← Chapters

အပြောင်းအလဲ

Vol. 15 Ch. 215

အပြောင်းအလဲ

Vol. 15 Ch. 215

“အမှိုက်ကောင်၊ သွေးဆက်ဗီဇကို အားကိုးနေတဲ့လူ”

နွီလော်မျက်နှာမှ အထင်သေးသည့်အရိပ်များ ပျောက်သွားသည်။ မကျေမနပ်ရေရွတ်သံပေါ်လာသည်။

သွင်ပြင်ဂုဏ်သိက္ခာကို အလေးထားသည် ပြိုင်ဘက်က စည်းကမ်းကလနားမရှိဘဲ အောက်လမ်းနည်းသုံးသည့် ပြိုင်ဘက်တစ်ယောက်နှင့်တွေ့လျှင် အတော်အခက်ကြုံသည်။

ဟုန်ရှီကို ဒဏ်ရာရအောင်လုပ်နိုင်သည်။ ပြင်းပြင်းထန်ထန်ဒဏ်ရာရအောင် လုပ်ဖို့မလွယ်။ နဂါးကြေးခွံ နဂါးအရေခွံတို့သည် ထိပ်တန်း ခုခံရေးလက်နက်ပစ္စည်းများဖြစ်သည်။

"ဟားဟားဟား၊ ငါက နဂါးမျိုးနွယ်မှာမွေးလာတဲ့ လူပေါ်ကြော့ပါ။ မင်းလို အောက်ခြေကနေ တက်လာတဲ့လူမဟုတ်ဘူး။ ငါ့မှာ တိုက်ပွဲအတွေ့အကြုံတကယ်နည်းပါတယ်။ ဒါပေမယ့် မင်းလိုအောက်တန်းစားသတ္တဝါတွေ လုံးဝမပိုင်ဆိုင်နိုင်တဲ့ တော်ဝင်သွေးမျိုး ငါ့မှာရှိတယ်။ မွေးကတည်းရထားတဲ့ ငါ့ဗီဇကို မင်းဘယ်တော့မှ ယဉ်နိုင်မှာမဟုတ်ဘူးကွ”

ငါးနဂါး ကောင်းကင်အမြင့်တွင် အော်ဟစ်ရယ်မော လှောင်ပြောင်နေသည်။

“နင့်အဖေကို လူငယ်တစ်ယောက်က ဓားနဲ့ထိုးပြီးသတ်လို့ သေခဲ့ရတာပဲမဟုတ်လား”

နွီလော်စကားဖြတ်ပြောသည်။ ရယ်နေသည့်ငါးနဂါး အသံတိတ်သွားသည်။ ကောင်းကင်မှဆင်းလာသည့်မိုးကြိုးစွမ်းအား အမြင့်ဆုံးသို့ရောက်။ တိမ်တိုက်ထဲတွင် ဒေါသတကြီးအော်ဟစ်သံ ပဲ့တင်ထပ်သွားသည်။

“နွီလော်၊ အစက မင်းစွမ်းအင်ကုန်အောင်လုပ်ပြီး မင်းကိုသိက္ခာရှိရှိ အဆုံးသတ်မပေးမလို့ပဲ။ဒါပေမယ့် မင်းက အလိုက်ကန်းဆိုးမသိမှတော့ ငါ့ကို ရက်စက်တယ်မပြောနဲ့”

“နင့်မှာရှိတဲ့အစွမ်းတွေ ထုတ်လိုက်စမ်းပါ”

နွီလော် လှောင်ပြုံးပြုံးလိုက်သည်။ ပိုင်လန်နဂါသည် ဘာမှသုံးစားမရဟု သူမြင်သည်။

“ပင်လယ်မိုးကြိုး ငါ့ကိုကူညီပါ”

ငါးနဂါးပုံရိပ် နောက်ထပ်ပေပေါင်များစွာ ရှည်ထွက်လာသည်။ ရွှေရောင်အလင်းတန်းတစ်ခု ထွေးထုတ်လိုက်သည်။ ရေလှိုင်းအော်သံများ မိုးမြေကြားတွင် ပဲ့တင်ထပ်သွားသည်။

ရေငွေများ ချက်ချင်းသိပ်သည်းလာသည်။ ပြင်းထန်သည့် မိုးစက်များ ကျဆင်းလာသည်။ မိုးကသည်းလွန်းသဖြင့် ရှေ့တစ်လံအကွာကိုပင် မမြင်ရ။

