အရိုင်းပင်လယ် ဘုရင်ကိုးပါး (၂)
Vol. 15 Ch. 218
ယခု နဂါးမျိုးနွယ်ကို ပစ်မှတ်ထားရုံမှတစ်ပါး တစ်ခြားရွေးချယ်စရာမရှိ။ ပင်လယ်မိုးကြိုးပုဆိန်လို နတ်လက်နက်များသည် သာမန်နဂါးမျိုးနွယ်များ ပိုင်ဆိုင်နိုင်သည်မဟုတ်။ နောက်ခံကြီးကြီးမားမားမရှိလျှင် ကျင့်ကြံဖို့ရာ ရင်းမြစ်ပင် မလုံလောက်နိုင်။ သင့်တော်သည့်လက်နက်မျိုးပင် မရနိုင်။ နတ်လက်နက်ဖန်တီးဖို့ဆိုသည်မှာ ဖြစ်နိုင်စရာမရှိ။
“အခြေအနေအရ ကြည့်လှုပ်ရှားရမှာပဲ”
ဖုန်ချင်အန်း ထိုသို့တွေးသည်။ နဂါးသံချပ်ကာသည် သူ့ကိုယ်မှ နဂါးဝတ်ရုံနှင့် နတ်စိမ်းဓားကို စိတ်ဝင်စားဟန်မရှိ။ စိတ်ဝင်စားလျှင် အစကတည်းက ဝါးမျိုပြီးဖြစ်မည်။ ထိုနဂါး အတော်ဂျေးများသည်။ တောင်တန်းနတ်ဘုရားတစ်ယောက် အသွင်ပြောင်းစဉ်က ကျန်ရစ်ခဲ့သည့် ပစ္စည်းမျိုးကိုပင် သူအထင်သေးသည်။
နှလုံးကိုဓားဖြင့် ထိုးစိုက်ခံထားရသည့် ဟုန်ရှီကို သူလှည့်ကြည့်သည်။ အသက်ဓာတ်ပျောက်ကွယ်နေသော်လည်း မသေသေး။ နတ်လက်နက်မရှိတော့သော်လည်း သူ့အတွေးများကရှင်းလင်းနေဆဲဖြစ်သည်။
ကောင်းကင်မှ ရေဓာတ်ကိုစုစည်း၍ အောက်သို့ ရုပ်ပျက်ဆင်းပျက်ပြုတ်ကျမလာအောင် တားဆီးနိုင်သေးသည်။
“ဖုန်သခင်လေး၊ ငါတကယ်မင်းကို အထင်သေးခဲ့မိတာပဲ။ ဒီနေ့ ငါဒီလိုအဖြစ်ကြုံရတာ ထိုက်တန်ပါတယ်”
သေလုမျောပါးအချိန်မှာပင် ဟုန်ရှီမျက်လုံး၌ ခံစားချက်များရှုပ်ထွေးနေသည့်အရိပ်မျိုး ပေါ်နေသည်။ သို့သော် သူ့ရှေ့မှလူငယ်က သူ့ကိုအလွတ်ပေးမည်မဟုတ်။ တောင်းပန်လျှင်လည်း သိက္ခာကျရုံသာရှိမ်ည။ အကျိုးထူးမည်မဟုတ်။
“အခုမှ ဒီလိုပြောတာ နောက်ကျလွန်းသွားပြီး မထင်ဘူးလားဟုန်ရှီ”
ဖုန်ချင်အန်း ရေနဂါးပေါ်တွင်ရပ်လျက် ခြေထောက်အောက်မှ အကြေးခွံများကို စူးစမ်းနေသည်။ အသုံးဝင်မဝင် စဉ်းစားနေသည်။
သားရဲသခင်စနစ်တွင် မိုနာ့အဆင့်ရှိသည့် သားရဲမျိုးဖြစ်သည်။ ဟုန်ရှီ၏ စရိုက်က ဆိုးဝါးသော်လည်း ထိုအဖြစ်မျိုးကြုံသည်ကို ဖုန်ချင်အန်း မကြည့်ရက်။ သို့သော် နောက်ခံအကြောင်းရင်းက ပြန်ပြင်၍မရ။
နွီလော် ဟုန်ရှီကို အသာစီးရထားခဲ့သည်။ သို့သော် ပုဆိန်ချက်ကြောင့် ရှုံးနိမ့်သွားသည်။
