← Chapters

အဆိပ်ကဝေ (၂)

Vol. 2 Ch. 86

အဆိပ်ကဝေ (၂)

Vol. 2 Ch. 86

“ဆိုတော့... အရှင့်သားက ကျွန်မဆီကို ဘာကြောင့်များ လာခဲ့တာပါလဲ။” ကျွန်မတို့ စားလို့သောက်လို့ပြီးသွားတဲ့ နောက်မှာတော့ အချိုတည်းနေတဲ့ လေဒီမာရီယာက ဖန်ခွက်ထဲက နှစ်ချို့ စပျစ်ဝိုင်ကို လှုပ်လိုက်ရင်း ကျွန်မတို့ကို မေးလာတယ်။

ကျွန်မက အလိုလိုနေရင်း ဖြေမိတော့မလို ဖြစ်သွားပေမဲ့ အိုလီရာနာက ကျွန်မခြေထောက်ကို တက်နင်းပြီးတော့ ခေါင်းခါပြလိုက်တယ်။ ဒါကြောင့် ကျွန်မဝင်ပြောသင့်တဲ့ ကိစ္စတစ်ခုမဟုတ်မှန်း သိလိုက်ရပြီး ဆိတ်ဆိတ်နေဖို့ ဆုံးဖြတ်လိုက်တယ်။

“ပိုင်နက်နယ်မြေကို ကင်းလှည့်ရုံလေးပါ။” နက်ဆန်က သူ့ရှေ့က ဝိုင်ခွက်ကို သေချာစမ်းသပ်ကြည့်ပြီးတဲ့နောက်မှ သောက်လိုက်တယ်။ သူ့ကို ကြည့်ရတာ ရန်သူက အဆိပ်ပညာ လေ့ကျင့်ထားသူဖြစ်လို့ အလွန်အကျူး သတိထားနေတဲ့ ပုံပါပဲ။

လေဒီမာရီယာကတော့ နှုတ်ခမ်းတွန့်ရုံလေး ပြုံးလိုက်ရင်း “အရှင့်သားက အယ်ဒါရာထူးကို ဆက်ခံဖို့ ဆုံးဖြတ်လိုက်ပြီ ဆိုပါတော့။ ဘယ်လိုအယ်ဒါမျိုး ဖြစ်လာမလဲဆိုတာ ကျွန်မ သိချင်မိတယ်။”

မာရီယာက သူ့ကိုယ်သူ နက်ဆန်ရဲ့ငယ်သံအဖြစ် လက်ခံမယ့် စကားမျိုးမပြောသလို ငြင်းပယ်တဲ့ စကားမျိုးကိုလည်း မပြောခဲ့ပါဘူး။ ဒီအတိုင်း စောင့်ကြည့်ရတာပေါ့လို့ အဓိပ္ပါယ်ရောက်တဲ့ စကားမျိုးကို ပြောခဲ့တယ်လို့ ဆိုရမလား။

နက်ဆန်ရဲ့နှုတ်ခမ်းက နည်းနည်းတွန့်သွားပေမဲ့ ဘာမှ ဆက်မပြောတော့ဘူး။ ညစာစားခန်းထဲက ထွက်ချိန်မှာ ဟင်နရီက ကျွန်မတို့တွေ နေရမယ့်အခန်းကို လိုက်ပြီး ပြပါတယ်။ နက်ဆန်ရဲ့အခန်းနဲ့ကျွန်မအခန်းက ကပ်လျက် ပါပဲ။ ကျွန်မတို့အခန်းထဲ ပစ္စည်းတွေသွင်းပြီးတဲ့နောက် ကျွန်မက စိုးရိမ်စိတ်အပြည့်နဲ့ နက်ဆန်ကို အခြေအနေ မေးကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ လက်ရှိအခြေအနေက ကျွန်မကို အများကြီးစိုးရိမ်စေပါတယ်။

ဒါကြောင့် သူအခန်းထဲ လိုက်ဝင်ပြီး မေးကြည့်တော့... သူက မှော်နှင်တံကို မြှောက်ပြီးတော့ အတားအဆီးတစ်ခု ချလိုက် ပါတယ်။

