← Chapters

နဂါးပေါက်

Vol. 15 Ch. 221

နဂါးပေါက်

Vol. 15 Ch. 221

လှုပ်ရှားနေသည့်ရေပြင်က ရုတ်တရက် တည်ငြိမ်လာသည်။ မြင်သာထင်သာရှိသည့် လမ်းကြောင်းတစ်ခု သူတို့ရှေ့တွင် ပေါ်လာသည်။

“မင်း ငါနဲ့အတူ မလိုက်ဘူးလား”

ရှေ့သုံးလေးလှမ်းတိုးပြီးနောက် နွီလော်ကို လည့်ကြည့်သည်။

“ကမ်းပေါ်ကပဲ စောင့်ပါမယ်”

“မင်း ရေကြောက်လို့တော့ မဟုတ်ဘူးမို့လား”

ဖုန်ချင်အန်း ရုတ်တရက် မေးလိုက်သည်။

“နင်ဘာတွေလျှောက်ပြောနေတာလဲ။ ငါ့လို ဝူလင်တောင်နတ်ဘုရားက ရေကြောက်စရာလား”

နွီလော် မကျေမနပ်ဖြစ်သွားသည်။

“ဒါဆို ငါနဲ့လိုက်ခဲ့လေ”

“ကောင်းပြီလေ၊ ငါလိုက်မယ်။ နဂါးနန်း‌တော်ထဲက ရတနာအားလုံးကို ငါယူမယ်။ နင့်အတွက် ကြမ်းခင်းပြားတောင် ငါမချန်ဘူး”

စိတ်ကောက်သွားသည့် မိန်းကလေးက ကျားသစ်နီပေါ်မှ ခုန်ဆင်းသည်။ ဆက်သွားနေသည့် ဖုန်ချင်အန်းကိုကြည့်၍ အမြန်လှမ်းတားလိုက်သည်။

“ဟေ့ ဘာတွေအလျင်လိုနေတာလဲ။ ငါ့ကိုစောင့်ဦးလေ”

လူငယ်လှည့်ကြည့်လာသည်။ နတ်ဘုရားမ သူ့ဘေးသို့ ပြေးကပ်သွားသည်။ သူ့အင်္ကျီကို ခပ်တင်းတင်းဆွဲထားသည်။

အတော်ဣန္ဒြေပျက်သည့်နတ်။

ရေနက်ထဲမဆင်းဖူးသည့်လူငယ်စိတ်ထဲတွင် ရေရွတ်မိသည်။ လက်ကိုဆန့်ထုတ်လိုက်သည်။ ခံ့ညားထည်ဝါသည့် ရွှေပုဆိန် ပေါ်လာသည်။ ပုဆိန်မှ စွမ်းအင်များ ထိုးထွက်လာသည်။ လူငယ်နှင့်မိန်းကလေးကို ဝိုင်းပတ်လျက် မြစ်ရေနှင့် စည်းခြားထားသည်။

“ဒီနတ်လက်နက်ကို နင်သိမ်းသွင်းနိုင်တယ်ပေါ့”

ဖုန်ချင်အန်းလက်ထဲမှပုဆိန်ကို ကြောက်စိတ်မကင်းဟန်ဖြင့် နွီလော်ကြည့်နေသည်။

“ဟုတ်တယ်”

ဖုန်ချင်အန်း တည်ငြိမ်စွာပြန်ဖြေသည်။ စိတ်ထဲတွင် နည်းနည်းကျေနပ်သလိုခံစားရသည်။ ပုဆိန်၏ ရေထိန်းချုပ်နိုင်စွမ်းကြောင့် ရေထဲသို့ဆင်းသော်လည်း လုံးဝရေမစို။

“ဂုဏ်ဝင့်နေတယ်ပေါ့”

ဖုန်ချင်အန်းအမူအရာကိုကြည့်၍ နွီလော် သူ့ဘာသာရေရွတ်သည်။

“နဂါးနန်းတော်ထဲမှာ တွေ့တဲ့ရတနာမှန်သမျှ မင်းယူလို့ရပါတယ်”

ဖုန်ချင်အန်းက ပြောသည်။

“ဪ နင်က တကယ်ရက်ရောတာပဲ။ ဟုန်ရှီလို နာမည်ကျော်ရေနဂါးက ဘယ်လောက်ချမ်းသာလဲ နင်သိလား”

