← Chapters

ကြောက်ချင်းတူတူ

Vol. 15 Ch. 220

ကြောက်ချင်းတူတူ

Vol. 15 Ch. 220

ငါးနဂါးကို အပြည့်အဝသိမ်းဆည်းပြီးနောက် ဖုန်ချင်အန်း လှည့်ထွက်လိုက်သည်။ အဝေးဆီမှ တောင်နက်၏အော်သံကို ကြားရသည်။ ဖုန်ချင်အန်း လှမ်းကြည့်သည်။ လတ်ဆတ်သည့် ပင်လယ်စာပုံကြီးကို မြင်ရသည်။ အိမ်တစ်လုံးစာခန့် ကြီးသည်လည်းရှိသည်။ ‌ကျောက်ဆုံလည် အရွယ်အစားမျိုးလည်းရှိသည်။

“ဒါ မင်းလုပ်ထားတာလား”

ဖုန်ချင်အန်း ယန်မီးတောက်တောင်ပံများဖြင့် ပျံသန်းသွားသည်။ မျက်လုံးတွင် အံ့ဩရိပ်သန်းနေသည်။ ပင်လယ်စာများက လတ်ဆတ်သည်မှာ ပြောစရာပင်မလို။ ခြေသည်းများ ကွေးညွှတ်နေဆဲဖြစ်သည်။

အားလုံး အိပ်ပျော်နေသယောင် ထင်ရသော်လည်း ဝိညာဉ်မရှိတော့။ အပင်ထွက် အစားအသောက်များလိုသာဖြစ်သည်။ အဆင့်မြင့်အစားအသောက်များလည်းဖြစ်သည်။ ထိန်းသိမ်းထား၍လည်းရသည်။ အနှောက်အယှက်ဖြစ်မည်ကို စိုးရိမ်စရာမလို။

“အာဝူး....”

တောင်နက်ခေါင်းမော့၍ ညည်းလိုက်သည်။

ထိုပင်လယ်စာများကို သူလုပ်ခဲ့ခြင်းမဟုတ်။ ဝိညာဉ်စားသရဲမီးတောက်သည် ဝိညာဉ်ကို တိုက်ခိုက်နိုင်သော်လည်း ဝိညာဉ်ချည်းသီးသန့် သပ်သပ်ရပ်ရပ် လောင်ကျွမ်းမည်မဟုတ်။ ယခုပုံစံက ဝိညာဉ်နှုတ်ခံရပုံမျိုးဖြစ်သည်။

ရေဝိညာဉ်များ ယူသွားသူကိုလည်း ခန့်မှန်းရန် သိပ်မခက်ပါ။ မြို့တော်နတ်ဘုရားက စေ့စပ်သေချာအောင် လုပ်သွားခြင်းသာဖြစ်မည်။

ရေနေသတ္တဝါတို့၏ ကျင့်စဉ်လမ်းသည် လေသတ္တဝါ၊ မြေသတ္တဝါတို့ထက် ပိုလွယ်ကူသည်မဟုတ်။ ထိုအရွယ်အစားမျိုး‌ရှိနေလျှင် အနည်းဆုံးနှစ်ပေါင်းရာချီ ကျင့်ကြံခဲ့ခြင်းဖြစ်မည်။ ယခု ထိုနတ်ဘုရားက သူတို့ဝိညာဉ်များကို ယူသွားသည်။

“လူသားမျိုးနွယ်ရဲ့ စောင့်ရှောက်သူ ပီသတာပဲ။ ငါတို့လိုက်နာစရာ နမူနာကောင်းချမှတ်ပေးသွားတယ်”

ဖုန်ချင်အန်း မြေပေါ်သို့ဆင်း၍ ပင်လယ်စာများကိုသိမ်းရင် အံ့ဩနေမိသည်။

အစောပိုင်းကတိုက်ပွဲတွင် ပြည်နယ်မြို့တော်နတ်ဘုရားက ဟုန်ရှီ၏အားနည်းချက်နေရာကို ညွှန်ပြပေးသွားသည်။

