြသည်။
ရဲ့လင်းချန် ဘာမှမပြောဘဲ ခေါင်းညိတ်ပြလိုက်ကာ စင်ဘက်သို့ ဖြည်းဖြည်းချင်း လျှောက်သွားလေသည်။
သူ အနားသို့ နီးလာလေလေ စင်ပေါ်မှ အသံများကို ပြတ်ပြတ်သားသား ကြားရလေပင်။
ပင်းပင်းက သီချင်းဆိုနေဆဲဖြစ်သည်။
ရဲ့လင်းချန်သည် စောင့်ဆိုင်းဧရိယာ၌ ရောက်နေပြီဖြစ်ကာ ငြိမ်ငြိမ်သက်သက် ကြည့်နေသည်။
သူ ရပ်နေသည့်ထောင့်မှနေ၍ ခန်းမထဲမှ ပရိသတ်များနှင့် စင်ပေါ်မှ ပင်းပင်းကို သူ မြင်ရသည်။ သူ နောက်လှည့်ကြည့်သောအခါ ဆရာထန့်နှင့် အခြားသူများ၏ အရိပ်ကိုသာ မြင်နေရသည်။
ဤစင်မြင့်သည် အခြားသူများအတွက် ဘာမှမထူးခြားသော်လည်း ရှေ့မျိုးဆက် အဆိုတော်များအတွက်မူ အလွန်အမင်း အရေးပါလေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် စင်မြင့်နှင့် သက်ဆိုင်ခဲ့ကြ သောကြောင့်ပင်တည်း။
အနုပညာ လောကသည် အညှာအတာ ကင်းမဲ့လွန်းပြီး အားနည်းသူများ ရှင်းထုတ်ခံရသည့် နိယာမကို အလွန်အကြူး ဖော်ပြတတ်သည်။ သူတို့သည် စင်မြင့်ပေါ်မှ ဤသို့သော နည်းလမ်းဖြင့် ဖယ်ရှားခံရသည့်ကို မကျေနပ်ကြချေ။
ရုတ်ချည်းဆိုသလိုပင် ကျယ်လောင်သော လက်ခုပ်သံများနှင့် အားပေးသံများကြောင့် ရဲ့လင်းချန် သတိပြန် ဝင်လာသည်။
“ပင်းပင်း”
“ပင်းပင်း”
“ပင်းပင်း”
ခန်းမထဲတွင် ပရိသတ်များထံမှ အတောမသတ်နိုင်သော အော်ဟစ်သံများ၊ လက်ခုပ်သံများနှင့် ပြည့်နှက်နေ၏။
“ခဏနေရင် … ငါ့အလှည့် ရောက်ပြီပဲ”
ရဲ့လင်းချန်က ခေါင်းကို အသာမော့၍ ဂီတစာရွက် တစ်ရွက်ကို ဆုမိုအား ပေးလိုက်သည်။
“အရင်လိုပဲ”
“သ…သ…သီချင်းသစ်လား”
ဆုမို အထစ်ထစ် အငေါ့ငေါ့ ဖြစ်သွားပြီး အနည်းငယ် မှင်တက်သွားသည်။
ရဲ့လင်းချန် ခေါင်းညိတ်ပြလိုက်သည်။
“အင်း”
….