နွီလော် ဖုန်ချင်အန်းကို တအံ့တဩ ကြည့်သည်။

“တန်ဖိုးအကြီးဆုံးရတနာက ငါ့လက်ထဲရောက်နေပြီလေ”

“ရောက်မှ လှည့်ပတ်ကြည့်ပါဦး။ ဒါပေမယ့် နင်ပြောပြီးသားဆိုတော့ နင့်စကားကို ငါအတည်ယူပြီနော်။ ရတနာကောင်းတစ်ခု ငါတွေ့တဲ့အချိန်ကျမှ နင့်စကားကိုမဖျက်နဲ့”

“မဖျက်ပါဘူး”

ဖုန်ချင်အန်း ရယ်လိုက်သည်။

ရေအောက်သို့ တဖြေးဖြေးရောက်လာသည်။ ဘေးပတ်လည်မှ အလင်းရောင်များ မှိန်လာသည်။ ထို့နောက် စူးရှသည့်အလင်းရောင်တစ်ခု အောက်ဘက်အမှောင်ထုထဲတွင် မြင်ရသည်။ တဖြေးဖြေးပိုတောက်ပလာသည်။ နောက်ဆုံးတွင် ခမ်းနားသည့်မြေအောက်နန်းတော်ကြီးတစ်ခုအဖြစ် မြင်ကွင်းပြောင်းသွားသည်။

“နဂါးမျိုးနွယ်တွေဟာ အတော်ချမ်းသာတယ်လို့ ကြားဖူးတာကြာပြီ။ ဒီနေ့မှ မြင်ဖူးတော့တယ်။ တကယ်နာမည်နဲ့လိုက်တာပဲ”

ဖုန်ချင်အန်း တအံ့တဩ ရေရွတ်မိသည်။ ရေနဂါးနန်းတော်၏ ခမ်းနားမှုက သာမန်သေမျိုးတို့ စိတ်ကူးယဉ်နိုင်သည့်အဆင့်မဟုတ်။ ကျောက်စိမ်းတိုင်လုံးများ၊ ရွှေရောင်အုတ်ကြွပ်များ၊ ငွေကြမ်းခင်းများ၊ သဲပြင်နှင့်တူသည့် ပုလဲများ”

“ဘယ်သူလဲကွ၊ နဂါးနန်းတော်ကို ကျူးကျော်လာတာဘယ်သူလဲ”

ကလေးတစ်ယောက်၏ အော်သံ ပေါ်လာသည်။ ဖုန်ချင်အန်း လှမ်းကြည့်သည်။

လမ်းလျှောက်တတ်စအရွယ် ကောင်လေးတစ်ယောက် ပုစွန်တုပ်ကြီးကိုစီး၍ မင်တံကိုလက်ဖြစ်ဆုပ်ထားသည်။ ကျန်လက်တစ်ဘက်က လှံငယ်တစ်ခုကိုင်ထားသည်။ မျက်နှာက တင်းမာလှသည်။ ပုစွန်တုပ်စစ်သား အတော်များများ သူ့နောက်မှလိုက်လာသည်။ လူသားနှင့်အင်မတန်တူသည့် လိပ်အိုတစ်ကောင်လည်း ရှိနေသည်။ သို့သော် ထိုလိပ်အိုမျက်နှာက အတော်စိုးရိမ်ထိတ်လန့်နေပုံပေါ်သည်။

“ငါက မင်းအဖေရဲ့ မိတ်ဆွေရင်းတစ်ယောက်ပါ။ မင်းက ဘယ်သူလဲ”

ကောင်လေးနဖူးမှ ထွက်ပြူစဦးချိုများ၊ မျက်နှာပုံစံများအရ ဟုန်ရှီ၏သားဖြစ်မည်ဟု ဖုန်ချင်အန်း ခန့်မှန်းသည်။ ထိုအဖြစ်မျိုး မျှော်လင့်ထားပြီးဖြစ်၍ သူပြုံးနေသည်။

ကျူပင်ခုတ် ကျူငုတ်မကျန်စေရဟူသည့်စကားကို သူလက်မခံ။ သူသည် ကြင်နာတတ်သူဖြစ်သည်။ သားအဖနှစ်ယောက် သေကွဲ,ကွဲကြရသည့်အဖြစ်ကို သူမကြည့်ရက်။ မိသားစု ပြန်လည်ဆုံစည်းသည့် အဆုံးသတ်မျိုးကိုသာ သူသ‌ဘောအကျဆုံးဖြစ်သည်။