“ဒီကိစ္စမျိုးက ဒီအိမ်ထဲမှာ ဆွေးနွေးသင့်တဲ့ အရာမျိုး မဟုတ်ဘူး။ အစားအစာထဲမှာ အဆိပ်ခတ်ထားတာမျိုး မတွေ့ရတော့ တိုက်ရိုက်ကြီး ဆန့်ကျင်မနေဘူးလို့တော့ ပြောရမှာပဲ။ ဒါပေမဲ့ စိတ်ချလို့တော့မရသေးဘူး။”

အဲဒီနောက်တော့ သူက ကျွန်မကို အခန်းဆီပြန်ပို့ ပြောခဲ့ ပါတယ်။ ကျွန်မလည်း တစ်နေကုန် ခရီးပန်းထားခဲ့ပြီ ဖြစ်တဲ့အတွက်ကြောင့် အခန်းထဲရောက်တာနဲ့ တန်းပြီး အိပ်ပျော် သွားတော့တာပါပဲ။

ညနက်ပိုင်းရောက်တော့ ကျွန်မ တရေးနိုးလာခဲ့ပါတယ်။. နာရီကို ကြည့်လိုက်တော့ ဆယ့်နှစ်နာရီပဲ ရှိသေးတယ်။ ပြန် အိပ်ဖို့ကြိုးစားပေမဲ့ အိပ်မရတာ တွေ့တာနဲ့ အနည်းအပါး လမ်းဆင်းလျှောက်ဖို့ ဆုံးဖြတ်လိုက်တယ်။ အိုလီရာနာကို အဖော်ခေါ်ဖို့လုပ်ပေမဲ့ ခါတိုင်းလိုပဲ အိပ်ပုပ်ကြီးနေပြန်တဲ့ အတွက်ကြောင့် သူ့နှာခေါင်းကို ကျွန်မလက်နဲ့တောက်လိုက် မိပါတယ်။ ဒါပေမဲ့ သူက နိုးမလာဘဲ ဟိုဘက်လှည့်ပြီး အိပ်သွားတာပဲရှိတယ်။

“ထားလိုက်တော့၊ ငါလည်း အဝေးကြီးကို သွားတာမှ မဟုတ်တာ။”

ဒီလိုနဲ့ ကျွန်မက အိပ်ရာကနေထပြီးတော့ စားပွဲပေါ်မှာ တင်ထားတဲ့ ရေခနားထဲက ရေကိုခွက်ထဲငှဲ့ ရေကို ဝအောင် သောက်ပြီးတော့ အခန်းတံခါးကိုဖွင့်ကာ အပြင်ကို ထွက်ခဲ့ ပါတယ်။ စင်္ကြံလမ်းတစ်ခုလုံးက တိတ်ဆိတ်နေပြီးတော့ ဘယ်သူ့ကိုမှ မတွေ့ရပါဘူး။

ပြတင်းပေါက်ကနေတစ်ဆင့် အပြင်ဘက်ကိုကြည့်တော့ လရောင်အောက်မှာ လှပလွန်းတဲ့ ကျူးလစ်ပန်းခင်းကြီးကို မြင်လိုက်ရပြီး ကျွန်မစိတ်လှုပ်ရှားလာတယ်။ ဒီလိုနဲ့ ခြံအပြင် ထွက်ပြီးတော့ လရောင်အောက်မှာ လမ်းလျှောက်ဖြစ်တယ် ဆိုပါတော့။

ပလုံ...

ကျွန်မ လမ်းလျှောက်ရင်းလျှောက်ရင်းနဲ့ အိမ်အလယ်က ရေကူးကန်ကြီးဆီကို ရောက်လာတယ်။ အနားရောက်ခါမှ ရေသံကြားလို့ ကြည့်လိုက်တော့...

“လှလိုက်တာ...”