သို့သော် ဘေးမှရပ်ကြည့်နေသည့် ဖုန်ချင်အန်းအတွက် ထိုမိုးရေက အတားအဆီးမရှိ။ ကောင်းကင်မှ နဂါးက အနီရောင်သံချပ်ကာနျှင့် လူငယ်အသွင်သို့ ပြန်ပြောင်းသွားသည်။ သို့သော်ယခု သူ့လက်ထဲတွင် ရေစွမ်းအင်နှင့် လျှပ်စီးများ ရောယှက်နေသည့် ပုဆိန်တစ်လက်ရှိနေသည်။

“အောက်တန်းစားအစေခံ၊ ဒါငါ့ကို ငါ့အဖိုး ပင်လယ်မိုးကြိုးပေးထားတဲ့ နတ်လက်နက်ပဲ။ ဒီလက်နက်နဲ့သေရတာ မင်းဂုဏ်ယူလိုက်စမ်းပါ”

စကားဆုံးသည်နှင့် ရွှေပုဆိန်ကို အရှိန်ပြင်းစွာ လွှဲယမ်းလိုက်သည်။ နောက်ဘက်တွင် မူလခန္ဓာ ငါးနဂါးရိပ် ပေါ်လာပြန်သည်။ ပုဆိန်စွမ်းအားကို အတော်အားစိုက်၍ ထုတ်လွှတ်ရပုံရှိသည်။

နွီလော် မရယ်နိုင်တော့။ သူ့မျက်နှာ တည်ကြည်လေးနက်လာသည်။ တောင်တန်းလေပြင်းကို သူ့နွယ်ကြာပွတ်တွင် စုစည်းလိုက်သည်။ ထို့နောက် ကောင်းကင်သို့ ထုတ်လွှတ်သည်။

တစ်ချက်။

အဆက်မပြတ်ဖိနှိပ်ထားသည့် နွီ‌လော်ကို တန်ပြန်တိုက်ခိုက်ရန် ဟုန်ရှီ ပုဆိန်ကို တစ်ချက်သာဝှေ့ယမ်းလိုက်သည်။ ကျားသစ်နီပင် ပျောက်ကွယ်သွားရသည်။

နွီလော်သည် ရုပ်ဒြပ်ရှိသည်မဟုတ်။ စွမ်းအင်တစ်ချို့သာ ဆုံးရှုံးသွားသည်။ တောင်တန်းနတ်ဘုရားတစ်ယောက်ကို သတ်ဖြတ်ခြင်းသည် ထိုမျှ မလွယ်ကူပေ။ အလွန်တရာကြီးမားသည့်စွမ်းအား၊ သင့်တင့်မျှတသည့်အချိန်နှင့် လူနှင့်နေရာများ လိုအပ်သည်။ တောင်တန်းနတ်ဘုရားသည် အလွယ်တကူ မသေဆုံးနိုင်။

“နွီလော်၊ ငါမင်းကိုဒီနေ့ အကြွေးတင်သွားပြီ။ ငါမင်းကို ကျေးဇူးပြန်ဆပ်ပါ့မယ်”

အားလုံးက ရှောင်တစ်ခင်ဖြစ်သွားသဖြင့် ဖုန်ချင်အန်း တုန့်ပြန်ချိန်ပင်မရလိုက်။

နွီလော်၏အကူအညီ လိုအပ်သည်ဟုမယုံကြည်သော်လည်း ရုတ်တရက် အထိနာသွားပြီး ဟုန်ရှီ၏ဝှက်ဖဲ ပေါ်လာသည်။ ထို့ကြောင့် ဖုန်ချင်အန်း နွီလော်ကို ကျေးဇူးတင်နေသည်သာဖြစ်သည်။

“မင်းအလှည့်ရောက်လာပြီ ဖုန်သခင်လေး”

ဖုန်ချင်အန်း ရပ်နေသည့်နေရာဘေးပတ်လည် ဆယ်ပေအတွင်းမှ တိမ်သားများချက်ချင်းပျောက်ကွယ်သွားပြိး မိုးဖွဲအဖြစ်ပြောင်းသွားသည်။ ထိုဆယ်ပေပတ်လည်အလွန်တွင် မိုးကသည်းသည်းမည်းမည်းရွာနေဆဲဖြစ်သည်။ မတူညီသည့် မိုးနယ်မြေစက်တန်းအစပ်တွင် ဟုန်ရှီကသူ့ကို ရယ်ကျဲကျဲဖြင့် စိုက်ကြည့်နေသည်။