“မိတ်ဆွေရင်းတဲ့လား။ လိမ်မနေဲ့။ မင်းက ငါတို့နဂါးမျိုးနွယ်ဝင်တောင် မဟုတ်ဘူး။ ငါ့အဖေရဲ့မိတ်ဆွေရင်းလို့ ပြောနေသေးတယ်ပေါ့”

ကောင်လေးက လုံးဝယုံကြည်ဟန်မရှိ။ နဂါးမျိုးနွယ်မဟုတ်သည့် သူ့ဖခင်၏မိတ်ဆွေရင်းမျိုး သူမမြင်ဖူး။

“မင်းငါ့ကို လှည့်စားနေတာသေချာတယ်။ ငါမင်းသားရှေ့မှာ ဒူးထောက်တောင်းပန်စမ်း။ မဟုတ်လို့ကတော့။ ငါမင်းကို ခေါင်းဖြတ်ကွပ်မျက်ပစ်မယ်”

“မင်းသားတဲ့လား”

ဖုန်ချင်အန်း အံ့ဩစိတ်ကြောင့် မျက်ခုံးတစ်ဘက်မြင့်တက်သွားသည်။ မခိုးမခန့်အပြုံး သူ့မျက်နှာတွင် ပေါ်လာသည်။ ထိုဘွဲ့ထူးလောက်ဖြင့် စည်းလွတ်ဝါးလွတ် မာန်တက်နေသည့်ကောင်လေးကို ကြည့်နေသည်။ ရေနဂါးအိမ်တော်ထဲတွင်တော့ ဝင့်ကြွားနိုင်ပါသည်။ ဘာမှမဖြစ်။ အပြင်လောကမှလူများလည်း ဘယ်သူမှ အရေးစိုက်ကြမည်မဟုတ်။

“မင်းသား၊ မဟုတ်တာတွေမပြောပါနဲ့”

ကောင်လေးနောက်မှ လိပ်ကျောကုန်းခွံနှင့် အဘိုးအိုတစ်ယောက်က တုန်တုန်ရင်ရင်ဖြင့် လှမ်းတားသည်။

ရောက်လာသည့်လူငယ်ကို လိပ်အိုကြီးမသိ။ သို့သော် ထိုလူငယ်ဘေးတွင်ရပ်နေသူကို ကောင်းကောင်းသိသည်။ နှစ်ရာချီသက်တမ်းအတွင်း ရေပေါ်သို့တက်တိုင်း သူအကြိမ်ကြိမ်မြင်ဖူးသည်။ တွေ့တိုင်းလည်း ကြောက်လန့်ခဲ့ရသည်။

“မင်းလိုကျွန်အိုကြီးက ငါ့ကိုဒီလိုပြောရဲတယ်ပေါ့”

ကောင်လေးက လိပ်အိုကို ဒေါသတကြီး စိုက်ကြည့်သည်။ လက်ထဲမှလံတိုကို တင်းတင်းဆုပ်ကိုင်၍ လိပ်အိုကို ချက်ချင်းထိုးချလိုက်သည်။ လှံသွားထိပ်မှ အဖြူရောင်အလင်းတစ်ခု ရှေ့သို့ပေါက်ကွဲထွက်လာသည်။ လိပ်အို၏လည်ပင်းတွင် သွေးပေါက်ရာတစ်ခုပေါ်လာသည်။ လတ်ဆတ်သည့်သွေးများ ချက်ချင်းစီးကျလာသည်။

လိပ်အို နာကျင်စွာအော်ဟစ်၍ ဒဏ်ရာကိုလက်နှင့်ဖိရင်း မြေပေါ်သို့လဲကျသွားသည်။ သူ့ဘေးမှ ပုစွန်စစ်သည်များ ကဏန်းဂျင်နရယ်များနှင့် ပုလဲခြင်းသယ်လာသည့် ခရုမိန်းကလေးတို့ နောက်သို့နည်းနည်းဆုတ်သွားကြသည်။ သို့သော် ထိတ်လန့်တုန်လှုပ်သွားဟန်တော့မရှိ။ ထိုလူငယ်ဘေးတွင်နေပြီး ဒဏ်ရာရသည့်အဖြစ်က ဆန်းပြားဟန်မတူ။

All Chapters