အောင်သွားပြီ
Vol. 47 Ch. 694
ဆရာထန့်က မျက်နှာပေါ်မှ မျက်ရည်များကို သုတ်၍ ခပ်အက်အက်အသံဖြင့် ပြောလာသည်။
“ဒီသီချင်းသစ်က ကျုပ်တို့အတွက် ရေးထားတာလား”
“ဟားဟားဟား …. သူ့ဆီမှာ ရှုံးသွားခဲ့တဲ့အတွက် ငါ မတရားဘူးလို့ မခံစားရဘူး၊ ဒီအသက်အရွယ်မှာ ဒီလောက် အံ့ဩဖို့ ကောင်းတဲ့ လူငယ်တစ်ယောက်နဲ့ ပြိုင်ရလိမ့်မယ်လို့ ငါ မထင်ထားခဲ့မိဘူး၊ ဒါ ကောင်းမွန်တဲ့ အရှုံးပဲ”
ဆရာလောက စိတ်ပါလက်ပါ ရယ်မောနေသည်။
“ဒါ သီချင်းသစ်လား၊ ဒီလူက ဘယ်သူလဲ”
စူပါစတားလျှိုတွင် အံ့ဩသော အမူအရာ ဖြစ်ပေါ်နေသည်။ သူ့ကိုလည်း ရှေ့မျိုးဆက်မှ အဆိုတော်ဟု သတ်မှတ်နိုင်ပြီး သီချင်းကြောင့် သူသည်လည်း ရင်ထဲ ထိသွားရသည်။
စင်မြင့်ပေါ်၌ ရဲ့လင်းချန်က ဆက်၍ သီဆိုနေသည်။
“နောက်လာမယ့် ရက်တွေမှာ ဘဝက ပိုကောင်းလာမလား၊ ဒါမှမဟုတ် ပိုဆိုးလာမလား ဆိုတာကို မင်း သိချင်နေတုန်းပဲလား”
“ငါ့အတွက်တော့ အဲ့ဒါက နောက်ထပ် ရက်တစ်ရက်လေးပါပဲ”
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။ ဘယ်သူမှ အသံမထွက်ကြချေ။
“ငါ တစ်ခါက ငါ့မှာရှိတဲ့ အရာအားလုံးကို ဖျက်ဆီးခဲ့ဖူးပြီး တစ်သက်လုံး ထွက်ခွာသွားခဲ့ဖူးတယ်”
“ငါ တစ်ချိန်က အဆုံးမရှိတဲ့ အမှောင်ထုထဲ လဲကျခဲ့ပြီးတော့ မလွတ်မြောက်နိုင်ခဲ့ဘူး”
“ငါ မင်းလို၊ သူတို့လို၊ တောရိုင်းပန်းတွေလို ဖြစ်ခဲ့ဖူးတယ်”
“ကြံရာမရ ဖြစ်ခဲ့ဖူးတယ်၊ လွမ်းဆွတ်ကြေကွဲဖူးတယ်၊ ငိုကြွေးခဲ့ဖူးတယ်၊ ပြုံးခဲ့ဖူးတယ်၊ သာမန် ဖြစ်ခဲ့ဖူးပါတယ်”
…
ငပျော့ကောင်များအတွက် အော်ဟစ်အားပေးခဲ့ပြီး ရဲ့လင်းချန်ကို အထင်သေးခဲ့သူများသည် အံ့အားသင့်ကာ ပြောစရာစကား မဲ့နေကြလေသည်။
*ဒါ သူရဲ့ လက်ရှိအခြေအနေကို အတိအကျ ဖော်ပြနေတာ မဟုတ်ဘူးလား*
ဘယ်သူမှ သူ့အတွက် မျှော်လင့်ချက် မထားခဲ့ကြသလို သူသည် တောရိုင်းပန်းများကဲ့သို့ စိတ်ပျက်လက်ပျက် ဖြစ်ကာ သာမန် ဖြစ်ခဲ့သည်။
လက်ရှိတွင် လူတော်တော်များများက မျက်ရည်ကျလာပြီး သူနှင့်အတူ ထပ်တူ ခံစားလာရသည်။
စင်မြင့်ပေါ်၌ ရဲ့လင်းချန်က ယခင်နေရာ၌ ရှိနေဆဲပင်။