နဂါးခေါင်း ငါးခန္ဓာနှင့် သတ္တဝါကြီး၏ အားနည်းချက်နေရာကို ရှာဖွေဖို့ မလွယ်လှ။

ပထမတစ်ကြိမ်တွေ့ရုံဖြင့် အားနည်းချက်နေရဦကို ဘယ်သူမှသိမည်မဟုတ်။ နှစ်ရာချီအနီးကပ်နေလာသည့် မြို့တော်နတ်ဘုရားက သူ့အားနည်းချက်နေရာကို အချိန်ကြာမြင့်စွာစဉ်းစား၍ ခန့်မှန်းတွက်ဆနိုင်ခဲ့ခြင်း ဖြစ်မည်။

သူပေါ်လာသည့်အချိန်ကလည်း မှန်ကန်သည်။ နွီလော်ရှုံးနိမ့်သည်နှင့် ချက်ချင်းပေါ်လာသည်။ လူသားနှင့် လူသားမဟုတ်သည့် နတ်ဝိညာဉ်တို့ကြား သူ့သဘောထားက ပြတ်သားရှင်းလင်းသည်။

“ကဲ၊ သွားကြစို့၊ တောင်တန်းပေါ်သွားပြီး နွီလော်ကိုရှာကြစို့။ သူနဲ့အတူ အောင်ပွဲခံဖို့ အချိန်ရောက်ပြီ”

ဖုန်ချင်အန်း မြေပြင်ကို ငုံ့ကြည့်လိုက်သည်။ ပြင်းထန်သည့်တိုက်ပွဲကြောင့် မြေပေါ်တွင်ကျန်ခဲ့သည့် အက်ကွဲကြောင်းများ မြေနတ်ဘုရားစွမ်းအားကြောင့် တဖြေးဖြေးပုံမှန်အတိုင်း ပြန်ဖြစ်လာသည်။ တိုက်ပွဲခြေရာလက်ရာများကို သူ့လက်ဖြင့် ပြန်ပြုပြင်ရသည်။ ထိုအလုပ်ကို သူမုန်းသည်။ အားလုံး ပြီးဆုံးပြီးနောက် ဝံပုလွေနှစ်ကောင်နှင့်အတူ တောထဲသို့ ဝင်ခဲ့သည်။

သူထွက်သွားပြီးနောက် ပျောက်ကွယ်သွားသည့် ရွှေရောင်နတ်ဘုရားအသွင် ပြန်ပေါ်လာသည်။

ဖုန်ချင်အန်း ပြုပြင်သွားသည့် မြေနေရာကိုကြည့်၍ သူခဏငြိမ်နေသည်။ နတ်စွမ်းအားဖြင့် မိုးရေကိုဆင့်ခေါ်သည်။ တိုက်ပွဲကြောင့် ပျက်စီးသွားသည့် မြက်ပင်သစ်ပင်များ ချက်ချင်းပြန်ပေါ်လာသည်။

“ဒီလူငယ်က သူ့အကိုနဲ့မတူဘူး။ မျိုးနွယ်ကွဲတွေနဲ့ ရင်းရင်းနှီးနှီး ဆက်စပ်နေတာပဲ။ မျိုးနွယ်မတူတဲ့လူတွေအပေါ် ခွဲခြားဆက်ဆံတဲ့အမြင်မျိုးမရှိဘူး။အင်း...”

သက်ပြင်းချသံနှင့်အတူ နတ်ဘုရားအရိပ်က နွေဦးလေပြေနှင့်အတူ ပျောက်ကွယ်သွားသည်။

တောထဲသို့ဝင်သွားသည့် ဖုန်ချင်အန်း ဝူလင်တောင်သို့ဝင်သွားပြီးနောက် ကျားသစ်နီစီးသည့်မိန်းကလေးက သူ့ရှေ့တွင်ပေါ်လာသည်။ ကိုယ်ရောင်စွမ်းအင် ညှိုးမှိန်နေသည်။ သို့သော်ဖုန်ချင်အန်းကိုမြင်သည်နှင့် တအံ့တဩ ခြေဆုံးခေါင်းဆုံးကြည့်သည်။

“နင် သရဲတော့မဟုတ်ပါဘူးနော်”