တိုက်ရိုက် ထုတ်လွှင့်မှု၌
[အား … ပင်းပင်း ဆိုသွားတာ သိပ်ကောင်းတာပဲ]
[စူပါမန်းပဲ ကျန်တော့တယ်၊ ဟုတ်တယ်မလား]
[ဟူး …. သူက ဘာနဲ့ ပြိုင်မှာလဲ]
[အဖြေက ထွက်နေပြီပဲ၊ ဘာမှ ကြည့်စရာ မရှိဘူး]
[တကယ်တော့ စူပါမန်းက တကယ်ကို ဆိုတာကောင်းတယ်လို့ ငါ ထင်တယ်၊ ဒါပေမဲ့ …]
…
ဒိုင်လူကြီးများခုံ၌ ချန်ရှောင်ယန်သည် သူမလက်သီးများက ကျစ်နေအောင် ဆုပ်ထားသည်။ သူမ၏ မျက်လုံးများတွင် စိုးရိမ်မှုများနှင့် ပြည့်နှက်နေပြီး ရဲ့လင်းချန်အား မျှော်လင့်စောင့်စားစွာ ကြည့်နေမိသည်။
ထိုငပျော့ကောင်များက ရဲ့လင်းချန်၏ ဖျော်ဖြေမှုအပေါ် သက်ရောက်မှု ရှိမည်ကို သူမ စိုးရိမ်နေသည်။ တစ်ဖက်တွင်လည်း သူ နိုင်လိမ့်မည်ဟုလည်း သူမ ယုံကြည်နေ၏။
စူပါစတားလျှို: “ဟိုကောင်လေးရဲ့ အလှည့်ပဲ”
“အခုခေတ်မှာ ငပျော့ကောင်တွေရဲ့ လွှမ်းမိုးမှုက တကယ်ကို တစ်ခုခုတော့ တစ်ခုခုပဲ၊ အရင်ဆုံး ဖယ်ထုတ်ခံရမယ့်သူက သူ မဟုတ်ပါစေနဲ့လို့ ငါ တကယ် မျှော်လင့်မိတယ်”
တုန်းချိုးက ဝင်ပြောသည်။
“အရင်တစ်ခေါက်က သူ သီချင်းကို ပြန်မွမ်းမံခဲ့တာ၊ အခုတစ်ခေါက် သူ ဘာကို ဆိုမလဲ ငါ သိချင်မိတယ်၊ ငါ မျှော်လင့်နေမိပြီ”
…
ပရိသတ်များ ကြည့်နေစဉ်မှာပင် စင်မြင့်၏ တံခါးက ရုတ်တရက် ပွင့်လာပြီး မီးရောင်များက ထိုနေရာ၌ စုဝေးလာသည်။ ရဲ့လင်းချန် တံခါးမှ ထွက်ပေါ်လာ၏။
ဘာအားပေးသံမှ မရှိဘဲ စိတ်မပါသည့် လက်ခုပ်သံ အချို့ကိုသာ ကြားရလေသည်။ သူ ဝင်ရောက်လာပုံက ထိုငပျော့ကောင်များနှင့် ယှဉ်လိုက်လျင် အကြီးအကျယ် ကွာခြားပေသည်။
ပရိသတ် တော်တော်များများက ပင်ပန်းနေကြသည်။ သူတို့သည် အရှေ့က ငပျော့ကောင် သုံးယောက်ကို အော်ဟစ် အားပေး၍ လက်ခုပ်တီးခဲ့ကြသည်။ လက်ရှိတွင် သူတို့၏ အားအင် အများစုက ကုန်ဆုံးနေပြီ ဖြစ်သည်။ သူတို့ထဲက အချို့ဆိုလျင် အသံပင် ပျောက်နေကြသည်။ သူတို့တွင် ရဲ့လင်းချန်အတွက် အားပေးနိုင်သည့် အားအင် ဘယ်လိုလုပ် ရှိနိုင်သေးမည်နည်း။
ဆုမိုက စင်မြင့်ကို မျက်လုံး မခွာစတမ်း ကြည့်နေသည်။ သူမ၏ လက်များကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူမနှလုံးသားက စိုးရိမ်တုန်လှုပ်စွာ ခုန်နေလေသည်။
