← Chapters

အကြံနှင့်လူ

Vol. 15 Ch. 219

အကြံနှင့်လူ

Vol. 15 Ch. 219

"ဟားဟားဟား၊ ဖုန်သခင်လေး လန့်သွားပြီလား။ စိုးရိမ်စရာမလိုပါဘူး။ ကျုပ်အဘိုးက ကျောရိုးမရှိတဲ့ နဂါးတစ်ကောင်ပါ။ သူဘယ်လိုလုပ် နဂါးစစ်အဖြစ် ပြောင်းနိုင်ခဲ့တယ်တော့မသိဘူး။ သူ့မျိုးဆက်တွေ အသတ်ခံရတာတောင် လက်စားချေမပေးဘူး”

သေခါနီးအချိန် သူ့အဘိုးအကြောင်းပြောသည့်စကားသံက လေးစားရိပ်လုံးဝမရှိ။

“နည်းနည်းပိုပြည့်စုံအောင် ပြောပြပါလား”

ဖုန်ချင်အန်း စိတ်ဝင်စားနေသဖြင့် အားတက်သရော ထပ်မေးသည်။

“ပြောစရာတော့ အများကြီးမရှိပါဘူး။ ငါ့အဖေ သေတုန်းကမှ နဂါးဘုရင်ဖြစ်တဲ့ ငါ့အဘိုးနဲ့ ပထမဆုံးအကြိမ် ဆုံခဲ့ရတာ။ ငါအရမ်းပျော်ခဲ့တာပေါ့။ ဒါပေမယ့် ငါ့ကိုလာတွေ့တုန်းက လက်စားချေဖို့အတွေးမျိုးမထားဖို့ သူငါ့ကို သတိပေးခဲ့တယ်။ ငါ့အဖေက သူ့သေလမ်း သူဖောက်တာတဲ့။ ဒီလောက်သူရဲ‌ဘောကြောင့်တဲ့နဂါးမျိုးက ဘယ်လိုလုပ် နဂါးဘုရင်ဖြစ်နိုင်မှာလဲ”

စကားထဲတွင် နာကျည်းရိပ်က ထင်ရှားနေသည်။ ထိုအချိန်က သူခံစားခဲ့ရသည့် စိတ်ပျက်အားငယ်မှုကို ဘယ်သူမှ နားမလည်နိုင်။ ထိုနေ့မှစ၍ သူ့အပြော သူ့အပြုအမူများကို သတိထထားခဲ့သည်။ ဖုန်ချင်အန်းကို တွေ့ခဲ့ပြီးနောက်မှ သူစိတ်မထိန်းနိုင်တော့ခြင်းဖြစ်သည်။

“ကျွတ် ကျွတ်...မင်းက တကယ်လိမ္မာတဲ့သားတစ်ယောက်ပဲ။ မင်းအဘိုးနဂါးစစ်က မင်းကို လက်စားမချေဖို့ပြောတာတောင် ဒီနေ့ငါ့ကို လာစိန်ခေါ်တယ်ပေါ့။ သေမှာမကြောက်လို့လား”

ဖုန်ချင်အန်း စုပ်သပ်၍ပြောသည်။ သွေးဆက်လက်စားချေဖို့အတွက် ထိုငါးနဂါး လမ်းလွဲလိုက်ခဲ့သည်။ သို့သော် တာဝန်ကျေသည်ဟု စဉ်းစား၍လည်းရသည်။

“ငါ နဂါးပေါက်ဘဝက။ ငါ့အဖေကြောင့် ဂုဏ်ပြုချီးမြှောက်မှုတွေအများကြီး ငါခံစားခဲ့ရတယ်။ ငါ့အဖေအတွက် လက်စားမချေနိုင်ရင် ဒီလောကမှာ ဘယ်လိုမျက်နှာနဲ့ ငါအသက်ဆက်ရှင်ရမှာလဲ”

“ဟုတ်ပါတယ်။ အခုလည်း မင်းသေရတော့မှာပါ”

“ဖုန်သခင်လေး၊ ခုနကပြောခဲ့တဲ့ နတ်လက်နက်ရှစ်ခုအကြောင်း စိတ်မဝင်စားဘူးလား”

ဟုန်ရှီ ချိနဲ့နေသည့်လေသံဖြင့် မေးသည်။

“အဲဒါက ထောင်ချောက်တစ်ခုဆိုတာ မင်းစကားထဲမှာတင် ထင်ရှားနေပြီးသားပဲလေ။ ငါဘာလို့စိတ်ဝင်စားရမှာလဲ”