“မင်း တစ်ခုခုကို ပေးဆပ်ခဲ့ပြီးရင်တောင်မှ ဒီလိုလေးပဲ ဆက်လျှောက်နေပါ”
“သူတို့က မင်းရဲ့အရာတွေကို ယူဆောင်သွားရင်တောင်မှ ဒီလိုလေးပဲ ဆက်လျှောက်နေပါ”
“မင်း တစ်ခုခုကို သတိရ တမ်းတနေခဲ့ရင်တောင်မှ ဒီလိုလေးပဲ ဆက်လျှောက်နေပါ”
“ဒီလိုလေးပဲ မင်း ဆက်လျှောက်နေခဲ့ပါ …”
“ငါ တောင်တန်းတွေနဲ့ ပင်လယ်တွေကို ဖြတ်ကျော်ခဲ့ပြီးတော့ လူတွေကို ကျော်ဖြတ်ခဲ့ဖူးပါတယ်”
“ငါ တစ်ချိန်က လောကကြီးကို မေးခွန်းထုတ်ခဲ့ဖူးပင်မယ့် အဖြေ ပြန်မရခဲ့ဘူး”
“ငါက မင်းလို၊ သူတို့လိုနဲ့ တောရိုင်းပန်းတွေလိုပါပဲ”
“အမှောင်ထုထဲမှာ ဒါဟာ ငါ ဆက်လျှောက်ဖို့ ကံပါနေတဲ့ တစ်ခုတည်းသော လမ်းပါပဲ”
လူတွေအားလုံး၊ တိုက်ရိုက် ထုတ်လွှင့်မှုထဲမှ လူများတောင်မှ ငိုကြွေးကြလေသည်။
ခံစားချက်များက သူတို့ရင်ထဲ ပေါက်ဖွားလာသဖြင့် သူတို့၏ မျက်ရည်များက အထိန်းအချုပ်မဲ့စွာ စီးကျလာ၏။ ဤသီချင်းက … သူတို့၏ ခံစားချက်များကို ပြင်းပြင်းထန်ထန် ရိုက်ခတ်လာစေခဲ့သည်။
ထို့နောက် ရဲ့လင်းချန်က အသာ သက်ပြင်းချလာသည်။
“ဒီလိုနဲ့ပဲ အချိန်တွေ ကုန်သွားခဲ့ပြီ”
“မနက်ဖြန်က ဘာလိုလိုနဲ့ ရောက်လာခဲ့ပြန်ပြီ”
“လေညှင်းက ဆက်ပြီး တိုက်ခတ်နေသလို လမ်းကလည်း အဝေးကြီး ကျန်နေသေးတယ်”
“ငါ့ရဲ့ ဇာတ်လမ်းက ဘယ်မှာများ အဆုံးသတ်မှာလဲ”
သီချင်း ပြီးသွားလေသည်။
ယခင် ရဲ့လင်းချန် စင်ပေါ်မှာ ဆင်းသွားခဲ့တုန်းကလိုပင်။ တကယ်တမ်းတွင် ထို့ထက်ပင် ပို၍ တိတ်ဆိတ် နေသေး၏။
လက်ခုပ်တီးသံ၊ အားပေးသံ မရှိသလို အော်ဟစ်သံလည်း မရှိပေ။ ပရိသတ်များ၏ အသက်ရှူသံကိုတောင်မှ ခပ်သဲ့သဲ့လေး ကြားနေရသည်။
သို့သော် ကင်မရာက လှည့်၍ ရိုက်ကူးပြသည်ကို ကြည့်လျင် ပရိသတ်များ၏ မျက်နှာတွင် မျက်ရည်များနှင့် ပြည့်နှက်ကာ ငိုကြွေးနေသည်ကို မြင်ရပေလိမ့်မည်။
သီချင်းနှင့်အတူ တေးသွားကပါ ရပ်တန့်သွားသည်။
ပရိသတ်များ သတိပြန်ဝင်လာသည့်အချိန်၌ ရဲ့လင်းချန်က စင်ပေါ်မှ ပျောက်ကွယ်သွားပြီ ဖြစ်ကာ အနောက်သို့ ဆင်းသွားလေပြီ။
