လမ်းပိတ်သူ
Vol. 15 Ch. 211
“ရှင့်လိုသက်ကြီးပိုင်းမိသားစုဝင်တစ်ယောက်ကတောင် ဒီလိုအမြင်မျိုးရှိနေရင်း ခေါင်းဆောင်ဖြစ်တဲ့ကျွန်မက အလုပ်ကောင်းကောင်းမလုပ်တဲ့သဘောပေါ့”
စိတ်လွတ်နေသည့် မြေခွေးအိုကိုမြင်ရသော်လည်း စုလီဒေါသမထွက်။ စိတ်နည်းနည်းပျက်ဟန်ဖြင့်သာ သက်ပြင်းချနေသည်။
“ရှင့်မြေးကိုသာ ကျွန်မဂရုမစိုက်ရင် ဒီလောက်အသက်အရွယ်နဲ့ အသွင်ပြောင်းစွမ်းရည်ကို ကျွမ်းကျင်နေမယ်ထင်လား။ လမ်းညွှန်သွန်သင်မှု သူမရဘူးထင်နေတာလား”
“ခေါင်းဆောင်”
မြေခွေးအို နန်းတွင်းအဝတ်စားဝတ်ထားသည်ကို စိုက်ကြည့်နေသည်။ ရှက်ရွံ့ခြင်းနှင့် ဆုံးရှုံးခြင်းနှစ်မျိုးလုံး ခံစားနေရဟန်ရှိသည်။
“ဒါပေမယ့် ရှောင်ဝမ်ကို မင်းအလေးပေးတော့ရော ဘာအသုံးဝင်မှာလဲ။ ပင်မမိသားစုမှာပဲ အထောက်အပံ့ရင်းမြစ်တွေရှိတာပါ။ ရှောင်ဝမ် အထောက်အပံ့ပိုရရင် မင်းရဲ့သားသမီးတွေ အရနည်းမယ်။ မင်းက စုမိသားစုရဲ့ခေါင်းဆောင်ပါ။ ဒါပေမယ့် စုမိသားစုက အရာအားလုံးကို ဆုံးဖြတ်လို့မရဘူး။ ပြီးတော့ မင်းမှာလည်း မင်းကလေးတွေရှိသေးတယ်”
မိသားစုခေါင်းဆောင်စကားကြောင့် အံ့အားသင့်သွားသော်လည်း ရှောင်ဝမ်ကို အိမ်မှထွက်ခိုင်းဖို့သာ အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု မြေခွေးအိုယုံကြည်ဆဲဖြစ်သည်။ မိသားစု၏အမွေအနှစ်ကို နှစ်တစ်ရာနှစ်ရာရယူပြီးလျှင် နိမ့်ကျနေပြီဖြစ်သည့် သူတို့မျိုးနွယ်ခွဲအတွက် ခွဲဝေပေးစရာ အပိုအလျှံရှိတော့မည်မဟုတ်။
“ဟုတ်ပါတယ်။ ရှောင်ဝမ်ကို ကျွန်မအရေးစိုက်လည်း အသုံးမဝင်ပါဘူး။ ရှောင်ဝမ်ရဲ့ပါရမီကို မြေခွေးမျိုးနွယ်က ပိုပြီးအသိအမှတ်ပြုလာဖို့လိုတယ်။ ဒါကြောင့် ရှောင်ဝမ်ကို သုံးရက်အတွင်း ချင်ချွေ့တိုင်းပြည်ကို ကျွန်မကိုယ်တိုင် ခေါ်သွားမှာ”
သေတော့မတတ် အသက်မဲ့နေသည့် မြေခွေးအို၏မျက်လုံးများ ရုတ်တရက် ပြန်လည်တောက်ပလာသည်။ အားသစ်တစ်ခု ရလိုက်သကဲ့သို့ရှိသည်။
မြေခွေးမျိုးနွယ်ဝင်တစ်ယောက်အတွက် ချင်ချွေ့တိုင်းပြည်ကို မသိသူမရှိ။ သူတို့၏ အမြင့်ဆုံး တော်ဝင်မြေဖြစ်သည်။ ခြေချခွင့်မရှိသည့်တိုင် မြေခွေးတိုင်း သွားရောက်နိုင်ရန် အိပ်မက်မက်ကြသည့်နေရာတစ်ခု ဖြစ်သည်။ ဘဝအဆုံးသတ်ချိန်မှာပင် သူတို့ဦးခေါင်းခွံများက ချင်ချွေ့တိုင်းပြည်ဘက်သို့ ရောက်နေပေလိမ့်မည်။
