နေရာမှန်
Vol. 15 Ch. 225
ယခု အသုံးမကျသည့် သူ့ယောကျားဟုန်ရှီ အပြင်ဘက်တွင် ပြဿနာရှာခဲ့၍ အသေဆုံးဖြင့် သေရသည်။ သူ့အတွက်လည်း ဘာမှပြင်ဆင်ချိန်မရဘဲ အဖြစ်ဆိုးကြုံရသည်။
အကယ်၍ အခွင့်အရေးနည်းနည်းသာ ရခဲ့မည်ဆိုလျှင် သူအချိန်အတော်ကြာကတည်းက ပြင်ဆင်ထားသည့် လျှို့ဝှက်အိမ်တော်သို့ သူထွက်ပြေးနိုင်ခဲ့လိမ့်မည်။ သူမွေးဖွားခဲ့သည့် နဂါးမျိုးစိတ်မှ နဂါးသွေးကို ထုတ်ယူ၍ သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်နိုင်မည်။ သူ့ကိုယ်သူ နဂါးမျိုးနွယ်ဟု ခေါ်၍ နဂါးစစ်ကျင့်ကြံမှုလမ်းပေါ် လျှောက်နိုင်ခဲ့ပေလိမ့်မည်။
ယခု ရာစုနှစ်နှစ်ခုကြာအောင် သူသည်းခံစောင့်၍ ပြုစုပျိုးထောင်ခဲ့ရသည့် “နဂါးဖြစ်သစ်သီး” အသင့်ဖြစ်နေချိန်ရောက်မှာ သူ့မျက်စိရှေ့တွင် ပျက်စီးသွားသည်။
“နင်တို့အားလုံး သေရမယ်”
မြွေဆိုးမ အရူးတစ်ပိုင်းဖြစ်သွားသည်။ ကြောက်စရာနတ်ဆိုးချီများ သူ့ကိုယ်မှ ထိုးထွက်လာသည်။လာသည်။ မိုင်တစ်ရာရှည့်သည့် မြစ်ကြောင်းတစ်လျှောက် အနက်ရောင်နတ်ဆိုးတိမ်တိုက်များ ဖုံးအုပ်သွားသည်။ မြစ်ကမ်းနှစ်ဘက်တွင် ရေလာသောက်သည့် သားရဲများ ကြောက်လန့်တကြားထွက်ပြေးကြသည်။
“အန်း....”
နဂါးအော်သံ ပဲ့တင်ထပ်သွားသည်။ ရွှေရောင်အလင်းတန်းများ နတ်ဆိုးတိမ်တိုက်ကို ထိုးခွဲ၍ ထွက်လာသည်။ ရွှေရောင်ကြေးခွံနှင့် နဂါးတစ်ကောင်ပေါ်လာသည်။ မြင်းနဂါး တအံ့တဩကြည့်နေသည်။ ရွှေရောင်နဂါးက လူသားအသွင်ပြောင်း၍ ကောင်းကင်မှဆင်းလာသည့် နတ်ဘုရားကဲ့သို့ နတ်ပုဆိန်တစ်လက် ကိုင်ထားသည်။
“ဂါး”
မတိုက်ခိုက်ရသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်၍ တောင်နက် အော်ဟစ်ကြုံးဝါးပြီး မြေနတ်ဆိုးပေါ် ခုန်အုပ်လိုက်သည်။
ထက်မြက်သည့်သွားများက ဝိညာဉ်စားမီးဒဏ်သင့်ထားသည့် အကြေးခွံများကို ထိုးဖောက်သည်။ အသားထဲသို့ နစ်ရှိုင်းစွာစိုက်ဝင်သည်။ မေးရိုးနှစ်ခုကို အားပြုခဲလျက် ဆွဲဖဲ့သည်။ ကြီးမားသည့် အသားစတစ်ခု ပါလာသည်။
ပိုင်ယော်လည်း ရောက်လာသည်။ သူ့တိုက်ခိုက်ဟန်က တောင်နက်လောက် အရိုင်းမဆန်။ မြန်ဆန်ဖျတ်လတ်၍ လှပသည်။ သို့သော် သူ့ဆင့်ခေါ်သည့် လေလှိုင်းဓားချက်များက နည်းနည်းအားပျော့သည်။ မြေဆိုးမ၏ အကြေးခွံများကို ဖြတ်နိုင်ရုံသာ ရှိသည်။