နွီလော် ဟုန်ရှီကို တိုက်ခိုက်ခဲ့သည့် ဒဏ်ရာများက မပြောပလောက်။ အကြေးခွံတစ်ချို့ ကြေမွရုံ၊ သွေးနည်းနည်းထွက်ရုံသာဖြစ်သည်။ ကြီးမားသည့်ခန္ဓာကိုယ်နှင့်ယှဉ်လျှင် ခြစ်ရာလောက်သာဖြစ်သည်။
ယခု သူ့အားအနည်းဆုံး အကြေးခွံနေရာကို ဖုန်ချင်အန်း ဓားဖြင့်ထိုးခဲ့သည်။ တုန်ဟွမ်းပေးထားသည့် စွမ်းအင်အားလုံး ထုတ်သုံးသည်။ ဟုန်ရှီ၏ ကိုယ်တွင်းအင်္ဂါများ ပျက်စီးသွားသည်။ အသက်ကို အနိုင်နိုင်ထိန်းထားရသည်။
တုန်ဟွမ်းအကူအညီသာမရလျှင် ဖုန်ချင်အန်း မိုနာ့အဆင့်ကိုတိုက်ခိုက်ဖို့ လုံးဝစဉ်းစားမည်မဟုတ်။ ထွက်ပြေးမည်သာဖြစ်သည်။ ယခု သူအတော်စိတ်သက်သာရာရခဲ့သည်။
တုန်ဟွမ်းသည် တစ်ခြားသရဲဘုရင်များကို သတ်ဖြတ်နိုင်သော်လည်း ဖုန်ချင်အန်း ထိုသို့လုပ်နိုင်သည်ဟု မဆိုလို။ တုန်ဟွမ်းက မိုနာ့ထိပ်ဆုံးအဆင့်ရောက်နေပြီး နောက်တစ်ဆင့်ကူးတော့မည့်လူဖြစ်သည်။ သာမန်မိုနာ့များက သူ့အတွက် အရေးမပါ။
သားရဲသခင်အဆင့်အတန်းအရ ဖုန်ချင်အန်း ဝိညာဉ်စာချုပ်ခုနစ်ခုသာ တည်ဆောက်ရသေးသည်။ ရှစ်ခုမြောက်ဝိညာဉ်စာချုပ် ပြင်ဆင်နေသည်။ ကောင်းကင်သားရဲသခင်အဆင့်သို့ ရောက်စဖြစ်သည်။ သခင်အဆင့်နှင့်တန်းတူဖြစ်သည်။ မိုနာ့အဆင့်ဆိုသည်မှာ အလှမ်းဝေးသေးသည်။
ထို့အပြင် ကောင်းကင်သားရဲသခင်ဟူသည့် သူ့အဆင့်ကို စနစ်ကပင် အသိအမှတ်မပြုသေး။ လိုအပ်ချက်က ဝိညာဉ်စာချုပ်ဆယ်ခု တည်ဆောက်ဖို့ဖြစ်သည်။ သို့မှသာ သခင်အဆင့် စွမ်းရည်နှင့် ခွန်အား အရည်အချင်းမီသည်ဟု သတ်မှတ်သည်။ ထိုအခြေအနေရောက်မှ ကောင်းကင်သားရဲသခင်အဆင့် လျှို့ဝှက်ပညာဖြစ်သည်။ “ဝိညာဉ်ပေါင်းစည်းစွမ်းရည်”ကို လေ့လာနိုင်မည်။
တုန်ဟွမ်း သူ့ဘေးတွင်ရှိနေလျှင် ဟုန်ရှီလိုနဂါးကို ဓားတစ်ချက်ဖြင့် အပြတ်ရှင်းနိုင်လိမ့်မည်။ သို့သော် မြေအောက်သရဲတိုင်းပြည်ကို အုပ်ချုပ်နေရသဖြင့် လူသားကမ္ဘာသို့ စိတ်ထင်တိုင်းလာ၍မရ။ ဝိညာဉ်စာချုပ်မှတစ်ဆင့် စွမ်းအားသာ ငှားပေးနိုင်သည်။
တုန်ဟွမ်း၏စွမ်းအားကို သံသယဖြစ်စရာမလို။ နတ်စိမ်းဓားဖြင့် ဖန်တီးလိုက်သည့် ဓားရိပ်တစ်ခုသာဖြစ်သော်လည်း တောင်တန်းပေါ်မှ မဟာနတ်ဆိုးကြီးများ၏ ခြေလက်တို့ကို ခုတ်ဖြတ်ပစ်နိုင်စွမ်းရှိသည်။