“ချင်ချွေ့တိုင်းပြည်..အဲ...အဲဒါ ဘယ်နားမှာလဲ”
စုလီအစီအစဉ်ကို ကြားပြီးနောက် ဖုန်ချင်အန်း အတွေးပြတ်သွားသည်။ ချင်ချွေ့တိုင်းပြည်အကြောင်း သူလည်းကြားဖူးသည်။ သို့သော် ကောလဟာလအဆင့်သာရှိသည်။ မြေခွေးမျိုးနွယ်၏တော်ဝင်မြေရှိသည့်နေရာကို သူသိချင်သည်။
“ဖုန်သခင်လေး၊ ဒါက မြေခွေးမျိုးနွယ်ရဲ့လျှို့ဝှက်ချက်ပါ။ ဒါပေမယ့် သခင်လေးအဆင့်အတန်းနဲ့ဆို ချင်ချွေ့တိုင်းပြည်ကို နောင်တစ်ချိန် ဝင်ခွင့်ရနိုင်ပါတယ်”
စုလီကမဖြေ။ ပါးနပ်စွာရှောင်တိမ်းသွားသည်။ ဖုန်ချင်အန်း ဆက်ဖိအားမပေးတော့။ ချင်ချွေ့တိုင်းပြည်ကို ဝင်နိုင်ဖို့ မဝင်နိုင်ဖို့သည် သူ့အနာဂတ်အခွင့်အလမ်းများပေါ် မူတည်မည်။ ထိုအခွင့်အလမ်းမျိုးလည်း သူ့အတွက်မရှားလှဟု ယူဆသည်။
“ဖုန်သခင်လေး”
စုလီ၏ရည်ရွယ်ချက်များကို သိရသဖြင့် စုတု ကိုယ့်ကိုယ်ကို ရှက်သွားပြီး ဖုန်ချင်အန်းကို မဝံ့မရဲ လှမ်းကြည့်သည်။ ဖုန်ချင်အန်း သဘောပေါက်ပါသည်။
“အားနာဖို့မလိုပါဘူး။ ရှောင်ဝမ်မှာ ပိုကောင်းတဲ့အနာဂတ်မျိုးရှိတာသိရတဲ့အတွက် ကျုပ်ပျော်ပါတယ်။ သွားပြီးပြင်ဆင်လိုက်ပါဦး”
“ဒါဆို ကျုပ်သွားပါတော့မယ်’
စုတု အမြန်ထွက်သွားသည်။ နောက်ထပ်ဆက်မနေရဲ”
“ဖုန်သခင်လေး၊ မြေခွေးမ တစ်ယောက်နှစ်ယောက်လောက် ရွေးချင်လား။ မြေခွေးမိန်းကလေးတွေကိုသဘောကျရင် တစ်ခြားရွေးချယ်စရာတွေ ရှိပါတယ်”
“မလိုတော့ပါဘူး”
“ဒါဆို ကျွန်မကို သွားခွင့်ပေးပါဦး”
“အားမနာပါနဲ့ ခေါင်းဆောင်စု”
မြေခွေးမိန်းကလေးတစ်ယောက်ခေါ်ရန် ကြံထားသည့်စိတ်ကူး ပျက်စီးသွားသဖြင့် ဖုန်ချင်အန်း နည်းနည်းစိတ်ပျက်သွားသည်။
နောက်တစ်နေတွင် စုမိသားစု၏စားသောက်ပွဲ ဆက်ကျင်းပနေသော်လည်း ဖုန်ချင်အန်း ဆက်နေလိုစိတ်မရှိတော့။ စုလီကိုနှုတ်ဆက်ပြီးနောက် တောင်နက်နှင့်ပိုင်ယော်ကိုခေါ်၍ ထွက်လာခဲ့သည်။
နွီလော်လည်း ကတိအတိုင်း ဖုန်ချင်အန်းကို တောင်တန်းတစ်လျှောက် လိုက်ပို့သည်။ အဝေးမှကြည့်လျှင် သူတို့ပုံစံက ပါရမီထူး၍ လှပသည့် ဇနီးမောင်နှံဟု ထင်ရသည်။
မိုင်သုံးလေးရာ ချောမွေ့စွာကျော်ဖြတ်ပြီးနောက် တောင်တန်းတောအုပ်မှ ထွက်လာသည်။ ရှေ့တွင် လူသားမျိုးနွယ်တို့ စိုက်ပျိုးထားသည့် စပါးခင်းများကိုမြင်နေရသည်။ အတေးတစ်နေရာတွင် မြို့တော်ကြီးတစ်ခု၏ ပုံသဏ္ဌာန်ကို ခပ်ရေးရေးမြင်ရသည်။