“ငါက လူသားအစစ်ပါ”

ဖုန်ချင်အန်း အလိုမကျသည့်လေသံဖြင့် ပြန်ဖြေသည်။

“မဟုတ်သေးပါဘူး။ ဟုန်ရှီက ဒေါသအကြီးအကျယ်ထွက်ပြီး နင့်ကိုအရှင်လတ်လတ်ဝါးစားချင်နေတာလေ။ ဘယ်လိုလုပ် အကောင်းပကတိ ပြန်လာနိုင်တာလဲ။ ဘယ်လိုလုပ်ပြီး အသက်ရှင်နေသေးတာလဲ”

“ငါသူ့ကို ဓားနဲ့အသေထိုးသတ်ခဲ့လို့ပေါ့”

ဖုန်ချင်အန်း လက်တစ်ဘက်ဝှေ့ယမ်းလိုက်သည်။ ဟုန်ရှီ၏ ငါးနဂါးကိုယ်ထည် သစ်ဆွေးကိုင်းများ သစ်ရွက်များကြား ကျလာသည်။ ကြီးမားသည့်ခန္ဓာကိုယ်ကြောင့် တောအုပ်ပင် နည်းနည်းတုန်ခါသွားသည်။

“အိုး...ငါမှားသွားတယ်။ သူက အသက်ရှူနေတုန်းပါ။ မင်းကိုတောထဲမှာလာရှာပြီး ငါးကင်ဖိတ်ကျွေးချင်လို့ပါ”

“ဒါက တကယ်ဟုန်ရှီလား”

နွီလော် ထိတ်လန့်သွားသည်။ သိုသော် သူ့မျက်နှာတွင် စိတ်ပျက်သည့်အရိပ်မျိုးပေါ်လာသည်။

“နင်ဘာလို့အခု ငါးကင်စားနေမှာလဲ။ သူ့ရတနာတိုက်ကို သွားရှာတော့လေ။ သူက မြစ်သခင်တစ်ယောက်ပါ။ သူရေနဂါးနန်းတော်မှာ ရတနာတွေ ဘယ်လောက်စုမိနေမယ်ထင်လဲ”

“ပိုင်လန်မြစ်က ဘယ်မှာလဲ။ ဟုန်ရှီရဲ့ နန်းတော်ကရော ဘယ်မှာလဲ”

ဖုန်ချင်အန်း ခပ်အေးအေးပြန်မေးသည်။ ဟုန်ရှီကို ပြန်သိမ်းဆည်းလိုက်သည်။ ဟုန်ရှီမျက်လုံးတွင် ဒေါသရိပ်အထင်းသားပေါ်နေသည်။

နွီလော်က ဖုန်ချင်အန်းကို သူ့’အသိုက်’လုယက်ဖို့ ပြောလိုက်ပြီဖြစ်သည်။ တစ်သက်တာ သူစုဆောင်းထားသမျှ သူ့ရန်သူ၏ဆွေးမျိုးတစ်ယောက်လက်သို့ ရောက်တော့မည်။

“ငါသိပါတယ်။ ငါ့နောက်ကလိုက်ခဲ့”

ငါးနဂါး၏အသားကင်ကို မြည်းစမ်းလိုသော်လည်း နွီလော် သူ့ရတနာများကို ပိုစိတ်ဝင်စားသည်။ ဖုန်ချင်အန်းခါးပတ်ကို တစ်ချက်ကြည့်၍ ရှေ့မှဦးဆောင်ထွက်သွားသည်။

ဟုန်ရှီကို ဖုန်ချင်အန်း မည်သို့အနိုင်ယူခဲ့သည်ကို သူစိတ်မဝင်စားတော့။ စိတ်ဒုက္ခပေးသူတစ်ယောက် မရှိတော့ပြီဖြစ်၍ သူစိတ်ချမ်းသာသည်။

ဟုန်ရှီသည် သူ့ဖခင်လိုပင် သေခဲ့ရသည်။ စန့်ကျန်းမြစ်သခင်သည် ဓားတစ်ချက်ဖြင့် သေရသည်။ ယခု သူ့သားဟုန်ရှီလည်း ထိုနည်းတူပင်သေရသည်။ ဘမျိုးဘိုးတူဟု ဆိုနိုင်သည်။