မိန်းကလေးတစ်ယောက်သည် တီဗွီရှေ့၌ ထိုင်၍ တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်နေသည်။ သူမ ဝေခွဲမရ ဖြစ်နေ၏။
“ဒီသီချင်းက သိပ်ကောင်းတယ်၊ ဒါပေမဲ့ … ငါ ထောင်ထောင်ကို ပိုသဘောကျတယ်၊ ငါ ဘာလုပ်ရမလဲ၊ ငါ့ထောင်ထောင်အတွက် ငါ မဲပေးသင့်တယ်၊ ငါ သစ္စာဖောက် ဖြစ်လို့မဖြစ်ဘူး”
သို့သော် ထိုအခိုက်မှာပင် သူမ ပေါ့ပါးသွားသလို ခံစားလိုက်ရပြီး ရုတ်တရက် အချီခံလိုက်ရသည်။
“အား … ဖေဖေ ဘာလုပ်တာလဲ …”
သို့သော် ထိုအချိန်မှာပင် မိန်းကလေး အံ့ဩသွားရသည်။ သူမဖခင်၏ မျက်လုံးတွင်း၌ မျက်ရည်အချို့ ရှိနေသည်ကို သူမ မြင်လိုက်ရသည်။
“သမီး အနုပညာရှင်တွေကို သဘောကျ အားပေးတာက ဘာမှမဖြစ်ပါဘူး၊ ဒါပေမဲ့ သမီးရဲ့မဲကို ခုနက သီချင်းဆိုနေတဲ့ ကိုကိုအတွက် ပေးပေးလို့ မရဘူးလား”
သူမဖခင်၏ အသံက အနည်းငယ် ပြာအက်နေသည်။
“ရပါတယ်”
ကလေးမလေးက ခေါင်းညိတ်လိုက်သည်။
“ဖေဖေ၊ ဖေဖေ ဘာဖြစ်လို့လဲ”
“သမီး ကြီးလာရင် နားလည်လာပါလိမ့်မယ်”
တခြားတစ်ဖက်၌ သက်ကြီးရွယ်အို စုံတွဲတစ်တွဲက တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်နေသည်။ သူတို့၏ အသက်အရွယ်သည် စိတ်လိုက်မာန်ပါ ပြမူနိုင်သည့်အရွယ် မဟုတ်တော့ချေ။ သူတို့သည် အချိန်အများစု၌ အချိန်ဖြုန်းရန် အစီအစဉ်များကို ကြည့်တတ်ပြီး စိတ်ဝင်တစား မရှိလှပေ။
“အချစ်ရေ အခုက ဆရာထန့်တောင်မှ အထုတ်ခံလိုက်ရတယ်”
“ဟုတ်တယ်၊ ငါ အရင်က သူ့သီချင်းတွေကို သိပ်ကြိုက်ခဲ့တာ”
“ငါတို့က အခု အိုနေပြီလေ …”
“ဟုတ်ပါတယ်၊ ဒါပေမဲ့ ဒီတစ်ခေါက်တော့ ငါတို့ နောက်တစ်ခါ ပြန်ငယ်နိုင်တယ်လို့ ခံစားနေရတယ်၊ ငါတို့ ဝင်မဲပေးရအောင်”
“ဟုတ်တယ်၊ တိုက်ပွဲဝင်ကြတာပေါ့”
ဆုမိုသည် စင်နောက်မှ လျှောက်လာနေပြီး သူမမျက်လုံးများက နီရဲကာ ပါးပေါ်သို့ မျက်ရည်များ စီးကျနေသည်။
“မစ္စတာ စူပါမန်း …”
“ဆိုတဲ့သူက ငါကို၊ မင်းက ဘာလို့ ငိုနေတာလဲ၊ အဲ့လောက်တောင် ဆိုးလို့လား”
ဆုမိုက အသည်းအသန် ခေါင်းခါလေသည်။
“သိပ်ကောင်းလွန်းတာပါ၊ ကျွန်မ မတရားသလို ခံစားရတယ်”
“ဒါ ဘာမှမဟုတ်ပါဘူး”