သုံးလေးကြိမ် ကြိုးစားပြီးနောက် ပိုင်ယော် ထိုသို့မတိုက်ခိုက်တော့။ တောင်နက်လိုပင် မြေနတ်ဆိုးပေါ်ခုန်အုပ်၍ သွားစွယ်များ လက်သည်းများဖြင့် တိုက်ခိုက်သည်။
“ဂါး”
မြင်းနဂါးလည်း ရွှေနဂါးသံချပ်ကာထံမှ အကြည့်ခွာလိုက်သည်။ ဒေါသတကြီးအော်ဟစ်ကြုံးဝါး၍ မြွေနတ်ဆိုးဆီ ပြေးဝင်သွားလေသည်။ ထိုနတ်ဆိုးသည် သူနှစ်ပေါင်းများစွာ နင်းချေချင်ခဲ့သည့် ရန်သူဖြစ်သည်။
ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက် ဖုန်ချင်အန်းနှင့် နွီလော်တို့ မြေအောက်ရေနဂါးနန်းတော်မှထွက်လာသည်။ တိုက်ပွဲကွင်းသို့ ရောက်လာသည်။ အတော်ပြင်းထန်သည့်မြင်ကွင်းကို ကြုံရသည်။
မြစ်ကွေ့ ရေတိမ်ကမ်းခြေနေရာတစ်ခုလုံး သွေးနှင့်အသားစများ အကြေးခွံများ ပြန့်ကျဲနေသည်။ လေထုထဲ သွေးစိမ်းနံ့လွင့်ပျံလာသည်။နေသည်။
“အတော်ကြမ်းတာပဲ”
ဖုန်ချင်အန်း အံ့အားသင့်သွားသည်။ မြစ်ကမ်းခြေတွင် သွေးချင်းချင်းနီရဲနေသည်။ ဝံပုလွေနှစ်ကောင်၏သွေးလည်း ပါသည်။ အများစုက မြွေနတ်ဆိုး၏သွေးဖြစ်သည်။
ပေရာချီရှည်လျားသည့် မြွေနတ်ဆိုးခန္ဓာကိုယ်တွင် အကောင်းပကတိကျန်သည့်အပိုင်းဟူ၍ မရှိတော့။ ကျောရိုးမှလွဲ၍ တစ်ခြားအရိုးအသားများအားလုံး ကြေမွနေပြီဖြစ်သည်။
ထိုဒဏ်ရာများက တောင်နက်နဲ့ပိုင်ယော်တို့လက်ချက်မဟုတ်။ သူတို့က သွားဖြင့်ကိုက်ဖြတ်ကြခြင်းဖြစ်သည်။ အလောင်းကို စိစိညက်ညက်ကြေအောင်မလုပ်ကြ။
“ဒီကောင်က ဘာအကြောင်းရှိလို့လဲ”
ဖုန်ချင်အန်း မြင်းနဂါးဆီ အကြည့်ရောက်သွားသည်။ မြင်းနဂါးက ကမ်းခြေတွင် တစ်ကြိမ်ပြီးတစ်ကြိမ် ချီတက်၍ မြွေနတ်ဆိုး၏ သွေးနှင့်အသားများကို ခွာဖြင့်ပေါက်သည်။
“သူက အရင်ပိုင်လန်မြစ်သခင်ဟောင်းရဲ့သားပေါ့”
“သဘောပေါက်ပြီ”
ဖုန်ချင်အန်း ခေါင်းငြိမ့်သည်။ အဓိပ္ပါယ်ရှိပါသည်။
“အကဲဖြတ်မယ်”
မျိုးစိတ် - မြင်းနဂါး
ဗီဇ - ဝိညာဉ်၊ သားရဲ၊ ရေ၊ လေ
စွမ်းရည်အဆင့် - သခင်၊ အလတ်တန်း
တိုက်ခိုက်စွမ်းအား - သခင်၊ အခြေခံ
ဖုန်ချင်အန်း အံ့အားသင့်သွားသည်။ မြေနှင့်ကျောက်ဝိညာဉ်များ သစ်ပင်ဝိညာဉ်များကို မြင်ဖူးသည်။ ဝိညာဉ်နှင့်သားရဲဗီဇ နှစ်မျိုးလုံးရှိသည့်သတ္တဝါကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။
“သူ့မိဘတွေက ဘယ်လိုမျိုးလဲ။ ဒီကောင်က နည်းနည်းထူးဆန်းနေတယ်”
ဖုန်ချင်အန်း နွီလော်ကို မေးရသည်။