အိမ်တော်ရဲ့သခင်မ မာရီယာက ရေကူးကန်ထဲမှာ ရှိနေတာ တွေ့လိုက်ရတယ်။ သူက တံတောင်ဆစ်ကို ရေကူးကန်ရဲ့ ဘောင်ပေါ်မှာ နောက်ပြန်တင်ထားပြီး ကောင်းကင်ပေါ်က လကြီးကို မော့ကြည့်နေပါတယ်။ သူ့ရဲ့ပြီးပြည့်စုံလွန်းတဲ့ ခန္ဓာကိုယ်အချိုးအစားကို သဘာဝအတိုင်း ကျွန်မ မြင်နေရတယ်။

“အာရာ့... တစ်ရေးနိုး လမ်းလျှောက်ထွက်နေတာလား။”

သူက ကျွန်မကို သတိထားမိသွားပြီး ကျွန်မကို လှည့်ကြည့် လိုက်ပါတယ်။ ရေစိုနေတဲ့ နီညိုရောင်ဆံပင်တွေက ထိကိုင် ကြည့်ချင်စရာကောင်းလောက်အောင် လရောင်အောက်မှာ တောက်ပနေပါတယ်။

‘​မငြိမ်းနိုင်တဲ့ မီးတောက်'လို့ လူသိများတဲ့ လေဒီမာဂါရီတာ တစ်ယောက်ပဲ လေဒီမာရီယာရဲ့အလှကို ယှဥ်နိုင်လိမ့်မယ်လို့ ကျွန်မတွေးလိုက်မိလေရဲ့။

“ရောက်လာလက်စနဲ့တော့ ဒီမှာဝင်ထိုင်လေ။ အတူလာပြီး ရေကူးချင်လည်း ရပါတယ်။ ဒီမှာက ငါတို့အပြင် ဘယ်သူမှ မရှိပါဘူး။”

လေဒီမာရီယာက ကျွန်မကို ဖိတ်ခေါ်လိုက်တယ်။ ငြင်းရင် ရိုင်းရာ ကျမိမှာစိုးတဲ့အတွက် ကျွန်မက ရေကန်ဘောင်မှာ သွားထိုင်နေလိုက်တယ်။

“ဆိုတော့ နင်တို့နှစ်ယောက်က ဘယ်လိုစတွေ့တာလဲ။” မာရီယာက ကျွန်မနဲ့နက်ဆန်ကို ရည်ညွန်းပြီးတော့ မေးလိုက်တာ ဖြစ်ပါတယ်။ ကျွန်မက ​အရင်က ရှိခဲ့တဲ့ အမှတ်တရတွေကို ပြန်တွေးကြည့်ရင်း...

“တိုက်တိုက်ဆိုင်ဆိုင် သရဲတစ်ကောင်နဲ့တိုက်ခိုက်ရင်း သူနဲ့တွေ့ခဲ့တာ ဆိုရမလား။ အဲဒီနောက်တော့ ကျွန်မ သူပေးတဲ့ အလုပ်ကို လက်ခံလိုက်ခဲ့မိတယ်လေ။ ဒီလိုနဲ့ သူသွားလေရာနောက်ကို ပါလာတော့တာ။”

လေဒီမာရီယာက ပြုံးလိုက်တယ်။ “နင်က ကံကောင်း လိုက်တာ။ ချစ်ရသူအနားမှာ အပူအပင်ကင်းကင်း နေနိုင်တာပဲ။”

အဲဒီနောက်တော့ လေဒီမာရီယာက ရေစိမ်နေရာကနေပြီး အပြင်ကို ထွက်လိုက်တယ်။ ရေကန်ဘောင်ပေါ် အသင့် တင်ထားတဲ့ ရေချိုးခန်းသုံးပဝါကို ကိုယ်ပေါ်ခြုံလိုက်ပြီး သူ့အခန်းဆီသူပြန်သွားတယ်။

“ထူးဆန်းလိုက်တာ၊ သူ့လေသံက အချစ်ရေးမှာ ရှုံးနိမ့်ဖူးတဲ့ လူတစ်ယောက်လိုပဲ။”

...