ဆက်လုပ်ရမည့်တာဝန်ကို စိတ်လှုပ်ရှားနေသောကြောင့်ဖြစ်မည်။ နွီလော်က ဖုန်ချင်အန်းနှင့်သူ့အတွက် တောင်တန်းနတ်ဘုရားစွမ်းအားဖြင့် လမ်းကြောင်းတစ်ခု ဖန်တီးပေးသည်။ သွားရသည့်အရှိန် ပိုမြန်သွားသည်။ သစ်ပင်များက ပုံရိပ်ယောင်အဖြစ် ကျန်နေခဲ့သည်။

တောအုပ်ထဲအတိုင်း နာရီဝက်ခန့်သွားပြီးနောက် မိုးကြိုးသံနှင့်တူသည့် အသံတစ်ခုကြားရသည်။ ရေလှိုင်းရိုက်ခတ်သံဖြစ်သည်။ ထို့နောက် တောင်တန်းများကြားတွင် စီးဆင်းနေသည့် ကျယ်ပြန့်သည့်မြစ်တစ်စင်းကို သူမြင်ရသည်။

တောင်တန်း၏ မညီညာသည့် အမြင့်၊ မြစ်ရေစီးဆင်းရသည့် နေရာအနေအထားကြောင့် ရေစီးကသန်လွန်းလှသည်။ ဘေးပတ်လည်တွင် လှိုင်းလုံးဖြူများကိုသာ မြင်နေရသည်။

“ဟုတ်ရှီရဲ့ နဂါးနန်းတော်က ဟိုအောက်ဘက်မှာပါ”

နွီလောက ဖုန်ချင်အန်းကို အကျယ်ဆုံးမြစ်ပြင်နေရာသို့ ခေါ်လာသည်။ မြစ်ရေစီးလည်း အနှေးဆုံးနေရာဖြစ်သည်။ လူသူနေထိုင်မှုကင်းဝေးသည့် ဤနေရာတွင် ရေမျိုးနွယ်များ တက်ကြွရှင်သန်နေသည်။ မကြာခဏဆိုသလို ငွေရောင်ကြေးခွံများ ရေထဲမှ ခုန်တက်လာကြသည်။ သွက်လက်ဖြတ်လတ်သည့် ခန္ဓာကိုယ်များ လေထဲတွင်ပေါ်လာသည်။

ရှေ့ဘက်မှ အဆက်မပြတ်စီးနေသည့် လှိုင်းများကိုကြည့်၍ ဖုန်ချင်အန်း အသံတိတ်သွားသည်။ ကလေးဘဝကတည်းက သူရေကြောက်သည်။ ခါးထက်ကျော်သည့် ရေအနက်ထဲသို့ လုံးဝမသွားခဲ့။ ငါးမျှားသည့်နေရာပင် ခြေသလုံးလောက်သာနက်သည့် အိုင်များသာဖြစ်သည်။

“ဘာလဲ။ အထဲမဆင်းဘူးလား”

နွီလော် သူ့ကို တအံ့တဩလှည့်ကြည့်သည်။

“ဆင်းမှာပါ”

သေမျိုးဖြစ်သည့်အတွက် ရေထဲတွင် ပုန်းနေမည့် မကောင်းဆိုးဝါးများ သရဲဝိညာဉ်များကို သူကြောက်သည်။ ယခု ဤမြစ်ရေထဲမှ အကြီးဆုံးသတ္တဝါက သူ့ခါးပတ်ထဲ ရောက်နေသည်။ ဤမြစ်ထဲတွင် သူကြောက်စရာ ဘာမှမကျန်တော့။

သူ့အမိန့်ကြောင့်အင်္ကျီကော်လာထဲမှ ရွှေရောင်ရေနဂါးပေါ်လာသည်။ ခြေသုံးချောင်းရှိသည့် သတ္တဝါအသွင်သို့ပြောင်း၍ သူ့လက်မောင်းတွင် ရစ်ပတ်နေသည်။

All Chapters