“သူ့အဖေက မြင်းနဂါးပါ။ မြစ်ထဲမှာမွေးပြီး ကြီးလာတာ။ သူ့အမေက ငါ့တောင်တန်းပေါ်က မြင်းရိုင်းအုပ်စုရဲ့ ခေါင်းဆောင်ပါ။ သူမမွေးသေးခင် သူ့အဖေသေသွားတယ်။ သူ့ဖြစ်တည်မှုကို ဖုံးကွယ်ထားဖို့ ငါကူညီခဲ့တာ။ သူဒီလောက် နာကျည်းစိတ်ကြီးမားမယ် မထင်မိဘူး”
နွီလော် သက်ပြင်းချနေသည်။ ထိုမြင်းနဂါးငယ်အကြောင်း ဖုံးကွယ်ထားရန် ဆုံးဖြတ်စဉ်က မိခင်မြင်းရိုင်းကို မွေးဖွားလာမည့်သားငယ်အား ထိုအဖြစ်အပျက်ကို မပြောရန် သတိပေးခဲ့သည်။ ထိုအမုန်းတရားမျိုးက ကလေးတစ်ယောက်အတွက် ကြီးမားလွန်းသောကြောင့်ဖြစ်သည်။
“ဪ...အဲလိုလား”
ဖုန်ချင်အန်း ခေါင်းငြိမ့်သည်။ မြစ်သန္ဓေနှင့် တောင်တန်းသန္ဓေတို့ ပေါင်းစပ်သည်က မဆန်းလှ။ သို့သော် ဝိညာဉ်ဓာတ်ဗီဇနှစ်မျိုးပေါင်းစပ်နေသည့်မျိုးဆက်မျိုး မွေးဖွားသည်မှာ ရှားပါးလှသည်။ ယခုထိ မကြားဖူးသေး။
“စိတ်ဝင်စားစရာပဲ”
တောင်ပံနှင့်လည်တိုင်ကြေးခွံများပါသည့် မြင်းနဂါးကိုကြည့်၍ ဖုန်ချင်အန်း စိတ်လှုပ်ရှားလာသည်။ ယန်မီးတောက်စွမ်းအင်ဖြင့် တောင်ပံတစ်စုံဖန်တီး၍ ကောင်းကင်သို့တက်လိုက်သည်။ မြွေနတ်ဆိုးကို နင်းချေနေသည့် မြင်းနဂါးကို ငုံ့ကြည့်၍ လှမ်းမေးသည်။
“မင်းက အသီးအရွက်ပဲစားတာလား”
မြင်းနဂါး၏ခြေထောက်များ သွေးချင်းချင်းနီနေသည်။ ဖုန်ချင်အန်းကို မော့ကြည့်သည်။ နှာတစ်ချက်မှုတ်သည်။ နှာခေါင်းမှ အဖြူရောင်အခိုးနှစ်ခု ထွက်လာသည်။
“မင်းရန်သူရဲ့အသားကို မစားချင်ဘူးလား”
ဖုန်ချင်အန်းအမေးကြောင့် မြင်းနဂါး တွေးရခက်သွားသည်။ ခြေထောက်အောက်မှ ရွံ့ဖြင့်ရောနှောနေသည့် အသားများကိုကြည့်လိုက်သည်။ ထို့နောက် တုံ့ဆိုင်းမနေဘဲ စတင်စားသောက်ရန် ပြင်သည်။
“မြောင်မြောင်၊ သူပြောတာတွေ နားမယောင်နဲ့”
မြင်းနဂါး၏ ဟနေသည့်ပါးစပ်ကို ဝိညာဉ်စွမ်းအားတစ်ခုက ပိတ်ဆို့တားဆီးထားသည်။ သွေးနီရောင်အသားများကို ဝါးမျို၍မရ။
စိတ်ပျက်ဟန်ဖြင့် နွီလော်က ဖုန်ချင်အန်းကို တစ်ချက်ကြည့်သည်။
“သူက မြင်းနဂါးမျိုးဆက်လေ။ သူ့ကို မဟာနတ်ဆိုးရဲ့အသား စားခိုင်းနေတာလား”
“မြင်းနဂါးသွေးက တစ်ခြမ်းပဲပါတာပါ။ တစ်ခြားတစ်ခြမ်းက တောင်တန်းမြင်းရိုင်းမျိုးဆက်မဟုတ်လား”
ဖုန်ချင်အန်း ရယ်မောနေသည်။ အသီးအရွက်စားဝိညာဉ်အတော်များများသည် အသီးအရွက်သာ စားကြသည်မဟုတ်။ သူတို့၏မူလဗီဇကြောင့် အသားစားလိုစိတ်ဖြစ်ကြသည်။