ရဲ့လင်းချန် လက်ခါပြလိုက်သည်။
ထုတ်ပယ်ခံလိုက်ရသည့် အဆိုတော်များအားလုံးက သူ့ကို စောင့်ဆိုင်းနေကြသည်။
ဆရာထန့်က သူ့အား လက်မထောင်ပြလေသည်။
“ကောင်းတယ်”
ယွီမောင်က ဝင်ပြောသည်။
“သိပ်ကောင်းတာပဲ”
ရဲ့လင်းချန်က ခေါင်းညိတ်ကာ ပြုံး၍ ပြန်ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်”
ထိုအခိုက်တွင် တိုက်ရိုက် ထုတ်လွှင့်မှု၌ ဆူညံနေ၏။
[လခွမ်း ငါ ငိုမိသွားပြီ]
[ဘာလို့လဲ၊ ဘာလို့ ငါ့နှလုံးသားက အရမ်း နေရခက်နေတာလဲ]
[ငါတို့ အသက်ကြီးလာတာနဲ့ မျက်ရည်တွေ ပိုလွယ်လာတာပဲ]
[လခွမ်း … ဒါပဲလေ၊ ငါ ဒီသီချင်းကို လုံးဝ အားပေးတယ်]
[ဟုတ်တယ်၊ မဲပေးတယ်]
[ဟုတ်တယ်၊ ဒီသီချင်းက သိပ်ကောင်းလွန်းတယ်၊ အဓိကအချက်က ဒါ သူ့ရဲ့ ကိုယ်ပိုင်လက်ရာပဲ၊ ဒါ ရူးချင်စရာ ပဲကွာ]
[ဒီစူပါမန်းက ဘယ်သူများလဲ၊ သူက သိပ်အရည်အချင်း ရှိတာပဲ]
[မဟုတ်တော့ဘူး၊ ငါတော့ ဝေခွဲမရ ဖြစ်နေပြီ၊ ငါ ဘယ်သူ့ကို အားပေးသင့်လဲ]
သီချင်းကို လက်မခံသည့် လူများလည်း ရှိပေသေးသည်။
[ဒါက ဘာတွေများ သိပ်ကောင်းနေလို့လဲ၊ ဘာလို့ လူတွေက ငိုနေကြတာလဲ]
[ထူးခြားတာ တစ်ခုခုလဲ မတွေ့မိပါဘူး၊ ဒါက စိတ်ဝင်စားဖို့မကောင်းတဲ့ ရိုးရိုး သီချင်းကြီး]
[တစ်ပုဒ်လုံး နားထောင်ပြီးသွားတော့ ဘယ်သူမှတောင် လက်ခုပ်မတီးကြဘူး၊ ဒီစူပါမန်းကတော့ သွားပြီနဲ့ တူတယ်]
[စိတ်လှုပ်ရှားဖို့ မကောင်းဘူး၊ ငါ မကြိုက်ဘူး]
…
ရိုက်ကူးရေး ဝန်ထမ်းများအားလုံး မဲကို တွက်ချက်နေကြသည်။
တိုက်ရိုက် ထုတ်လွှင့်မှုမှ ပရိသတ်များဖြစ်စေ၊ တီဗွီမှ ကြည့်ရှုသူများဖြစ်စေ၊ စင်နောက်မှသူများဖြစ်စေ အားလုံး စိုးရိမ်ပူပန်နေပြီး နောက်ဆုံးရလဒ်အတွက် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြသည်။
ထို့နောက် လော့စီစီက ကဒ်တစ်ကဒ်ကို ကိုင်၍ လျှောက်လှမ်းလာသည်။