“အခု မင်းကိုလာကူမယ့်လူ ဘယ်သူမှမရှိတော့ဘူး။ ညှာတာတဲ့အနေနဲ့ မင်းကို ဘယ်လိုသေမလဲဆိုတာ ရွေးချယ်ခွင့်ပေးပါ့မယ်။ ခန္ဓာကိုယ်အပိုင်းပိုင်းပြတ်ပြီး သေချင်လား။ မင်းနှလုံးကို အကောင်ပကတိအတိုင်းထားမယ်။ မင်းအသားကိ နည်းနည်းချင်းလှီးဖြတ်မယ်။ ဖြေးဖြေးချင်းစားမယ်လေ။ မင်းမျက်နှာ ဘယ်လိုဖြစ်နေမလဲဆိုတာ ငါကြည့်ချင်နေပြီ”

အားလုံး သူ့ထိန်းချုပ်မှုအောက်တွင်ရှိသည်ဟု ဟုန်ရှီခံစားနေရသည်။ ခပ်အေးအေးလေသံဖြင့်မေးသည်။ ဖုန်ချင်အန်းသည် အသတ်ခံရတော့မည့် သိုးသူငယ်လိုဖြစ်နေသည်။ အကူအညီမဲ့သည်။ ပြန်လည်တိုက်ခိုက်နိုင်စွမ်းမရှိ။

“မင်းနည်းလမ်းက မဆိုးပါဘူး။ မင်းရဲ့သရုပ်မှန်နဲ့ဆို လက်စားချေတဲ့နည်းလမ်းက လိုက်ဖက်ပါတယ်”

ဖုန်ချင်အန်း ကြောက်ရွံ့သည့်အရိပ်အယောင်မရှိ။ တွေးတွေးဆဆဟန်ဖြင့် ပြန်ဖြေသည်။

“မင်းဆန္ဒအတိုင်း ဖြစ်စေရမယ်”

ဟုန်ရှီ မျက်နှာတင်းသွားသည်။ ဖုန်ချင်အန်း ကြောက်လန့်တုန်လှုပ်၍ တောင်းပန်းနေသည့်အဖြစ်မျိုးကို သူမြင်ချင်ခဲ့သည်။ သို့သော် မမြင်ရ။

ဖုန်ချင်အန်းသည် အားနည်းသည့် လူသားမျိုးနွယ်သာဖြစ်သည်။ ထူးခြားသည့် ပါရမီရှိလျှင်ပင် သူ့ကိုအနိုင်မရနိုင်။ စဉ်းနှီးတုန်းပေါ်မှ ခုတ်စဉ်းခံရတော့မည့် ငါးတစ်ကောင်သာဖြစ်သည်။ သို့သော် မျက်နှာထားက မပြောင်းလဲ။

“နတ်ဆိုး၊ မင်းကများ ငါ့နယ်မြေမှာ လူတွေကို ထိခိုက်အောင် လုပ်ရဲတယ်ပေါ့”

နေတစ်စင်းနှင့်တူသည့် ရွှေရောင်အလင်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ အရာအားလုံးကို လွှမ်းခြုံသွားသည်။ ပြင်းထန်သည့် မိုးသက်မုန်တိုင်းလည်း ချက်ချင်းလွင့်ပျောက်သွားသည်။ အရောင်အဝါဖုံးလွှမ်း၍ မျက်နှာသေချာမမြင်ရသည့်လူတစ်ယောက် ဖုန်ချင်အန်းရှေ့တွင် ငြိမ်သက်စွာ ရပ်နေသည်။ စန္ဒကူးနံ့ဝေ့ဝဲသင်းပျံ့နေလေသည်။

“အန်ချင်းအိမ်တော်က မြို့တော်နတ်ဘုရား”

ဖုန်ချင်အန်းရှေ့မှ မြို့တော်နတ်ဘုရားကိုကြည့်၍ ဟုန်ရှီမျက်နှာ ပို၍တင်းသွားသည်။ မျက်နှာတစ်ခုလုံးရှုံ့မဲ့၍ ပါးနှစ်ဘက်တွင် အကြေးခွံများ ထွက်ပေါ်လာသည်။

“အဆင့်နိမ့်သတ္တဝါ၊ ငါက သေမျိုးတစ်ယောက်ကိုသတ်ဖို့ပါ။ ဘာလို့ ငါ့လမ်းကို လာလာပြီးပိတ်နေတာလဲ။ ဘေးထွက်ပြီး အသာကြည့်နေတာ ပိုမကောင်းဘူးလား။ ဘာလို့ကိုယ်ဒုက္ခကိုယ်ရှာချင်နေတာလဲ။

“ဝူလင်တောင်နတ်ဘုရားကို မင်းတိုက်ခိုက်တယ်။ ငါမသိချင်ယောင် ဆောင်နေလို့ရတယ်။ ဒါပေမယ့် ငါ့အပိုင်နယ်ထဲက လူသားတစ်ယောက်ကို သတ်ဖို့ကြိုးစားရင်တော့ ငါရပ်ကြည့်မနေနိုင်ဘူး။ နတ်ဆိုး၊ အခုချက်ချင်းနောက်ဆုတ်ပါ”