“နင်လုပ်ချင်ရာ လျှောက်လုပ်လို့မရဘူး”
“ဟုတ်ပါပြီ။ ငါမှားပါတယ်။ ဒီလိုလုပ်ပါလား။ ပိုင်လန်မြစ်သခင်က အပြည့်အဝမသေသေးဘူး။ လတ်ဆတ်တဲ့သူ့အသားကို မင်းစားချင်လား”
မြင်းနဂါးကို ဖုန်ချင်အန်း ကမ်းလှမ်းလိုက်သည်။ သွေးဆက်ရောနှောခြင်းကို သူအရေးမစိုက်။ တောင်နက်သည်လည်း အရင်က ခွေးဝံပုလွေသာဖြစ်သည်။ ယခု နတ်ဆိုးဘုရင်အသွင်အပြင်မျိုးရှိလာသည်။
“ဟုန်ရှီလား”
မြင်းနဂါးထံမှ ပထမဆုံးစကားသံထွက်လာသည်။
“ဟုတ်တယ်။ ငါသူ့ကိုသတ်ပြီးပြီ။ ဒါပေမယ့် အသားလတ်ဆတ်အောင် သူ့အသက်ဓာတ်နည်းနည်း ငါချန်ထားတယ်။ ငါက သူတို့နဲ့ အတူစားမလို့ပါ။ မင်းရော အတူစားချင်လား”
ဖုန်ချင်အန်းက တောင်နက်နှင့် ပိုင်ယော်ကို လက်ညှိုးထိုးပြသည်။ ထိုနှစ်ကောင် ဒဏ်ရာအများအပြားရထားသော်လည်း ပျော်ရွှင်နေကြသည်။ မည်သို့ဆိုစေ မဟာနတ်ဆိုးတစ်ယောက်ကို သူတို့အတူ ပေါင်းသတ်ခဲ့သည့် သဘောပင်ဖြစ်သည်။
“ကောင်းပြီလေ”
မြင်းနဂါး တုံ့ဆိုင်းခြင်းမရှိ။
“ဒါဆိုလာပါ”
ဖုန်ချင်အန်းက ခပ်ညှင်းညှင်းရယ်မော၍ ဖိတ်ခေါ်လိုက်သည်။ နွီလော် သူ့ကို မျက်စောင်းတစ်ချက်ထိုးပြန်သည်။
“ဒီကောင်လေးကို တောင်တန်းအပြင်ခေါ်သွားဖို့ စီစဉ်နေတာလား”
“အဲဒါဘာဖြစ်လို့လဲ”
“အခု ပိုင်လန်မြစ်သခင်ရာထားက လစ်လပ်နေပြီ။ မြောင်မြောင်ကလည်း လက်လွှဲယူဖို့ အရည်အချင်းမီတယ်။ သူမြစ်သခင်ဖြစ်လာရင် တစ်ချိန်က သူ့အဖေပိုင်ဆိုင်ခဲ့တဲ့ သွေးဆက်စွမ်းအားလည်း ချက်ချင်းပြန်ရလာလိမ့်မယ်”
“ဒါဆို ဟုန်ရှီလိုသတ္တဝါတွေက သူ့ကိုပစ်မှတ်ထားကြပြီး သူ့အဖေရဲ့ကံကြမ္မာမျိုးပဲ ထပ်မကြုံရနိုင်ဘူးလား”
“နင့်နောက်ကိုလိုက်တာကရော မြစ်သခင်ဖြစ်တာထက် ပိုကောင်းလို့လား။ မြစ်သခင်ဖြစ်မလာရင် သူ့စွမ်းအားက ပိတ်ဆို့နေလောက်တယ်။ နတ်ဆိုးဘုရင်ဖြစ်မလာနိုင်လောက်ဘူး”
နွီလော် သံသယမကင်းဖြစ်နေသည်။ မြင်းနဂါး၏အရည်အသွေးကို သူမြင်နိုင်သည်။ သို့သော် ဖုန်ချင်အန်းအရည်အသွေးကို သူမမြင်နိုင်.
“ငါ့နောက်ကိုလိုက်လာရင် နတ်ဆိုးဘုရင်ဖြစ်ဖို့ဆိုတာ ပထမခြေလှမ်းအဆင့်လောက်ပါ။ သူသာဆန္ဒရှိရင် သူ့အဖေထက် ပိုပြီးစွမ်းအားကြီးတဲ့သူဖြစ်လာမှာ သေချာပါတယ်”
ဖုန်ချင်အန်းလေသံက ယုံကြည်ချက်အပြည့်ပါသည်။
**********************************************