နောက်တစ်နေ့မနက်ရောက်တော့ ကျွန်မ ပျင်းလွန်းလို့ မနေနိုင်တော့ဘူး။ အဲဒါနဲ့ မနက်စာစားဖို့ စားပွဲဝိုင်းမှာ ကျွန်မတို့ ပြန်စုမိတာနဲ့ နက်ဆန်ကို ကျွန်မ ခွင့်တောင်း ခဲ့မိပါတယ်။

“နက်ဆန်၊ ကျွန်မ မြို့ထဲ လျှောက်လည်ချင်တယ်။”

နက်ဆန်ကတော့ ခါတိုင်းလိုပဲ တင်းကျပ်နေတုန်းပဲ။ “မင်း... ဒီနေရာက ​ဘုရားကျောင်းပိုင်နက်ထဲမှာ။ မင်းကြိုက်သလို သွားလာလို့ကောင်းတဲ့ နေရာမျိုးမဟုတ်ဘူး။ ပြီးတော့ မင်းက သွားလေရာ ပြဿနာရှာနေကျလေ။”

အိုလီရာနာကလည်း ခေါင်းအကြိမ်ကြိမ် ညိတ်ပြပြီး ကျွန်မကို တိုက်ရိုက်ဖဲ့တယ်။ “ကျိန်စာသံလိုက်မ...”

အဲဒါကြောင့် ကျွန်မက နှုတ်ခမ်းကြီး ဆူထားလိုက်မိတယ်။ မာရီယာကတော့ နှုတ်ခမ်းတွန့်သွားရုံ ကျက်သရေရှိစွာ ပြုံးလိုက်ရင်း...

“ကဲပါ အရှင့်သားရယ်။ သူတို့အရွယ် မိန်းကလေးတွေက စူးစမ်းတတ်ကြတာ သဘာဝပါပဲ။ ဘုရားကျောင်းကလဲ အကြောင်းအရင်းမရှိဘဲနဲ့ အမှောင်ကျောင်းတော်ကို မတိုက်ခိုက်ပါဘူး။ ဟင်နရီကို သူနဲ့ထည့်ပေးလိုက်မယ်။”

အဲဒီနောက်တော့ မာရီယာက သူ့နောက်မှာရှိနေတဲ့ ကိုလူချောကို လက်ယပ်ခေါ်ပြီး တစ်ခုခု တီးတိုး ပြောလိုက်တယ်။ နောက်တော့ ဟင်နရီက ကျွန်မနောက်မှာ လာရပ်ပြီးတော့...

“မစ်ဆယ်ဗီ၊ မြို့ထဲမှာ သွားချင်တဲ့နေရာ ရှိရင်သာ ပြောပါ။ ကျွန်တော် လိုက်ပို့ပေးပါ့မယ်။”

ကျွန်မက ခါးကိုကော့ ရင်ကိုမော့ပြီးတော့ နက်ဆန်ကို ကြည့်လိုက်တော့ နက်ဆန်က ကျွန်မကို မျက်စောင်းထိုး လိုက်ပါတယ်။ သူ့ကြည့်ရတာ ကျွန်မကို တော်တော် အစာမကြေ ဖြစ်နေတဲ့ပုံ။

‘စိတ်ဆိုးချင် စိတ်ဆိုးပေါ့။ အလိုက်မသိတတ်တဲ့လူကြီး။ နည်းနည်းပါးပါး သူများကို အပြင်လိုက်ပို့ပေးဖို့ စဥ်းစား ပါလား။ ဟိုမှာကြည့်စမ်း၊ လေဒီမာရီယာဆို ဘယ်လောက် ချိုသာလိုက်သလဲ။'

...