*ဘာလို့ လက်ခုပ်သံတောင် မရှိရတာလဲ၊ ဒီလူတွေက ဘယ်လိုတောင် မလေးမစား လုပ်နိုင်တာလဲ*
ရဲ့လင်းချန်က ပုံမှန်အတိုင်း လျှောက်လာပြီး စင်မြင့်အလယ်၌ တည်ငြိမ်စွာ ရပ်လိုက်သည်။
မျက်နှာဖုံးအောက်မှ သူ၏ မျက်လုံးများက အလွန်အမင်း တည်ငြိမ်ပြီး အားလုံး၏ တုံ့ပြန်မှုကြောင့် ဘာမှ မဖြစ်သွားချေ။ သူသည် ပရိသတ်များအားလုံးကို တစ်ချက် ဝေ့ကြည့်ပြီးနောက် ပင့်သက်ရှိုက်ကာ မျက်လုံးကို မှိတ်လိုက်သည်။
ယခင်က မှတ်ချက်များနှင့် ပြည့်နှက်နေသည့် တိုက်ရိုက် ထုတ်လွှင့်မှုသည်လည်း ငြိမ်သက်နေပြီး ကြည့်ရှုသူများက ပွဲအား ငြိမ်ငြိမ်လေး ကြည့်နေကြသည်။
စင်နောက်၌ ဆရာလောနှင့် ဆရာထန့်တို့က သက်ပြင်းကို အသာချမိသွားပြီး ယွီမောင်၏ မျက်လုံးတွင် စိတ်ဓာတ်ကျဟန် ပေါ်လာသည်။
သူတို့သည် စိတ်ကို ပြင်ဆင်ထားသော်လည်း ငပျော့ကောင်များနှင့် ယှဉ်လိုက်လျင် အလွန်အမင်း ကွာခြားလှသည့် တုံ့ပြန်မှုကို မြင်သော် တုန်လှုပ်မိနေဆဲပင်။
သီချင်းသံ စတင်ပေါ်ထွက်လာသည်။ တစ်မူထူးခြားသော တီးလုံးက ညင်သာစွာ ရိုက်ခတ်လာပြီး လူတိုင်း အံ့ဩ သွားကြသည်။
အဖွင့်က ထူးခြားလှသည်။ ယင်းက သူတို့မှတ်ဉာဏ်ထဲမှ ဘယ်သီချင်းနှင့်မှ မတူချေ။
မီးရောင်များက ရဲ့လင်းချန်ပေါ် တိုက်ရိုက် ကျရောက်နေပြီး စင်မြင့်တစ်ခုလုံးမှ မီးရောင်များက သူ့အပေါ် စုဝေးနေလေသည်။ ရဲ့လင်းချန်က မိုက်ခ်ကို ကိုင်၍ သီဆိုလိုက်သည်။
သီချင်းနှင့် ပတ်သက်၍ အမြင့်သံ မပါသလို ရော့တေးဂီတလည်း မပါကာ ကခုန်ခြင်းလည်း မရှိချေ။
သူ၏ တည်ငြိမ်သော ခပ်နိမ့်နိမ့်အသံက တေးသွားကဲ့သို့ နူးညံ့ညင်သာလှပြီး ဝမ်းနည်းမှု အရိပ်အယောင်တို့ ပါဝင်နေသည်။
“လမ်းမပေါ်မှာ ခြေဦးတည်ရာ သွားလာနေသူတွေ လျှောက်လှမ်းဖို့ အသင့်ဖြစ်ရဲ့လား”
“ထိခိုက်လွယ်တဲ့သူတွေ၊ ဂုဏ်ယူနေတဲ့သူတွေရေ … တစ်ချိန်က ငါလဲ မင်းတို့ထဲက လူတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်”