အန့်ချင်းမြို့တော်နတ်ဘုရားက ပြန်ပြောသည်။ တိုက်ပွဲမဖြစ်မီကတည်းက သူရှိနေခဲ့ခြင်းဖြစ်သည်။ သို့သော် သေမျိုးများမပါဝင်သဖြင့် သူကိုယ်ထင်မပြခဲ့။ နတ်ဝိညာဉ်ချင်းတိုက်ခိုက်သည့်ပွဲသည် သူနှင့်မဆိုင်။ စပါးကွင်းများ မိုးရေကြောင့် ပျက်စီးမသွားဖို့သာ လျှို့ဝှက်ထိန်းသိမ်းနေသည်။

“အသုံးမကျတဲ့အရူး၊ မြို့တော်နတ်ဘုရား‌လေးတစ်ယောက်က ငါ့ကိုလာတားရဲတယ်ပေါ့။ ပင်လယ်မိုးကြိုး၊ ငါ့ရန်သူကိုသတ်ဖို့ ကူညီပါ”

လက်ထဲမှပုဆိန်၏နာမည်ကို သူခေါ်လိုက်သည်။ အမိန့်ပေးသည်ထင်ရသော်လည်း တောင်းဆိုနေသည့် လေသံမျိုးပါသည်။

ပုဆိန်မှ လျှပ်စီးများစွာ ထိုးထွက်လာသည်။ တောက်ပနေသည့်လျှပ်စီးက ပြင်းထန်လွန်းသဖြင့် ဖုန်ချင်အန်း မျက်လုံးများ ကျိန်းစပ်သွားသည်။

“သွေးနှောငါးနဂါးတစ်ကောင်ကများ လာပြီးမာန်တက်နေတယ်ပေါ့”

ပုဆိန်စွမ်းအားကို မြင်ရသော်လည်း အန့်ချင်းမြို့တော်နတ်ဘုရား ကြောက်ရွံ့ဟန်မရှိ။ ကြီးမားသည့်တံဆိပ်တစ်ခု သူ့လက်ထဲတွင်ပေါ်လာသည်။ တောင်တန်းနှင့်မြို့တော်အရိပ်များ ရွှေတံဆိပ်ထဲတွင် ထင်ဟပ်နေသည်။

ဤသို့ဖြင့် ဒုတိယတိုက်ပွဲစသည်။ ဤတစ်ကြိမ်တွင် ဖုန်ချင်အန်း ရပ်ကြည့်မနေတော့ဘဲ တုန်ဟွမ်းနှင့် အမြန်ဆက်သွယ်လိုက်သည်။

“တုန်ဟွမ်း၊ ငါ့ကိုကူညီပါ”

နွီလော်နှင့်ဟုန်ရှီ တိုက်ခိုက်စဉ်က ဝင်မပါခဲ့သည်မှာ အစပိုင်းတွင် နွီလော်က အသားစီးရနေသောကြောင့်ဖြစ်သည်။ သူအရသာခံ၍ကြည့်နေခဲ့သည်။

သို့သော် ဟုန်ရှီက သူ့နတ်လက်နက်ကို အမှတ်မထင်ဆွဲထုတ်လာပြီး နွီလော်ကို အနိုင်ယူလိုက်သည်။ ဖုန်ချင်အန်း ဘာမှတုံ့ပြန်ချိန်မရလိုက်။

ယခု အန့်ချင်းမြို့တော်နတ်ဘုရားပေါ်လာသည်။ သူရပ်ကြည့်မနေနိုင်တော့။ နတ်ပုဆိန်မည်သည့်စွမ်းအားမျိုးရှိသည်ကို ခန့်မှန်းမရ။ ဟုန်ရှီမျက်နှာက သိပ်ဂဏာမငြိမ်။ နတ်ပုဆိန်ကို တကယ်ထိန်းချုပ်နိုင်ဟန်မရှိ။ မသုံးမီ တောင်းဆိုညှိနှိုင်းရသည်။

တုန်ဟွမ်းဘက်မှ တုံ့ပြန်သံမကြားရ။ ကြီးမားသည့်စွမ်းအင်လှိုင်းက တတိယဝိညာဉ်စာချုပ်မှ ထိုးထွက်လာသည်။ ထိုစွမ်းအားလွှမ်းမိုးမှုကြောင့် ဖုန်ချင်အန်းမျက်နှာဟန်ပန်နှင့် လူသားစွမ်းအင်ရောင်များ လျင်မြန်စွာပြောင်းလဲသွားသည်။

All Chapters