အဲဒီလိုနဲ့ ဟင်နရီက ကျွန်မကို အပြင်လိုက်ပို့ပေးမယ့် ကိစ္စက အတည်ဖြစ်သွားတယ်။ နက်ဆန်ကတော့ ကျွန်မကို အပြင် မထွက်ခိုင်းခင် သီးသန့်ခေါ်တွေ့တယ်။ နောက်တော့ သူသိမ်းထားတဲ့ တေးဂီတသေတ္တာကို ထုတ်ပြီးတော့ ကျွန်မ လက်ထဲကို ထည့်ပေးလိုက်တယ်။

“အိုလီရာနာလည်း မင်းနဲ့လိုက်မှာဆိုပေမဲ့ အဲဒီကလေးမကို ငါစိတ်မချဘူး။ ဒီတော့ လူကြီးတစ်ယောက်ပါတာ ကောင်းမယ်လို့ ငါထင်တယ်။”

သူက ကျွန်မကို မျက်နှာလွှဲထားရင်းနဲ့ ပြောလိုက်တယ်။ သူ့ပုံစံက ကျွန်မကို အတင်းလက်ထပ်ခိုင်းဖို့လုပ်တဲ့ ပါစီဗယ်ကို ကျွန်မလက်ထဲ ထည့်ပေးလိုက်ရတာကို သိပ်ပြီး မကြည်ဖြစ်နေတဲ့ပုံပဲ။ ဂီတသေတ္တာပေါ်ကို ကြည့်တော့ မျက်နှာပြင်ပေါ်မှာ ငါးထောင့်ကြယ်နဲ့ရုန်းသင်္ကေတ တချို့ကို ဆွဲထားတာတွေ့ရတယ်။ ကြည့်ရတာ ပါစီဗယ် လုပ်ချင်တာ လုပ်လို့မရအောင်လို့ အရံအတားချထားတဲ့ပုံပဲ။

သေတ္တာက ကျွန်မလက်ထဲရောက်လာတာနဲ့ ဝမ်းမြောက် ဝမ်းသာခုန်နေတယ်။ နောက်တော့ နက်ဆန်က စိတ်ဆိုးဆိုးနဲ့ အဲဒီသေတ္တာကို ကျွန်မအရိပ်ထဲ ပစ်ချလိုက်တယ်။

“မင်းသူ့ကို မကာကွယ်နိုင်ဘဲ တစ်ခုခုဖြစ်လာလို့ကတော့...”

နက်ဆန်ရဲ့အရိပ်က တုန်ခါလာတယ်။ ကျွန်မအရိပ်ထဲက သေတ္တာကလည်း အက်ကွဲတော့မလိုမျိုး လှုပ်ခါနေတာ ကျွန်မ ခံစားလိုက်မိတယ်။

တစ္ဆေနီတစ်ကောင်နဲ့ နတ်တစ်ပိုင်းမိစ္ဆာတစ်ယောက်ကို ကျွန်မကိုယ်ရံတော်အဖြစ် ထည့်ပေးပြီးတဲ့နောက်မှာ သူက ကျွန်မတို့ကို အပြင်ထွက်ခွင့်ပေးလိုက်တယ်။ ဘာလို့ လိုက်မလာတာလဲလို့မေးတော့...

“ငါ့မှာ လုပ်စရာရှိသေးတယ်။”လို့သာ ပြန်ဖြေပါတယ်။

...

“ဟဲ့ဟဲ့၊ ဟင်နရီ။ အဲဒီကြေးရုပ်ထုကြီးက ဘယ်သူ့ ရုပ်ထုကြီးလဲဟင်။”

“ဟိုနားက ဘုရားကျောင်းကြီးကရော ဘယ်ဘုရင် ဆောက်ခဲ့တာလဲ။”

“ဟယ်... ဆူလတန်ကြီးကို သူ့ကိုယ်ရံတော်တပ်တွေက ပြန်လုပ်ကြံခဲ့တဲ့ နေရာလား။”

မြို့ထဲက လမ်းကြားတစ်နေရာမှာ စိုက်ထူထားတဲ့ ဧရာမ ကြေးရုပ်ကြီးကိုတွေ့တော့ ကျွန်မမေးကြည့်တယ်။ သမိုင်း အကြောင်းကိုတော်တော်နားလည်တဲ့ ဟင်နရီကလည်း အဲဒီအကြောင်းကျွန်မကိုပြောပြဖို့ အမြဲအသင့်ဖြစ်နေတယ်။