ဖုန်ချင်အန်း စွမ်းရည်များများ အကူမရခဲ့။ တုန်ဟွမ်းအတွက် မပြောပလောက်သည့် စွမ်းအင်ပမာဏလောက်သာ အကူအညီရခဲ့သည်။ ထိုအတိုင်းအတာထက် ပိုသုံးလျှင်လည်း လူသားအသွင်ရှိတော့မည်မဟုတ်။ တုန်ဟွမ်းသည် ယင်ဝိညာဉ်ဖြစ်သည်။ သူ့စွမ်းအားသည့် လူသားကမ္ဘာမှမဟုတ်။
ဖြစ်နိုင်လျှင် တုန်ဟွမ်းစွမ်းအားကို ဖုန်ချင်အန်း မငှားချင်။ အရိုးခိုက်အောင်အေးစိမ့်နေသည့်ခံစားချက်က သိပ်အဆင်မပြေ။ သူ့လိုလူသားတစ်ယောက်နှင့် သဟဇာတမဖြစ်သည့်စွမ်းအားဖြစ်သည်။
တုန်ဟွမ်း၏စွမ်းအင်များ ပျောက်ကွယ်သွားပြီးနောက် ယန်မီးတောက်စွမ်းအင်များ သူ့ကိုယ်ထဲတွင် ပြည့်လာသည်။အေးခဲမတတ်ဖြစ်နေသည့် သွေးများ နွေးလာစေသည်။ ခန္ဓာကိုယ်တစ်ခုလုံး အပူဓာတ်မြင့်တက်လာသည်။
"ဟားဟား၊ ဖုန်သခင်လေး၊ ဒီစကားပြောတာ နောက်ကျသွားပြီးမှန်း ငါသိတယ်။ ဒါပေမယ့် မင်းလည်း ငါ့လိုကံကြမ္မာမျိုးကြုံရမယ်ဆိုတာ ငါကြိုမြင်နေတယ်။ မင်းက ငါထက်တောင် ပိုအခြေအနေဆိုးနိုင်ပါတယ်”
အရောင်မှိန်နေသည့် နဂါးမျက်လုံးများ လှုပ်ရှားလာသည်။ ဖုန်ချင်အန်း မျက်နှာကို အကဲခတ်သည်။
“ဪ၊ ဟုတ်လား။ ဘာကြောင့် ဒီလိုဖြစ်မှာလဲ ပြောစမ်းပါဦး”
ဖုန်ချင်အန်း ပုံမှန်လေသံဖြင့် မေးလိုက်သည်။ ဟုန်ရှီဝမ်းဗိုက်ဆီမှ လေအေးများက တစ်ကိုယ်လုံးသို့ ပျံ့နှံ့လာသည်။ သူ အချိန်သိပ်မကျန်တော့။
“ငါ့အဘိုးပေးတဲ့ နတ်ပုဆိန်ကို မင်းစိတ်ဝင်စားနေတာမဟုတ်လား။ ဒီလိုနတ်လက်နက်မျိုး နောက်ထပ်ရှစ်ခုရှိသေးတယ်။ အားလုံး စွမ်းအင်ရင်းမြစ်အတူတူပဲ”
ဖုန်ချင်အန်း မျက်လုံးများ နည်းနည်းမှေးစင်းသွားသည်။ စိတ်ဝင်စားမှု မြင့်တက်သွားသည်။
“မင်းအဘိုး အုပ်ချုပ်တာ ဘယ်နေရာလဲ”
“ငါ့အဘိုးက ပင်လယ်နဂါးသခင်တွေထဲက တစ်ယောက်ဖြစ်တဲ့ ရွှမ်ဟိုင်နဂါးဘုရင်ပါ”
ဟုန်ရှီ၏ ငါးနဂါးခန္ဓာက မြေပြင်နှင့်သုံးပေခန့်အကွာအထိ တဖြေးဖြေးနိမ့်ဆင်းလာသည်။ သို့သော် အလွန်တရာပြင်းထန်သည့် မာနစိတ်ကြောင့် သူ့ခန္ဓာကိုယ်ကို မြေနှင့်အထိမခံ။
“မင်းအဘိုးက နဂါးအစစ်လား”
ဖုန်ချင်အန်း မျက်မှောင်ကျုံ့သွားသည်။ နဂါးစစ်များသည်သာ နဂါးဘုရင်ဟု သူတို့ကိုယ်သူတို့ ကြွေးကြော်ရဲသည်။ သာမန်နဂါးတို့သည် သူတို့ကိုယ်သူတို့ နဂါးဘုရင်ဟု မခေါ်ရဲ။ သူတို့ဘိုးဘေးများအား မရိုမသေလုပ်သလိုဖြစ်မည်ကို စိုးရိမ်သည်။