“ကဲ၊ ကျန်တဲ့ခရီးကို ကိုယ့်ဘာသာဆက်တော့။ ငါနောက်ထပ် ဆက်သွားလို့မရတော့ဘူး။ မြို့ထဲက စိတ်ပျက်စရာကောင်းတဲ့ အဘိုးကြီး ခုန်ထွက်လာပြီး ငါကို ဩဝါဒတွေ ပေးနေလိမ့်မယ်”
“အဝေးကြီးလိုက်ပို့ပေးတာ ကျေးဇူးတင်ပါတယ်”
မှန်းဆရန်မလွယ်သည့် နတ်ဘုရားမကို ဖုန်ချင်အန်း လှည့်ကြည့်သည်။ ကျေးဇူးလည်းတင်သည်။ နွီလော်မည်သို့အတွေးရှိသည်ဖြစ်စေ သူ့အပေါ်ကောင်းကောင်းဆက်ဆံခဲ့သည်။
“အိုကေ၊ ဒီလောက်အဝေးပြီး လမ်းလျှောက်ပြီးပြီဆိုတော့ ငါပြန်ရောက်ရင် အိပ်နိုင်လောက်ပါပြီ”
“ချိုမြိန်တဲ့အိပ်မက်တွေ မက်ပါစေ”
“အိပ်မက်တွေတော့ ထားလိုက်ပါ။ ပျင်းစရာကောင်းလွန်းပါတယ်”
လူနှင့်နတ်ဘုရား စကားခဏပြောပြီး တောင်တန်းနှင့်လယ်ကွင်းစပ်ကြားတွင် လမ်းခွဲကြသည်။ အရွယ်ကျုံ့ထားသည့် ဝံပုလွေနှစ်ကောင်နှင့်အတူ စပါးခင်းများဆီ ဖုန်ချင်အန်း ဆက်သွားသည်။
သို့သော် ခြေလှမ်းတစ်ရာပင် မပြည့်သေးမီ သူရုတ်တရက် ရပ်သွားသည်။ နောက်ဘက်မှ ဝံပုလွေနှစ်ကောင်က မူလပုံစံသို့ ချက်ချင်းပြောင်းသွားသည်။ ရှေ့တွင် နဂါးဦးချို အနီရောင်သံချပ်ကာနှင့် လူငယ်တစ်ယောက် ရေနေသတ္တဝါတစ်စုကိုဦးဆောင်၍ ရယ်ကျဲကျဲဖြင့် ရပ်နေသောကြောင့်ဖြစ်သည်။
“ဖုန်သခင်လေးရောက်လာတာ အတော်ကြာတာပဲ။ ကျုပ်စောင့်နေတာကြာပြီ”
“ဘာလို့ငါ့ကိုစောင့်နေတာလဲ”
ဖုန်ချင်အန်းမျက်နှာမပျက်။ ပုစွန်စစ်သည်၊ ကဏန်းစစ်သည်၊ ရေသရဲစစ်သည်တို့ကို မမြင်သလို သဘောထားသည်။ မမြင်နိုင်သည့် စွမ်းအင်စက်ဝန်းတစ်ခု ရေသတ္တဝါများက သူ့ဘေးပတ်လည်တွင် ဖြန့်ထားသည်ကို မြင်ရသည်။
“ကျုပ်က ဖုန်သခင်လေးကို နဂါးနန်းတော်က ဧည့်ခံပွဲတစ်ခုကို ဖိတ်ခေါ်ချင်လို့ပါ။ စုမိသားစုဆိုတာ မြေခွေးနတ်ဆိုးမိသားစုငယ်လေးပါ။ သူတို့ဧည့်ခံပွဲမျိုးက သခင်လေးနဲ့ မထိုက်တန်ပါဘူး”
ဟန်ရှီ သွားဖြဲ၍ပြုံးနေသည်။
“မင်းလည်း ငါးနဂါးတစ်ကောင်ထက်မပိုပါဘူး။ ဘာလိုဒီလောက် ဘဝင်မြင့်နေတာလဲ။ ငါ့မျက်လုံးထဲမှာ မင်းကျင်းပတဲ့ဧည့်ခံပွဲလည်း စုမိသားစုရဲ့ပွဲနဲ့ ဘာမှမကွာဘူး”
ဟုန်ရှီကို မရယ်မပြုံးမျက်နှာဖြင့် ဖုန်ချင်အန်း ကြည့်နေသည်။ စုမိသားစုမှ ထွက်လာချိန်တွင် ဧည့်ခံပွဲ၌ ထိုလူကိုမြင်ခဲ့သည်။ ယခု လူသားမျိုးနွယ်မြို့တော်သု့ ဝင်ရန်ပြင်နေစဉ် ထိုလူက သူ့လမ်းကိုပိတ်ထားသည်။