ခရီးစဥ်က တော်တော်ပျော်ဖို့ကောင်းခဲ့တယ်လို့ ပြောရမှာပဲ။ ဒါပေမဲ့ လူများတဲ့တစ်နေရာကိုရောက်တော့ လူအုပ်ထဲကနေ အနက်ရောင်ဝတ်ရုံ ခြုံထားတဲ့ ယောက်ျားတစ်​ယောက် ပြေးထွက်လာတာ ကျွန်မမြင်လိုက်ရတယ်။ အဲဒီလူက ကျွန်မတို့ကိုမြင်တော့ ချက်ချင်းဘဲ ဆန့်ကျင်ဘက် အရပ်ကို ဦးတည်ရာပြောင်းပြေးတယ်။

“ဘယ်လိုလူလဲ... လူတွေအများကြီးကို ဝင်တိုက် ပစ်ရအောင်။” ကျွန်မ ကသိကအောင့်နဲ့ ပြောလိုက်မိတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ နောက်ထပ်အဖြူရောင်ဝတ်စုံ ဝတ်ထားတဲ့ ကောင်မလေးတစ်ယောက်ကလည်း အဲဒီလူ နောက်ကနေ ပြေးလိုက်လာပြီး...

“ဘေးဖယ်... ဘေးဖယ်...”ဆိုပြီး ဆက်တိုက်အော်ရင်း ကျွန်မကို ပြေးတိုက်မိတော့တာပဲ။

“အကျိုးနည်း....”

ကျွန်မ မျက်စိဖွင့်လိုက်တော့ ကျွန်မတစ်ကိုယ်လုံးက လမ်းမပေါ်မှာ ဆန့်ဆန့်ကြီးဖြစ်နေပြီဖြစ်ပြီး အဲဒီမိန်းကလေးက ကျွန်မကိုတက်ဖိထားတယ်။

“ဒုက္ခပါပဲ... ဒီအတိုင်းဆို မျက်ခြေပြတ်သွားပြီလား မသိဘူး။” ဝတ်ရုံဖြူ မိန်းကလေးက ပတ်ဝန်းကျင်ကို လိုက်ကြည့်ရင်း တစ်ယောက်ယောက်ကို ရှာနေတဲ့ပုံပဲ။ နောက်မှ တစ်​ယောက်ယောက်ကို တက်ဖိထားခဲ့မိတဲ့ ကိစ္စကို သတိထားမိပြီး ငုံကြည့်တော့...

“ဆောရီးဆောရီး။ ကျွန်မ ရှင်ရှိနေတာ မမြင်လိုက်လို့ပါ။”

ကောင်မလေးက ရှပ်ပြာရှပ်ပြာနဲ့ ကျွန်မကို ဖယ်ပေးတယ်။ ဒါပေမဲ့ နောက်မကြာခင်မှာပဲ သူ့မျက်နှာက သရဲတစ္ဆေကို မြင်လိုက်ရသလိုမျိုး ဖြူဖျော့သွားပြီးတော့...

“ရှင်... ရှင်ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ။” ဆိုပြီး မေးလိုက်တယ်။

ဒီတော့မှ ကျွန်မ အဲဒီမိန်းကလေးကို သေချာကြည့်တော့...

“သီ... သီရာ...”

ကျွန်မ သူ့ကိုပြန်မှတ်မိသွားတယ်။ သျှင်ဒိုမိနစ် သီလရှင် ကျောင်းမှာတုန်းက ကျွန်မတို့ကို ရေတွင်းပျက်ထဲ ပစ်ချခဲ့တဲ့ ဘုရားကျောင်းသူတော်စင်နှစ်ယောက်ထဲက လေးသူတော်စင်မိန်းကလေးမဟုတ်လား။

...