“ပထမပွဲအတွက် မဲပေးခြင်း ပြီးဆုံးသွားပါပြီ၊ လူတိုင်း ကိုယ့်ရင်ထဲက အဆိုတော်တွေရဲ့ ဘုရင်ကို အားပေးဖို့ လုပ်နိုင်တာတွေ လုပ်ပြီးပြီလို့ ကျွန်မ ယုံကြည်ပါတယ်၊ ဒါပေမဲ့လဲ အဆိုတော် လေးယောက်ထဲက တစ်ယောက်ကတော့ စင်မြင့်ထက်ကနေ ထွက်ခွာရမှာပါ၊ မဲအရေအတွက်က ကျွန်မလက်ထဲ ရောက်လာပါပြီ၊ ကျွန်မ မဲအရေအတွက်ကို ကြေညာပေးမှာ မဟုတ်ပါဘူး၊ ကျွန်မ ထုတ်ပယ်ခံရတဲ့ ပြိုင်ပွဲဝင်ရဲ့ နာမည်ကိုပဲ ကြေညာပေးပါမယ်၊ ပထမပွဲစဉ်ကနေ ထွက်ခွာသွားရမယ့် အဆိုတော်ကတော့ …”
တိတ်ဆိတ်နေ၏။ ခန်းမတစ်ခုလုံး ငြိမ်သက်နေလေသည်။ လက်ရှိတွင် လူတိုင်း ပြိုင်တူ အသက်အောင့် ထားမိသည်။
လူပေါင်းများစွာသည် အစီအစဉ်က တိုက်ရိုက် ထုတ်လွှင့်သည့်အတွက် ဝမ်းသာနေကြသည်။ သို့မဟုတ်ပါက သူတို့ ကြော်ငြာများစွာကို ထိုင်ကြည့်နေရပေလိမ့်မည်။
လော့စီစီက ကင်မရာကို ကြည့်၍ နာမည်ကို ဖြည်းဖြည်းချင်း ကြေညာလိုက်သည်။
“ကြယ်ရောင်”
“က…က…ကြယ်ရောင်လား၊ စူပါမန်း မဟုတ်ဘူးလား”
ကြယ်ရောင်သည် ဟွမ်ရှင်း၏ အမည်ဝှက် ဖြစ်သည်။
ထိုအခိုက်တွင် သူတို့တော်တော်များများ နားဝေတိမ်တောင် ဖြစ်နေကြလေသည်။
ဆုမိုသည် ကျယ်လောင်စွာ အော်ဟစ်မိလုနီးပါး ဖြစ်ကာ ပါးစပ်ကို လက်ဖြင့် အုပ်ထားမိသည်။
*သူ အောင်သွားပြီ၊ သူ တကယ် အောင်သွားပြီ*
ဆရာထန့်သည် တစ်ခဏမျှ ကြက်သေ သေနေပြီးနောက် စိတ်အေးသွားသည့် အပြုံးမျိုး ပြုံးလာသည်။
“ဒီကလေး နိုင်မယ်ဆိုတာကို ငါ သိနေတယ်”
ဆရာလောက သူ့ရင်ဘတ်ကို သူ ဖိနေသည်။
“ငါ နှလုံးထဖောက်တော့မလို့၊ ခုနက လက်ခုပ်သံ တစ်ချက်လေးတောင် မရှိခဲ့ဘူး”
ချန်ရှောင်ယန်သည် သူမရင်ဘတ်ရှေ့၌ တင်းကျပ်စွာ ဆုပ်ကိုင်ထားမိသည့် သူမလက်များကို ပြန်ဖြေလျှော့၍ တိတ်တဆိတ် ရေရွတ်လိုက်သည်။
“ဟုတ်ပြီ”
တုန်းချိုးက ရယ်နေသည်။
“အိုက်ယား … မဆိုးဘူးဟ”
[ချီးပဲ၊ ဒါ တကယ်ကြီးလား၊ စူပါမန်းက ငပျော့ကောင်တွေရဲ့ အတားအဆီးကို ချိုးဖောက်နိုင်သွားတာလား]
[အံ့ဩစရာပဲ၊ တကယ် အံဩဖို့ကောင်းတယ်၊ စူပါမန်းက သီချင်းဆိုတဲ့နေရာမှာ တကယ် အရည်အချင်း ရှိတာပဲ]
[ငပျော့ကောင်တွေမှာတောင်မှ အကန့်အသတ် ရှိတဲ့ပုံပဲ၊ နောက်ဆုံးတော့ အရည်အချင်းက အနိုင်ရသွားတာပဲ]
[ကြိုးစားထား စူပါမန်း၊ ငါ မင်းကို အားပေးနေတယ်]
…