ဖုန်ချင်အန်း နှာခေါင်းရှုံ့၍ ပြန်ပြေသည်။

“ငါ့အဘိုးပေးတဲ့ ပင်လယ်မိုးကြိုးဟာ တစ်ခြားရတနာရှစ်ခုနဲ့ ရင်းမြစ်ချင်း အတူတူပဲ။ အရိုင်းပင်လယ်က ဘုရင်ကိုးပါးလို့ခေါ်တယ်။ နှစ်တစ်သောင်းကျော်သက်တမ်းရှိတဲ့နဂါးတွေ ကွယ်လွန်သွားတဲ့အချိန်မှာ ကျန်ခဲ့တဲ့ ပစ္စည်းတွေပါ။ ရတနာကိုးခုကို စုစည်းနိုင်ရင် နဂါးဘုရင်အဆင့်အတန်းမျိုးကိုရလာမယ်”

သိထားသမျှကို ဟုန်ရှီ ဖွင့်ပြောပြလိုက်သည်။ လူသားတို့လောဘကို ဟုန်ရှီမြင်ဖူးပြီးဖြစ်သည်။

“ပေါက်တတ်ကရတွေ လျှောက်ပြောမနေပါနဲ့။ နဂါးဘုရင်တောင် ဒီလိုရတနာကို သိပ်အထင်မကြီးပါဘူး။ ဒါကြောင့်လည်း မင်းအဖိုးက မင်းကိုပေးခဲ့တာမဟုတ်လား”

ဖုန်ချင်အန်း မခိုးမခန့်ပြန်ပြောသည်။ နတ်ပုဆိန်သည် လေးစားလောက်စရာဖြစ်သော်လည်း နဂါးဘုရင်တစ်ယောက် သွန်းလုပ်ခဲ့သည့်ပစ္စည်း ဟုတ်ပုံမရ။ ဟုတ်ခဲ့လျှင် ပုဆိန်ချက်များက ထိုမျှအားနည်းမည်မဟုတ်။

“အရိုင်းပင်လယ်က ဘုရင်ကိုးပါးရှိနေတာ အတော်ကြာခဲ့ပြီ။ နှစ်သောင်းချီအတွင်း ပြန့်ကျဲသွားလိုက် စုစည်းလာလိုက် အထပ်ထပ်ဖြစ်ခဲ့တယ်။ နောက်ဆုံအကြိမ် စုစည်းခဲ့တာ လွန်ခဲ့တဲ့ နှစ်ရှစ်ထောင်ကပါ။ နဂါးစစ်ဖြစ်လာနိုင်ခြေရှိတဲ့ နဂါးသခင်တစ်ယောက် စုစည်းခဲ့တာ။ ဒါပေမယ့် ကောင်းကင်ဆင်းရဲကို မဖြတ်ကျော်နိုင်ခဲ့လို့ ဘုရင်ကိုးပါး နောက်ထပ်တစ်စစီပြန့်ကျဲသွားတယ်။ သူတို့ဝိညာဉ်တွေလည်း ကောင်းကင်ဆင်းရဲကြောင့် ဒဏ်ရာအပြင်းအထန်ရခဲ့တယ်။ ဒါကြောင့်လည်း စိတ်ထားယုတ်တဲ့ငါ့အဘိုးက ဒီလက်နက်ကို ငါ့ကိုပေးခဲ့တယ်။ ငါ့အဖေအတွက် သူအပြစ်မကင်းသလိုခံစားရတဲ့ စိတ်ကြောင့်လည်း ပါမှာပေါ့”

ဟုန်ရှီစကားသံဥ လှောင်ရိပ်အပြည့်ပါနေသည်။

“ဖုန်သခင်လေး၊ အရိုင်းပင်လယ်ဘုရင်ကိုးပါးထဲက သုံးခုကို ငါ့အဖိုးပိုင်ထားတယ်ဆိုတာ မင်းသိလား။ ငါ့ကိုပေးတဲ့ ပင်လယ်မိုးကြိုးပုဆိန်အပြင် တစ်ခြားနှစ်ခုလည်းရှိသေးတယ်။ အဲဒါတွေ ဘယ်မှာလည်း မသိချင်ဘူးလား”

“ငါစိတ်မဝင်စားဘူး”

ဖုန်ချင်အန်းလေသံက အပြောင်းအလဲမရှိ။

သို့သော် ပင်လယ်မိုးကြိုးကို ဖုန်ချင်အန်း၏သံချပ်ကာက ဝါးမျိုခဲ့သည်ကို ဟုန်ရှီမြင်ခဲ့ပြီးဖြစ်သည်။ ဖုန်ချင်အန်း စိတ်မဝင်စားဘဲမနေဟု သူယူဆသည်။

“တစ်ခြားလက်နက်နှစ်ခုက လှိုင်းမြစ်သခင်ငါ့အကိုကိုင်တဲ့ ပင်လယ်တံဆိပ်ရယ် ငါ့ညီမတစ်ယောက်ကိုင်တဲ့ ပင်လယ်ဓားရယ်ပါ။ ငါ့ညီမက တစ်နေရာတည်းငြိမ်မနေတတ်ဘူး။ မြစ်သခင်ရာထူးကို လုံးဝမယူဘူး။ သူအခုဘယ်မှာလဲဆိုတာ ငါသေချာမသိဘူး”