ထိုအခိုက်မှာပင် လူတိုင်း အံ့အားသင့်သွားကြသည်။
*သီချင်းသစ်လား*
*ကိုယ်ပိုင် ဖန်တီးမှုလား*
ရဲ့လင်းချန်က ခပ်နိမ့်နိမ့်အသံဖြင့် သီချင်းဆက်ဆိုနေသည်။
“မသေချာ မရေရာ ဖြစ်နေတဲ့သူတွေ၊ ရဲရင့်လွန်းသူတွေ … မင်းတို့တွေ ဘယ်တွေ ရောက်ကုန်ပြီလဲ”
“လျှို့ဝှက်ပြီး ငြိမ်သက်လွန်းတဲ့သူတွေ … မင်းတို့တွေ နားထောင်နေသေးရဲ့လား”
လက်ရှိတွင် လူတိုင်း၏ နှလုံးသားထဲ၌ တည်ငြိမ်အေးချမ်းသော ခံစားချက် ဝင်ရောက်လာသည်။ ငပျော့ကောင်များ နှင့်အတူ ခံစားခဲ့ကြသော သူတို့၏ တက်ကြွမြူးထူးသည့် ခံစားချက်များအားလုံး ငြိမ်သက်သွားသည်။
ထိုစဉ် ရဲ့လင်းချန်၏ မျက်လုံးက ဖြည်းဖြည်းချင်း ပွင့်လာပြီး အသံက အနည်းငယ် မြင့်သွားကာ အားကုန် အော်ဟစ်ရန် ကြိုးစားနေသလိုပင်။ သို့သော် သူ့တွင် အရာအားလုံးကို ကြုံတွေ့ဖူးသည့် ခံစားချက် ရှိနေပုံရသည်။ သူက တည်ငြိမ်သော အသံဖြင့် ဆက်လက် သီဆိုနေပြီး သူ၏အသံနှင့်အတူ ဝမ်းနည်းကြေကွဲဖွယ် ခံစားချက်ကို ယူဆောင်လာ၏။
“ငါ တောင်တန်းတွေနဲ့ ပင်လယ်တွေကို ဖြတ်ကျော်ခဲ့ပြီးပြီ … ငါ အားလုံးကို တစ်ချိန်က ပိုင်ဆိုင်ခဲ့ဖူးပင်မယ့် အခုတော့ လေညှင်းနဲ့အတူ ပျက်ပြယ်သွားခဲ့ပြီ”
“ငါ တစ်ချိန်က လမ်းပျောက်ပြီး ပန်းတိုင်မဲ့ခဲ့ဖူးသလို ငါ ဘယ်ကို သွားသင့်သလဲလို့ တွေးခဲ့ဖူးတယ်၊ နောက်ဆုံးတော့ အဖြေက ပုံမှန်လေးပဲ သွားသင့်တယ်ဆိုတာကို ငါ သိလိုက်ရတယ်”
…
သီချင်းသံကို ကြားပြီး ဆရာထန့်၊ ဆရာလောနှင့် တီဗွီမှ ကြည့်နေသော အခြား အဆိုတော်များအားလုံး မျက်ရည်ဝဲလာသည်။ ထိုသီဃျင်းမှ သူတို့ကိုယ်သူတို့ ပြန်မြင်ယောင်သလို ခံစားလာရသည်။
*ငါ စင်မြင့်ပေါ်မှာ ဖျော်ဖြေခဲ့ဖူးတယ်၊ ငါ့မှာလဲ အရူးအမူး စွဲလမ်းတဲ့ ပရိသတ်တွေ ရှိခဲ့ဖူးတယ်၊ ငါ့မှာ အများကြီး ရှိခဲ့ဖူးတယ် …*
ပရိသတ်ထဲမှ လူကြီးပိုင်းအချို့သည်လည်း ထပ်တူ အံ့အားသင့်ကာ မျက်ရည်များက အထိန်းအကွပ်မဲ့စွာ ပါးပြင်ပေါ်သို့ စီးကျလာသည်။
*ငါလဲ အများကြီး လုပ်ခဲ့ဖူးတယ်၊ ငါ တစ်ချိန်က ဂုဏ်ယူပြီး ရူးသွပ်ခဲ့ဖူးတယ်၊ တစ်ချိန်က ငါရော နားထောင်နေရဲ့လား*