“အဲဒီတုန်းက ရှင်တို့ကို သေသေရှင်ရှင်ဆိုပြီး ပစ်ထားမိလို့ တောင်းပန်ပါတယ်။ ကျွန်မမောင်လေးနီကိုလပ်က အမှောင် ကျောင်းတော်ကလူတွေဆိုရင် သိပ်မုန်းတာမလို့လေ။”

ကျွန်မတို့တွေ တူရကီကိဘတ်အကင်ရောင်းတဲ့ဆိုင်ဆီကို ရောက်သွားပြီး အဲဒီမှာပဲ စကားပြောဖြစ်ပါတယ်။ သီရာက အရင်လိုပဲ ဖြူစင်တဲ့ပုံစံနဲ့ စကားပြောပါတယ်။ နီကိုလပ်ရဲ့ မိဘတွေကို အမှောင်ကျောင်း လေလွင့်မှော်ဆရာ တစ်ယောက်က သတ်ပစ်ခဲ့လို့ ဆုံးရှုံးခဲ့ရတဲ့ အကြောင်းလည်း ကျွန်မသိခဲ့ရတယ်။

“ရပါတယ်၊ ဒီကိစ္စက ရှင့်ကြောင့်ဖြစ်ခဲ့တာမှမဟုတ်တာ။ ပြီးတော့ ကျွန်မလည်း ဘာမှဖြစ်တာမဟုတ်ဘူးလေ။ ဒီတော့ မေ့လိုက်ပါတော့။”

ကျွန်မက ကြက်သားလွှာကင်ပါးပါးလေးတွေကို နံပြားလို ပေါင်မုန့်ပြားထဲ ထည့်လိပ်ထားတဲ့ မုန့်လိပ်ပြားကိုစားရင်း ပြောလိုက်တယ်။ ပူစပ်စပ်နဲ့ ငရုတ်ကောင်းအနံကြောင့် နှာခေါင်းတစ်ခုလုံး ပွင့်ထွက်သွားသလိုပဲ။ ဟင်နရီက တကယ်ပဲ စားကောင်းတဲ့ဆိုင်တွေကို သိသားရယ်။

“ဒါနဲ့ ရှင်က ဘာလို့အဲဒီလူနောက်ကို ပြေးလိုက်နေတာလဲ။” ကျွန်မက မေးလိုက်တော့ သီရာက သက်ပြင်းချရင်းနဲ့...

“အခုတလော အစ္စတန်ဘူလ်မြို့ထဲမှာ ကလေးတွေနဲ့ အပျိုစင်မိန်းကလေးတွေ ပျောက်နေလို့လေ။ ရဟန်းမင်းကြီးက အမှောင်မှော်ဆရာတစ်ယောက်ယောက် တားမြစ်မှော်အစီအရင်တစ်မျိုး ဖန်တီးနေတာဖြစ်နိုင်တယ် ဆိုပြီးတော့ စုံစမ်းခိုင်းထားလို့။”

ကျွန်မ အဲဒီကိစ္စကို အတော်လေးစိတ်ဝင်စားသွားမိတယ်။ သိထားသလောက် ဘုရားကျောင်းအတွက် ရဟန်မင်းကြီး ဆိုတာက အယ်ဒါတွေနဲ့အဆင့်အတူတူပဲ။ သီရာကတော့ အပြစ်ကင်းစင်စွာနဲ့ သူ့ရဲ့စွန့်စားခန်းကြီးအကြောင်းကို ကျွန်မကို မခြွင်းမချန် ပြောပြနေတုန်းပဲ။

“အဲဒါနဲ့လိုက်စုံစမ်းရင်းနဲ့ လူမနေတဲ့ အိမ်ကြီးတစ်ခုထဲမှာ လူတွေကိုဇောက်ထိုးဆွဲပြီး လည်ချောင်းကနေ သွေးဖောက်ထုတ်နေတဲ့ လူတစ်ယောက်ကိုတွေ့လိုက်နဲ့ လိုက်ဖမ်းတာလေ။ ကံမကောင်းချင်တော့ အစ်မနဲ့တွေ့ပြီး မျက်ခြေပြတ်သွားတော့တာ။”

ဒီတော့ လူသတ်သမားက လွတ်နေဆဲပဲပေါ့။ ကျွန်မ နက်ဆန်ကို အကူအညီတောင်းရင် ကောင်းမလား။

All Chapters