“မင်းအကိုလှိုင်းမြစ်သခင်က မင်းနဲ့ရန်ငြှိုးရှိလို့လား”

ဖုန်ချင်အန်းက ခြေထောက်အောက်မှ ငါးနဂါးကို ငုံ့ကြည့်၍ ‌မေးလိုက်သည်။ ဖုန်ချင်အန်းနှင့်သူ့အကိုကို တမင်ရန်တိုက်ပေးနေခြင်းဖြစ်ကြောင်း သိသာသည်။

“ကလေးဘဝကတည်းက မတည့်ဘူး။ မင်းသာ သူ့ကိုသတ်ပြီး ပင်လယ်(နှိပ်ကွပ်)တံဆိပ်ယူနိုင်ရင် ငရဲမှာတောင် ငါပျော်နေမှာပါ”

ဟုန်ရှီ ဖုံးကွယ်မထား။ သူ့အစီအစဉ်က ထိုသို့ဖြစ်သည်။ လူသားမျိုးနွယ်တို့သည် ထိုရတနာများကို မက်မောကြမည်ဟု သူယုံကြည်ထားသည်။ လောဘကြောင့် အများတွေ့မည်။

ဖုန်ချင်အန်းသည့် လက်နက်သုံးခုစွမ်းအားကို ထိန်းချုပ်ကောင်းထိန်းချုပ်နိုင်မည်။ သို့သော် နောက်ခြောက်ခုကိုပါ ထိန်းချုပ်ဖို့ မလွယ်ကူ။

“ငါက မင်းစကားကို နားထောင်မယ်ထင်နေလား”

“ပင်လယ်မိုးကြိုးစွမ်းအားအရသာကို မင်းသိပြီးပြီလေ။ မင်းမလိုချင်ဘဲမနေပါဘူး။ ဘုရင်ကိုးပါးမှာ ကိုယ်ပိုင်အစွမ်းတွေရှိတယ်။ ရတနာကိုးပါးစုစည်းနိုင်ရင် အားအနည်းဆုံးလူတောင် တကယ့်နဂါးအစစ်အဖြစ် အသွင်ပြောင်းနိုင်တယ်”

“ဟား..”

ဟုန်ရှီစကားကို ဖုန်ချင်အန်း အရေးမစိုက်။ နဂါးအစစ်အသွင်ပြောင်းဖို့ ကြိုးစားနေသည့် အားနည်းသူမျိုးလည်းမဟုတ်။ ထိုလှည့်ကွက်မျိုးထဲသို့ သူမဝင်ပေ။

“ကျုပ်အရင် သွားနှင့်တော့မယ် ဖုန်သခင်လေး”

လုံလောက်အောင် သတင်းပေးပြီးဖြစ်၍ ဟုန်ရှီ မျက်လုံးကို မှိတ်လိုက်သည်။

“ဘာလို့အဲလောက် အလျင်လိုနေတာလဲ”

ဖုန်ချင်အန်း ခြေကိုဆောင့်လိုက်သည်။ နေနှင့်တူသည့်စွမ်းအင်များ အေးစက်နေသည့် ဟုန်ရှီခန္ဓာကိုယ်ထဲသို့ စီးဝင်လာသည်။ အသက်ဓာတ်ကို ထိန်းထားသည်။

“မင်းဘာလိုချင်တာလဲ ဖုန်သခင်လေး”

ဟုန်ရှီ နားမလည်နိုင်အောင်ဖြစ်သွားသည်။ ဖုန်သခင်လေး သူ့ကိုအလွတ်ပေးမည်ဟု သူလုံးဝမယူဆ။

“စိတ်ထဲမထားပါနဲ့။ ဘာလို့လဲဆိုတာလည်း မစဉ်းစားပါနဲ့။ ငါက ငါးကင်တစ်မျိုးစမ်းလုပ်ကြည့်ချင်လို့ မင်းကို နည်းနည်းကူညီထားတာပါ။ တောင့်ထားပါဦး။ အခုချိန် မင်းသေသွားရင် မင်းအသားက လတ်ဆတ်တော့မှာမဟုတ်ဘူး။ အရသာလည်းလျော့သွားလိမ့်မယ်”

စကားဆုံးသည်နှင့် ဖုန်ချင်အန်းထံမှ ဝိညာဉ်စွမ်းအင်များ ထွက်လာပြီး ငါးနဂါး၏ ခြေဆယ်ချောင်းကို ဖုံးအုပ်၍ သူ့ခါးမှ ကျောက်စိမ်းခါးပတ်ထဲသို့ ဆွဲယူလိုက်သည်။

All Chapters